ထမင်းတနပ်လျှော့စားပြီး အကြိမ်ကြိမ် စစ်ဘေးတိမ်းရှောင်နေရတဲ့ ကရင်နီပြည်နယ်က စစ်ဘေးရှောင်တွေ

" ထမင်းကို လျှော့စားရတယ်၊ နေ့လယ်ဘက်ဆို ထမင်းမစားရဲတော့ဘူး။ တချို့ဆို တနပ်ပဲစားတော့တယ်။ ဆန်အိုးထဲမှာ ဆန်လုံးဝမရှိတော့မှ သူများပေးတယ်။ "
တိုက်ပွဲတွေကြား အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်လာရတာ တနှစ်ပြည့်တော့မယ့် ကယားပြည်နယ်ထဲက စစ်ရှောင်အမျိုးသမီးသမီးတစ်ဦးဖြစ်တဲ့ ညေးမှုက သူတို့ကြုံနေရတဲ့ ရိက္ခာအခက်အခဲကို ပြောပြလာတာပါ။
နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်ထဲမှာတော့ စစ်ဘေးလွတ်တဲ့နယ်မြေ ကျဉ်းလာပြီး စစ်ရှောင်ဦးရေ တနေ့ထက်တနေ့ တိုးလာတာတွေ၊ ရိက္ခာလမ်းကြောင်း သယ်ယူဖို့ခက်ခဲတာတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေရဲ့ ဘဝဟာခက်သထက်ခက်လာတယ်လို့ ညေးမှုက ပြောပြပါတယ်။
" စားစရာတွေကတော့ တောထဲမှာရှိတာ ရှာစားတယ်။ အခုက နွေရာသီဆိုတော့ ရေရှားလာပြီ ရေကအဓိကအခက်အခဲ ပိုဖြစ်လာတယ် " လို့ သူက ဆက်ပြောပြပါတယ်။
ကယားပြည်နယ်ထဲက ညေးမှုတို့လို စစ်ရှောင်တွေအတွက် အခက်အခဲကရိက္ခာတစ်ခုတည်းတော့မဟုတ်ပါဘူး။


ဓာတ်ပုံ ရင်းမြစ်, Empics
စစ်ရှောင်နေရာကနေ အကြိမ်ကြိမ်စစ်ရှောင်ထပ်ဖြစ်ခဲ့ရ
အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ အကူညီတွေ၊ ဒေသကာကွယ်ရေးတပ်တွေရဲ့ ကူညီမှုတွေနဲ့ စစ်ဘေးရှောင်စခန်းတွေရယ်လို့ သတ်မှတ်ပြီး စစ်ရှောင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ စစ်ရှောင်နေရာတွေအထိ လက်နက်ကြီးတွေကျလာတာ၊ လေကြောင်းတိုက်ခိုက်မှုတွေရှိလာတာနဲ့ စစ်ရှောင်ပြည်သူတွေ သေဆုံးမှုရှိလာတာကြောင့် ထပ်ပြီး စစ်ရှောင်ခဲ့ကြရပါတယ်။
" ပြေးတယ်၊ ပြေးတဲ့နေရာအထိ လိုက်ပစ်တော့ နောက်ထပ်တနေရာကို ထပ်ရှောင်ရတယ်။ ထပ်ပစ်တယ်၊ ထပ်ပြေးရတယ်။ တချို့ဆို ဘယ်ပြေးလို့ ပြေးရမှန်း မသိတော့ဘူး။ တိုက်ပွဲဖြစ်နေလို့ထက် စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာရယ် လေယာဉ်နဲ့ပစ်တာရယ်ကြောင့် ပြေးရတာ ပိုများတယ်။
အနောက်ဘက်မှာဖြစ်နေလည်း အရှေ့ဘက်ကို လက်နက်ကြီးနဲ့ ထုချင်ထုနေတာပဲ။ မဆိုင်တဲ့စစ်ရှောင်တွေလည်း သေရတာပဲ " လို့ တနှစ်အတွင်း သုံးကြိမ်လောက် ပြောင်းရွှေ့စစ်ရှောင်နေရတဲ့ စစ်ရှောင်တစ်ဦးက ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kantarawaddy Times
စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးရတဲ့ ဒေသခံတွေ
ဘေးလွတ်ရာကို တိမ်းရှောင်ပေမယ့် အသက်ဘေးနဲ့ကြုံခဲ့ရတဲ့ စစ်ရှောင်တွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ဒေါငံခါးရပ်ကွက်ကနေဒေါပေါ်ကူးရပ်ကွက်က ဒေသခံအမျိုးသမီးတစ်ဦး စစ်ရှောင်စခန်းတစ်ခုကနေ တစ်ခုပြောင်းရင်း အသက်သေဆုံးခဲ့ရပါတယ်။
မတ်လထဲမှာလည်း ဒေသခံအများစု စစ်ရှောင်နေတဲ့ ဒေါရောက်ခူရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံအရပ်သား ၂ ဦး သေဆုံးခဲ့သလို စစ်ရှောင်နေတဲ့ ရွာသားတွေလည်း ဘေးလွတ်ရာ ထပ်ပြေးခဲ့ရပြန်ပါတယ်။
နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်မှာတော့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ လုပ်လာတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ပြောဆိုပါတယ်။
လက်ရှိ ၂၀၂၂ ခုနှစ် မတ်လ ပထမပတ်ထဲမှာပဲ စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှု ၁၀ ဦးထက်မနည်း ရှိနေပြီး အဲဒီထဲမှာတော့ တိုက်ပွဲမရှိတဲ့ လွယ်ထဲ ကျေးရွာထဲကို လက်နက်ကြီးကျလို့ သေဆုံးသူ ကလေးငယ် ၃ ဦးနဲ့ အမျိုးသမီးတစ်ဦး ၊ အမျိုးသားတစ်ဦးပါဝင်နေတယ်လို့ အဲဒီ ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kantarawaddy Times
စစ်ရှောင်တွေအပေါ် စစ်ကောင်စီရဲ့ ဖိနှိပ်ကန့်သတ်မှုတွေ
အစောပိုင်းကာလတွေမှာ ကယားပြည်နယ်အတွင်းက ကျေးရွာတွေသာ စစ်ဘေးတိမ်းရှောင်ရတာဖြစ်ပေမဲ့ စစ်မီးဟာ မြို့ပေါ်အထိ ကူးစက်လာချိန်မှာတော့ မြို့လုံးကျွတ်စွန့်ခွာထွက်ပြေးရတဲ့ မြို့တွေ၊ ရပ်ကွက်တွေလည်း ရှိလာပါတယ်။စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေဟာ ကယားပြည်နယ်အတွင်းက ဘာသာရေး အဆောက်အဦတွေ၊ မြို့နေရပ်ကွက်တွေအနားထိ ရောက်လာချိန်မှာတော့ ဒေသခံတွေဟာ ရှမ်းကယားနယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ရသလိုဘေးလွတ်ရာစစ်ရှောင်စခန်းတွေဆီမှာ သွားပြီးခိုလှုံရတာတွေ လုပ်ခဲ့ကြရပါတယ်။
အခက်အခဲမျိုးစုံကြားက ကာလကြာရှည်စစ်ရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို စစ်ကောင်စီဘက်က ထပ်ပြီး ဖိနှိပ်ကန့်သတ်တာတွေ လုပ်ဆောင်လာပါတယ်။
စစ်ရှောင်တွေအတွက် ရိက္ခာသယ်ယူမှုလမ်းကြောင်းတွေကို ကန့်သတ်လာတာကြောင့် ရိက္ခာပြတ်လုနီးပါး ကြုံနေရတဲ့ စစ်ရှောင်တွေကို ထောက်ပံ့ပေးဖို့လည်း အခက်အခဲတွေ ဖြစ်လာနေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ဆိုပါတယ်။
"အဓိက ဆန်၊ ဆီ၊ ဆားတွေကို ကန့်သတ်တယ်။ အိမ်စီးကားတွေနဲ့ သယ်ရင် ဘယ်နှစ်အိတ်ဆို မပိုရဘူး၊ ဒီလောက်ပဲ သယ်ရမယ် ပြောတယ်။ဆန်ရောင်းမယ့်သူတွေကိုလည်း ကန့်သတ်တယ်ဆိုတော့ ကျွန်တော်တို့က သူတို့ဆီက တဆင့်ပြန်မှာဖို့တောင် မလွယ်ဘူး။ ကြာလာရင် စစ်ရှောင်တွေမှာ ပိုပြီး အခက်အခဲတွေ ဖြစ်လာတော့မယ်" လို့ ဖရူဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kantarawaddy Times
စစ်မီးထဲက ထွက်ပြေးခွင့်မရတဲ့ပြည်သူတွေ
နှစ်ဖက်တိုက်ပွဲကြား ရိက္ခာအခက်အခဲတွေ၊ ထိခိုက်သေဆုံးမှုတွေနဲ့ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာချိန်မှာတော့ ဒေသခံတွေဟာ ပြည်နယ်ပြင်ပကို ထွက်ပြီး စစ်ဘေးတိမ်းရှောင်ဖို့ပါ ကန့်သတ်ခံလာရပါတယ်။ ရှမ်းကယားနယ်စပ်ဘက်ကနေ ထွက်မယ့်လမ်းတွေဖြစ်တဲ့ မိုးဗြဲ၊ ဖယ်ခုံဘက်မှာ တိုက်ပွဲတွေပြင်းထန်နေသလို ပြည်နယ်ထွက်ပေါက်တစ်ခုဖြစ်တဲ့တောင်ငူဘက်ကနေ ထွက်ဖို့ကိုလည်း စစ်ကောင်စီက ပိတ်ပင်ကန့်သတ်ထားပါတယ်။
"ရှမ်းပြည်ဘက်ထွက်တဲ့လမ်းက တိုက်ပွဲတွေတအားဖြစ်နေတော့ မထွက်ရဲကြတော့ဘူး။ တောင်ငူဘက်လမ်းမှာတော့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဘေးရှောင်ဆိုတာနဲ့ ပြန်လှည့်ခိုင်းတယ်။ နောက်ဆုံးတော့ သွားစရာမရှိတော့တဲ့လူတွေက ပစ်ချင်လည်းပစ်တော့ ဖြစ်ချင်ရာဖြစ် ဆိုပြီးပဲ စိတ်လျှော့ပြီး နေလိုက်ရတော့တယ် "လို့ ပြည်နယ်ပြင်ပကို စစ်ဘေးတိမ်းရှောင်ဖို့ကြိုးစားခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ပြည်နယ်လူဦးရေ ၃၀၀,၀၀၀ လောက် ရှိတဲ့ကယားပြည်နယ်ထဲမှာတော့ လူဦးရေ တဝက်ကျော်လောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။ နီးစပ်ရာ မြို့ရွာတွေဘက် စစ်ဘေးတိမ်းရှောင်သူတွေ ရှိသလို ကယားပြည်နယ်အတွင်းမှာလည်း အကြိမ်ကြိမ် နေရာပြောင်းရွှေ့ စစ်ရှောင်နေရတဲ့ နေရာအတည်တကျမရှိတဲ့ ရွေ့လျား စစ်ရှောင်တွေအဖြစ် နေနေကြရပါတယ်။
သေနတ်သံတွေကြား စစ်ပြေးရတဲ့ ဒုက္ခ၊ ရိက္ခာခက်ခဲလာလို့ အစားအသောက်ဝလင်အောင်မစားရတဲ့ ဒုက္ခတွေနဲ့ လူမှုဒုက္ခမျိုးစုံခံစားနေရတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်တွေ ဘယ်အချိန်မှ အေးချမ်းနိုင်မလဲဆိုတဲ့ မေးခွန်းရဲ့အဖြေဟာလည်း ဝေဝါးနေတုန်းပါ။
ဒီဒုက္ခတွေကြားမှာ စစ်ရှောင်အမျိုးသမီးတွေဟာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ခံစားနေရပြီး စိတ်ကျတဲ့အခြေအနေတွေထိ ဖြစ်နေကြတယ်လို့လည်း စစ်ရှောင်နေရတဲ့ အမျိုးသမီးတွေက ပြောပြပါတယ်။
" ကိုယ့်အိမ်ကိုယ်ပြန်ရမယ့်ရက်က မတွေးနိုင်သေးပါဘူး။နောက်နေ့ထမင်းစားဖို့ပူရမလား၊ နေရာထပ်ပြောင်းရမလား ဒါပဲတွေးပူတယ်။တခါတလေကျရင်တော့ ဒါတွေငါတို့ပဲကြုံနေရတာလားလို့တွေးမိတယ်။ "










