ကယားပြည်နယ်ကို ဘယ်သူတွေအုပ်ချုပ်နေသလဲ

ဓာတ်ပုံ ရင်းမြစ်, KNDF
မြန်မာနိုင်ငံမှာ စစ်ကောင်စီကို အပြင်းထန်ဆုံး တော်လှန်တိုက်ခိုက်နေကြတာကတော့ ကရင်နီပြည်နယ် (ကယားပြည်နယ်) ၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့ ဖြစ်ကြပါတယ်။ ကျန်တဲ့နေရာအများအပြားမှာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေရှိပေမဲ့ ဒေသခံတွေက ရရာလက်နက်ကိုင်စွဲပြီး အပြင်းထန်ဆုံးဆန့်ကျင်တော်လှန်နေတဲ့ နေရာတွေကတော့ အဲဒီအရပ်ဒေသသုံးခု ဖြစ်ပါတယ်။
ကယား၊ ကယန်း၊ ကယော၊ ကော်ယော (ကယားမိုနု)၊ ယင်းဘော်၊ ယင်းတလဲ၊ ဂေခို၊ ဂေဘား လူမျိုးတွေနေထိုင်ကြတဲ့ နယ်မြေကို ၁၉၅၂ ခုနှစ် ဇန်နဝါရီလမှာ ကယားပြည်နယ်လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပေမဲ့ ဒေသခံနိုင်ငံရေးခေါင်းဆောင်အများကတော့ ကရင်နီပြည်နယ်လို့ခေါ်ဆိုတာကို ပိုမိုနှစ်သက်ကြပါတယ်။
အခုအခါ ရှမ်းပြည်နယ်ထဲမှာထည့်သွင်းထားတဲ့ မိုးဗြဲ၊ ဖယ်ခုံတို့ကိုလည်း ကရင်နီဒေသအဖြစ် မှတ်ယူကြပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးဟာ နေရာတော်တော်များများမှာ ပျက်ပြားနေပါပြီ။ ကရင်နီပြည်နယ်ဟာ ဒုတိယရခိုင်ပြည်နယ်ဖြစ်လာပြီလားလို့ တချို့က ပြောဆိုကြပါတယ်။ ကရင်နီအခြေအနေနဲ့ ရခိုင်ပြည်နယ် အခြေအနေဟာ တူတာတွေရှိသလို မတူတာတွေလည်း အများအပြားရှိပါတယ်။
ပဋိပက္ခအပြင်းထန်ဆုံးမြို့
အာဏာသိမ်းပြီးကတည်းက အဆက်မပြတ်တိုက်ပွဲဖြစ်ပွားခဲ့တဲ့မြို့ကတော့ ဒီးမော့ဆိုမြို့ ဖြစ်ပါတယ်။ ဒီးမော့ဆိုမြို့မှာ အခုအခါ စစ်ကောင်စီအုပ်ချုပ်ရေး လုံးဝမရှိတော့ပါဘူး။
ဒီးမော့ဆိုအခြေအနေကို ကိုဂျိုးဂျာက အခုလိုပြောပြပါတယ်။
"ဒီးမော့ဆိုကတော့ လုံးဝမြို့ပျက်ကြီး ဖြစ်သွားပါပြီ။ ဆိုင်လည်း ဘယ်ဆိုင်မှ မဖွင့်နိုင်တော့ဘူး။ နေ့စဉ်စားဖို့သောက်ဖို့ အသီးအရွက်၊ အသားငါးရောင်းတဲ့သူတောင် မရှိတော့ဘူး။ စစ်ပွဲကလည်း ပြတ်တယ်မရှိဘူး။ ခဏခဏ ဖြစ်နေတာကိုး။ စစ်ကောင်စီက အုပ်ချုပ်ဖို့နေနေသာသာဗျာ။ စစ်ကောင်စီအုပ်ချုပ်စရာလူတောင် မရှိတော့ဘူး။ မြို့ပေါ်မှာ လူမနေကြတော့ဘူး။ ကိုယ့်အိုးကိုယ့်အိမ်ကို တခါတလေ ပြန်လာကြည့်ရင်းနဲ့ စစ်ပွဲမရှိလို့ ခဏတဖြုတ်နေကြတဲ့လူလောက်ပဲ ရှိတယ်။ ဒါကလည်း မြို့နေလူဦးရေရဲ့ ၁၀ ရာနှုန်းတောင် မရှိပါဘူး။ လူနေထိုင်မှုက မရှိသလောက်ဖြစ်နေတယ်။"
ဒီးမော့ဆိုမြို့မှာ ကရင်နီပြောက်ကျားတော်လှန်ရေးအဖွဲ့တွေကို မြေပြင်စစ်ဆင်ရေးနဲ့ မနှိမ်နင်းနိုင်တဲ့အခါ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေ အသုံးပြုပစ်ခတ်တာ၊ ဗုံးကြဲတာတွေအထိ လုပ်ပါတယ်။
ဒီးမော့ဆိုမှာ ကိုယ်တိုင်ရှိနေတဲ့ ခူးအိုက်ကဖြူက တိုက်ပွဲအခြေအနေတွေကို အခုလို ပြောပြပါတယ်။
"စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်တာတွေ လုပ်တယ်။ ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးကို ပွန်းပဲ့ပျက်စီးမယ်လို့ ကျွန်တော်တော့ မယူဆဘူး။ ဘာပြုလို့လဲဆိုရင် တကယ်တမ်း မြေပြင်တိုက်ပွဲအနေအထားအရ ကျွန်တော်တို့က ဒီတော်လှန်ရေးကနိုင်နေပြီလို့ ယူဆတယ်။ လမ်းသွားလမ်းလာကအစ၊ နယ်မြေထိန်းသိမ်းမှုအကုန်လုံး ကရင်နီပြောက်ကျားအဖွဲ့အစည်းပေါင်းစုံက အပိုင်စီးထားပြီးပြီလို့ မြင်တယ်။ ကိုယ့်အစိုးရယန္တရားတောင်စပြီး လည်ပတ်နေပြီလို့ ကျွန်တော်မြင်တယ်။ လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်နိုင်တဲ့နည်းလမ်းကို ကျွန်တော်တို့ ရှာတွေ့မှာပါ။"
ဒီးမော့ဆိုကနေ လွိုင်ကော်ဘက်သွားရာလမ်းတလျှောက်ရွာတွေဆိုရင် လူမရှိတာကြာပြီလို့ ကရင်နီနိုင်ငံရေးသုံးသပ်သူ လူငယ်တဦးကလည်း ပြောပါတယ်။
"ဒီးမော့ဆိုကနေ လွိုင်ကော်ကိုသွားတဲ့ လမ်းမကြီးတလျှောက်မှာ အရင်နှစ် ၅ လပိုင်းလောက်ကတည်းက လူမရှိတော့တာ။ အိမ်တွေတောင် ချုံတွေကြားထဲရောက်ကုန်ပြီ။ ဒီးမော့ဆိုကနေ လွိုင်ကော်ဘက်အဝင်က ပန်ကန်း၊ ရွာတန်းရှည်၊ မိုင်းလုံး၊ ဒေါခူ၊ မုန်ဂျာတွေမှာ လူနေလို့ မရတော့ဘူး။ လူမရှိတော့ဘူး။"
ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC ကအုပ်ချုပ်ရေးသစ်နဲ့ အစားထိုးဖို့ပြင်ဆင်နေတဲ့ ဆောင်ရွက်ချက်တချို့ကိုလည်း တွေ့မြင်နေရပါတယ်။ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC ဟာ ကရင်နီပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်း ၆ ခု၊ နိုင်ငံရေးပါတီ ၂ ခု၊ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်အမတ်တချို့၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတချို့၊ အမျိုးသမီးအဖွဲ့အစည်းများ၊ လူငယ်သပိတ်ကော်မတီများ ပူးပေါင်းပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်နေ့ကတည်းက ဖွဲ့စည်းကြောင်း ကြေညာထားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Karenni Leftist Youth
မိုးဗြဲ
မိုးဗြဲကို ရှမ်းပြည်နယ်လို့ အစိုးရကသတ်မှတ်ထားပေမဲ့ မိုးဗြဲ၊ ဖယ်ခုံမြို့တွေကို သူတို့ဒေသလို့ ကရင်နီတွေက ယူဆကြပါတယ်။ အာဏာသိမ်းပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုတွေမှာလည်း မိုးဗြဲ၊ ဖယ်ခုံမြို့တွေရဲ့ နိုင်ငံရေးဖြစ်စဥ်ဟာ ရှမ်းပြည်ဖြစ်စဉ်နဲ့ လိုက်လျောညီထွေမရှိဘဲ ကရင်နီဖြစ်စဉ်နဲ့သာ လိုက်လျောညီထွေဖြစ်ပေါ် ပြောင်းလဲနေပါတယ်။
မိုးဗြဲမှာလည်း စစ်ကောင်စီအုပ်ချုပ်ရေး လုံးဝချုပ်ငြိမ်းသွားပါပြီ။ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲရဲစခန်းကို ပြောက်ကျားတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးကတည်းက မိုးဗြဲမှာ စစ်ကောင်စီခန့် ရဲအဖွဲ့မရှိတော့ပါဘူး။
"ရဲစခန်းမြေနေရာတော့ရှိသေးတာပေါ့။ ဒါပေမဲ့ ဘယ်စစ်ကောင်စီမှ လာမထိုင်ရဲဘူး။ ဘယ်ရဲမှ လာမထိုင်ရဲတော့ဘူး။ ချုံပုတ်ပဲ ရှိတော့တယ်။ စခန်းပျက်ကြီး ဖြစ်သွားတာပေါ့။ အခွန်ရုံး၊ တရားရုံး၊ စည်ပင်ရုံး၊ စာရင်းစစ်ရုံးတွေလည်း ရုံးကတော့ ရှိတယ်။ မလည်ပတ်တော့ဘူး။ လျှပ်စစ်ရုံးတရုံးပဲ အလုပ်လုပ်တော့တယ်။ လျှပ်စစ်ရုံးလည်ပတ်တယ်ဆိုတာကလည်း မီးရရှိရေး ပဲလုပ်တယ်။ မီတာခကောက်တာလည်း မရှိတော့ဘူး။ မီတာဖတ်တဲ့လူလည်း မရှိတော့ဘူး" လို့ ကိုဂျိုးဂျာက ဆိုပါတယ်။
ဒေသခံပြောက်ကျားတွေက တာဝါတိုင်တွေ၊ တယ်လီဖုန်းဆက်သွယ်ရေးတိုင်တွေကို မိုင်းထောင်ဖောက်ခွဲတာမျိုးတော့ မကြာခဏရှိတတ်တယ်လို့လည်း ကိုဂျိုးဂျာက ဆိုပါတယ်။ ဒေသခံကာကွယ်ရေး ပြောက်ကျားတွေက အဲသလိုမိုင်းခွဲတဲ့အသံကြားရင် စစ်တပ်က အဝေးကနေ အမြောက်တွေ၊ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တတ်တယ်လို့ ဆိုပါတယ်။
"မိုးဗြဲမြို့နဲ့ ၃ မိုင်လောက်အကွာမှာ စစ်တပ်က စခန်းချထားပါတယ်။ တခါတရံ နေ့ခင်းတွေမှာ စစ်တပ်က မြို့ထဲကို ကင်းလှည့်ဝင်ရောက်လာပေမဲ့ မြို့ပေါ်မှာ ညမအိပ်ပါဘူး။ နေမဝင်မီ မြို့ထဲက ပြန်လည်ထွက်ခွာသွားလေ့ ရှိပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း မြို့ထဲမှာ ကင်းလှည့်တတ်ပါတယ်။ ကင်းလှည့်ရင်းနဲ့ တွေ့ကြရင် တဖက်နဲ့ တဖက်လန့်ပြီး ပစ်ကြခတ်ကြတာမျိုးတော့ တခါတလေ ဖြစ်တယ်။ စစ်တပ်ကမြို့ကို ပြန်သိမ်းဖို့ကြိုးစားတဲ့ မြို့သိမ်းတိုက်ပွဲမဖြစ်တာတော့ တလလောက်ကြာပြီ။ စစ်တပ်က တပ်ထဲကထွက်လာရင် တော်လှန်ရေးဘက်ကစောင့်ပြီးတိုက်ခိုက်တာ ခဏခဏခံရလို့ သူတို့က အခုကင်းရှည်ချထားကြတယ်။"
ကိုဂျိုးဂျာပြောတဲ့ ကင်းရှည်ဆိုတာကတော့ စစ်တပ်က သူတို့တပ်စခန်းနဲ့ တမိုင်ခွဲလောက်အကွာမှာရှိတဲ့ အကွက်အကွင်းကောင်းရာ သုံးထပ်တိုက်အမြင့်ပေါ်မှာ နေရာယူကင်းစောင့်နေတာကို ပြောတာဖြစ်ပါတယ်။ သူတို့တပ်စခန်းနားကို ကပ်မလာနိုင်အောင်၊ ဒေသခံပြောက်ကျားတွေရဲ့လှုပ်ရှားမှုကို အပေါ်စီးကနေ ခြုံငုံကြည့်ရှုနိုင်အောင် နေရာကောင်းယူပြီး ကင်းစောင့်နေတာ ဖြစ်ပါတယ်။
"စစ်ကောင်စီခန့်တယ်ပဲ ပြောပြော၊ NLD အစိုးရခန့်တယ်ပဲ ပြောပြောပေါ့ဗျာ။ ဘယ်သူခန့်တဲ့ အုပ်ချုပ်ရေးမှူးမှ မိုးဗြဲမှာ မရှိကြတော့ဘူး။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးလည်း မရှိဘူး။ ရဲစခန်းလည်း မရှိဘူး။ မြို့လူကြီးတွေက ကြားခံကော်မတီဖွဲ့ထားတယ်။ တည်ငြိမ်အေးချမ်းရေးကော်မတီပေါ့။ အဲဒီကော်မတီက စစ်တပ်ကိုရော၊ တော်လှန်ရေးကိုပါ သွားပြီးစကားပြောညှိနှိုင်းဆွေးနွေးတာတွေ လုပ်ရတယ်။ ဥပမာဗျာ။ ပြည်သူတွေနာမှာစိုးလို့ ဘယ်နေရာတွေကိုတော့ မတိုက်ဘဲ ရှောင်ပေးပါဆိုတာမျိုးတွေ သူတို့က ပြောပေးရတာပေါ့။ အဝေးကနေ အမြောက်နဲ့ပစ်ခတ်တဲ့ အပစ်အခတ်တွေ အရမ်းမလုပ်ဖို့၊ အရပ်သားတွေရဲ့ အိုးအိမ်ပျက်စီးတာနည်းအောင် နှစ်ဖက်စလုံးကို စကားပြောရတာပေါ့။ ပြည်သူတွေ မသွားမဖြစ်တဲ့စျေးတို့၊ ဘုရားကျောင်းတို့လိုနေရာတွေကို မတိုက်ဖို့ ပြောရတာပေါ့ဗျာ။"
ကြားခံကော်မတီက စစ်တပ်နဲ့သွားရောက်တွေ့ဆုံရင် စစ်တပ်ကလည်း လက်ခံဆွေးနွေးတယ်လို့ ကိုဂျိုးဂျာက ဆိုပါတယ်။ မိုးဗြဲမှာ သာမန်ပြည်သူ ၆၅ ရာနှုန်းလောက်မြို့ပေါ်မှာ ဆက်နေထိုင်ကြပြီး အဲဒီပြည်သူတွေရဲ့ လုံခြုံရေး အတွက် ကြားခံကော်မတီလို့ခေါ်တဲ့ မြို့မိမြို့ဖတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့က ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းတွေ အားကောင်းရာရပ်ကွက်တွေနဲ့နီးတဲ့ပြည်သူတွေကတော့ စစ်တပ်က မကြာခဏတိုက်ခိုက်တာခံရလို့ မြို့ကနေ ထွက်ခွာတိမ်းရှောင်သွားကြပြီလို့ ဆိုပါတယ်။
မိုးဗြဲအနီးမှာရှိတဲ့ ဖယ်ခုံမြို့မှာလည်း စစ်တပ်အုပ်ချုပ်ရေးပျက်ပြားသလောက်ဖြစ်နေပြီလို့ ကရင်နီနိုင်ငံရေးသုံးသပ်သူလူငယ်က ဆိုပါတယ်။
လွိုင်ကော်

ဓာတ်ပုံ ရင်းမြစ်, CJ Loikaw
ကရင်နီပြည်နယ်ရဲ့မြို့တော် လွိုင်ကော်မှာတော့ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ လွိုင်ကော်မြို့ မှုံပြာကန်အနီးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒီးမော့ဆိုတို့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ စစ်သား ၁ ယောက်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒီးမော့ဆို DMO PDF က သတင်းထုတ်ပြန်ပါတယ်။
ဒီနှစ်ဆန်းကစပြီး စစ်ကောင်စီကတဖက် ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒီးမော့ဆို DMO-PDF ပူးပေါင်းတပ်ဖွဲ့တွေက တဖက်တိုက်ခိုက်ခဲ့ကြရာမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
စစ်တပ်က မြေပြင်တိုက်ပွဲအရေးနိမ့်လာပြီး ရဟတ်ယာဉ်နဲ့ အကြိမ်ကြိမ် ပစ်ကူတိုက်ခိုက်ခဲ့ပါတယ်။ နှစ်ဖက်ထိခိုက်ကျဆုံးသေကြေမှုတွေရှိခဲ့ပါတယ်။ အခုအချိန်အထိ မြို့ပတ်ပတ်လည်မှာ ဒေသခံပြောက်ကျားအဖွဲ့ပေါင်းစုံက ဝိုင်းထားဆဲ အနေအထား ဖြစ်ပါတယ်။
စစ်ကောင်စီက လက်နက်အင်အား သာလွန်မှု ရှိပါတယ်။ ဒေသခံပြောက်ကျားတွေက လူအင်အားသာလွန်ပြီး ဒေသခံပြည်သူလူထုထောက်ခံမှုကလည်း သိသိသာသာ သာလွန်ရရှိထားပါတယ်။
မြို့ထဲမှာ ပိတ်မိနေတဲ့ စစ်ကောင်စီဟာ လက်နက်နဲ့ ရိက္ခာကို ထောက်ပို့လေယာဉ်တွေနဲ့ အခုထိ သယ်ယူပို့ဆောင်ပေးနေရဆဲ ဖြစ်ပါတယ်။
လွိုင်ကော်မြို့ပေါ်မှာရှိတဲ့ တောင်ကုန်းတွေပေါ်က စေတီတွေပေါ်မှာ စစ်တပ်က တပ်စွဲစခန်းချပြီး အမြင့်နေရာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ကရင်နီနိုင်ငံရေးသုံးသပ်သူလူငယ်က ဆိုပါတယ်။ အထပ်မြင့် တိုက်တာအဆောက်အဦတွေကိုလည်း စစ်တပ်ကသိမ်းထားပြီး အမြင့်ကနေ ပစ်ခတ်နေတယ်လို့ဆိုပါတယ်။ ဝိုင်းရံထားတဲ့ ဒေသခံပြောက်ကျားအဖွဲ့တွေဟာ အရေအတွက် တသောင်းထက်မနည်းရှိတယ်လို့လည်း ကရင်နီနိုင်ငံရေးသုံးသပ်သူ လူငယ်က ဆိုပါတယ်။
ခူးအိုက်ကဖြူကတော့ လွိုင်ကော်ဟာ စစ်ရေး၊ နိုင်ငံရေးအရ အရေးပါတယ်လို့ ဆိုပါတယ်။
"တခြားမြို့နယ်တွေ တော်တော်များများကို တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီ။ စစ်တပ်ရဲ့ ယန္တရားလည်ပတ်နေတာက လွိုင်ကော်တမြို့ပဲ ကျန်နေတယ်။ ပြီးတော့ ကရင်နီတပြည်နယ်လုံး က စစ်တပ်တွေအတွက် လေယာဉ်အဆင်းအတက်လုပ်ပြီး ထောက်ပို့လုပ်ငန်းလုပ်ပေးနေတာက လွိုင်ကော်ပဲ။ လွိုင်ကော်ကို ဗဟိုပြုပြီး သွားလာလှုပ်ရှားနေတာ။ အဲဒါကြောင့် လွိုင်ကော်က အခရာကျတယ်လို့ ပြောလို့ရတယ်။ လောလောဆက် လွိုင်ကော်ပတ်ပတ်လည်မှာရှိတဲ့ ကျေးလက်အားလုံးကတော့ တော်လှန်ရေးက ထိန်းချုပ်ထားနိုင်ပြီ။ မြို့ပေါ်တောင်မှ တဝက်လောက်ကို တော်လှန်ရေးက ထိန်းချုပ်ထားနိုင်ပြီ။ ဒါပေမဲ့ လေယာဉ်ကွင်းလို အရေးကြီးတဲ့နေရာတွေတော့ သူတို့ထိန်းချုပ်ထားတုန်းပဲ ရှိသေးတယ်။"
အစားထိုးအုပ်ချုပ်ရေးစတင်ပေါ်ပေါက်
ကရင်နီပြည်နယ်မြောက်ပိုင်းဒေသတော်တော်များများကို မြို့ရော ကျေးလက်သာမက ဆက်သွယ်ရေးလမ်းကြောင်းတလျှောက်ကိုပါ ဒေသခံပြောက်ကျားတွေက စိုးမိုးထားနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။
အဲဒီနေရာတွေမှာ စစ်ကောင်စီရဲ့ယန္တရားလည်း ပျက်စီးနေပြီ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ မြို့မိမြို့ဖတွေက မြို့ကို ထိန်းသိမ်းစောင့်ရှောက်ထားသလို တချို့နေရာတွေကိုတော့ ကရင်နီအတိုင်ပင်ခံကောင်စီ KSCC က အုပ်ချုပ်ရေးအသစ် အစားထိုးဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေတာ တွေ့ရပါတယ်။ ဇန်နဝါရီလ ၁၈ ရက်နေ့က လွိုင်ကော်မြို့ပေါ်မှာ သူခိုးတယောက်ကို ဖမ်းဆီးမိလို့ ကရင်နီပြည်သူ့ရဲတပ်ဖွဲ့လက်ထဲ အပ်နှံခဲ့ကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF က သတင်းထုတ်ပြန်ပါတယ်။
ကရင်နီပြည်သူ့ရဲတပ်ဖွဲ့ကို သြဂုတ်လ ၂၅ ရက်နေ့ကတည်းကဖွဲ့စည်းခဲ့ကြောင်း ကရင်နီအတိုင်ပင်ခံကောင်စီ KSCC က ထုတ်ပြန်ကြေညာထားပါတယ်။
ကရင်နီပြည်တောင်ပိုင်းနေရာတော်တော်များများဟာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေ စိုးမိုးထားပြီး အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုထားတဲ့နေရာတွေ ဖြစ်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KDF
စစ်ကောင်စီထိန်းချုပ်ထားဆဲနယ်မြေများ
ဖရူဆို၊ ဘော်လခဲ၊ ဖားဆောင်းတို့မှာသာ စစ်ကောင်စီ အုပ်ချုပ်ရေး ဆက်လက်တည်တံ့နေဆဲ ဖြစ်ပါတယ်။ ဖရူဆိုမြို့နယ်ကိုတောင် စစ်ကောင်စီက အလုံးစုံထိန်းချုပ်ထားနိုင်တာ မဟုတ်ဘဲ မကြာခင်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တခြားမြို့နယ်တွေကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ သာမန်ပြည်သူတော်တော်များများဟာ ဖရူဆိုမြို့ကို လာရောက်တိမ်းရှောင်ကြပါတယ်။ ဇူလိုင်လ ၁၆ ရက် မနက်စောစောပိုင်းက ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ရီခီးဘူးရှိ စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်ခိုလှုံနေတဲ့ စစ်ဘေးရှောင်စခန်း ၂ ခုကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်ရာမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တဦး၊ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တဦးနဲ့ အသက် ၅၂ နှစ်အရွယ် အမျိုးသားတဦးတို့ ထိမှန်သေဆုံးခဲ့ပါတယ်။
ဘော်လခဲနဲ့ ဖားဆောင်းမြို့ပေါ်မှာတော့ တိုက်ခိုက်မှုသတင်း မကြားသိရပါဘူး။ ဘော်လခဲနဲ့ ဖရူဆိုအကြား နယ်ဘက်မှာတော့ တိုက်ခိုက်မှုသတင်းကို ပြီးခဲ့တဲ့နှစ်ထဲက ကြားခဲ့ရပါတယ်။
ကရင်နီရှေ့ရေး
အခုအခါ ကရင်နီပြည်နယ်မှာ စုစုပေါင်းလူဦးရေရဲ့ တဝက်က စစ်ဘေးဒုက္ခသည်တွေဖြစ်နေပြီလို့ ကရင်နီလူမှုရေးအဖွဲ့အစည်းတွေက ဆိုပါတယ်။ စစ်ဖြစ်ပွားရာဒေသက စစ်ဘေးဒုက္ခသည်တွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေ ထိန်းချုပ်ရာနယ်မြေကိုဖြစ်စေ၊ စစ်ကောင်စီထိန်းချုပ်ရာနယ်မြေကိုဖြစ်စေ၊ ရှမ်းပြည်နယ်ထဲကိုဖြစ်စေ ထွက်ပြေးခိုလှုံနေကြပါတယ်။ သာမန်ပြည်သူတွေရဲ့ ငြီးငြူသံတချို့ကိုလည်း ကြားရကြောင်း ကရင်နီနိုင်ငံရေးသုံးသပ်သူလူငယ်က ဆိုပါတယ်။
"လုပ်ရင်နိုင်အောင်လုပ်တဲ့။ မြို့ပျက်ရုံ၊ ပြည်သူသေရုံတော့မလုပ်နဲ့လို့ တချို့ပြည်သူတွေက ပြောကြတယ်ဗျ။"
ကိုဂျိုးဂျာကတော့ တနိုင်ငံလုံးသာ တညီတညာတည်းလုပ်ကြရင် သူတို့နိုင်နေပြီလို့ ဆိုပါတယ်။
"တနိုင်ငံလုံး ဝမ်း၊ တူး၊ သရီးဆိုပြီး တညီတညာတည်းလုပ်ကြရင်တော့ တမျိုးပေါ့ဗျာ။ အဲဒါဆိုရင်တော့ အခုအချိန်က နိုင်နေပြီ။ ကိုယ်ကတော့ သက်သာအောင်နေပြီး သူများတိုက်လို့နိုင်တော့မှ အောင်ပွဲရလဒ်ကို အတူတူခွဲဝေခံစားဖို့စောင့်နေကြရင်တော့ ခက်တယ်။ တနိုင်ငံလုံးမညီကြလို့ ကျွန်တော်တို့ ကရင်နီပြည်သူတွေက ပိုခံနေကြရတာဗျ။ တနိုင်ငံလုံးဒုက္ခကို ကျွန်တော်တို့က ခါးစည်းခံနေရတာလို့ ဆိုနိုင်တယ်။ ဖက်ဒရယ်ဒီမိုကရေစီ အုပ်ချုပ်ရေးပေးရင်တောင် ကျွန်တော်တို့ ကရင်နီပြည်နယ်နဲ့ ချင်းပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ရေးပိုပေးဖို့ ကောင်းတယ်။ သူများထက်ကျွန်တော်တို့ကို နှစ်ဆ ပိုပေးသင့်တယ်။ ကျွန်တော်တို့က နှစ်ဆမကအောင် ခံထားရတာလေဗျ။ တချို့ပြည်နယ်တွေဆိုရင် ဖက်ဒရယ်တောင်မပေးဘဲ စစ်ကောင်စီလက်အောက်ထားခဲ့ဖို့ ကောင်းတယ်။"
ကရင်နီလူမျိုးများတိုးတက်ရေးပါတီ KNPP ရဲ့ဥက္ကဋ္ဌ ခူးဦးရယ်ကတော့ အခုအချိန်ဟာ ကိုယ့်သမိုင်းကိုယ်ဖန်တီးရမဲ့အချိန်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ လက်နက်ကိုင်တော်လှန်ရေးရော၊ လူထုတော်လှန်ရေးပါ အသွင်ပြောင်းပြီးတော့ ပေါင်းစပ်တိုက်ပွဲဝင်နေတဲ့ အခြေအနေမျိုးအောက်မှာ ကျွန်တော်တို့အနေနဲ့ ခုနပြောတဲ့ အားလုံးတတွေ တသဘောတည်းရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို နည်းမှန်လမ်းမှန်နဲ့ ကျွန်တော်တို့သမိုင်းကို ကျွန်တော်တို့ဘာသာ ဖန်တီးပြီးတော့ ရေးသားရမဲ့ အချိန်ကာလ ဖြစ်ပါတယ်။"
ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကပြုလုပ်တဲ့ ပြည်သူ့ညီလာခံဖွင့်ပွဲမိန့်ခွန်းမှာ ခူးဦးရယ် ပြောသွားတာ ဖြစ်ပါတယ်။
ကရင်နီပြည်သူတွေဟာ သူတို့သမိုင်းကိုသူတို့ ဖန်တီးနေကြပါတယ်။ အဲသလိုဖန်တီးရာမှာလည်း ချင်းပြည်သူတွေ၊ စစ်ကိုင်းတိုင်းပြည်သူတွေနဲ့အတူ အခြားသူများထက် ပိုမိုအနာခံဖန်တီးနေကြရတာကို တွေ့မြင်နေကြရပါတယ်။












