PR စနစ်က ဖွဲ့စည်းပုံကို မဆန့်ကျင်ဘူးလို့ ဒေါက်တာအေးမောင်ပြော

ရခိုင့်ဦးဆောင်ပါတီ(AFP)ရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်

ဓာတ်ပုံ ရင်းမြစ်, STR

ဓာတ်ပုံ ပုံစာ, ရခိုင့်ဦးဆောင်ပါတီ(AFP)ရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်

မဲသမာမှုတွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းပြီးတဲ့နောက် လာမယ့် ၂၀၂၃ ခုနှစ်မှာရွေးကောက်ပွဲပြန်လည် ကျင်းပသွားမယ်လို့ စစ်ကောင်စီကပြောလာပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲကို အရင်ကျင်းပနေကျ မဲအများဆုံးရတဲ့ပါတီအနိုင်ရရှိတဲ့ စနစ်မျိုးမဟုတ်ဘဲ အချိုးကျကိုယ်စားပြုစနစ်(PR)ကို ကျင့်သုံးသွားဖို့ပြင်ဆင်နေပါတယ်။

အခုလို အချိုးကျကိုယ်စားပြုစနစ်(PR)ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ခြင်းမရှိသလို အရင်ကျင့်သုံးခဲ့တဲ့စနစ်ထက် အားသာချက်ပိုတယ်လို့ ရခိုင့်ဦးဆောင်ပါတီ(AFP)ရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

ဒီဇင်ဘာလ နောက်ဆုံးသီတင်းပတ်အတွင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို ခေါ်ယူပြီး PR စနစ်ကျင့်သုံးရေးနဲ့ပတ်သက်လို့ ဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာတော့ PR စနစ်ကိုကျင့်သုံးရာမှာ မဲဆန္ဒနယ်မြေသတ်မှတ်ရေးနဲ့ပတ်သက်လို့ ကော်မရှင်ဘက်က ချပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မဲဆန္ဒနယ်မြေသတ်မှတ်ရာမှာ ပြည်နယ်/တိုင်းဒေသကြီးတစ်ခုကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့အတွက် မဲဆန္ဒနယ်မြေ ၁ ခု သို့မဟုတ် ၂ ခုသတ်မှတ်မှာလား၊ ပြည်နယ်/တိုင်းအကြီးအငယ်အလိုက် ဘယ်လိုခွဲခြားသတ်မှတ်မလဲ ဆိုတာနဲ့ပတ်သက်လို့ နိုင်ငံရေးပါတီတွေရဲ့သဘောဆန္ဒကိုတောင်းခံတဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရဲ့ ဆွေးနွေးညှိနှိုင်းတိုင်ပင်မှုပြီးမှ မဲဆန္ဒနယ်မြေတွေ ဘယ်လိုသတ်မှတ်ပေးမလဲဆိုတာနဲ့ပတ်သက်လို့ ပြည်သူတွေကို ချပြအသိပေးလာနိုင်တယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ပါတီတွေကတော့ PR စနစ်ကို အခြေခံအားဖြင့် သဘောတူထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UEC

ဓာတ်ပုံ ပုံစာ, ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ပါတီတွေကတော့ PR စနစ်ကို အခြေခံအားဖြင့် သဘောတူထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ကျင့်သုံးဖို့ပြင်ဆင်နေတဲ့ အချိုးကျကိုယ်စားပြုစနစ် PR ဟာ လက်ရှိပြဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ပြပြောဆိုမှုတွေ လည်းရှိနေပါတယ်။

"ရွေးကောက်ပွဲလုပ်တာနဲ့ပတ်သက်လို့ မြို့နယ်ကိုအခြေခံ၍သော်လည်းကောင်း၊ လူဦးရေကိုအခြေခံ၍သော်လည်းကောင်းဆိုပြီး ဖွဲ့စည်းပုံမှာ ပြဌာန်းထားပါတယ်။ ဒီတော့ PR စနစ်နဲ့ကျင်းပလို့မရဘူးလို့ ပြောဖို့ခက်သွားပါတယ်။ ပြဌာန်းချက်နဲ့မညီဘူးလို့ပြောဖို့ခက်ပါတယ်" လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ အချိုးကျကိုယ်စားပြုစနစ် PR ကို မဲဆန္ဒရှင်တွေအနေနဲ့ ရင်းနှီး ကျွမ်းဝင်မှုမရှိတာကြောင့် ရှုပ်ထွေးမှုတွေဖြစ်မှာကိုလည်း စိုးရိမ်မှုရှိနေကြသလို ထောက်ခံမှုလည်းအားနည်းတာကိုတွေ့နေရပါတယ်။

နိုင်ငံရေးပါတီတွေဘက်ကိုကြည့်ပြန်ရင်လည်း ပါတီကြီးတွေက ဒီစနစ်နဲ့ပတ်သက်လို့ အလေးထားမှုမရှိကြသလို စစ်ကောင်စီရဲ့ရွေးကောက်ပွဲအပေါ်မှာ လည်း စိတ်ဝင်စားမှုက လျော့နည်းနေကြတာဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေတွေ့ဆုံခဲ့ကြရာမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်ရှိတဲ့အနက် ၆၂ ပါတီတက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာတော့ ရခိုင်တိုင်းရင်းသားပါတီ ၃ခုနဲ့ မျိုးနွယ်စုပါတီငယ်တွေရှိကြပြီး အဲဒီဆွေးနွေးပွဲကိုတော့ ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) နဲ့ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ တို့တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေအများစုအနိုင်ရရှိထားတဲ့ ရခိုင်အမျိုးသားပါတီ (ANP) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)တို့ တက်ရောက်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဘက်က ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပါတီအလုပ်အမှုဆောင်အဖွဲ့တွေထဲ ဆွေးနွေးမှုတွေလည်းမရှိသလို ရွေးကောက်ပွဲကော်မရှင်က ဖိတ်ကြားတဲ့ဆွေးနွေးပွဲတွေကိုလည်း တက်ရောက်ခဲ့ခြင်း မရှိတာကြောင့် ရွေးကောက်ပွဲကျင်းပမှာနဲ့ပတ်သက်လို့ သိရှိထားတာလည်းမရှိသလို PR နဲ့ပတ်သက်လို့လည်း သဘောတူ မတူ၊ ကောင်း မကောင်းဆိုတာကို ဘာမှတ်ချက်မှ မပြုလိုဘူးလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဦးလှမြင့်က ပြောပါတယ်။

PR စနစ်က ပြည်ထောင်စုအဆင့်လွှတ်တော်တွေမှာ အချိုးကျကိုယ်စားလှယ်အဖြစ် ရရှိကြမှာဖြစ်ပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ပါတီတွေအတွက်သာ ကောင်းမွန်ပြီး တိုင်းရင်းသားဒေသတွေမှာ ယှဉ်ပြိုင်မယ့် ပြည်နယ်ကိုယ်စားပြုပါတီတွေအတွက်တော့ အကျိုးအမြတ်မရှိနိုင်ဘူးလို့ ALD က ထောက်ပြပြောဆိုပါတယ်။

"တိုင်းရင်းသားဒေသတွေမှာ အားသာချက်ရှိဖို့လို့ မမြင်ဘူး။ PR စနစ်ကိုကျင့်သုံးမယ်ဆိုရင် ပါတီတွေအကုန်လုံး တန်းတူညီ ရမှာဖြစ်တယ်။ တစ်နိုင်ငံလုံးဝင်ပြိုင်တဲ့ပါတီတွေဆိုတော့ ဟုတ်ချင်ဟုတ်မှာပေါ့။ ပြည်နယ်ငယ်တစ်ခုတည်းမှာ ဝင်ပြိုင်တဲ့ ပါတီငယ်တွေအနေနဲ့တော့ PR စနစ်အပေါ်မှာ အကျိုးအမြတ်အများကြီးရှိလာနိုင်ဖို့မမြင်ဘူး"လို့ ဦးဦးလှမြင့်က ပြောပါတယ်။

စစ်ကောင်စီက အသစ်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆွေးနွေးပွဲကို နိုင်ငံရေးပါတီတွေ စုံစုံလင်လင်မတက်ရောက်ကြတာဟာ သူတို့ပါတီတွေရဲ့နိုင်ငံရေးအယူအဆ၊ ရပ်တည်ချက်တွေနဲ့လည်း ဆိုင်နိုင်တယ်လို့ ဒေါက်တာအေးမောင်က သုံးသပ်ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်မှာတော့ PR စနစ်ကို ကျင့်သုံးဖို့ တွေးနွေးခဲ့ကြတာရှိပြီး အမျိုးသားလွှတ်တော်မှာ ဆွေးနွေးမှုတွေပြုလုပ်နိုင်ခဲ့ပေမဲ့ ပြည်သူ့လွှတ်တော်မှာ ဆက်လက်မဆွေးနွေးတော့ဘဲ ရပ်ဆိုင်းလိုက်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

မြို့နယ်ကိုအခြေခံတာပဲဖြစ်ဖြစ်၊ လူဦးရေကိုအခြေခံတာပဲဖြစ်ဖြစ် မဲအများဆုံးရတဲ့ ပါတီတစ်ခုရဲ့ လွှတ်တော်ကိုယ်စားပြု ပုဂ္ဂိုလ်တစ်ဦးဦးကိုပဲ အသိအမှတ်ပြုမယ့်အစား ရှုံးနိမ့်ခဲ့သူတွေ မဲဆန္ဒရှင်တွေရဲ့ဆန္ဒပြုမှုကိုလည်း အသိအမှတ်ပြုတဲ့စနစ်ဖြစ်တာကြောင့် လူ့အခွင့်အရေးအရဖြစ်စေ၊ မဲဆန္ဒရှင်တစ်ဦးရဲ့ အခွင့်အရေးအရဖြစ်စေ PR စနစ်ကို မသင့်လျော်ဘူးလို့ ပြောဖို့အင်မတန်ခက်ခဲတယ်လို့ ဒေါက်တာအေးမောင်က ထောက်ခံပြောဆိုပါတယ်။

အချိုးကျစနစ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရရှိမှာဖြစ်တဲ့အတွက် ကိုယ်စားလှယ် အရေအတွက်လည်းပြည့်မီမှာဖြစ်သလို ပါတီငယ်တွေအတွက်လည်း ကိုယ်စားလှယ်ဖြစ်ခွင့်တွေ ရှိနေတဲ့အတွက် PR စနစ်ဟာ အရင်ကျင့်သုံးခဲ့တဲ့စနစ်ထက် အားသာချက်ရှိတယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ လူဦးရေများပြားတဲ့ ရခိုင်ကိုယ်စားပြုပါတီတွေက ကိုယ်စားလှယ်နေရာ အများဆုံးရရှိဖို့အားသာချက်ရှိပေမဲ့ လူဦးရေနည်းပါးပြီး နေထိုင်မှုစနစ်ပြန့်ကျဲတဲ့ မြို၊ သက်၊ ခမီ၊ ဒိုင်းနက်တို့လို မျိုးနွယ်စုပါတီတွေအတွက်တော့ အချိုးကျကိုယ်စားလှယ်ရရှိဖို့ တော်တော်လေး ခက်ခဲလာနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ရွေးကောက်ပွဲမတိုင်မီကာလနဲ့ ရွေးကောက်ပွဲအလွန် အစိုးရဖွဲ့ရေးကာလအထိ မဲအများဆုံးအနိုင်ရရှိမယ့် အင်အားကြီးပါတီတွေနဲ့ မျိုးနွယ်စုပါတီတွေအကြားမှာ အချင်းချင်းညှိနှိုင်းမှုတွေရှိထားဖို့ အရေးကြီးတယ်လို့ ဒေါက်တာအေးမောင်က သုံးသပ်ပါတယ်။