အာဏာသိမ်းပြီး ၅ လအကြာ

no caption
    • ရေးသားသူ, ကိုသိမ်းမြတ်
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

လက်ရှိမြန်မာနိုင်ငံမှာ အဖြေရအခက်ဆုံးမေးခွန်းတခုကတော့ အစိုးရရဲ့ခေါင်းဆောင် ဘယ်သူလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်။

တချို့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လို့ဖြေပါလိမ့်မယ်။ တချို့က ဒေါ်အောင်ဆန်းစုကြည်လို့ ဖြေပါလိမ့်မယ်။ တချို့က သမ္မတဦးမြင့်ဆွေလို့ ပြောချင်ပြောမယ်။ တချို့က သမ္မတဦးဝင်းမြင့်လို့ ဆိုကောင်းဆိုနိုင်ပါတယ်။ ဒါမှမဟုတ် NUG ယာယီသမ္မတ ဒူဝါလရှီးလလို့ယူဆတဲ့သူလည်း ရှိကောင်းရှိနိုင်ပါတယ်။

ဝန်ကြီးဌာနတွေ အစိုးရရုံးတွေကို လက်တွေ့ထိန်းချုပ်ထားတာက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပါ။ ဒါပေမဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စစ်ကောင်စီဟာ အာဏာကို လက်နက်နဲ့ အဓမ္မသိမ်းပိုက် ရယူထားတာဖြစ်တဲ့အတွက် တရားဝင်အစိုးရ မဟုတ်ဘူးလို့ ယုံကြည်ကြသူတွေလည်း အများအပြားရှိပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်တွေ ဦးစီးပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဧပြီလ ၁၆ ရက်မှာ ဖွဲ့စည်းခဲ့ပါတယ်။ ပြည်သူရွေးကောက်ထားတဲ့သူတွေက ဖွဲ့စည်းတာမို့သူတို့ကသာ တရားဝင်အစိုးရလို့ဆိုပေမဲ့ အစိုးရဌာနတွေကို မထိန်းချုပ်နိုင်ပါဘူး။ သူတို့ကိုယ်တိုင်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးမဲ့အန္တရာယ်က တိမ်းရှောင်နေကြရပါတယ်။

တခြားတဖက်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စစ်ကောင်စီဟာ အစိုးရရုံးတွေကို ထိန်းချုပ်ထားနိုင်တယ်ဆိုပေမဲ့လည်း ရုံးတွေကို ကောင်းကောင်းစီမံအုပ်ချုပ်နိုင်တဲ့ အနေအထားမရှိပါဘူး။ CDM လုပ်ပြီး အာဏာဖီဆန်တဲ့သူတွေဟာ ရုံးတိုင်းလိုလိုမှာ ၅ လကြာတဲ့အထိ ရှိနေဆဲပါ။

ပြည်သူလူထုကို တိုက်ရိုက်ထိတွေ့အုပ်ချုပ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေရဲ့ အများစုဟာလည်း မလည်ပတ်နိုင်ကြပါဘူး။

ဒါ့ကြောင့် ဒီ ၅ လတာအတွင်း မြန်မာနိုင်ငံမှာ အုပ်ချုပ်သူအစိုးရ မရှိဘူးလို့တောင် ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် အုပ်ချုပ်သူအစိုးရနှစ်ရပ် အပြိုင်ရှိနေတယ်လို့ဆိုချင်လည်း ဆိုနိုင်ပါလိမ့်မယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ပြီး စစ်တပ်က အာဏာသိမ်းခဲ့တာဟာ အခုဆိုရင် ၅ လကြာခဲ့ပါပြီ။ စစ်ကောင်စီကတော့ သူတို့ဟာ အာဏာသိမ်းတာ မဟုတ်ဘဲ အာဏာထိန်းတာလို့ စကားလုံးအသစ် တီထွင်ပြောဆိုခဲ့ပေမဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မီဒီယာတွေကရော မြန်မာလူထုကပါ အာဏာသိမ်းတယ်လို့သာ ခေါ်ဝေါ်အသုံးပြုကြပါတယ်။

ပဋိပက္ခပထမအဆင့်

CDM

ဓာတ်ပုံ ရင်းမြစ်, Getty Images

အာဏာသိမ်းမှုတိုင်းဟာ အလစ်အငိုက်ဖမ်းပြီး ရုတ်တရက် လုပ်တတ်တာချည်းဖြစ်ပေမဲ့ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပွဲကတော့ ခြိမ်းသံတွေ၊ ခြောက်သံတွေက အရင်ထွက်လာခဲ့ပါတယ်။ အာဏာမသိမ်းခင်ရက်တွေမှာ စစ်တပ်ထောက်ခံဆန္ဒပြပွဲတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းလိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းတာမဟုတ်ဘူး၊ အာဏာထိန်းတာလို့ဆိုပေမဲ့ အခြေခံဥပဒေပြဋ္ဌာန်းချက်နဲ့ မကိုက်ညီတဲ့အချက်တွေကိုထောက်ပြပြီး အငြင်းပွားမှုတချို့ရှိခဲ့ပါတယ်။ အခြေခံဥပဒေနဲ့အညီ အာဏာရယူတာဆိုရင် ပြည်ထောင်စုလွှတ်တော်ကို ပြန်လည်တင်ပြ အတည်ပြုချက်ယူရမယ်လို့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၂၁ ကဆိုပေမဲ့ အဲဒီဆောင်ရွက်ချက်ကို အခုအချိန်ထိ မဆောင်ရွက်နိုင်ပါဘူး။

အာဏာသိမ်းပြီးပြီးချင်းမှာ ပြည်သူလူထုဟာ ရုတ်တရက်ငြိမ်သက်သွားပါတယ်။ တပ်ထောက်ခံသူတွေက ဆက်လက်ထောက်ခံဆန္ဒပြနေဆဲပါ။ အဲဒီအချိန်မှာ ထူးခြားတာက ၇၂ နာရီငြိမ်ပါဆိုတဲ့အသံ ထွက်လာပါတယ်။

"အဲဒီ ၇၂ နာရီငြိမ်ပါဆိုတဲ့အသံဟာ ဘယ်ကစတယ်လို့ မသိရဘူးဗျ။ ဒါပေမဲ့ စစ်တပ်အသိုင်းအဝိုင်းထဲက စထွက်လာတယ်ဆိုတာတော့ သေချာတယ်။ ဒါ့အပြင် NLD နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းထဲကလည်း အခုဟာက အာဏာထိန်းတာ၊ အာဏာသိမ်းတာမဟုတ်ဘူး။ လူထုက လမ်းပေါ်ထွက် ကန့်ကွက်လိုက်ရင် တကယ်အာဏာသိမ်းသွားလိမ့်မယ်လို့ ပြောတဲ့သူတွေရှိတယ်။ အဲဒီမှာ လူထုဟာ ခဏလောက် ဘာလုပ်ရမှန်းမသိဖြစ်သွားပုံရတယ်" လို့ ရန်ကုန်မြို့က ကျောင်းသားတယောက်ဖြစ်တဲ့ ကိုသွင်က ဘီဘီစီကို ပြောပါတယ်။

"ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ သံပုံးစတီးကြတာရှင့်။ ကျွန်မတို့ကတော့ ခုထိ တီးနေတုန်းပဲ။ အဲဒီဖေဖော်ဝါရီလ ၂ ရက်နေ့တုန်းကတော့ လမ်းပေါ်မထွက်ကြနဲ့။ လမ်းပေါ်ထွက်ကြရင် စစ်တပ်အကြိုက်ဖြစ်သွားလိမ့်မယ်တို့ ဘာတို့လည်း ပြောကြတော့ ကျွန်မတို့ ဘာလုပ်ရမှန်းမသိဘူး။ တချို့ကဆိုရင် လမ်းပေါ်မထွက်ကြနဲ့၊ အာဏာသိမ်းသွားလိမ့်မယ်တို့ ဘာတို့ ပြောကြတော့၊ ဟင် အဲဒါဆိုခုဟာက အာဏာသိမ်းတာမဟုတ်သေးဘူးလား။ ဘာကြီးလဲပေါ့။ ကျွန်မတို့တောင် အဲသလိုဖြစ်ခဲ့တာ။" လို့ ရန်ကုန်စမ်းချောင်းမြို့နယ်ထဲက အမျိုးသမီးတဦးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့မှာတော့ ရန်ကုန်မြို့ စမ်းချောင်း ဂွစျေးအနီးနဲ့ တာမွေတို့မှာ ဆန္ဒပြပွဲတွေ စတင်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ဒေါက်တာတေဇာစန်းနဲ့ မန္တလေးဆေးတက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ မအိသဥ္ဇာမောင်၊ ကိုကျော်ကိုကိုနဲ့ အလုပ်သမားတွေက လှည်းတန်းမှာဆန္ဒပြကြပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က မြေနီကုန်းမှာ ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီနောက်တော့ တနိုင်ငံလုံးမှာ လူပေါင်းသိန်းသန်းချီတဲ့ ဆန္ဒပြပွဲကြီးတွေ ပေါ်ပေါက်လာပါတယ်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာတော့ တနိုင်ငံလုံးမှာ ဆန္ဒပြပွဲတွေ အကြီးမားဆုံးဖြစ်ခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေးမြို့တွေမှာဆိုရင် အိမ်ပေါက်စေ့နည်းပါး လမ်းပေါ်ထွက်ဆန္ဒပြကြတယ်လို့ယူဆရကြောင်း မြို့ခံတွေက ဆိုကြပါတယ်။

ဒီလောက်ဆန္ဒပြဆန့်ကျင်တဲ့သူ များလိမ့်မယ်လို့ မထင်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်က တရုတ်သတင်းဌာန Phoenix နဲ့အင်တာဗျူးမှာ ဝန်ခံပြောကြားခဲ့ပါတယ်။

အာဏာသိမ်းရခြင်း အကြောင်းရင်း ကတော့ နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ ကြိုးစားတဲ့ ခြိမ်းခြောက်မှုကြောင့်လို့ ဆိုပါတယ်။ အာဏာသိမ်းတာမဟုတ်ဘဲ အခြေခံဥပဒေက တပ်မတော်ကိုပေးထားတဲ့ အခွင့်အရေးနဲ့အညီ အာဏာထိန်းတာလို့လည်း သူက ဆိုပါတယ်။

၁၉၉၀ ပြည့် ရွေးကောက်ခံလွှတ်တော်အမတ် ဒေါက်တာတင့်ဆွေကတော့ မဲမသမာမှုကြောင့် အာဏာသိမ်းရတယ်ဆိုတဲ့အချက်အပေါ် သံသယရှိတယ်လို့ ဆိုပါတယ်။

"ဘာ့ကြောင့် အာဏာသိမ်းတယ်ဆိုတာတော့ အတွင်းသတင်းမရတဲ့ အတွက် ဘာ့ကြောင့်ဆိုတာ ပြောဖို့ အချက်အလက် မပြည့်စုံဘူး။ ဒါပေမဲ့ စစ်တပ်က ထုတ်ပြန်တဲ့ မဲမသမာမှုတို့၊ ကာလုံအစည်းအဝေးတို့ဆိုတာက အကျိုးအကြောင်းဘယ်လိုမှ မခိုင်လုံတဲ့ အကြောင်းပြချက်တွေပဲ။ အခု ၅ လလောက်ကြာတဲ့အခါမှာ ပေါ်လွင်လာတာက အာဏာလိုချင်လို့ သိမ်းတာပဲလို့ ပြောစရာရှိပါတယ်။"

ဒေါက်တာတင့်ဆွေဟာ ၁၉၉၀ ခုနှစ်တုန်းက ပုလဲမြို့မဲဆန္ဒနယ်အမှတ် ၂ မှာဝင်ရောက်ယှဥ်ပြိုင် အနိုင်ရခဲ့သူဖြစ်ပြီး အခု အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ပါတယ်။

နိုင်ငံအနှံ့အပြားမှာ စစ်ကောင်စီတပ်တွေက ပစ်ခတ်နှိမ်နင်း

သံဒိုင်းပါးပါးလေးတွေကို အကာအကွယ်ယူပြီး ထွက်မပြေးဘဲတင်းခံခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, သံဒိုင်းပါးပါးလေးတွေကို အကာအကွယ်ယူပြီး ထွက်မပြေးဘဲတင်းခံခဲ့ကြ

ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြခွင့်ရတဲ့ရက်ဟာ သိပ်မကြာလိုက်ပါဘူး။ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကိုနပ္ပားခေါ် ကိုညီညီဦးဟာ မန္တလေးမြို့မှာ ကားနဲ့တိုက် အသတ်ခံရပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ အသက် ၁၉ နှစ်အရွယ်မျှသာရှိသေးတဲ့ မမြသွဲ့သွဲ့ခိုင်ဟာ နေပြည်တော်မှာ ဦးခေါင်းကို သေနတ်နဲ့အပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မန္တလေး၊ ရန်ကုန်၊ မုံရွာ၊ မြင်းခြံ၊ မော်လမြိုင်၊ မြိတ်၊ မြိုင်၊ ထားဝယ်၊ စစ်ကိုင်း၊ ပခုက္ကူ၊ မိုးကုတ်ကအစပြုပြီး မြို့ကြီးပေါင်းများစွာမှာ ဦးခေါင်းနဲ့ခန္ဓာကိုယ်ကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရသူတွေ အများအပြားရှိလာပါတယ်။

တချို့ဟာ ဒဏ်ရာနဲ့လဲနေပြီးမှ တေ့အပစ်ခံရတာမျိုးရှိပါတယ်။ မန္တလေးက ၇ နှစ်သမီးအရွယ်မခင်မျိုးချစ်ဟာ သူ့အိမ်ထဲမှာ သူ့အဖေက ရင်ခွင်ထဲပွေ့ထားစဥ် သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

ရန်ကုန်က အသက် ၁၃ နှစ်အရွယ် မောင်စိုင်းဝေယံဟာ သူ့အိမ်ရာဝင်းထဲမှာ ကစားနေစဥ် ခေါင်းကို သေနတ်နဲ့ပစ်အသတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

ဒီအခြေအနေတွေကြားမှာပဲ အာဏာသိမ်းဆန့်ကျင်သူ တချို့ရဲ့ သေဆုံးမှုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မသက်ဆိုင်ဘူးလို့ ပြောပါတယ်။ သေဆုံးသူအရေအတွက်နဲ့ပတ်သက်ပြီး ပြင်ပမှာ ပြောဆိုကြတဲ့ ကိန်းဂဏန်းတွေဟာ မတိကျတဲ့ အချက်တွေကို အခြေခံချဲ့ကားထားတာလို့ဆိုပြီး သေဆုံးသူ၂၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

တဖက်မှာလည်း ၅ လတာကာလအတွင်းမှာ စစ်ကောင်စီရဲ့သတ်ဖြတ်ခြင်းခံရသူစုစုပေါင်း ၈၈၄ ယောက်ရှိတယ်လို့ အေအေပီပီ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက နာမည်၊ လိပ်စာ၊ ဖြစ်စဥ်တွေနဲ့တကွ ထုတ်ပြန်ကြေညာပါတယ်။ အဲဒီအထဲက ၇၂ ယောက်ဟာ ကလေးငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

"စစ်ပွဲတွေဟာ နိုင်ငံရေးအဆက်လို့ဆိုပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတဲ့လူတွေကို စစ်ကောင်စီက အဲသလို ရက်ရက်စက်စက်သတ်ဖြတ်၊ အိမ်တွေထဲအထိ ဝင်ရောက်ပစ်ခတ်တာတွေဟာ လူတွေကို လက်နက်ကိုင်တော်လှန်ရေး လမ်းစဥ်ဆီ မရောက်ရောက်အောင်ပို့လိုက်တာပဲ" လို့ ဘိုကလေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဦးအောင်မြင့်က သုံးသပ်ပါတယ်။

အဲဒီကာလအတွင်း လူထုဆန္ဒပြပွဲတွေမှာ သမိုင်းတလျှောက် တခါမှမမြင်မသိခဲ့ရဖူးတဲ့ အံ့အာသရဲ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါတယ်။ ရှေ့တည့်တည့်ကနေ စစ်သားတွေက သေနတ်နဲ့ ဆက်တိုက်ချိန်ပစ်နေတာတောင် နောက်မဆုတ်ဘဲ သံဒိုင်းပါးပါးလေးတွေကွယ်ပြီး တင်းခံကြတဲ့ လူငယ်တွေကို မြင်တွေ့ရတဲ့ အဖြစ်အပျက်တွေပါ။ အဲသလိုတင်းခံ၊ တောင့်ခံတဲ့လူငယ်တွေကို စစ်တပ်ကပစ်လည်းပစ်၊ သေလည်း သေခဲ့ကြပါတယ်။

လူငယ်တွေမှာ ဒီလိုစိတ်ဓာတ်မျိုးဘယ်လိုကြောင့်ထွက်ပေါ်လာခဲ့ရပါသလဲ။ ဒေါက်တာတင့်ဆွေက အခုလိုသုံးသပ်ပါတယ်။

"တကယ်ကို အံ့သြလောက်ပါတယ်။ မြန်မာ့ရာဇဝင်မှာကြားဖူးတဲ့ မုဆိုးဘို ဦးအောင်ဇေယျစစ်သားတွေရဲ့ သတ္တိမျိုး၊ တပင်ရွှေထီး၊ ဘုရင့်နောင်တို့ စစ်သားတွေရဲ့ လက်ဖျားအပ်စိုက်ခံရဲတဲ့ သတ္တိမျိုးထက် အခုလက်နက်မပါတဲ့ သာမန်ပြည်သူ လူငယ်တွေရဲ့ သတ္တိကအများကြီးပိုပါတယ်။ ကာယသတ္တိရဲစွမ်းမှုသာမက စိတ်ဓာတ်အင်အား၊ စိတ်ဓာတ်သတ္တိတွေ ပါပါတယ်လို့ ထင်တယ်။ တဖက်မှာ အာဏာသိမ်းခေါင်းဆောင်ကလည်း အရင် စစ်ခေါင်းဆောင်တွေနဲ့ မတူအောင် ကျွန်တော် အားမနာတမ်းပြောရရင်တော့ အလွန်ဆိုးတဲ့ညံ့တဲ့ ခေါင်းဆောင်ဖြစ်နေတော့ သူနဲ့လိုက်လျောညီထွေဖြစ်တဲ့ ခုခံမှုပေါ်လာတယ်လို့ ထင်ပါတယ်။"

သပိတ်အသွင်သဏ္ဌာန်အမျိုးမျိုး

ထားဝယ်က ပန်းသပိတ်

ဓာတ်ပုံ ရင်းမြစ်, CJ

စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ညမထွက်ရ အမိန့်ထုတ်ပါတယ်။ ညမထွက်ရအမိန့်ကို ဖီဆန်တဲ့ ညသပိတ်တွေ တနိုင်ငံလုံးအနှံ့အပြား ပေါ်လာပါတယ်။

လမ်းပေါ်မှာ ထဘီတန်းတွေ နေရာအနှံ့လိုက်တန်းပြီး ဆန္ဒပြခဲ့ကြပါတယ်။ တချို့က ထဘီတွေပေါ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ဓာတ်ပုံသာမက၊ ခေါင်းကိုပစ်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ယတြာပေးတယ်လို့ ကောလာဟလတွေထွက်တဲ့ ဆရာတော်ရဲ့ပုံတွေပါ ကပ်ခဲ့ကြပါတယ်။

လမ်းတွေပေါ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဓာတ်ပုံတွေကို လမ်းအပြည့်ကပ်ပြီး လူတွေက နင်းတက်သွားလာကြပါတယ်။ ဓာတ်ပုံတွေကို စစ်သားတွေ၊ရဲတွေက လိုက်ခွာတော့ ခွာမရအောင် သံပြားနဲ့ ဆေးနဲ့ လိုက်လံရေးဆွဲကြပါတယ်။ အခုအချိန်ထိ ဖျက်မရဘဲ ကျန်နေသေးတဲ့ အရုပ်တွေ ရှိနေပါတယ်။

ဘုရားတွေမှာ သုသာန်တွေမှာ ကျိန်စာတိုက်ကြပါတယ်။ ဗေဒင်ယတြာလုပ်လို့ဆိုပြီး လူငယ်ဗေဒင်ဆရာတဦးကို ညအချိန် စစ်ကောင်စီစစ်သားတွေက အတင်းဝင်ရောက်ဖမ်းဆီးသွားပါတယ်။ ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်အောင် ဥပဒေပြင်ဆင်ချက်တွေ ထုတ်ပါတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မမှာ၊ တပ်မတော်အကြည်ညိုပျက်စေမှုပုဒ်မ ထပ်ဖြည့်ပါတယ်။

ပြည်သူတွေကလည်း လမ်းမကြီးတွေပေါ်မှာ ကြွေးကြော်သံတွေအမျိုးမျိုးကို ပန်းချီစာလုံး အကြီးကြီးတွေနဲ့ ရေးကြပါတယ်။ ပိုစတာသပိတ်၊ လူမဲ့သပိတ်တွေသာမက ရေငုပ်သပိတ်တို့ ကတုတ်ကျင်းသပိတ်တို့ ဆိုတာမျိုး ထူးထူးခြားခြားပုံစံတွေအထိ နည်း အမျိုးမျိုး ကြံဆပြုလုပ်ခဲ့ကြပါတယ်။

တောင်ဒဂုံ၊ မြောက်ဒဂုံမြို့နယ်တွေက လမ်းတွေကို ရေမြောင်းက ဖြတ်သွားတဲ့နေရာတွေမှာ ကွန်ကရစ်ကျောက်ပြားတွေနဲ့ ဖုံးအုပ်ထားပါတယ်။ အဲဒီရေမြောင်းဖုံးတွေကို လူတွေက ဖယ်ရှားလိုက်တဲ့အတွက် လမ်းတော်တော်များများဟာ လုံးဝသွားမရဘဲ ဖြစ်သွားပါတယ်။ တချို့လမ်းတွေပေါ်မှာ သစ်ပင်တွေ ခုတ်လှဲပိတ်ဆို့ထားခဲ့ကြပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပွားလာပြီးနောက်မှာတော့ သပိတ်ခံတပ်ဆိုတဲ့ အတားအဆီးကြီးကြီးမားမားတွေ ပေါ်ပေါက်လာပါတယ်။

ကျောက်မြောင်းသီတာလမ်း ခံတပ်၊ သမိုင်းလမ်းဆုံခံတပ်တို့ဟာ လူသိများတဲ့ အတားအဆီးခံတပ်ကြီးတွေ ဖြစ်ခဲ့ပါတယ်။ တောင်ဥက္ကလာ၊ သာကေတ၊ ဒဂုံတောင်၊ ဒဂုံမြောက်တို့မှာလည်း ခံတပ်တွေ ဆောက်လုပ်ခဲ့ကြပါတယ်။ ခံတပ်တွေတော်တော်များများကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ နိုင်ငံတဝန်း မြို့ကြီးတော်တော်များများမှာလည်း ခံတပ်တွေ အများအပြားပြုလုပ်ခဲ့ကြသလို စစ်တပ်ကလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ပဋိပက္ခ ဒုတိယအဆင့်

မြင်းခြံမြို့ပေါ်က အမှတ် ၆ ရပ်ကွက် ဂွေ့ကြီးသပိတ်ခံတပ်
ဓာတ်ပုံ ပုံစာ, မြင်းခြံမြို့ပေါ်က အမှတ် ၆ ရပ်ကွက် ဂွေ့ကြီးသပိတ်ခံတပ်

ခံတပ်တွေကို ဖြိုခွဲရာမှာ အပြင်းအထန်ဆုံးခံခဲ့ရတာက ပဲခူးမြို့ကခံတပ်တွေနဲ့ ကလေးမြို့က တာဟန်း သပိတ်ခံတပ်စခန်း ဖြစ်ပါတယ်။

"ကလေးမြို့ တာဟန်းသပိတ်ခံတပ်စခန်းကို ဖြိုခွဲလိုက်တဲ့အချိန်ဟာ ဒီအရေးတော်ပုံကြီးရဲ့ ဒုတိယအဆင့်ဆီ ကူးပြောင်းတဲ့ကာလကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဘာ့ကြောင့်ဒီလိုပြောရသလဲဆိုတော့ ကလေးမြို့ တာဟန်းသပိတ်ကို ဖြိုခွဲပြီးတဲ့နောက်မှာ ပထမဆုံးလက်နက်ကိုင်တော်လှန်မှု စတင်ပေါ်ပေါက်လာခဲ့လို့ပါ။ မြန်မာနိုင်ငံမှာ ၂၀၂၁ လူထုလှုပ်ရှားမှုကြီးမှာ ပထမဆုံးလက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့တာ ကလေးမြို့ပဲဗျ" လို့ ကလေးမြို့က ကိုမောင်ကြီးက ပြန်လည်သုံးသပ် ပြောဆိုပါတယ်။

တာဟန်းသပိတ်မှာ စစ်ကောင်စီရဲ့ ပစ်ခတ်ဖြိုခွဲမှုကြောင့် လူ ၄ ယောက်သေဆုံးခဲ့ပါတယ်။ နောက်တနေ့ မတ်လ ၂၉ ရက်နေ့မှာတော့ ကလေးမြို့ကနေ တမူးမြို့သွားတဲ့ စစ်ကားတန်းကို စည်သာရွာနဲ့ နတ်မြောင်းရွာကြားကနေ အလစ်အငိုက် ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။

ကလေး၊ ဂန့်ဂေါ၊ တမူး၊ ယင်းမာပင်၊ ကနီ၊ ပင်လည်ဘူး၊ မင်းတပ်၊ ဟားခါး၊ မြင်းခြံ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲစတဲ့မြို့တွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေ

အဲဒီတိုက်ပွဲတွေမှာ စစ်တပ်ကို အန်တုတိုက်ခိုက်ကြသူတွေဟာ တခါမှ စစ်မတိုက်ဖူးကြတဲ့ အရပ်သားတွေ ဖြစ်ပါတယ်။ သူတို့ကိုင်ဆောင်ထားကြတဲ့ လက်နက်တွေကလည်း အများစုက တူမီးသေနတ်တွေပါ။ ဒါပေမဲ့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ ပြောဆိုချက်အရ အဲသလို တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတိုင်းလိုလိုမှာ စစ်တပ်ဘက်က အကျအဆုံးပိုများတာကို အံ့သြဖွယ်ရာ တွေ့ခဲ့ရပါတယ်။

အတွေ့အကြုံမရှိသလို၊ စစ်သင်တန်းလည်းမတက်ဖူး၊ လက်နက်ဆိုလို့လည်း တူးမီးလောက်ပဲကိုင်ထားတဲ့ အရပ်သားတွေကို လက်နက်အင်အားအများကြီးသာတဲ့ စစ်ကောင်စီစစ်သားတွေက ဘာလို့တိုက်ပွဲတော်တော်များများမှာ ရှုံးနိမ့်ကြသလဲလို့ ရခိုင်ပြည်နယ်မှာ နှစ်ပေါင်း ၃၀ ကျော် လက်နက်ကိုင်ပြောက်ကျားစစ်တိုက်ခိုက်လာတဲ့ ရဲဘော်ဦးငြိမ်းမောင်ကို မေးကြည့်ရာမှာ သူက အခုလိုဖြေပါတယ်။

"ကြောက်လို့ဗျ။ မြို့ပေါ်မှာ သံပုံးတွေတီးတာ၊ လူထုဆန္ဒပြတာတွေကိုကြည့်ပြီး ကြောက်လို့ စစ်သားတွေ စစ်ရှုံးတာဗျ။ စစ်တိုက်တဲ့နေရာမှာ ကြောက်ရင်ရှုံးတာပဲ။ စစ်သားတွေက ပစ်လို့ အရပ်သားတွေ ကြောက်ပြီး လမ်းပေါ်မထွက်ရဲကြတာကိုတော့ ခင်ဗျားတို့နားလည်ကြလိမ့်မယ်။ သံပုံးတီးတာတွေ၊ ဆန္ဒပြပွဲတွေကြောင့် စစ်သားတွေ ကြောက်တတ်တာကိုတော့ စစ်တိုက်ဖူးတဲ့လူချင်းမှ နားလည်တာဗျ။ သူတို့စိတ်ထဲမှာ သူတို့ကို လူတွေက မကြိုက်ဘူးဆိုတာ သိနေတယ်။ အိမ်တိုင်းကနေ သူတို့ကို သေနတ်နဲ့ချိန်ထားတယ်လို့ ခံစားနေရတယ်။ ပြီးတော့ အရပ်သားတွေဟာ လက်နက်အင်အားချင်းမတူဘဲနဲ့ သူတို့ကို အသေခံတိုက်တော့မှာဆိုတာလည်း သူတို့သိနေတယ်။ စိတ်ဓာတ်ချင်းကွာနေတာပေါ့ဗျာ။ အဲဒါတွေကြောင့်သူတို့ရှုံးတာဗျ။ ကျွန်တော်တို့လို လေ့ကျင့်ထားတဲ့ အတွေ့အကြုံရှိတဲ့ လက်နက်ကိုင်တပ်တွေနဲ့ တိုက်ခဲ့တာထက်တောင် အခုအရပ်သားတွေနဲ့တိုက်ရာမှာ သူတို့ကဆိုးဆိုးဝါးဝါး ပိုရှုံးနေကြတာဟာ ကြောက်စိတ်ကြောင့်ဗျ။"

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ခဲ့တဲ့ တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်ပြီး မီဒီယာတချို့နဲ့ ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြပြောဆိုကြတဲ့ ပစ်ခတ်တိုက်ခိုက်မှုတချို့ဟာ အဲဒီနေရာတွေမှာ အမှန်တကယ် တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အဲဒီလို သေဆုံးမှု မရှိကြောင်းတွေကို စစ်ကောင်စီ မီဒီယာတွေကနေ ထုတ်ပြန်ရှင်းလင်းတာတွေလည်း ရှိပါတယ်။

တိုက်ခိုက်မှု၊ဖမ်းဆီးမှု ဖြစ်စဥ်တချို့နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထိခိုက် သေဆုံး ဒဏ်ရာရရှိမှု တချို့ကိုတော့ လူထုအကြားနဲ့ ဆိုရှယ်မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုပေမဲ့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်တာ၊ ရှင်းလင်းမတုံ့ပြန်တာတချို့လည်း ရှိပါတယ်။

တချိန်တည်းမှာပဲ မြို့ပေါ်က လူငယ်အမြောက်အမြားဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဆီ သွားရောက်ပြီး လက်နက်ကိုင်သင်တန်းတွေ သွားတက်ကြပါတယ်။

မြို့ပေါ်က လူထုအများအပြားပါဝင်တဲ့ ဆန္ဒပြပွဲကြီးတွေကတော့ ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် ရပ်တန့်သွားကြပါတယ်။ အဲဒီဆန္ဒပြပွဲကြီးတွေအစား ပြောက်ကျားသပိတ်၊ လျှပ်တပြက်သပိတ်တွေ ပေါ်ပေါက်လာပါတယ်။

နယ်မြို့လေးတွေမှာ မထင်မှတ်တဲ့နေရာတွေကနေ သပိတ်တပ်ဖွဲ့ငယ်လေးတွေ ရုတ်တရက်ထွက်ပေါ်လာပြီး ရဲနဲ့စစ်တပ်လာရင် ရုတ်တရက် ပျောက်ကွယ်သွားကြပါတယ်။ ရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေမှာတော့ လူငယ်တွေက အလွန်လျင်မြန်သွက်လက်တဲ့ ခြေလှမ်းတွေနဲ့ အမြန်ချီတက်လှုပ်ရှားတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပါတယ်။

အဲဒီနောက်မှာတော့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ မြင်းခြံတို့မှာဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ မတူတဲ့ တိုက်ခိုက်ရေးပုံစံသစ်တမျိုးထွက်ပေါ်လာပါတယ်။

အဲဒါကတော့ မြို့ပြပြောက်ကျားတိုက်ပွဲပုံသဏ္ဌာန်ဖြစ်ပါတယ်။ မင်းတပ်၊ တမူး၊ ဒီးမော့ဆိုတို့မှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေဟာ မြို့ပေါ်မှာ ဖြစ်ပွားကြပေမဲ့ မြို့ပြပြောက်ကျား သဘောတရားတွေမှာ ပါဝင်တဲ့တိုက်ခိုက်နည်းမျိုးတွေမဟုတ်ဘဲ ကျေးလက်ပြောက်ကျားတိုက်ခိုက်နည်းတွေ ဖြစ်ပါတယ်။

နောက်ပိုင်းထွက်ပေါ်လာတဲ့တိုက်ခိုက်နည်းတွေကတော့ မြို့ပြပြောက်ကျားတိုက်ခိုက်နည်းတွေ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှူးရုံးတွေကိုမီးရှို့တာ၊ စစ်သားတွေကို သေနတ်နဲ့ပစ်ပြီးပြေးတာ၊ စစ်ကားတွေပေါ် လက်ပစ်ဗုံးပစ်တင်တာ၊ သူလျှိုဒလန်လို့သူတို့သတ်မှတ်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ အားလုံးဟာ မြို့ပြပြောက်ကျားလုပ်နည်းလုပ်ဟန်တွေဖြစ်ကြပါတယ်။

မြို့ပြပြောက်ကျားဆိုတာ မြန်မာ့စစ်သမိုင်းမှာ အရင်က တခါမှ မပေါ်ပေါက်ခဲ့ဖူးပါဘူး။

"ဗမာပြည်မှာ အခုဖြစ်နေတာက ကျူးဘားက ချေဂွေဗားရား၊ ဗီယက်နမ်က ဗိုငုယင်ဂီယက်တို့နဲ့လည်း မတူဘူး။ တောတောင်က ခိုအောင်းဖို့ အားသာတာတခုပဲရှိပြီး စစ်တပ်နဲ့ရဲကို နေရာတကာတွေ့ရတာက မြို့တွေမှာပဲ ရှိပါတယ်။ မြို့ပြမှာတိုက်တာဟာ အယူအဆသစ် တရပ်ဖြစ်ပေါ်လာတယ်လို့မြင်တယ်။ အဲဒီအယူအဆဟာလည်း တော်တော်နဲ့ မပျောက်ကွယ်ပဲ အချိန်တော်တော်ကြာအောင် ဆက်ရှိနေလိမ့်ဦးမယ်လို့ ကျွန်တော် ထင်ပါတယ်"လို့ ဒေါက်တာတင့်ဆွေက သုံးသပ်ပြောဆိုပါတယ်။

လက်ရှိလူထုအခြေအနေ

ရန်ကုန်မြို့ ကန်တော်ကြီးအနီးမှာ အိမ်စီကားတစ်စီးမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှု

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ ကန်တော်ကြီးအနီးမှာ အိမ်စီကားတစ်စီးမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှု

အခုအခါ တနိုင်ငံလုံး စစ်ရိပ်စစ်ငွေ့ သန်းနေပါတယ်။ မြို့ကြီးတွေပေါ်မှာ ပေါက်ကွဲသံတွေ ခဏခဏ ကြားနေရပါတယ်။ တချိန်က တောင်တန်းဒေသမှာ၊ တောထဲမှာပဲရှိတဲ့စစ်ဟာ အခုပြည်မမှာ အရိပ်ထိုး နေပါတယ်။ လူတွေရဲ့ နေ့စဥ် နေမှုထိုင်မှု ဘဝပုံစံဟာ ၅ လတာကာလအတွင်းမှာ အပြောင်းလဲကြီး ပြောင်းလဲသွားပါတယ်။

"ကျွန်တော်တို့မြို့မှာတော့ မနက်ပိုင်းဆိုရင် မြို့ပေါ်ကလူတွေရော၊ တောကလူတွေရော စျေးကို လာကြတယ်။ စျေးဝယ်စရာရှိတာကို ခပ်သွက်သွက်ဝယ်ပြီး မွန်းတည့်ချိန်ကျော်တာနဲ့ လမ်းပေါ်ထွက်တဲ့သူ သိပ်မရှိကြတော့ဘူး။ မဖြစ်မနေ သွားစရာ လုပ်စရာရှိတဲ့ လူတချို့လောက်ကလွဲပြီး လူတော်တော်များများ အပြင်မထွက်ကြတော့ဘူး။"

အဲဒါကတော့ မန္တလေးတိုင်းအတွင်းမှာ တခြားနေရာတွေထက် ချွန်ထွက်ပြီး တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ မြင်းခြံမြို့က အခြေအနေကို မြို့ခံတယောက်က ပြောပြတာပါ။

မန္တလေးမြို့မှာတော့ "နေ့ခင်းဆိုရင်တော့ သွားစရာရှိတာသွားကြတယ်။ အရင်လိုတော့ မစည်ကားဘူးပေါ့။ အပျင်းပြေ စားသောက်ဆိုင်ထွက်တာတို့၊ ရှော့ပင်းထွက်တာတို့ မလုပ်ကြတော့ဘူး။ စားဖို့သောက်ဖို့အတွက် မဝယ်မဖြစ်တော့မှပဲ စျေးဝယ်ထွက်ကြတယ်။ ညဘက်ဆိုရင် ၆ နာရီလောက်နောက်ပိုင်းမှာ အသွားအလာနည်းသွားတယ်။ ၈ နာရီလောက်ဆိုရင် လက်ဖက်ရည်ဆိုင်တွေလည်း အားလုံးပိတ်ပြီ။ ကက်ဆက်သံတွေဘာသံတွေအားလုံးလည်း တိတ်ဆိတ်သွားကြပြီ" လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ကလေးမြို့ခံ တစ်ဦးကလည်း"ကျွန်မတို့ ကလေးမြို့ကတော့ ပိုဆိုးတာပေါ့ရှင်။ စစ်တပ်ကို ကြောက်ရတာကတမျိုး၊ ကိုဗစ်ကို ကြောက်ရတာက တမျိုးဆိုတော့ တော်တော်ဆိုးပါတယ်။ တနေ့လုပ်မှ တနေ့စားရတဲ့သူတွေကတော့ ဖြစ်ချင်ရာဖြစ် နေ့ခင်းမှာတော့ သွားရလာရတာပေါ့။ တော်တော်များများကတော့ အပြင်မထွက်ကြတော့ဘူး"လို့ ပြောပါတယ်။

ပဋိပက္ခပြင်းထန်ခဲ့တဲ့ ကယားပြည်နယ်ဒီးမော့ဆိုက ဦးဘောစကိုကတော့ အခုလိုပြောပါတယ်။

"ဒီးမော့ဆိုကတော့ အခုထိ ပုံမှန်မဖြစ်သေးပါဘူး။ မြို့ပေါ်ပြန်ရောက်တဲ့သူက ၂၀ ရာနှုန်းလောက်ပဲ ရှိပါသေးတယ်။ လွိုင်ကော်ဘက်မှာတော့ တော်တော်များများ မြို့ပေါ်ပြန်ရောက်ကုန်ပါပြီ။ စျေးဆိုင်တွေကလည်း ဘယ်ဖွင့်နိုင်မလဲဗျာ။ လူက ၂၀ ရာနှုန်းလောက်ပဲမြို့ပေါ်ရောက်ပါသေးတယ်ဆို၊ ဘာရောင်းရမှာလဲ။ ပြီးတော့ ဆိုင်တွေကလည်း လူမရှိတုန်း အဖောက်ထွင်းခံထားရတာလေ။ တောထဲမှာနေတဲ့သူတွေလည်း ဒုက္ခပါဗျာ။ မိုးရာသီလေ။ အစားအသောက်က ခုတော့ရှိသေးတယ်။ ဒါပေမဲ့သိပ်မကြာတော့ဘူး။ ပြတ်တော့မှာ။ အဲဒါကြောင့် ထပ်ပြီး အလှူခံနေရတယ်။"

မြင်းခြံတလုပ်မြို့က ရွာသားတွေလည်း အိမ်မပြန်နိုင်ကြသေးတဲ့သူက ခပ်များများပါ။

"စစ်တပ်က ပြန်လာကြပါ။ ပြန်လာလို့ရပါပြီလို့ ခေါ်တယ်ဗျ။ ဒါပေမဲ့ ရွာသားတွေ ပြန်လာတော့ သူတိုက ဖမ်းတယ်ဗျာ။ စစ်တယ်ဗျာ။ အဲဒီတော့ ရွာသားတွေက ကြောက်ပြီး ပြန်ထွက်လာကြတယ်။ နောက်ထပ်လည်း မပြန်ကြတော့ဘူး။ ရွာထဲမှာ သူတို့စစ်သားတွေကလည်း တပ်စွဲထားတုန်းပဲလေ"လို့ ဒေသခံ တစ်ယောက်က ပြောပြပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ပုံမှန်ပြန်ဖြစ်တဲ့နေရာဆိုတာ မရှိသလောက် ရှားပါတယ်။ လူတိုင်းစိတ်ထဲမှာ မေးနေကြတဲ့ မေးခွန်းတခုက မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်တော့မှာလားဆိုတဲ့ မေးခွန်းပါ။

နိုင်ငံအနှံ့ လက်နက်နဲ့ ခဲယမ်းတွေ ဖမ်းမိတွေ့ရှိတာတွေကို နေ့စဥ်ဆိုသလို တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, MRTV

ဓာတ်ပုံ ပုံစာ, နိုင်ငံအနှံ့ လက်နက်နဲ့ ခဲယမ်းတွေ ဖမ်းမိတွေ့ရှိတာတွေကို နေ့စဥ်ဆိုသလို တွေ့ရ

ဒေါက်တာတင့်ဆွေကတော့ တွေးတွေးဆဆနဲ့ အခုလိုဆိုပါတယ်။

"၂၀၂၁ ဖေဖော်ဝါရီ နောက်ပိုင်းမြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေက အရင်ကတခါမှ မဖြစ်ဖူးတာမျိုးတွေ ဖြစ်နေတာ။ အခုကမ္ဘာမှာ ဖြစ်နေတဲ့ ကိုဗစ် ရောဂါလိုပဲ။ ကိုဗစ်ဆိုရင်လည်း တခါမှ မဖြစ်ဖူးတဲ့ဟာဆိုတော့ ကြိုတင်ခန့်မှန်းဖို့ ခက်နေတယ်။ စမ်းတဝါးဝါးနဲ့ စမ်းသပ်ပြီး ကုသနေရတာ။ မြန်မာ့လက်ရှိနိုင်ငံရေးမှာလည်း အခုဇွန်လမှာ ဖြစ်ပျက်နေတဲ့ဟာတွေကို မတ်လလောက်တုန်းက ခန့်မှန်းပါဆိုရင် ဘယ်သူမှ ကြိုမခန့်မှန်းနိုင်ဘူး။ အခုလို ထူးခြားဆန်းပြားလိမ့်မယ်လို့ ဘယ်သူမှ ကြိုမတွက်နိုင်ခဲ့တဲ့အတွက် ကြိုတင်ပြောဆိုချက်တွေကလည်း အကုန်မမှန်နိုင်ခဲ့ကြဘူးလို့ပဲ ကျွန်တော်ကတော့ ပြောချင်တယ်။"

ဆရာဝန်တယောက်ဖြစ်တဲ့ ဒေါက်တာတင့်ဆွေကတော့ စစ်ပွဲနဲ့ ကိုဗစ် ပူးတွဲထိုးနှက်လာမှာကိုလည်း စိုးရိမ်ပါတယ်။ မြို့ပြပြောက်ကျားကတော့ အသစ်ဖြစ်ထွန်းမှုတခုဖြစ်တဲ့အတွက် သူဘယ်လိုမှ မခန့်မှန်းနိုင်ဘူးလို့ ဆိုပါတယ်။

"အခုမြို့ပေါ်မှာ ဖြစ်လာတဲ့တိုက်ပွဲ၊ မြို့ပြတိုက်ပွဲတွေဟာ တခါမှမဖြစ်ဖူးတာတွေ ဖြစ်လာတာ။ တခါဖြစ်လာပြီးရင် လွယ်လွယ်နဲ့ပျောက်သွားမယ်တော့ မထင်ဘူး။ နောင်ဘယ်လောက်အထိ ဆက်ကြာမယ်ဆိုတာ ခန့်မှန်းလို့ မရတဲ့အတွက် စိုးရိမ်စရာလည်း ကောင်းတယ်။ အားတက်စရာလည်း ကောင်းတယ်။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။"