၂၁ရာစု စစ်အာဏာသိမ်းမှုနဲ့ အညာဒေသက တော်လှန်မှု

ကလေး ဂန့်‌‌ဂေါ လမ်းပေါ်မတ်လ ၃၀ ရက်စည်သာရွာ တိုက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကလေး ဂန့်‌‌ဂေါ လမ်းပေါ်မတ်လ ၃၀ ရက်စည်သာရွာ တိုက်ပွဲ

တစ်ချိန်က ဆိုင်ကယ်တွေ ခေတ်မီကားတွေ တဝီဝီဖြတ်သန်းသွားလာနေခဲ့ကြတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသဟာ စစ်တပ်အာဏာသိမ်းပြီးကာလတစ်လျှောက် နေရာအနှံ့ ပစ်ခတ်မှုတွေ သတ်ဖြတ်မှုတွေ ရှိလာနေတဲ့ အပြင် တိုက်ပွဲများ ၊စစ်ဘေးရှောင်များ နဲ့မလုံမခြုံတဲ့ ဒေသတစ်ခုဖြစ်လာနေပါတယ်။

စစ်ကိုင်း မန္တလေးနဲ့ မ‌ကွေးနယ်တွေမှာ တိုက်ပွဲတွေရှိနေပြီး စစ်ကောင်စီက ချင်းတွင်းမြစ်ဘေးတစ်လျှောက်က အချို့ဒေသတွေအပါအဝင် မ‌ကွေးတိုင်းထဲက ဂန့်‌‌ဂေါနယ်တွေဘက် တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာနေပါတယ်။

အောက်တိုဘာလ ဖြစ်တဲ့အတွက် အညာဒေသအချို့မှာ မိုးများပြတ်သွားသလို ခြောက်သွေ့လာပြီဖြစ်ပြီး သီတင်းကျွတ်ကာလကျော်ရင်တော့ အညာမှာ မိုးတွေလုံးဝစဲကာ အေးချမ်းတဲ့ ဆောင်းရာသီ အငွေ့အသက်တွေ စတင်ဝင်လာရောက်လာလေ့ရှိပါတယ်။

၁၂ ရာသီပွဲတော်တွေ ပွဲလမ်းသဘင်တွေနဲ့ စည်ကားလေ့ရှိတဲ့ အညာမှာ ဒီနှစ်တော့ သေနတ်သံတွေ တိုက်ပွဲတွေ မစဲနိုင်သေးဘူးလို့လည်း ဒေသခံတွေကပြောကြပါတယ်။

တိုက်ပွဲဖြစ်ပြီး မီးရှို့ခံရတဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ထှယ်လှော်ရွာ

ဓာတ်ပုံ ရင်းမြစ်, ဂန့်ဂေါလူငယ်

ဓာတ်ပုံ ပုံစာ, တိုက်ပွဲဖြစ်ပြီး မီးရှို့ခံရတဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ထှယ်လှော်ရွာ

ရာစုနှစ်တစ်ဝတ်ကျော်လောက် အာဏာရှင်အဆက်ဆက် ကြီးစိုးလာခဲ့တဲ့ မြန်မာနိုင်ငံဟာ အခု ၂၁ရာစု အစပိုင်းမှာလည်း စစ်အာဏာသိမ်းခံခဲ့ရပြီး အာဏာသိမ်းထားတဲ့စစ်တပ်ရဲ့ စီမံကွပ်ကဲမှုအောက်မှာ သံသရာတစ်ပတ်ပြန်လည် နေပါတယ်။

အကြွင်းမဲ့အာဏာရှင်၊ ဘုရင်စနစ်ရဲ့ ထင်ရှားတဲ့လက္ခဏာရပ်တွေက မြန်မာ့လူ့အဖွဲ့အစည်းအပေါ်တိုက်ရိုက် တစ်မျိုးသွယ်ဝိုက်ပြီးတစ်ဖုံ ပုံသွင်းလာတာနဲ့အမျှ မြန်မာလူမျိုးတို့ကလည်း ဘုရင်လုပ်သူတို့ရဲ့ အကြွင်းမဲ့ အာဏာကို ခြွင်းချက်မရှိ လက်ခံလာကြသလိုပဲ အဲဒီလို မြန်မာတို့ရဲ့ သဘောသဘာဝ အမူအကျင့်တွေက အခုတိုင် နေရာအနှံ့မှာ ရှိနေဆဲပဲလို့ ပါမောက္ခဒေါက်တာမောင်မောင်ကြီးက သူရဲ့ Burmese Political Values စာအုပ်မှာ ရေးသားခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်ကတည်းကပါ။

မြန်မာနိုင်ငံအတွင်း ဘုရင်စနစ်၊ အာဏာရှင်စနစ်တွေ ကြီးစိုးခဲ့ပြီး အဲဒီနောက်ဆက်တွဲ အုပ်ချုပ်ခံလူတန်းစားတွေအပေါ် သက်ရောက်ခဲ့တဲ့၊ သက်ရောက်နေဆဲဖြစ်တဲ့ မြန်မာလူမျိုးတွေရဲ့ အမူအကျင့်ကို လွန်ခဲ့တဲ့ နှစ် ၆၀ ကတည်း ဒေါက်တာမောင်မောင်ကြီး ရေးသားပုံဖော်ခဲ့တာပါ။

ဒီမတိုင်ခင်တုန်းကတော့ ရာနှုန်းပြည့်မဟုတ်တဲ့ ဒီမိုကရေစီစနစ်ကို ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ နှစ်ကုန်ပိုင်း လောက်အထိသာ အတိုင်းအတာတစ်ခုအထိ လွတ်လပ်စွာ၊ နေထိုင်သွားလာ၊ ပြောဆိုခွင့်ရခဲ့ကြတယ် ဆိုတာကိုတော့ ဘယ်သူကမှမေးခွန်းထုတ် မငြင်းခုန်ကြပါဘူး။

အာဏာသိမ်းပြီးကာလ စစ်ကိုင်းတိုင်းမြို့တော် မုံရွာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းပြီးကာလ စစ်ကိုင်းတိုင်းမြို့တော် မုံရွာ

ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း အညာဒေသအပါအဝင် မြန်မာတစ်နိုင်ငံလုံး သတင်းအချက်အလက် စီးဆင်းမှုအလွန်မြန်ဆန်ပြီး တောရော၊ မြို့ပါမကျန် သတင်းအချက်အလက်စီးဆင်းမှုမြန်ဆန်တာနဲ့ အလျှောက် ဖွံ့ဖြိုးမှုတိုးတက်မှုတွေကို ခံစားခဲ့ရပါတယ်။

နိုင်ငံရေးအပေါ် လူတွေရဲ့စိတ်ပါဝင်စားမှု၊ ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်ခွင့်စတာတွေကို ပြီးခဲ့တဲ့ ၁၀နှစ် အတွင်းမှာ ကွင်းကွင်းကွက်ကွက် သိရှိခံစားခဲ့ရတာတွေက အခုကာလမှာတော့ ရတဲ့နည်းနဲ့ အာဏာရှင်ကို ပုန်ကန်တွန်းလှန်ဖို့ တွန်းအားတွေဖြစ်လာပါတော့တယ်။

၁၉၆၀ ကျော်ကတည်းက စစ်အာဏာသိမ်းမှုကို ရင်ဆိုင်တွေ့ကြုံလာခဲ့ရလို့ အခု ၂၁ရာစုစစ်အာဏာသိမ်းမှု ဆိုတာ ပြည်သူတွေအတွက် အစိမ်းသက်သက်ဖြစ်စဉ်တော့ မဟုတ်တော့ပါဘူး။

ဒါပေမဲ့ အာဏာသိမ်းမှုအပေါ် ပြန်လည်တုံ့ပြန်ကြတဲ့ ဒေသခံတွေရဲ့ တော်လှန်ပုန်ကုန်မှုတွေကတော့ အာဏာသိမ်းသူတွေအတွက် မမျှော်လင့်ထားတဲ့ အိပ်မက်ဆိုးဖြစ်နေတယ်လို့ နိုင်ငံရေး လေ့လာအကဲခတ်သူတွေ အပါအဝင် နိုင်ငံရေးအသိုင်းအဝန်းအားလုံးက သိထားကြပါတယ်။

စစ်တပ်ကအာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ရက်နေ့ကစလို့ ဒီနေ့အထိအာဏာသိမ်းသူ စစ်အုပ်စုအပေါ် တော်လှန်ပုန်ကန်နေကြတာလည်း နေ့စဉ်ရက်ဆက်မပြတ်ဆိုသလိုပါပဲ။

ဓာတ်ပုံ ရင်းမြစ်, PATRICK AVENTURIER

ဓာတ်ပုံ ပုံစာ, စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ရက်နေ့ကစလို့ ဒီနေ့အထိအာဏာသိမ်းသူ စစ်အုပ်စုအပေါ် တော်လှန်ပုန်ကန်နေကြတာလည်း နေ့စဉ်ရက်ဆက်မပြတ်ဆိုသလိုပါပဲ။

စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ရက်နေ့ကစလို့ ဒီနေ့အထိအာဏာသိမ်းသူ စစ်အုပ်စုအပေါ် တော်လှန်ပုန်ကန်နေကြတာလည်း နေ့စဉ် ရက်ဆက် မပြတ်ဆိုသလိုပဲဖြစ်ပါတယ်။

၁၉၆၀ခုနှစ်အလွန် စစ်အာဏာသိမ်းမှုတွေအပေါ် ပြန်လည်တုံ့ပြန်ကြတဲ့ ပြည်သူတွေထဲမှာ ငြိမ်းချမ်းစွာ တိုက်ပွဲဝင်မယ့် အင်အားစုနဲ့ လက်နက်စွဲကိုင်ကာ အာဏာရှင်ကိုတော်လှန်မယ်ဆိုတဲ့ အယူအဆ နှစ်မျိုးရှိခဲ့ကြလို့ တောခိုတဲ့သူတွေက ခိုကြသလို၊ ငြိမ်းချမ်းစွာ ပါဝင်ဆန့်ကျင်ကြသူတွေကလည်း ဒုနဲ့ဒေးရှိခဲ့ပါတယ်။

၁၉၈၈ ခုနှစ်အရေးတော်ပုံအပြီး စစ်တပ်ကအာဏာကိုချုပ်ကိုင်ခဲ့စဉ်တုန်းကဆိုရင်လည်း အာဏာသိမ်းခေါင်း ဆောင်ကိုယ်တိုင်က ရွေးကောက်ပွဲပြန်လုပ်ပေးပြီး အာဏာကို အရပ်သားလက်ထဲထည့်ပြီးတာနဲ့ စစ်တပ်က တန်းလျားပြန်မယ်ဆိုတဲ့စကားကို အချို့က ယုံကြည်ခဲ့ဖူးကြပါတယ်။

အခု ၂၁ရာစု မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုမှာတော့ ရှေးအရင်က ရခဲ့တဲ့အတွေ့အကြုံတွေအရ လူအများစု က လက်နက်စွဲကိုင်တော်လှန်ကြဖို့ကိုသာ အားသာတဲ့အနေအထားမှာ ရှိလာပါတယ်။ ဒါကလည်း မြန်မာနိုင်ငံရေးထဲက စစ်တပ်ကို အပြီးတိုင်ထုတ်နိုင်မယ့် နည်းတစ်ခုပဲလို့ အများက ယုံကြည်ယူဆထားကြလို့ဖြစ်တယ်လို့ ဆိုကြပါတယ်။

မုံရွာမြို့ မတ်လ ၂၈ ရက် ၂၀၂၁ ခုနှစ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မုံရွာမြို့ မတ်လ ၂၈ ရက် ၂၀၂၁ ခုနှစ်

အခုတော့ ကိုယ့်ဒေသကို ကိုယ်ကာကွယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒေသခံကာကွယ် ရေးတပ်ဖွဲ့ဆိုပြီး တစ်နိုင်ငံလုံးအနှံ့မှာ ပေါ်ထွက်လာတာ အဖွဲ့ပေါင်း ၃၀၀ ကျော်ရှိလာပါတယ်။ အဲဒီအဖွဲ့တွေကလည်း စစ်တပ် ကိုဆန့်ကျင်တဲ့ ဒေသခံတွေအများစုရဲ့ စုပေါင်းထောက်ပံ့မှုအများဆုံးနဲ့ ရပ်တည်ကြပြီး စစ်တပ်ကိုတော်လှန်ဖို့ ပြင်ဆင်လာကြတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။

အဲဒီထဲကမှ ရရာလက်နက်နဲ့ လူအင်အားစုဖွဲ့ပြီး စစ်တပ်ကို ပြန်တိုက်ခိုက်ခဲ့တာဆိုရင် အာဏာသိမ်းပြီး နှစ်လမပြည့်ခင် မတ်လကုန်ပိုင်းကတည်းက စစ်ကိုင်းတိုင်း၊ ယင်းမာပင်၊ ကနီစတဲ့မြို့နယ်ထဲက ကျေးရွာ အချို့ကနေ စတင်ခဲ့တာပါ။

"သပြေအေး" တိုက်ပွဲဆိုတဲ့ ၂၀၂၁ခုနှစ် မတ်လအကုန်ပိုင်း၊ အာဏာသိမ်းပြီးနှစ်လနီးပါးအကြာမှာပဲ စစ်ကိုင်းတိုင်း ကနီနဲ့ ယင်းမာပင်မြို့နယ်နှစ်ခုက ဒေသခံတွေနဲ့ စစ်တပ်အကြား ပထမဆုံးဖြစ်တဲ့ တိုက်ပွဲပါ။ ပထမဆုံးတိုက်ပွဲမှာပဲ စစ်တပ်ဘက်ကသေဆုံးတာရှိခဲ့သလို၊ ဒေသခံတွေဘက်ကလည်း ၉ဦး သေဆုံးခဲ့ ပါတယ်။

သပြေအေးဆိုတာ ရွာကိုအစွဲပြုပြီးခေါ်တဲ့ တိုက်ပွဲဖြစ်ပါတယ်။ ယင်းမာပင်နယ်ထဲမှာတည်ရှိတဲ့ ကနီမြို့နယ် နဲ့ ဆက်စပ်မှုရှိနေတဲ့ သပြေအေးရွာကိုဆိုလိုတာပါ။ အဲဒီအချိန်ကတည်းကစလို ယင်းမာပင်နဲ့ ကနီမှာနေ့စဉ် နီးပါး ပစ်ခတ်တိုက်ခိုက်မှုတွေဆက်တိုက်ဖြစ်လာခဲ့ ပါတယ်။

ချင်းတွင်းမြစ်ကမ်းဘေး ကနီနယ်က ရွာတစ်ရွာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ချင်းတွင်းမြစ်ကမ်းဘေး ကနီနယ်က ရွာတစ်ရွာ

အဲဒီလိုကျေးရွာတွေဘက်မှာ တူမီးသေနတ်တွေနဲ့ ပြန်လည်ခုခံတဲ့အချိန်၊ ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ လည်း သိန်းနဲ့ချီတဲ့လူအုပ်တွေက စစ်အာဏာသိမ်းမှုကို ချက်ချင်းဆိုသလို လက်မခံနိုင်ကြောင်း ဆန့်ကျင် ဆန္ဒပြကြတာ နေ့ရောညပါ မနားမနေပါပဲ။

၂၀၂၁ ခုနှစ်မေလကနေ့ အောက်တိုဘာလအထိ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့လို့ အများခေါ်ဆို နေကြတဲ့အဖွဲ့တွေအကြား ပစ်ခတ်တိုက်ခိုက်မှုပုံစံမျိုး စစ်ကိုင်းတိုင်းတစ်ခုထဲမှာတင် အကြိမ်ပေါင်း ၈၀ဖြစ်ခဲ့ ပါတယ်။ မကွေးတိုင်းနဲ့ မန္တလေးတိုင်းမှာဆိုရင် ၁၉ကြိမ်ဖြစ်ခဲ့တာကို ဘီဘီစီရဲ့မှတ်တမ်းတွေအရသိရပါ တယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒီပဲယင်းက စစ်ရှောင်ပြည်သူတွေ

ဗမာတွေအများစုနေကြတယ်လို့ ဆိုကြတဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးစတဲ့နေရာအများစုမှာတော့ လွတ်လပ်ရေးရပြီးနောက် ၁၉၅၀ နောက်ပိုင်းမှာစစ်ပွဲဆိုတဲ့ ပုံစံမျိုး မရှိခဲ့တာ အခုကာလ အာဏာမသိမ်းခင်အထိလို့ သမိုင်းသုတေသီတွေက ဆိုကြပါတယ်။

ဒါပေမဲ့ တိုင်းရင်းသားဒေသအများအပြားမှာတော့ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေက အာဏာမသိမ်းခင်အထိ လွတ်လပ်ရေးရပြီး ကတည်းကစလို့ ဖြစ်ခဲ့တာပါ။

စစ်ကိုင်း၊မန္တလေး၊ မကွေးအပါအဝင် မြေလတ်ဒေသနေသူ အများစုကတော့ တိုင်းရင်းသားဒေသက တိုက်ပွဲတွေက သူတို့နဲ့ တိုက်ရိုက်ပတ်သတ်ဆက်နွယ်မှုမရှိခဲ့တဲ့ပုံ အာဏာမသိမ်းခင်အချိန်ထိမှတ်ယူထားကြ သူလည်း အများအပြားရှိခဲ့ပါတယ်။

"တိုင်းရင်းသားဒေသ တွေမှာ တိုက်ပွဲတွေဖြစ်ခဲ့တုန်းကလည်း တိုင်းရင်းသားတွေထဲကတစ်ချို့သော လူတွေ ကသူတို့ဘာသာ အာဏာလိုချင်လို့၊ တိုင်းပြည်က ခွဲထွက်ဖို့အတွက်ပဲလို့ ထင်ခဲ့တာလေ။ ကိုယ်တွေ့ ကြုံလိုက်တော့မှ စစ်တပ်ဆိုတာ တိုင်းရင်းသားတွေကို ကာကွယ်ဖို့မဟုတ်တော့ဘဲ၊ မတရားအာဏာလိုချင်လို့ ဖိနှိပ်နေတာ၊ သူတို့တွေ တော်လှန်နေတာ ဒါကြောင့်ပေါ့လို၊ ကိုယ်တိုင်ကြုံလိုက်ပြီးမှ စစ်တပ်ကို တော်လှန်ဖို့ အမြင်တွေပြောင်းလာတာ" လို့ ကနီဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ်တစ်ဦး ကပြောပါတယ်။

၄ ယောက် အသတ်ခံရပြီး ၅၇ ယောက်ဖမ်းဆီးခံရတဲ့ မင်းကင်းမြို့နယ် ပန်ဆက်ရွာတိုက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, ၄ ယောက် အသတ်ခံရပြီး ၅၇ ယောက်ဖမ်းဆီးခံရတဲ့ မင်းကင်းမြို့နယ် ပန်ဆက်ရွာတိုက်ပွဲ

"ဗမာအများစုရဲ့ အဓိကဆန္ဒကတော့ အာဏာရှင် စနစ်ထက် တပ်ကိုဖြုတ်ချချင်တာပဲဗျ။ အနိုင်ကျင့် ဗိုလ်ကျတယ်လို မြင်တယ်အဲဒါကို မခံနိုင်တာပဲ။ ဗမာက လူများစုဖြစ်နေပြီး ရွေးကောက်ပွဲရလဒ်က သူတို့နဲ့ တိုက်ရိုက်ဆက်စပ်နေတယ်ဗျ။ လက်ရှိ လက်နက်ကိုင် တော်လှန်ရေး အယူအဆက ကိုလိုနီခေတ်လွတ်လပ်ရေးကြိုးပမ်းမှုပုံစံနဲ့ ခပ်ဆင်ဆင်ပဲ" ဗမာလူငယ်တစ်ဦးက ဆိုပါတယ်။

အာဏာမသိမ်းခင် အချိန်တွေကဆိုရင် စစ်ဗိုလ်တွေဆိုတာ မြေလတ်ဒေသမှာ မျက်နှာပန်းပွင့်ခဲ့သူတွေလို့ဒေသခံတွေကပြောကြပါတယ်။ အညာဒေသကမိဘတွေက သူတို့သမီးတွေကို ဆရာဝန်၊ အင်ဂျင်နီယာတွေနဲ့တန်းတူ စစ်ဗိုလ် တွေနဲ့ အများဆုံးပေးစား ထိမ်းမြားလက်ထပ်စေလိုသူတွေလို့ ဆိုကြပါတယ်။

အခုတော့ အာဏာသိမ်းပြီးကတည်းကစလို့ စစ်တပ်အပေါ်တော်လှန်ကြတဲ့ မြေလတ်ဒေသတွေအပါအဝင် မြန်မာနိုင်ငံ မြောက်ဖျားပိုင်းကစလို့ တောင်ဘက်ပိုင်းစွန်းစွန်းအထိ ဒေသအများအပြားမှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ စစ်တပ်တို့ နေ့စဉ်ဆိုသလို၊ ပစ်ခတ်မှုတိုက်ပွဲတွေ ဖြစ်နေပါပြီ။

"နိုင်ငံတကာနဲ့ ကူးလူးဆက်သွယ်မှုများတာရယ်၊ နည်းပညာနဲ့ အင်တာနက်ကွန်ရက် သုံးစွဲမှုမြင့်လာတာ၊ အဆက်မပြတ်ထိတွေ့မှုတွေနဲ့ ဒီမိုကရက်တစ်အယူအဆနဲ့ အမျိုးသားရေးအယူအဆ မြင့်တက်သွားတဲ့အခါ မြို့ပေါ်ရွေးကောက်ပွဲ အားကောင်းရင် အားကောင်းတဲ့နောက်ပါသွားသလို၊ လက်နက်ကိုင်တိုက်မှဖြစ်မယ်ဆို ပြီးယူဆကြရင် အဲဒီနောက်ကိုပါသွားကြတာမျိုးပဲ" လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ယူဆပါတယ်။

ပြီးခဲ့တဲ့ ၁၀နှစ်အတွင်းကဆိုရင် အုပ်ချုပ်သူလူတန်းစားဆိုတာ ပြည်သူတွေအတွက် အလုပ်လုပ်ပေးရပြီး ပြည်သူတွေကပေးတဲ့ လစာကိုယူနေရသူတွေဆိုတဲ့ တွေးခေါ်မှုမျိုးတွေက တောရော၊ မြို့အနှံ့တွင်တွင် ကျယ်ကျယ်ပြန့်နှံ့ခဲ့သလို၊ ကိုယ်မှန်ရင် ပြောရဲဆိုရဲတယ်ဆိုတဲ့ ခံယူချက်မျိုးနဲ့ အစိုးရရုံးတွေကို သွားရမှာပင် ကြောက်ခဲ့မိတဲ့ အလေ့အထတွေ ပျောက်လုနီးပါးအထိ ရှိလာပါတယ်။

ဒါပေမဲ့ အာဏာသိမ်းလိုက်တဲ့အခါ အခွင့်အရေးတွေ ရုတ်တရက်ပိတ်ပင် ခံလိုက်ရတဲ့အချိန်ကစလို့ ပိတ်ပင်တဲ့ အဖွဲ့အစည်းကို ပြန်လည်တော်လှန်လိုတဲ့စိတ်နဲ့ ချက်ချင်းတုံ့ပြန် တော်လှန်ပုန်ကန်လာတာလို့ ဆိုတဲ့ယူဆ ချက်တွေလည်းရှိပါတယ်။ ကိုယ်ပိုင်သုံးတဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားဝေဖန်တာကိုပဲ ဖမ်းဆီးခံရတာမျိုးတွေ ရှိလာတာအပါအဝင် အခြားသော အခွင့်အရေးစံနှုန်းတွေကို ပိတ်ပင် လာတာတွေကလည်း တော်လှန်မှုကို ဦးတည်စေတဲ့ အကြောင်းပြချက်တွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။

အခုစစ်တပ်ကို ပြန်တိုက်ခိုက်နေကြပုံအပေါ် ဦးမောင်မောင်စိုးအမြင်က "သီပေါဘုရင်ပါတော်မူတုန်းက လိုပုံစံမျိုး၊ သီပေါဘုရင်စစ်တပ်ကမတိုက်ဘဲ လက်နက်ချပေမယ့် လူတွေက ထပြီးပုန်ကန်ကြတာ၊ ကိုယ့်မင်း ကိုယ့်ချင်းနဲ့ နေလာရာကနေ သူများကျွန်ဖြစ်တော့မယ်ဆိုတဲ့ စိတ်နဲ့ထပုန် ကန်ကြတာ၊ သီပေါဘုရင်ကိုကြိုက် လို့လည်းမဟုတ်ဘူး၊ ပြန်နန်းတင်ချင်လို့လည်းမဟုတ်ဘူး" အခုဖြစ်လာတဲ့ တိုက်ပွဲတွေမှာ ဗမာလူမျိုးတွေအများစုကိုယ်တိုင်က ပါဝင်ပြီးစစ်တပ်ကို ပြန်ပုန်ကန်တော် လှန်လာတဲ့ပုံဖြစ်လာတာကြောင့် ဘယ်လို အရည်အချင်းကောင်းမျိုးရှိတဲ့ ခေါင်းဆောင်မဆို ကိုင်တွယ် ဖြေရှင်းဖို့ မလွယ်တဲ့အခြေအနေမျိုးလည်းရောက်နေတယ်လို့ လည်း ပြောဆို ကြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်လာတဲ့ စစ်ပွဲတွေက ဗမာအပါအဝင် အားလုံးကအာဏာသိမ်းတဲ့စစ်တပ် ကိုပြန်တိုက်ခိုက်လာပြီး တိုင်းပြည်ရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့်ပုံစံမျိုးလည်းဖြစ်လာပါတယ်။

"သူတို့က အင်အားနဲ့ ရက်စက်ပြရင်နိုင်မှာပဲလို့ ထင်တာ။ အဲဒါက လွဲနေပြီ။ အခုလိုဖြစ်လာတဲ့အခြေအနေက မြန်မာပြည်ရဲ့အနာဂတ်ကိုအဆုံးအဖြတ်ပေးသွားမှာပဲ" လို့ တမ္ပဒီပအင်စတီကျူ့ဦးဆောင်သူ ဦးခင်ဇော်ဝင်း က ပြောပါတယ်။

အခုအချိန်မှာ စစ်တပ်ကအာဏာသိမ်းလိုက်တာကို လူအများစုကမတရားဘူးလို့ ခံစားပြီး အဲဒီအပေါ်မှာ တုံ့ပြန်လုပ်ဆောင်လာတဲ့ ပုံစံမျိုးလို့ လက်ရှိအခြေအနေတွေကို နိုင်ငံရေးလေ့လာသူ ဒေါက်တာစိုင်းကြည် ဇင်စိုးက သုံးသပ်ပါတယ်။

"မတရားဘူးလို့ခံစားရတဲ့ အတိုင်းအထွာပေါ် မူတည်ပြီးတော့ တုံ့ပြန်မှုက ကွာခြားတယ်။ အခုချိန်မှာက မတရားဘူးလို့ခံစားရတာက တော်တော်အစွန်းထိ ရောက်နေတယ်လို့ မြင်နေရတယ်" လို့ ဆိုပါတယ်။

အဲဒီလိုမတရားဘူးလို့ခံစားနေရသူတွေက အစုလိုက်အပြုံလိုက်စုဖွဲ့မိရာကနေ သူတို့ဖြစ်စေချင်တဲ့နိုင်ငံရေး ရှေးရှု့မှုကိုအကောင်အထည်ဖော်လာရာကစပြီး မြေလတ်ဒေသသာမက၊ နေရာအနှံ့အပြားမှာ လူထုတွေရဲ့ တော်လှန်ပုန်ကန်မှုတွေဖြစ်ပေါ်လာ တယ်လို့ အများစုကတော့သုံးသပ်ပြောဆိုကြပါတယ်။

စစ်အာဏာရှင်အပေါ် အခုလိုပုန်ကန်မှုတွေက ဘယ်လောက်အတိုင်းအတာအထိ ရှေ့ဆက်နေမလဲ ဆိုတဲ့ အပေါ်မှာကိုတော့ တော်လှန်နေသူတွေအပါအဝင် နိုင်ငံရေးကိုစိတ်ပါဝင်စားသူတွေအပြင်၊ နိုင်ငံရေးလေ့လာ သုံးသပ်နေသူတွေမှာပင် တိကျတဲ့မျှော်မှန်း မှန်းဆချက်မျိုးကတော့ မရှိကြသေးပါဘူး။