စစ်ရှောင်သွားတဲ့ မြို့ခံတွေကို လွိုင်ကော်က ဘယ်လိုပြန်ကြိုမှာလဲ

မြို့ကလူတွေ ၇၅%လောက်က စစ်ဘေးရှောင်သွားကြ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လွိုင်ကော်မြို့က လူတွေ ၇၅%လောက်က စစ်ဘေးရှောင်သွားကြ

လွိုင်ကော်မြို့မှာ တိုက်ပွဲသံတွေစဲသွားတာ ဒီနေ့ ဗုဒ္ဓဟူးနေ့နဲ့ ဆိုရင် အနည်းဆုံး ၃ ရက် လောက် ရှိသွားပြီမို့ ဒေသခံတွေတချို့ မြို့ကိုပြန်လာတာတွေ ရှိနေပေမယ့် မြို့ဟာ ဟိုးအရင် အခြေအနေ မဆိုထားဘိ၊ ဒီလောလောလတ်လတ် တိုက်ပွဲတွေ စမဖြစ်ခင် ပြီးခဲ့တဲ့လက အခြေအနေကို ရောက်အောင် မနည်းပြန်သွားရဦးမှာပါ။

"မြို့ကလူတွေ ၇၅%လောက်က စစ်ဘေးရှောင်သွားကြတာ၊ အခုမြို့က ပုံမှန်တော့ ပြန်မဖြစ်ဘူး၊ အခု ပြန်လာကြတာက မြို့တွင်းပိုင်းရပ်ကွက်တွေက လူတချို့ ပြန်လာကြတာ၊ ဒါပေမဲ့ တချို့ ရပ်ကွက်တွေက လူတွေနေလို့ကို မရသေးဘူး" လို့ တိုက်ပွဲတွေ စဖြစ်ခါစ အချိန်က မိသားစုကို ဘေးလွတ်ရာပို့ပေးခဲ့ပြီး မြို့ထဲမှာပဲ စစ်ရှောင်နေခဲ့တဲ့ ဒေသခံ တယောက်က ပြောပါတယ်။

ကယားပြည်နယ် မြို့တော် လွိုင်ကော်မှာ ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက်ရှိပြီး မြို့တွင်းပိုင်း ရပ်ကွက်တွေဖြစ်တဲ့ စျေးပိုင်း၊ ဓမ္မာရုံ၊ ရှမ်းပိုင်း စတဲ့ရပ်ကွက်တွေဘက်ကို မြို့ခံတချို့ ပြန်လာကြပေမယ့် တိုက်ပွဲတွေအဖြစ်များခဲ့တဲ့ မိုင်းလုံး၊ ဒေါဥခူ စတဲ့ ရပ်ကွက်တွေ အပါအဝင် တချို့ရပ်ကွက်တွေကို လူတွေပြန်မနေရဲကြသေးဘူးလို့ သူက ဆိုပါတယ်။

သူကိုယ်တိုင် ပြီးခဲ့တဲ့ရက်တွေအတွင်း တိုက်ပွဲတွေ မဖြစ်တဲ့နေ့တနေ့မှာ သူ့ရပ်ကွက်က သူ့အိမ်ကိုသွားကြည့်ဖို့အပြန် "အိမ်ခြံဝင်းရှေ့မှာပဲ ထောင်ဘက်(စစ်ကောင်စီ တပ်ဘက်)က သေနတ်နဲ့ လှမ်းပစ်လို့ သူ့ခြေထောက်နားက မြေကြီးကို လာမှန်တယ်"လို့ ပြောပြရင်း အခုအချိန်ထိ တခြားရပ်ကွက်က မိတ်ဆွေအိမ်မှာ နေနေရတယ်လို့ ဆိုပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

အရပ် အခေါ် တောင်စျေးလို့ခေါ်ကြတဲ့ လွိုင်ကော်က အကြီးဆုံးစျေးကြီးဖြစ်တဲ့ သီရိ မင်္ဂလာစျေး တစျေးပဲ မနက် ၁၀ နာရီလောက်အထိ ဖွင့်ပြီး အဲဒီနေရာမှာတော့ "အဲ့ဒီအချိန် လူနည်းနည်းရှိတယ်" လို့ ဒေသခံတွေက ပြောပါတယ်။

စျေးရုံကြီးက အသက်မဝင်သေးဘဲ စျေးအပြင်နားတဝိုက်မှာ ဆိုင်ခင်းရောင်းကြတဲ့ ဟင်းသီးဟင်းရွက်နဲ့ သားငါး စျေးသည်တွေပဲရှိသလို၊ တမြို့လုံးက အိမ်အများစုမှာ အိမ်စောင့်ကျန်ရစ်သူတွေက အမျိုးသားတွေချည်းမို့ စျေးထဲမှာလည်း အမျိုးသားက အများစု လို့ သိရပါတယ်။ စျေးနဲ့ မြို့ထဲမှာ ဆေးဆိုင်တွေ အပါအဝင် တခြားဆိုင်တွေက အကုန်နီးပါး ပိတ် ထားကြဆဲပါ။

ဗုဒ္ဓဟူးနေ့မနက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလူတွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေက အဲဒီစျေးနားမှာ ပြည်သူတွေကို ဆန်ဝေတာ၊ ဆီဝေတာ လုပ်တာဆိုပြီး တွေ့ရပေမယ့် သူတို့လက်ထဲမှာ သူရောက်တဲ့အချိန်က ဘာမှမရှိတော့တာမို့ "ဟန်ပြ ဝေပုံရပါတယ်"လို့ ဒေသခံတယောက်က မှတ်ချက်ချပြောပါတယ်။

လူဦးရေ တသိန်းကျော်နေထိုင်တဲ့ ကယားပြည်နယ် မြို့တော်မှာ အရင် "လက်ဖက်ရည်ဆိုင် ဆိုင် ၂၀၊ ၃၀ လောက်က အခုက ၃ ဆိုင်ပဲ ဖွင့်တာ" လို့လည်း ဒေသခံ တယောက်က မြို့ခြောက်ကပ်နေပုံကို ပြောပါတယ်။

ကုန်စည်စီးဆင်းတာတွေ ပြတ်တောက်နေတာနဲ့ အတူ မြို့မှာ ဓာတ်ဆီ တဂါလံက ၈၀၀၀ ကျပ်ဖြစ်နေတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

တိုက်ပွဲတွေဖြစ်ခါစမှာ လျှပ်စစ်မီးက ၂၄ နာရီ အဖြတ်ခံရပေမယ့် အခုတော့ မနက် ၆ နာရီ ကျော်လောက်ကနေ ၈နာရီထိတခါ၊ ညနေ ၄ နာရီကနေ ည ၇ နာရီထိ တခါ တနေ့မှာ ၂ ခါရပါတယ်လို့ ဆိုကြပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ လွိုင်ကော်ဘက်ကို ဇန်နဝါရီလဆန်းပိုင်းက စပြီး စစ်မျက်နှာဖွင့်လာတာကို စစ်ကောင်စီ တပ်တွေက လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်မှုတွေပါလုပ်ပြီး အရင်သူတို့ လွိုင်ကော်ကို ထိန်းသိမ်းထားနိုင်တဲ့ အခြေအနေမျိုး ပြန်ရအောင် လုပ်ခဲ့ရပါတယ်။

လာမယ့် ရက်ပိုင်း၊ သီတင်းပတ်ပိုင်းတွေအတွင်း စစ်ဘေးရှောင်သွားကြတဲ့ မြို့ခံတွေနဲ့ အနားတဝိုက်ရွာတွေကသူတွေ သူတို့အိမ်တွေဆီကို "ပြန်လာဖို့ဆိုတာဖြစ်နိုင်ပါတယ်" လို့ မြို့မှာ ချန်နေရစ်ခဲ့တဲ့ ဒေသခံတွေက ပြောပေမယ့် ပုံမှန်အခြေအနေ ပြန်ရောက်ဖို့၊ ပုံမှန်အနေအထားကို ပြန်တွေ့ရဖို့ ဆိုတာကို သူတို့ သံသယရှိကြဆဲပါ။

သူ့အိမ်ကိုအပြန် အပစ်ခံရတဲ့ မြို့ခံက လူမရှိတဲ့ အိမ်တွေဆိုရင် "စစ်တပ်က အိမ်တံခါး တွေဖျက်၊ အိမ်ထဲကပစ္စည်းတွေယူ လုပ်ကြတာ"လို့ စွပ်စွဲရင်း အိမ်ပြန်လာကြသူတွေ "ပုံမှန်အတိုင်းတွေ့ကြရဖို့ ဆုတောင်းကြမှာပဲ" လို့ဆိုပါတယ်။

"စစ်တပ်က သူတို့တပ်စွဲထားတဲ့ နေရာမှာရှိတယ်၊ ထွေအုပ်ရုံးတွေ ဖွင့်ထားနိုင်တယ် ဒါကို ပုံမှန်လို့ ခေါ်လို့ရမလား၊ ကျောင်းတွေ (စစ်ကောင်စီက) ပြန်ဖွင့်ခိုင်းထားတာကြာပြီ၊ (ဒီတိုက်ပွဲတွေမဖြစ်ခင်) ဟိုးအရင်လတွေအတော်များများ ကတည်းက၊ လွိုင်ကော်မှာ အထက ကျောင်း ၇ ကျောင်းရှိတာ၊ ပြန်ဖွင့်တာက ၄ ကျောင်း၊ ပြန်တက်တဲ့ ကျောင်းသား အရေအတွက်က ၅ ရာခိုင်နှုန်းလောက်ပဲ ရှိတာ" လို့ မြို့ခံတယောက်က ပြောပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့က အခြေအနေတွေ တည်ငြိမ်လာလို့ လွိုင်ကော်မြို့ပေါ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေက စစ်ဘေး‌ရှောင်ပြည်သူ ၂၈၀၇ ဦး နေရပ်ကို ပြန်ဝင်လာကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

လွိုင်ကော်မြို့နဲ့ ကယားပြည်နယ်က ဒေသတွေ ပုံမှန်ပြန် ဖြစ်နေပြီလို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားပေမယ့် အသေးစိတ် ထုတ်ဖော်ပြောဆိုတာမျိုး မတွေ့ ရသေးပါဘူး။