ငြိမ်းချမ်းရေးခေါင်းစဉ်တပ်ပြီး ပါတီတချို့နဲ့ တွေ့ဆုံပွဲမှာ စစ်တပ်က PR စနစ်အကြောင်း ရှင်းပြ

NSPNC မှာ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသူကတော့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NRPC

ဓာတ်ပုံ ပုံစာ, NSPNC မှာ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသူကတော့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဖြစ်ပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ဆိုပြီးစစ်ကောင်စီကဖွဲ့စည်းလိုက်တဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ( NSPNC ) နဲ့ နိုင်ငံရေးပါတီအချို့ဟာ နေပြည်တော်က ( NSPNC) ရုံးမှာ အောက်တိုဘာ ၉ ရက်မှာ တွေ့ဆုံခဲ့ကြပါတယ်။

NSPNC ရုံးဆိုတာဟာ အရင် NLD အစိုးရလက်ထက်ကဖွင့်ခဲ့တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နေပြည်တော်ရုံး ဖြစ်ပါတယ်။

အခု စစ်ကောင်စီဖွဲ့ထားတဲ့ NSPNC ဆိုတာဟာ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်ကဖွဲ့ခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေးဗဟိုဌာန- MPC နဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်ဖွဲ့ခဲ့တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန- NRPC ကို နာမည်ပြောင်းပြီး ပြန်လည်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

တွေ့ဆုံပွဲအကြောင်းမဆက်ခင်မှာ ဒီကော်မတီက ဘယ်လိုစုဖွဲ့ထားဆိုတာ ကြည့်ရအောင်ပါ။

NSPNC ဆိုတာ ဘာလဲ၊ ဘယ်လိုစုဖွဲ့ထားသလဲ။

အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ( NSPNC ) ဟာ ၂၀၂၀ရွေးကောက်ပွဲအပြီး နောက်တစ်ရက် နိုဝင်ဘာ ၉ ရက်မှာ စစ်တပ်ကချက်ချင်းဆိုသလိုဖွဲ့စည်းခဲ့တဲ့ တပ်မတော်ရဲ့ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီကိုပဲ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ရက်မှာ အမည်ပြောင်းလဲဖွဲ့စည်းခဲ့တာပါ။

NSPNC ဟာ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ရဲ့လက်အောက်ကဖြစ်ပြီး ဗဟိုကော်မတီမှာတော့ ဥက္ကဋ္ဌနေရာကို စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပဲ တာဝန်ယူထားတာပါ။

စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ရှေ့လုပ်ငန်းစဉ် (၅) ရပ်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထဲမှာငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ "တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရန် အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှအလေးထားဆောင်ရွက်သွားမည်" ဆိုပြီးစစ်ကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် ပြောခဲ့ပေမယ့် လက်တွေ့မှာ စစ်ပွဲနယ်ပယ်ကျယ်ပြန်လာသလို NCA လမ်းကြောင်းလည်း သွေဖည်လာတယ်လို့ ဝေဖန်ချက်တွေရှိလာတာပါ။

NSPNC မှာ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသူကတော့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဖြစ်ပါတယ်။ လက်ရှိမှာဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို NLD အစိုးရလက်ထက်ကမှပေါ်ပေါက်ခဲ့တဲ့ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီကနေ တာဝန်ပေးအပ်ထားတာတွေ့ရပါတယ်။

အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်ကောင်စီတို့ကို အမျိုးသား လုံခြုံရေးဆိုင်ရာ ကိစ္စတွေအတွက် အကြံပြုနိုင်ဖို့ဆိုပြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း ပြီးခဲ့တဲ့ မေလ ၂၂ ရက်ကထပ်မံ ခန့်အပ် တာဝန်ပေးထားတာပါ။

သူဟာ အရင် ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်ဖွဲ့ခဲ့တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန- NRPC မှာ အဖွဲ့ဝင်တစ်ဦးဖြစ်သလို တပ်မတော်သားအစုအဖွဲ့ကိုဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-U ဥက္ကဋ္ဌ လည်းဖြစ်ခဲ့တာပါ။

အခုစစ်ကောင်စီလက်ထက်မှာတော့ငြိမ်းချမ်းရေးကိုအဓိကအကောင်အထည်ဖော်မယ့်သူအဖြစ်တာဝန်ယူထားတာကြောင့် ပါတီတွေနဲ့ တွေ့ဆုံမှုဟာလည်း စစ်ကောင်စီရဲ့လုပ်ငန်းတွေကို ပြောဆိုစည်းရုံးမယ့် ပထမခြေလှမ်းအဖြစ်မြင်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တချို့ကသုံးသပ်ကြပါတယ်။

ပါတီတွေနဲ့ တွေ့ဆုံရာမှာ ဘာတွေဆွေးနွေးကြသလဲ

အောက်တိုဘာ ၉ရက် NSPNC နဲ့ ပါတီအချို့တွေ့ဆုံမှုဟာ ရပ်တန့်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်အသက်သွင်းဖို့ဆိုတဲ့ အကြောင်းရင်းနဲ့ ပါတီတွေကိုဖိတ်ခဲ့တယ်လို့ ကနဦးက သတင်းတွေထွက်ပေါ်ခဲ့တာပါ။

ဒါပေမဲ့ တကယ်တမ်းတွေ့ဆုံမှုမှာတော့ ငြိမ်းချမ်းရေးအတွက်အကြောင်းပြချက်အပြင် စစ်ကောင်စီကတောက်လျှောက်ပြောနေခဲ့တဲ့ အချိုးကျကိုယ်စားပြု - PR စနစ်ရွေးကောက်ပွဲအကြောင်းကိုလည်း ပြောခဲ့ပါတယ်။ PR စနစ်အကြောင်းကိုတော့ ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ရှင်းပြခဲ့တယ်လို့ အဲဒီအစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ပါတီတချို့က ပြောပါတယ်။

"အဓိက နှစ်ချက်ပြောတယ်ပေါ့။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်စနိုင်ဖို့အတွက်၊နောက်တစ်ချက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်ကနေပြီးတော့ အချိုးကျကိုယ်စားပြုစနစ်လို့ခေါ်တဲ့ PRစနစ်အကြောင်း သူတို့တပ်မတော်ကနေ သုတေသနလုပ်ထားတာတွေကိုရှင်းပြတယ်။ PR စနစ်ရဲ့အားသာချက်၊အားနည်းချက်ကို အခုလက်ရှိ မဲများသူအနိုင်ရတဲ့ရွေးကောက်ပွဲစနစ် (FPTP) နဲ့ချိန်ထိုးရှင်းပြတာပါ" လို့ တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ လီဆူအမျိုးသားဖွံဖြိုးတိုးတက် ရေးပါတီ ရဲ့ ဥက္ကဋ္ဌ ဦးရွှေမင်းကပြောပါတယ်။

NSPNC နဲ့ တွေ့ဆုံပွဲကိုတက်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီSNDP က ဘဏ္ဍာရေးမှူး ဒေါက်တာစိုင်းကျော်အုန်းကတော့ "EAOs လို့ခေါ်တဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ကြားမှာပျက်လာတဲ့ ယုံကြည်မှုကိုပြန်မတည်ဆောက်နိုင်ရင် ငြိမ်းချမ်းရေးကခက်မယ်လို့ပြောလို့ရတယ်။ ကျွန်တော်ကတော့ ငြိမ်းချမ်းရေးအတွက် ဆိုရင် NCA မှာပါတဲ့ KNU ၊ RCSS တို့နဲ့ Trust Building ယုံကြည်မှုပြန်တည်ဆောက်တာကိုအရင်လုပ်ဖို့ အကြံပြုခဲ့တယ်" လို့ ပြောပါတယ်။

နောက်ဆုံးကျင်းပထားတဲ့ ရွေးကောက်ပွဲနှစ်ကြိမ်လုံးကို NLD ပါတီက အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နောက်ဆုံးကျင်းပထားတဲ့ ရွေးကောက်ပွဲနှစ်ကြိမ်လုံးကို NLD ပါတီက အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ကိုင်ထားပြီး ဆောင်ရွက်နေတယ်ဆိုတဲ့ စစ်ကောင်စီအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့မကိုက်ညီဘူးလို့ အကဲခတ်တွေက ထောက်ပြထားတဲ့ PRစနစ် ရွေးကောက်ပွဲဆိုတာ ကို တောက်လျှောက် ပြောနေတဲ့ အပေါ်မှာလည်း ဝေဖန်မှုတွေရှိနေပါတယ်။

နိုင်ငံရေးလေ့လာသူအချို့ကတော့ တိုင်းပြည်အတွင်းမငြိမ်မသက်မှုတွေနဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးကို နိုင်ငံတဝန်းလက်နက်စွဲကိုင်ဆန့်ကျင်နေကျတဲ့အချိန်မှာ ရွေးကောက်ပွဲအတွက် ကြိုးပမ်းချက်ဟာ ပြယုဂ် သက်သက်လို့ သုံးသပ်ကြပါတယ်။

'' နိုင်ငံတကာကငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းမှ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းနိုင်မယ်လို့ ဝိုင်းပြောနေတယ်။လူထုကလည်း သူတို့ရဲ့ မဲဆန္ဒတွေကိုလေးစားဖို့တောင်းဆိုနေတယ်။ ဒါတွေ ကိုကျော်လွန်ပြီး ရွေးကောက်ပွဲပြန်လုပ်ပေးမယ်ဆိုတာက စဉ်းစားစရာမဟုတ်ဘူး လို့မြင်တယ်။သူတို့ပြောနေတဲ့ PRစနစ်ဆိုတာလည်း လူထုကစိတ်ဝင်စားမှာမဟုတ်ဘူး '' လို့ နိုင်ငံရေးသုတေသီတစ်ဦးကသူ့ရဲ့အမြင်ကိုပြောပါတယ်။

ပါတီကြီးတချို့ မတက်

၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံတဝန်း စတုတ္ထနေရာက နိုင်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP က မတက်ရောက်ခဲ့
ဓာတ်ပုံ ပုံစာ, ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံတဝန်း စတုတ္ထနေရာက နိုင်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP က မတက်ရောက်ခဲ့

အခုဆွေးနွေးပွဲကို အရင်အစိုးရတွေလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက်ဖွဲ့ထားတဲ့ UPDJC ၊ JMC တို့လိုကော်မတီတွေမှာ နိုင်ငံရေးပါတီအစုအဖွဲ့မှာ ပါဝင်ခဲ့တဲ့ပါတီတွေကို အဓိကဖိတ်တယ်လို့ နားလည်ခဲ့ကြပေမယ့် ပြည်သူ့ရှေ့ဆောင်- PPP ပါတီလို ၂၀၂၀ ရွေးကောက်ပွဲမှာ ပေါ်ထွက်လာတဲ့ပါတီအချို့လည်း ဆွေးနွေးပွဲကိုတက်ရောက်ခဲ့တာပါ။

တွေ့ဆုံပွဲကိုပါတီ ၂၀ ကျော်ကိုဖိတ်ခဲ့ပေမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် တိုင်းရင်းသားပါတီအချို့တက်ရောက်ခဲ့ပြီး စုစုပေါင်း ၁၈ ပါတီပဲတက်ရောက်တယ်လို့ တက်ရောက်သူအချို့ကပြောပါတယ်။

ဝါရင့်နိုင်ငံရေးပါတီတွေဖြစ်တဲ့ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရခိုင်အမျိုးသားပါတီ ANP ၊ ကချင်ပါတီအချို့နဲ့ ဝါရင့်နိုင်ငံရေးသမားဦးကိုကိုကြီးဦးဆောင်တဲ့ ပြည်သူ့ပါတီတို့ကတော့ ဆွေးနွေးပွဲကို မတက်ရောက် ခဲ့ကြပါဘူး။

ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီလည်းတက်ရောက်ခဲ့ခြင်းမရှိ

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီလည်းတက်ရောက်ခဲ့ခြင်းမရှိ

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ ဥက္ကဋ္ဌစိုင်းညွန့်လွင်ကတော့ အလုပ်အမှုဆောင်အဖွဲ့ရဲ့ဆုံးဖြတ်ချက်အရ မတက်ရောက်ဖြစ်တာလို့ တုံ့ပြန်သလို ရခိုင်အမျိုးသားပါတီ - ANP က ဦးခိုင်ပြည်စိုးကလည်း ပါတီတွင်းဆွေးနွေးမှုမရှိလို့ မတက်ရောက်ဖြစ်တာလို့တုံ့ပြန်လာပါတယ်။

"ဆွေးနွေးကြတယ်ဆိုတာကျွန်တော့်အယူအဆအရလက်ခံပါတယ်။ ဆွေးနွေးပွဲဆိုတာကို မငြင်းဆန်ပါဘူး။ ဒါပေမဲ့ အခုလောလောဆယ်မှာ ဘယ် ပါတီမှ ဘာမှမလုပ်နိုင်ဘူးလို့ ကျွန်တော်ကတော့ယူဆတယ်။ အဓိကကတော့ NLD ပါဖို့လည်းလိုအပ်တယ်။ ဒါပေမဲ့ သူတို့ဘက်ကလည်း ဒါပထမခြေလှမ်းလှမ်းတာလည်းဖြစ်နိုင်တာပေါ့ " လို့ SNLD ရဲ့ ဥက္ကဋ္ဌ စိုင်းညွန့်လွင်က သုံးသပ်ပါတယ်။

NSPNC ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်ကတော့ နိုင်ငံရေးပါတီများတွေ့ဆုံပွဲမှာ ငြိမ်ချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံရေးပါတီများပါဝင်သော အစုအဖွဲ့တစ်ခုကို ထပ်မံဖွဲ့စည်းပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းမှုကြောင့် တိုင်းပြည်တွင်းမငြိမ်မသက်ဖြစ်နေချိန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပြန်စမယ်ဆိုတာက ဖြစ်နိုင်ခြေနည်းတယ်လို့ ရှုမြင်ကြပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းဖွဲ့စည်းထားတဲ့ NSPNC အနေနဲ့ အပစ်ရပ်စာချုပ် NCA ကိုလက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့လည်းတွေဆုံဆွေးနွေးတာတွေရှိခဲ့ပါတယ်။

အပစ်ရပ်သက်တမ်းတွေမကြာခဏတိုးနေပေမယ့် တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေကနေ့စဉ်မပြတ်ရှိနေသလို နိုင်ငံတဝန်းစစ်နယ်ပယ်ကလည်းကျယ်ပြန့်လာနေတာပါ။

ငြိမ်းချမ်းရေးနဲ့နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဦးမောင်မောင်စိုးကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပြန်စဖို့ဆွေးနွေးကြပေမယ့် လူထုလက် ခံတဲ့ပါတီတွေမပါရင် ဒါဟာ ဖြစ်နိုင်ခြေနည်းတယ်လို့ သုံးသပ်ပါတယ်။

"သူတို့(စစ်တပ်) ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ လူထုအများစု Mandate ပေးထားတဲ့ NLD ကိုယ်စားလှယ်တွေမပါရင်ခက်ဦးမယ်ထင်ပါတယ်''