၂၀၂၀ မြန်မာရွေးကောက်ပွဲ - အခက်အခဲတွေကြားက ကြိုတင်မဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
မြန်မာနိုင်ငံမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နဲ့အထက် အသက်အရွယ်ကြီးရင့်သူတွေဟာ အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး တနိုင်ငံလုံးအနှံ့ ကြိုတင်မဲတွေ စပေးနေကြပါပြီ။
ဒါပေမဲ့ မဲဆန္ဒရှင် ပြည်သူတွေ ကြိုတင်မဲပေးရာမှာ အခက်အခဲတချို့နဲ့ ရင်ဆိုင်နေရပြီး ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။
ကြိုတင်မဲပေးသူတွေအနေနဲ့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားတဲ့ နေရာတွေမှာ မဲသွားထည့်နိုင်ကြသလို အိမ်တိုင်ရာရောက် ဆန္ဒမဲ လိုက်လံ ကောက်ယူတာတွေလည်း ရှိပါတယ်။
ဒါပေမဲ့ လျှို့ဝှက်မဲပေးစနစ်ကို ထိခိုက်တာ၊ မဲထည့်တဲ့ အိတ်တွေ ပွင့်နေတာ၊ ဆန္ဒမဲ သွားရောက် ကောက်ခံတဲ့နေရာတွေမှာ မဲဆွယ်တဲ့ ဖြစ်ရပ်မျိုးတွေ အပါအဝင် အဆင်မပြေမှုတွေ ရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှာဆိုရင် သက်ကြီးရွယ်အို အဘိုးအဘွားတွေက မဲလက်မှတ်ပေါ်မှာ အမှန်ခြစ် တံဆိပ်တုံး နှိပ်ပြီး ဆန္ဒပြုရမယ့်အစား ဘောပင်နဲ့ အမှန်ခြစ်ပြီး မဲထည့်ခဲ့ကြတာတွေလည်း ရှိတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
ဒါ့အပြင် နေအိမ်တွေမှာ ဆန္ဒမဲ သွားကောက်ခံသူတွေကလည်း ပါတီတံဆိပ်တွေ၊ အလံတွေ တပ်ဆင်ထားတဲ့ ဆိုက်ကားတွေ စီးနင်းမိတာမျိုးတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ကတော့ ကြိုတင်မဲပေးဖို့ သတ်မှတ်ထားတဲ့ နေရာတွေကို သွားရောက်တဲ့အခါ နိုင်ငံရေး ပါတီ တံဆိပ်ပါ အဝတ်အစားတွေ၊ အသုံးအဆောင်တွေ ဝတ်ဆင်တာမျိုး မလုပ်ဖို့ တားမြစ်ထားပါတယ်။
ကြိုတင်မဲပေးကြသူတွေရဲ့ ဆန္ဒမဲတွေ ပယ်မဲ မဖြစ်စေဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်ဘက်ကလည်း ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
"ပထမနေ့ကတော့ အတွေ့မကြုံမရှိတဲ့အခါကျတော့ လုပ်နည်းလုပ်ဟန်တွေ နည်းနည်းပါးပါး မှားတာတော့ ရှိကောင်း ရှိပါလိမ့်မယ်။ ရိုးသားစွာ မှားပြီးဖြစ်တဲ့ ကိစ္စတွေအတွက်တော့ ကျွန်တော်တို့က တာဝန်ယူပါတယ်။ ပယ်မဲမဖြစ်ရေးအတွက် ကျွန်တော်တို့ report တွေ လုပ်ထားတယ်" လို့လည်း ဆိုပါတယ်။
မဲဘယ်လိုပေးရမလဲဆိုတာ သေသေချာချာ မသိကြတဲ့ အသက်ကြီးရင့်သူတွေရဲ့ ကြိုတင်မဲတွေ ပယ်မဲဖြစ်သွားပြီး မဲမသမာမှုတွေ ပေါ်ပေါက်လာမှာကို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက စိုးရိမ်နေကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် ဒီနှစ် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် အသိပညာပေး အသိပညာပေး (Voter Education) လုပ်တာတွေ အားနည်းခဲ့တဲ့အတွက် အခုလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အရပ်ဘက် လူ့အဖွဲ့အစည်းတွေကလည်း ထောက်ပြပြောဆိုနေကြပါတယ်။
ဒါပေမဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်ကတော့ ဘောပင်နဲ့ ဆန္ဒမဲ ပြုထားကြတဲ့ မဲလက်မှတ်တွေ၊ ဆန္ဒမဲပြားပေါ်မှာ မဲရုံမှူးရဲ့ လက်မှတ် ဒါမှမဟုတ် ကော်မရှင် အဖွဲ့ခွဲ တံဆိပ်တုံး ဒါမှမဟုတ် တာဝန်ခံ ထုတ်ပေးသူရဲ့ လက်မှတ်နဲ့ အမည်ပါရှိတဲ့ ဆန္ဒမဲလက်မှတ်၊ စာအိတ်လွဲမှားထည့်ထားပေမယ့် မဲဆန္ဒရှင်ဘက်က မှန်မှန်ကန်ကန် မဲထည့်ထားတဲ့ မဲလက်မှတ်တွေကို ပယ်မဲအဖြစ် သတ်မှတ်မှာ မဟုတ်ဘူးလို့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် မဲထည့်ထားတဲ့ စာအိတ်တွေကို သေချာ ပိတ်မထားတာ၊ ကော်ကပ်ရာမှာ မဲလက်မှတ်မှာ အစွန်းအထင်းတွေ ဖြစ်ပေါ်တာနဲ့ ကော်မရှင် တာဝန်ရှိသူတွေ စာအိတ်တွေကို ဖွင့်ဖောက်တဲ့အခါ မဲလက်မှတ် စုတ်ပြဲတာတွေ ရှိခဲ့ရင်လည်း ပယ်မဲအဖြစ် သတ်မှတ်မဟုတ်ဘူးလို့ ဆိုပါတယ်။
မဲလက်မှတ်တွေ အိမ်တိုင်ရာရောက် လိုက်လံကောက်ယူတဲ့အခါမှာလည်း သက်ဆိုင်ရာ ကော်မရှင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲနဲ့အတူ နိုင်ငံရေးပါတီက ကိုယ်စားလှယ်လောင်းတွေ၊ ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေကို လိုက်ပါကြည့်ရှု့ခွင့် ပြုထားပါတယ်။
ဒါပေမဲ့ အဲဒီလို သွားရောက်တဲ့အခါ မဲဆွယ်စည်းရုံးမှု လုပ်တာတွေကိုတော့ လုံး၀ ခွင့်မပြုဘူးလို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။
ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေကတော့ မဲဘယ်လိုပေးရမလဲဆိုတာတွေကို သက်ကြီးရွယ်အိုတွေကို သရုပ်ပြပေးတာတွေ ရှိတယ်လို့တော့ သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
တချို့နေရာတွေမှာ ကြိုတင်မဲပေးနိုင်မယ့် မဲရုံ သေသေချာချာ မရှိဘဲ ရွေ့လျားမဲရုံတွေနဲ့ ဆန္ဒမဲ လိုက်လံကောက်ခံနေတဲ့အတွက်ကြောင့် မဲလက်မှတ်တွေ သိမ်းဆည်းမှုနဲ့ ပတ်သက်လို့ ပြည်သူတွေက စိုးရိမ်နေကြပါတယ်။
ရန်ကုန် အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းကတော့ မဲပုံးတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။
"တချို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွေက အင်မတန်မှ တောင့်တောင့်တင်းတင်း ခိုင်ခိုင်မာမာ ရှိတယ်။ အဲဒါမျိုးဆို ပြဿနာ မရှိဘူး။ အထူးရဲတယောက် စောင့်အိပ်တယ်။ ကျွန်တော်တို့ ရပ်ကျေးကော်မရှင်တွေကလည်း စောင့်အိပ်တယ်။ ဥပမာ ပန်းပဲတန်းမြို့နယ်မှာဆိုရင် မလုံခြုံတဲ့အတွက် လေးရပ်ကွက်လောက်က စုပြီးတော့ အဲဒါတွေကို ရဲစခန်းမှာ သွားထားတယ်။ အထူးရဲတွေလည်း အဲဒီမှာ စောင့်အိပ်ပေါ့ဗျာ။"
နေအိမ်အလိုက် လိုက်ကောက်တဲ့ မဲပုံးတွေက ယာယီမဲပုံးတွေဖြစ်ပြီး အဲဒီလိုမဲတွေကို ညနေပိုင်းမှာ ကော်မရှင်ကသတ်မှတ်ထားတဲ့ မဲပုံးထဲကို ထည့်ကာ လုံခြုံရေးကြိုးနဲ့ ပိတ်ကာသိမ်းဆည်းထားတယ်လို့လည်း ဆိုပါတယ်။
"အဲဒီမဲတွေက အထိုင်မဲတွေ ဖြစ်တဲ့အတွက်ကြောင့်မလို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပေးတဲ့ လုံခြုံရေး ကြိုးတွေနဲ့ တုပ်ထားတယ်။ မဲထုပ်က အဝါရောင် သူ့မှာ နံပါတ်တွေ ရှိတယ်။ အဲတော့ မဲရုံသိမ်းတဲ့အခါ အဲဒီနံပါတ်တွေပါတဲ့ဟာတွေကို ဓာတ်ပုံတွေ ရိုက်ထားတယ်။ နောက်နေ့မနက် ဒီမဲပုံးကို ထုတ်တဲ့အခါ နံပါတ်မှန်မမှန် ပြန်စစ်ပါတယ်။"
နောက်ပိုင်းရက်တွေမှာတော့ တဖြည်းဖြည်း အသားကျပြီး ကြိုတင်မဲပေးမှု အဆင်ပြေသွားလိမ့်မယ်လို့လည်း ဦးခင်မောင်ဝင်းက ယူဆနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ကြိုတင်မဲပေးရင်း အငြင်းပွားခဲ့တဲ့ ဖြစ်ရပ်
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကျွန်းရင်းကျေးရွာမှာတော့ အသက်ကြီးသူတွေ ကြိုတင်မဲပေးရာမှာ ရပ်ကျေးကော်မရှင် ဥက္ကဋ္ဌကိုယ်တိုင် တံဆိပ်တုံး ထုပေးခဲ့ပြီး မဲလာပေးသူရဲ့ သဘောထားနဲ့ ကွဲလွဲနေတယ်ဆိုကာ ဒေသခံ ရွာသားတွေနဲ့ ကော်မရှင်တာဝန်ရှိသူတွေကြား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ကြိုတင်မဲပေးမှု ယာယီရပ်ဆိုင်းထားရတဲ့အထိ ဖြစ်ပွားခဲ့တဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးဖွဲ့ စစ်ဆေးနေတယ်လို ပခုက္ကူခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းစိန်က ဘီဘီစီကို ပြောပါတယ်။
"ခရိုင်ကော်မရှင်က အများယုံကြည်တဲ့ပုဂ္ဂိုလ်က ဥက္ကဋ္ဌ၊ နောက်တခါ ခရိုင်ပြန်ဆက်ရယ်၊ ခရိုင် စည်ပင်ရယ်က အဖွဲ့ဝင်ပေါ့နော်။ ဒီအပေါ်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စေလွှတ်လိုက်ပါပြီ။ ပေါက်ကို မကြာခင် ရောက်မှာပါ။ မနက်ဖြန် ၃၁ ရက်အတွင်းမှာ ဖြစ်စဉ်ကို တင်ပြရမှာပါ။ တင်ပြချက်ပေါ်မှာ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ လမ်းညွှန်ချက်ကို ခံယူပြီးတော့ အဆုံးအဖြတ် ချက်ချင်းပေးသွားမှာပါ။"
ဒီဖြစ်ရပ် ဖြစ်ပွားပြီးနောက်မှာတော့ ကျေးရွာ ကော်မရှင်အဖွဲခွဲ ဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင် လေးဦးကို တာဝန်ကနေ ယာယီ ရပ်ဆိုင်းထားပြီး အောက်တိုဘာလ ၂၉ ရက်နေ့က ကြိုတင်မဲပေးခဲ့တဲ့ မဲလက်မှတ် ၄၀ ကိုလည်း ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဦးဝင်းစိန်က ဆိုပါတယ်။
မဲပေးတဲ့သူအဘိုး၊အဘွားတွေ အနေနဲ့သူကိုယ်တိုင်မဲပေးဖို့ အခက်အခဲရှိရင် သူနဲ့လိုက်ပါလာသူက ကူညီပြီးတံဆိပ် တုံးထုပေးတာတွေ ဆောင်ရွက်ပေးနိုင်ပေမယ့် သက်ဆိုင်ရာ မဲရုံမှာတာဝန်ကျသူတွေအနေနဲ ဆောင်ရွက်ပေးလို့မရပါဘူး။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျေးရွာလူထုနဲ့ ညှိုနှိုင်းဆောင်ရွက်နေတယ်လို့ ပေါက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်းက ပြောပါတယ်။
"လောလောဆယ် ရပ်ထားတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ညှိုနှိုင်းပြီးတော့ ကျေးရွာလူထုနဲ့ ညှိုနှိုင်းလို့ အဆင်ပြေတယ်ဆိုရင်တော့ ဆက်ပြီး လုပ်မယ့် သဘောပေါ့။ ရပ်ကျေးကော်မရှင်အဖွဲ့တွေကို နားပြီးတော့မှ ကော်မရှင်တရပ် ဖွဲ့စည်းပြီး၊ သူတို့ကို အရေးယူမယ်ဆိုပြီးတော့ အဲလိုတော့ အကြမ်းဖျင်း သဘောတူထားတယ်။ ကျေးရွာလူထုကလည်း အဲဒီလို လုပ်ပေးမှ ကျေနပ်ပါမယ်လို့ ကတိယူခဲ့ရတာကိုး။"
ကြိုတင်မဲပေးတာနဲ့ ပတ်သက်လို့ တချို့ ကျေးရွာတွေက ကော်မရှင်အဖွဲ့ခွဲက တာဝန်ရှိသူတွေဟာ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင်တဲ့အခါ အားနည်းချက်တွေ ရှိတယ်လို့ ကိုယ်စားလှယ်လောင်းတချို့က ပြောဆိုနေကြပါတယ်။
အစိုးရတာဝန်ရှိသူတွေ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ၊ အသက်ကြီးရင့်သူတွေ၊ ကိုဗစ်-၁၉ ကြောင့် သီးခြားခွဲနေရေးစခန်းတွေမှာ သွားရောက်နေထိုင်သူတွေ၊ ရွေးကောက်ပွဲနေ့မှာ နေရပ်ပြန်ပြီး မဲမပေးနိုင်ကြသူတွေအနေနဲ့ နိုဝင်ဘာလ ၇ ရက်နေ့အထိ ကြိုတင်မဲပေးနိုင်ကြတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
ကြိုတင်မဲ စတင်ပေးနိုင်တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့လည်း နေပြည်တော်မှာ အဝေးရောက်ကြိုတင်မဲ ပေးခဲ့ကြပါတယ်။








