ပီအာ၊ အချိုးကျကိုယ်စားပြုစနစ် ခြေလှမ်းပြန်စဖို့ပြင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
လွှတ်တော်ထဲမှာ တပ်မတော်သား ၂၅ ရာခိုင်နူန်း ရွေးကောက်ပွဲဝင်စရာမလိုဘဲ အလိုအလျောက်ရထားတဲ့ အခြေအနေမှာ ကျန် ၇၅ ရခိုင်နူန်းကို နိုင်သူ အကုန်ယူစနစ်မဟုတ်ဘဲ အနိုင်ရသူ အချိုးကျကိုယ်စားပြုနေရာရမယ့် ပီအာစနစ်နဲ့ ပြင်ဖို့ စစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်က ပြင်လာပါတယ်။
လာမယ့် နိုဝင်ဘာလ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမှာ ကျင့်သုံးမယ့် ပီအာစနစ်နဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးဖို့လည်း ရှိနေပါတယ်။
ကြံ့ခိုင်ရေးလွှတ်တော်နဲ့ ပီအာ
စစ်ကောင်စီက ပြောင်းလဲကျင့်သုံးဖို့ကြိုးစားနေတဲ့ အချိုးကျရွေးကောက်ပွဲစနစ် PR ကို ကြံ့ခိုင်ရေးပါတီက ကြီးစိုးတဲ့ ပထမအကြိမ်လွှတ်တော်မှာလည်း ပြောင်းလဲဖို့ ဆွေးနွေးခဲ့ပါသေးတယ်။
ကြံ့ခိုင်ရေးပါတီက ကြီးစိုးတဲ့ ပထမအကြိမ်လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအင်အားစု ( NDF ) ပါတီက ကိုယ်စားလှယ်တွေက ရွေးကောက်ပွဲမှာ PR စနစ်ကိုပြောင်းလဲကျင့်သုံးဖို့လွှတ်တော်နှစ်ရပ်လုံးမှာ အဆိုတင် သွင်းခဲ့ကြတာပါ။ ဒါပေမဲ့လည်း အထမမြောက်ခဲ့လို့ မူလကျင့်သုံးခဲ့တဲ့ နိုင်သူအကုန်ယူ စနစ် FPTP ကို ပဲ ၂၀၂၀ ရွေးကောက်ပွဲအထိ ကျင့်သုံးခဲ့ပါတယ်။
အမျိုးသားလွှတ်တော်က ထောက်ခံတဲ့ပီအာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်ကို PR စနစ်နဲ့ ပြောင်းလဲကျင့်သုံးဖို့ NDF ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ၂၀၁၄ ခုနှစ် အတွင်း အဆိုတင်သွင်းခဲ့တာပါ။ NDF ပါတီဟာ ၂၀၁၀ ရွေး ကောက်ပွဲမှာ NLD ပါတီက ခွဲထွက်လာတဲ့ခေါင်းဆောင်တချို့က ဦးဆောင် တည်ထောင်ထား တဲ့ပါတီဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီ အဖွဲ့ဝင် ဦးခင်မောင်ဆွေဟာ NDF ပါတီကို တည်ထောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
NDF ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်တင်သွင်းတဲ့ PR စနစ်ပြောင်းလဲကျင့်သုံးရေးအဆိုကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အပါအဝင် လွှတ်တော်ကိုယ်စား လှယ် ၃၀ ကျော်က ဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သူတွေရှိသလို ထောက်ခံသူတွေလည်း ရှိခဲ့တာပါ။
PR စနစ် ပြောင်းလဲကျင့်သုံးရေးနဲ့ ပတ်သက်လို့ ၂၀၁၄ ခုနှစ် အတွင်း လွှတ်တော်ထဲဆွေးနွေးခဲ့စဉ်က တပ်မတော်သား ကိုယ်စားလှယ် တချို့အပါအဝင် ချင်းနဲ့ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြတာပါ။
" PR စနစ်ကြောင့် မဲအပြတ်အသတ်နိုင်တဲ့ပါတီမရှိတော့ပဲ ညွန်ပေါင်းအစိုးရဖြစ်လာရင် ပါတီတွေရဲ့အားပြိုင်မှု ဖြစ်လာပြီးတော့ အာဏာသိမ်းမှုတွေအထိဖြစ်လာမှာကို သထိထားဖို့ပေါ့၊ တပ်မတော်သားကိုယ်စား လှယ်တွေတယောက်က ထောက်ပြဆွေးနွေးခဲ့တာလို့" အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးက ပြန်ပြောပြပါတယ်။
အလားတူ ချင်းနဲ့ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေကလည်း PR စနစ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့မညီတာရယ် တိုင်းရင်းသားလူမျိုးစုတွေရဲ့အခွင့်အရေးကိုထိခိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ PR စနစ် မကျင့်သုံးသင့်ကြောင်း ဆွေးနွေးခဲ့ကြတာပါ။
ဒါပေမဲ့လည်း ကြံခိုင်ရေးပါတီက ကိုယ်စားလှယ်တချို့နဲ့ ကရင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် အချို့က တော့ PR စနစ်ဟာ ပါတီကြီးတွေကိုထိန်းညှိတဲ့စနစ်ဖြစ်လို့ကျင့်သုံးသင့်တယ်လို့ ထောက်ခံဆွေးနွေးခဲ့ကြပါ တယ်။
ကန့်ကွက်သူတွေနဲ့ ထောက်ခံသူတွေကြား အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးမဲခွဲဆုံးဖြတ်တဲ့အခါမှာတော့ PR စနစ်ကိုပြောင်းလဲကျင့်သုံးဖို့အဆိုဟာ အမျိုးသားလွှတ်တော်မှာ အနိုင်ရရှိခဲ့ပါတယ်။ PR စနစ်ပြောင်းလဲကျင့် သုံးမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူးလို့ ထောက်ပြဆွေးနွေးသူရှိပေမဲ့လည်း လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီကိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကို မေးခွန်းမေးခဲ့တာတော့ မရှိခဲ့ပါဘူး။
ပြည်သူ့လွှတ်တော်မှာ ကော်မရှင်ဖွဲ့ခဲ့ပေမဲ့
ပြည်သူလွှတ်တော်မှာလည်း PR စနစ်ကို ပြောင်းလဲကျင့်သုံးဖို့အဆိုကို NDF ပါတီရဲ့ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က အဆိုတင်သွင်းခဲ့ပါတယ်။ အဲဒီ အဆိုကိုလည်း အမျိုးသားလွှတ်တော်မှာလို လွှတ်တော်ကိုယ်စားလှယ်တွေက အမြင်အမျိုးမျိုးနဲ့ဆွေးနွေးခဲ့ကြတာပါ။ ထောက်ခံသူရှိသလို ကန့်ကွက်သူလည်း ရှိခဲ့ပါတယ်။
NLD ပါတီနဲ့ တိုင်းရင်းသားပါတီ ၆ ပါတီက ခု PR စနစ်ကို ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေထဲမှာတော့ PR စနစ်နဲ့ပတ်သက်လို့ ထောက်ခံသူရှိသလို ကန့်ကွက်သူလည်း ရှိခဲ့တာပါ။
"ဒါနဲ့ပတ်သက်ပြီးတော့ ကောင်းတာလည်း ပြောတယ်။ အားနည်းတာလည်း ပြောတယ်။ သိပ်ပြီးတော့ အင်တိုက်အားတိုက် မရှိဘူးဗျ။ သူတို့လည်းနိုင်မယ်လို့ ယူဆထားပုံရတယ်။ ဒါကသူတို့အတွက် လိုအပ်တယ်ဆိုရင် အဲတုန်းကဖွဲ့စည်းပုံကိုချက်ခြင်းပြင်လို့ရတာပေါ့လို့" လို့ အဲဒီအချိန်တုန်းက ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေရဲ့ သဘောထားကို မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြန်ပြောပြပါတယ်။
ဦးဖေသန်းအနေနဲ့လည်း လွှတ်တော်ထဲမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းရှိနေတဲ့အတွက် PR စနစ်ကို မကျင့်သုံးသင့်ဘူးလို့ ထောက်ပြဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
" လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းယူထားတဲ့ တပ်မတော်အခန်းကဏ္ဍပေါ့ တပ်မတော်က ၂၅ ရာခိုင်နှုန်းကို ယူထား တဲ့အခါမှာ ကျန်ပါတီတွေကလည်း အနိုင်ရကိုယ်စားလှယ်မျှသွားတော့ ဘယ်ပါတီကိုမှ အစိုးရဖွဲ့နိုင်မယ့် အခြေအနေ မရှိတော့ဘူး။ အားနည်းတဲ့ ညွန်ပေါင်းအစိုးရ ဖြစ်လာမှာပေါ့ အဲလိုဆိုရင် တိုင်းပြည်ရဲ့ အရေးအရာ ဆုံးဖြတ်တဲ့အခါ မှာ အခက်အခဲတွေရှိလာမှာပေါ့"လို့ ထောက်ပြဆွေးနွေးခဲ့တယ်လို့လည်း ဦးဖေသန်းက ဆိုပါတယ်။
အမြင်သဘောထားတွေ ကွဲလွဲမှုတွေ ရှိနေတဲ့အတွက် ပြည်သူ့လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေရှိမယ့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်ရေး လေ့လာသုံးသပ်ရေးကော်မရှင်ကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။
အဲဒီကော်မရှင်ကိုတော့ ကြံ့ခိုင်ရေးပါတီ ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး ကြံ့ခိုင်ရေးပါတီ အမရပူရ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။
အဖွဲ့ဝင် စုစုပေါင်း ၂၄ ဦး ကော်မရှင်ထဲမှာတော့ ကြံ့ခိုင်ရေးပါတီဝင်တွေအပြင် NLD ပါတီနဲ့တိုင်းရင်းသား ပါတီက ကိုယ်စားလှယ်တွေနဲ့တပ်မတော်သားအစုအဖွဲ့ကဗိုလ်မှူးချုပ်တဦးက အဖွဲ့ဝင် အဖြစ်ပါဝင်ခဲ့ပါတယ်။
ကော်မရှင်အနေနဲ့တစ်လခွဲနီးပါး ဆွေးနွေးပြီးတဲ့နောက်မှာတော့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက် မှာတော့ လွှတ်တော်ကို အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။ ကော်မရှင်က ဆွေးနွေးရရှိခဲ့တဲ့ အချိုးကျကိုယ်စားပြုစနစ် ၈ မျိုးကိုလည်း လွှတ်တော်ကို တင်ပြခဲ့ပါတယ်။ PR စနစ်နဲ့ ပတ်သက်လို့ ဆွေးနွေးသူတွေထဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူးလို့ ပြောဆိုသူတွေလည်း ရှိပါတယ်
အဲဒီလိုပြောဆိုသူတွေရှိတဲ့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့လည်း ရွေးကောက်ပွဲမှာ PR စနစ်ကို ကျင့်သုံးမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်မှု ရှိမရှိ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို မေးခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကတော့ PR စနစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပနေနဲ့ မညီဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပြန်လာတဲ့ အကြောင်းပြန်စာကိုလည်း လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စား လှယ်တွေကို လွှတ်တော်အစည်းအဝေးတခုမှာ ဖတ်ပြခဲ့ပါတယ်။
" ခြုံပြီးတော့ပြောရရင်တော့ဗျာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးဆိုတာ၊ ဒီမဲဆန္ဒနယ်ပေါ့၊ မဲဆန္ဒနယ် တခုချင်းပဲ အရှုံးအနိုင်ရွေးတယ်။ PR စနစ်နဲ သွားမယ်ဆိုရင်တော့ စုပေါင်းပြီးတော့ မဲဆန္ဒနယ်အကြီးကြီးတခုကို သတ်မှတ်ရမှာပေါ့" လို့ ဦးဖေသန်းက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဲဆန္ဒနယ်တွေဟာ မြို့နယ်တွေကို အခြေခံထားပြီး ပြည်သူ့လွှတ်တော်မှာတော့ မြို့နယ်တမြို့နယ်ကို မဲဆန္ဒနယ်တနယ် သတ်မှတ်ပေးထားတာပါ။ အမျိုးသားလွှတ်တော်မှာတော့ ပြည်နယ်တိုင်းဒေသကြီးတခုကို မဲဆန္ဒနယ် ၁၂ နယ် သတ်မှတ်ပေးထားတာပါ။
ဒါ့အပြင် အဲဒီအချိန်က ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ တာဝန်ယူထားတဲ့ သူရဦးရွှေမန်းအနေနဲ့လည်း လွှတ်တော် ကိုယ်စားလှယ် အားလုံးကို ပြည်သူကရွေးချယ်တဲ့စနစ် မကျင့်သုံးနိုင်သေးတဲ့အချိန်မှာ PR စနစ်ကို မကျင့်သုံး သင့်ဘူးလို့ ပြောဆိုဖူးတဲ့အကြောင်း ၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်အတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြန်ပြောပြပါတယ်။
' ၇၅ ရာခိုင်နှုန်းကိုပဲ ပြည်သူကရွေးချယ်လို့ရတဲ့အခြေအနေမှာ PR စနစ်ကိုကျင့်သုံးမယ်ဆိုရင် အချုပ်အချာ အာဏာဟာ ပြည်သူက ဆင်းသက်လာတယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မှေးမှိန်ရာရောက်သွားမယ်လို့တော့ ဥက္ကဋ္ဌကြီးကပြောဖူးတယ်"လို့ ပထမအကြိမ်လွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ဖြစ်ခဲ့သူတစ်ဦးက ပြန်ပြော ပြပါတယ်။
PR စနစ်ဟာ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အကြောင်းပြန်ကြား ပြီးတဲ့နောက်မှာတော့ ပြည်သူ့လွှတ်တော်အတွင်း PR နဲ့ပတ်သက်လို့ဆွေးနွေးမှုတွေဟာလည်း ရပ်တန့်သွားခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲအထိ နိုင်သူအကုန်ယူစနစ်ကိုသာ ဆက်လက်ကျင့်သုံးခဲ့ပါတယ်။
ဒါပေမဲ့လည်း လက်ရှိစစ်ကောင်စီအနေနဲ့တော့ လာမယ့် ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ်ကို ပြောင်းလဲ ကျင့်သုံးဖို့ ပြင်ဆင်နေတာတွေ ရှိလာနေပါပြီ။ အဲဒီလိုပြင်ဆင်တဲ့အပေါ် တိုင်းရင်းသားပါတီကြီးတချို့က လက်မခံဘူးလို့ပြောဆိုနေကြသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကလည်း၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာ PR စနစ်ကိုမကျင့်သုံးသင့်ဘူးလို့ ပြောဆိုနေတာတွေ ရှိပါတယ်။
အဲဒီလိုပြောဆိုမှုတွေ ရှိနေပေမဲ့လည်း စစ်ကောင်စီအနေနဲ့တော့ PR စနစ်နဲ့ ကျင့်သုံးရေးအတွက် နိုဝင်ဘာလဆန်းမှာ ထပ်မံဆွေးနွေးဖို့ နိုင်ငံရေးပါတီတွေကို ဖိတ်ထားပါတယ်။ လက်ရှိစစ်ကောင်စီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ၂၀၀၈ အခြေခံဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်ထားတဲ့အပေါ် ဘယ်လိုဆောင်ရွက်မလဲဆိုတာကိုတော့ နိုင်ငံရေးလေ့လာသူတွေကြား စိတ်ဝင်တစားရှိနေတဲ့ မေးခွန်းဖြစ်ပါတယ်။








