စစ်တပ်မဟာမိတ် ပအိုဝ်းပြည်သူ့စစ် ဘယ်လောက်အင်အားကြီးလာသလဲ

မြန်မာစစ်တပ်ရဲ့ကာလရှည်မဟာမိတ် ပအိုဝ်းပြည်သူ့စစ် (PNO) ခေါင်းဆောင်တွေ

ဓာတ်ပုံ ရင်းမြစ်, PNO

ဓာတ်ပုံ ပုံစာ, ပအိုဝ်းပြည်သူ့စစ် (PNO) ခေါင်းဆောင်တွေ

ရှမ်းပြည်မှာ မြန်မာစစ်တပ်ကို အံတုဘက်ပြိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေအများအပြားရှိနေပေမဲ့ ပအိုဝ်းပြည်သူ့စစ်(PNO) ကတော့ မြန်မာစစ်တပ်ရဲ့ကာလရှည် မဟာမိတ်ဖြစ်ပါတယ်။

တချိန်ကလွှတ်တော်အမတ်ဖြစ်သူ မြန်မာ့ထိပ်တန်းသူဌေးစာရင်းဝင် ဦးနေဝင်းထွန်းက ဒုတိယစစ်ဦးစီးချုပ်အဖြစ် ဦးဆောင်နေပြီး PNO က လက်နက်၊ လူသူနဲ့ နည်းပညာတွေ တိုးချဲ့မြှင့်တင်လာနေပါတယ်။

PNO တပ်ဟာ သူတို့ရဲ့ စစ်ရေးလေ့ကျင့်ခန်းတွေအတွက် ရုရှားတွေကို ခေါ်သုံးပြီး အထူးကွန်မန်ဒိုတပ်သားတွေပါ မွေးထုတ်နေတယ်လို့ စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။

ဒီအင်အားတိုးချဲ့မှုနဲ့အတူ ဒေသခံတွေဆီက အကြောင်းပြချက်မျိုးစုံနဲ့ ငွေကြေးကောက်ခံတာ၊ ရွာအလိုက် စစ်မှုထမ်းတောင်းခံတာတွေနဲ့ ဒေသခံတွေ ရင်ဆိုင်နေရတယ်လို့ ပအိုဝ်းလူ့အခွင့်အရေးအဖွဲ့ (PHRG) က ထောက်ပြပါတယ်။

စစ်ကောင်စီရဲ့ရှေ့ပြေးတပ် PNO

၂၀၂၄ သြဂုတ်လတုန်းက PNO သင်တန်းဆင်းမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, PNO

ဓာတ်ပုံ ပုံစာ, ၂၀၂၄ သြဂုတ်လတုန်းက PNO သင်တန်းဆင်းမြင်ကွင်း

၂၀၂၅ ခုနှစ်အစပိုင်း ငါးလတာအတွင်းမှာ ပအိုဝ်းပြည်သူ့စစ်(PNO) ဟာ စစ်ကောင်စီတပ်ကို တော်လှန်နေတဲ့ လက်နက်ကိုင်တပ်တွေရယူထားတဲ့ ကျေးရွာတွေကို ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ဒီကာလအတွင်းမှာ တိုက်ပွဲအကြိမ်ရေ ရာနဲ့ချီဖြစ်ခဲ့တယ်လို့ PNO တပ်အရာရှိကြီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

"၂၀၂၅ မှာဆိုရင် မောက်မယ်၊ ညောင်ရွှေ၊ ဆီဆိုင်၊ ပင်လောင်းမှာရော အများကြီးပါပဲ" လို့ သူက ပြောပါတယ်။

မေလနှောင်းပိုင်းမှာပဲ ညောင်ရွှေမြို့နယ် ထီခိုး၊ ရေပူ စတဲ့ကျေးရွာတွေအပြင် ပင်လောင်းမြို့နယ်က ဆောင်းပြောင်းရွာတို့ကို PNO တပ်ဖွဲ့တွေက ပြန်လည်ထိန်းချုပ်ထားတဲ့အခြေအနေပါ။

အခုလို ရှမ်းပြည်နယ်အနောက်တောင်ပိုင်းစစ်မျက်နှာပြင်က တိုက်ပွဲတွေကို ကြည့်မယ်ဆိုရင် PNO ပြည်သူ့စစ် အဖွဲ့ဝင်တွေနဲ့ အများဆုံးရင်ဆိုင်တိုက်ခိုက်ရတယ်လို့ တော်လှန်ရေးတပ်တွေဆီကသိရပါတယ်။

"ဒီဘက်တိုက်ပွဲတွေမှာ PNO ပြည်သူ့စစ်က အများဆုံးပါ။ စစ်ကောင်စီက ဆက်သွယ်ရေးနဲ့ ဦးဆောင်တဲ့ အပိုင်းမှာပဲ အဓိကပါတယ်" လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောပါတယ်။

ဒါဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းမြောက်မှာနယ်မြေစိုးမိုးထားတဲ့ တော်လှန်ရေးတပ်တွေနဲ့ ကယား(ကရင်နီ)ဒေသကို ထိန်းချုပ်ထားနိုင်တဲ့ ကရင်နီတပ်တွေကြား ချိတ်ဆက်မှုမရှိအောင် ရှမ်းတောင်မှာ ဖြတ်တောက်ရေးအတွက် ထိုးစစ်စတာလို့ သုံးသပ်ကြပါတယ်။

၂၀၂၄ သြဂုတ်လတုန်းက PNO သင်တန်းဆင်းမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, PNO

ဓာတ်ပုံ ပုံစာ, ၂၀၂၄ သြဂုတ်လတုန်းက PNO သင်တန်းဆင်းမြင်ကွင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြေပြင်အနေအထားအရ တအာင်းတပ် (TNLA) သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်ကနေ တည့်တည့် တောင်ဘက်ကို ဆင်းလာခဲ့ရင် ရပ်စောက်၊ ညောင်ရွှေနဲ့ ပင်လောင်းကို ဖြတ်ကျော်ပြီး ကရင်နီတပ်တွေ အားကောင်းတဲ့ ဖယ်ခုံ၊ မိုးဗြဲဘက်ကို ဝင်ရောက်နိုင်ပြီဖြစ်ပါတယ်။

မိုင် ၂၀၀ ကျော်ပတ်လည်မှာရှိနေတဲ့ တိုက်ခိုက်ရေးအားကောင်းတဲ့တပ်တွေ နယ်မြေမချိတ်ဆက်မိအောင် ရှမ်းတောင်စစ်မျက်နှာပြင်ကို ပအိုဝ်းပြည်သူ့စစ် (PNO) က စိုးမိုးထားနိုင်ဖို့ ရည်ရွယ်နေဟန်ရှိပါတယ်။

"ရှမ်းပြည်နယ်မှာ UWSA (ဝ) အဖွဲ့ပြီးရင် အင်အားအကြီးမားဆုံးတပ်တစ်ခုဖြစ်ဖို့ ရည်မှန်းနေသလို စစ်တပ်ကလည်း ထောက်ပံ့ပေးနေတာတွေရှိတယ်" လို့ CDM ဗိုလ်ကြီး ဇင်ယော်က သူ့အမြင်ကို ပြောပါတယ်။

ဘာကြောင့်လဲဆိုတော့ ပအိုဝ်းပြည်သူ့စစ် (PNO) ဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ တပ်ဖွဲ့ ဖြစ်ပါတယ်။

တချိန်က လက်နက်ကိုင်တော်လှန်‌ရေးလှုပ်ရှားခဲ့တဲ့ PNO ဟာ ၁၉၉၁ ခုနှစ်မှာ မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေး ရယူပြီးတဲ့နောက် နီးစပ်တဲ့ဆက်ဆံရေးတစ်ခုကို ကာလရှည်တည်‌ဆောက်ခဲ့တာကြောင့်ပါ။

ဒါပေမဲ့ ၂၀၂၃ ခုနှစ် ပင်လောင်းတိုက်ပွဲ၊ ၂၀၂၄ ခုနှစ် ဆီဆိုင်တိုက်ပွဲတွေမှာ PNO တပ်တွေအထိနာခဲ့တာက တပ်တွင်းနည်းပညာအဆင့်မြှင့်တင်ရေးအတွက် အချက်ပေးသံလိုပါပဲ။

၂၀၂၄ ခုနှစ်မှာပဲ PNO စစ်ဦးစီးအဖွဲ့အပြောင်းအလဲဖြစ်ခဲ့ပါတယ်။

ပြည်သူ့စစ်ကွပ်ကဲရေးမှူးချုပ်တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးကြီးခွန်မြင့်အောင်က စစ်ဦးစီးချုပ်၊ မြန်မာ့ထိပ်တန်း သူဌေးစာရင်းဝင် PNO စီးပွားရေးတာဝန်ခံ ဦးနေဝင်းထွန်းက ဒုတိယစစ်ဦးစီးချုပ်ဖြစ်လာခဲ့တာပါ။

ဒါဟာ PNO အင်အားကြီးထွားလာမှုရဲ့ အကြောင်းအရင်းတစ်ချက်လို့ စစ်ရေးလေ့လာစောင့်ကြည့်သူတွေက ပြောကြပါတယ်။

စစ်တပ်နဲ့နီးစပ်တဲ့ PNO ခေါင်းဆောင်တွေ

၂၀၂၃ ခုနှစ်က ဦးအောင်ခမ်းထီနေအိမ်ရောက်လာတဲ့ စစ်ခေါင်းဆောင်

ဓာတ်ပုံ ရင်းမြစ်, PNO

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ်က ဦးအောင်ခမ်းထီနေအိမ်ရောက်လာတဲ့ စစ်ခေါင်းဆောင်

PNO ဟာ စီးပွားရေးလုပ်ငန်းတွေကနေ စစ်ကောင်စီကို အခွန်ပေးဆောင်မှု၊ မြေငှားရမ်းခပေးချေမှုတွေကနေ ဘဏ္ဍာငွေအကူအညီပေးနေတယ်လို့ မြန်မာစစ်တပ်နဲ့ အပေါင်းအပါတွေအကြောင်းဖော်ထုတ် ပြောလေ့ရှိတဲ့ Justice For Myanmar က ထောက်ပြပါတယ်။

မြန်မာစစ်တပ်အပေါ် သစ္စာခံမှုကြောင့် တွင်းထွက်နဲ့ သတ္တုတူးဖော်ရေးလုပ်ပိုင်ခွင့်တွေဆက်ရရှိနေပြီး လုပ်ပိုင်ခွင့် အသစ်တွေလည်းရရှိနေတယ်လို့ ဆိုပါတယ်။

PNO ရဲ့ သက်တော်ရှည် ဥက္ကဋ္ဌ ဦးအောင်ခမ်းထီဟာ ငြိမ်းချမ်းရေးစယူကာ အသွင်ပြောင်းချိန် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) လက်ထက်ကတည်းက ဗိုလ်ချုပ် ခင်ညွန့်နဲ့ ဆက်ဆံရေး ကောင်းရှိခဲ့သူပါ။

ပအိုဝ်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်ဆိုပြီး အစည်းအဝေးတွေအကြိမ်ကြိမ်ပြုလုပ်ကာ ထိတွေ့ ဆက်ဆံခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းလည်း လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုတွေ ဆက်ရှိခဲ့ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ၂၀၂၃ ခုနှစ်တုန်းက ရှမ်းပြည်နယ်ခရီးစဉ်အတွင်း ကျောက်တလုံးကြီးမြို့က ဦးအောင်ခမ်းထီနေအိမ်ကို သွားရောက်ကာ နှစ်ဦးတွေ့ဆုံခဲ့ပါတယ်။

ဒါအပြင် ဦးအောင်ခမ်းထီဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချီးမြှင့်တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ကို ရရှိထားပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂ ရက်တုန်းက ပွဲအခမ်းအနားနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ဦးအောင်ခမ်းထီရဲ့ သားဖြစ်သူ ခွန်အောင်ခမ်းက ကိုယ်စားလက်ခံခဲ့တာပါ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ဦးအောင်ခမ်းထီရဲ့ သားဖြစ်သူ ခွန်အောင်ခမ်းလက်ခံ ရယူ

ဓာတ်ပုံ ရင်းမြစ်, PNO

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ဦးအောင်ခမ်းထီရဲ့ သားဖြစ်သူ ခွန်အောင်ခမ်းလက်ခံ ရယူ

အခုလို PNO ဥက္ကဋ္ဌနဲ့ သူ့မိသားစုဝင်တွေဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကောင်းရှိရုံသာမက လက်ရှိ PNO တပ်ထိပ်ပိုင်း တာဝန်ရယူထားသူတချို့ကလည်း စစ်တပ်နဲ့ ဆက်နွှယ်နေပါတယ်။

အထူးသဖြင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းအခင်းအကျင်းမှာ စစ်ယူနီဖောင်းဝတ်ဆင်လာတဲ့ PNO ရဲ့ လက်ရှိ ဒုတိယစစ်ဦးစီးချုပ် ဦးနေဝင်းထွန်းပါ။

PNO ရဲ့ ဝါဒဖြန့်သတင်းတွေကို တင်ဆက်နေတဲ့ ယူကျု့ချန်နယ်တစ်ခုက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလထဲ စစ်ယူနီဖောင်းဝတ်ဆင်ထားတဲ့ ဦးနေဝင်းထွန်းကို အင်တာဗျူးထားတဲ့ ရုပ်သံဗီဒီယိုတွေ ဆက်တိုက်ထုတ်ပြ ခဲ့ရာကနေ သူ့ရဲ့အပြောင်းအရွေ့ကို စတင်သတိထားမိခဲ့ကြတာပါ။

PNO စစ်ဝတ်စုံကိုဝတ်ဆင်ထားပြီး ပတ္တမြားစီခြယ်ထားတဲ့ နဂါးပုံရင်ထိုးဝတ်ဆင်ထားတဲ့ ဦးနေဝင်းထွန်းက "ဘယ်တိုင်းရင်းသားလူမျိုးမဆို သယံဇာတတူးဖော်သင့်ကြောင်း" အကျယ်တဝင့်ဖြေကြားနေတဲ့ ရုပ်သံကို အပိုင်းဆက်နဲ့ ဖော်ပြခဲ့တာပါ။

အရည်ကောင်းပတ္တမြားလက်စွပ်ဝတ်ထားတဲ့ လက်ကို ဝှေ့ယမ်းကာ သတ္တုတူးဖော်ရေးမှာ ၁၀ ရာခိုင်နှုန်း ထက်မပိုတဲ့ အခွန်စနစ်ကိုလုပ်ဖို့၊ သတ္တုထွက်လာရင် စက်ပစ္စည်းထုတ်ပြီး ထုတ်လုပ်လိုက်တဲ့ စက်ပစ္စည်းကို အခွန်ပေါင်းစုံ ကောက်ဖို့ဆိုတဲ့ သူ့ရဲ့အတွေးအမြင်တွေကို ထုတ်ပြောခဲ့ပါတယ်။

ဦးနေဝင်းထွန်းအကြောင်းပြန်ကြည့်မယ်ဆိုရင် သူတည်ထောင်ခဲ့တဲ့ ပတ္တမြားနဂါး (Ruby Dr‌agon) ကုမ္ပဏီက နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက်မှာ ပတ္တမြား၊ ကျောက်စိမ်း၊ ရွှေ၊ ကျောက်မီးသွေးစတဲ့ သယံဇာတတူးဖော်ရေးလုပ်ငန်းတွေနဲ့ ကြီးပွားလာခဲ့ပါတယ်။

ဒါအပြင် ဝိုင်၊ သကြား၊ ဘိလပ်မြေထုတ်လုပ်ရေးတွေသာမက ဟိုတယ်နဲ့ အိမ်ခြံမြေလုပ်ငန်းတွေအထိ တိုးချဲ့ ခဲ့သူပါ။

၂၀၀၀ ပြည့်နှစ်တွေကတည်းက သူ့ကုမ္ပဏီတွေဟာ ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးအရ အရေးယူပိတ်ဆို့တဲ့ နိုင်ငံစာရင်းထဲပါသလို ဦးနေဝင်းထွန်းကိုလည်း အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူခဲ့ပါတယ်။

PNO ဒုတိယစစ်ဦးစီးချုပ် ဦးနေဝင်းထွန်း

ဓာတ်ပုံ ရင်းမြစ်, PNO

ဓာတ်ပုံ ပုံစာ, PNO ဒုတိယစစ်ဦးစီးချုပ် ဦးနေဝင်းထွန်း

၂၀၁၀ ရွေးကောက်ပွဲနဲ့ စစ်တပ်အရာရှိကြီးတွေ အရပ်ဝတ်လဲကာ လွှတ်တော်ထဲဝင်လာချိန်မှာ တွင်းထွက်သူဌေးကြီး ဦးနေဝင်းထွန်းလည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်လာခဲ့ပြန်ပါတယ်။

ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ် ၉ ကနေ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာချိန်မှာ သတ္တုနဲ့ သယံဇာတရေးရာကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်ခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကိုပါ အမျိုးသားလွှတ်တော်ထဲ တင်သွင်းခဲ့သူပါ။

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးရေးဆိုင်ရာအဆို အကောင်အထည်ဖော်ရေးကော်မရှင်မှာလည်း ဦးနေဝင်းထွန်းက ပါဝင်ခဲ့ပါတယ်။

စစ်အစိုးရခေတ်အလွန် ရွေးကောက်ခံအစိုးရတွေလက်ထက်မှာ ပတ္တမြားနဂါးကုမ္ပဏီအုပ်စုဟာ စင်ကာပူနိုင်ငံအခြေစိုက်ကုမ္ပဏီတွေနဲ့ချိတ်ဆက်ဆောင်ရွက်တဲ့အထိ စီးပွားရေးတိုးချဲ့ခဲ့ပါတယ်။

သားဖြစ်သူ ဦးရဲမြတ်သူ နဲ့ ချွေးမဖြစ်သူ အင်ဒိုနီးရှားနိုင်ငံသား Jennifer Janeth တို့ ဦးဆောင်တဲ့ Noble Twin Dragon ကုမ္ပဏီက အိမ်ခြံမြေလုပ်ငန်းတွေကို ထိုင်းကုမ္ပဏီတွေနဲ့ပါ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။

ရန်ကုန်မြို့၊ ပြည်လမ်း ၇ မိုင်ခွဲမှာတည်ဆောက်တဲ့ Pyay Tower and Residences က ထင်ရှားပါတယ်။

ဒီလို သားဖြစ်သူအထိ စီးပွားရေးနယ်ပယ်မှာခြေဆန့်ထားနိုင်တဲ့ ဦးနေဝင်းထွန်းဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အခင်းအကျင်းမှာတော့ စစ်ရေးစစ်ရာထဲ ပိုပြီးခြေလှမ်းလာခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဘဝ တိုင်းရင်းသားဝတ်စုံပေါ်က ကျောက်သံပတ္တမြားတွေနဲ့ စီခြယ်ထားတဲ့ နဂါးရင်ထိုးဟာ စစ်ယူနီဖောင်းပေါ်ရောက်လာပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးနေဝင်းထွန်းက ပအိုဝ်းပြည်သူ့စစ် (PNO) ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဖြစ်လာချိန်မှာတော့ တပ်ရဲ့ နည်းပညာဖွံ့ဖြိုးဖို့အတွက် ငွေကြေးပိုသုံးစွဲလာတယ်လို့ စစ်ရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။

PNO တပ်မှာ ရုရှားအကူအညီရနေလား

PNO အကြီးအကဲတွေနဲ့ တပ်ဖွဲ့ဝင်တွေ ကို တွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, PNO

ဓာတ်ပုံ ပုံစာ, PNO အကြီးအကဲတွေနဲ့ တပ်ဖွဲ့ဝင်တွေ ကို တွေ့ရစဉ်

၂၀၂၅ ခုနှစ် မေလမှာဖြစ်ပွားတဲ့ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာတိုက်ပွဲသတင်းတွေကို PNO က ထုတ်ပြန်ကြေညာတဲ့အခါမှာ ဒရုန်းနဲ့ရိုက်ယူထားတဲ့ ရုပ်သံဗီဒီယိုဖိုင်တွေနဲ့ ဖော်ပြလာပါတယ်။

ပြီးခဲ့တဲ့နှစ်က တိုက်ပွဲသတင်းတွေကို အချိန်နဲ့တပြေးညီမထုတ်ပြန်ခဲ့တဲ့ PNO တပ်ဟာ အခုတော့ တိုက်ပွဲ ဖြစ်စဉ်အကြောင်း နေ့စဉ်လိုလို ရုပ်သံဖိုင်တွေနဲ့သတင်းထုတ်ပြန်နေတာပါ။

ဒါဟာ PNO တပ်တွေမှာ ဒရုန်းနည်းပညာအဆင့်မြှင့်လာတယ်ဆိုတဲ့ ပြောဆိုချက်တွေကို အတည်ပြုနေတဲ့ သဘောပါပဲ။

"ဒရုန်းနဲ့ပတ်သက်ပြီး တော်တော်လေးအသုံးပြုလာနိုင်တာကိုတွေ့ရတယ်" လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဟာ ၂၀၂၄ ခုနှစ်မှာ တပ်အတွင်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေကြောင့် အပြောင်းအလဲတွေရှိခဲ့ပါတယ်။

နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) မူကို စွဲကိုင် ရပ်တည်ပါတယ်။

စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်ဖို့ရွေးချယ်ခဲ့တဲ့ PNLA တပ်ကတော့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာမှာ ပအိုဝ်းပြည်သူ့စစ် (PNO) နဲ့ပါ ရင်ဆိုင်တိုက်ခိုက်နေရတာဖြစ်ပါတယ်။

တိုက်ပွဲအကြောင်း ဒရုန်းရိုက်ကူးမှု ဗီဒီယိုနဲ့အတူ သတင်းထုတ်ပြန်တဲ့ PNO

ဓာတ်ပုံ ရင်းမြစ်, PNO

ဓာတ်ပုံ ပုံစာ, တိုက်ပွဲအကြောင်း ဒရုန်းရိုက်ကူးမှု ဗီဒီယိုနဲ့အတူ သတင်းထုတ်ပြန်တဲ့ PNO

PNO တပ်မှာ ဒရုန်းနည်းပညာအဆင့်မြှင့်လာဖို့အတွက် စစ်ကောင်စီအကူအညီနဲ့ ရုရှားနိုင်ငံက ကျွမ်းကျင်သူတွေ လာရောက်သင်ကြားပေးတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒရုန်းအတွက်သာမက တိုက်ခိုက်ရေးအတွက်ပါ စစ်မှုထမ်းသင်တန်းတက်ရောက်နေသူတွေကို ရုရှားက သင်တန်းပေးတယ်လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။

"စစ်မှုထမ်းတက်ရတယ်၊ ထူးချွန်သူတွေကို ရုရှားကနည်းပြဆရာငှားပြီးသင်ပေးတဲ့ အထူးကွန်မန်ဒိုတပ်သား အဖြစ်လေ့ကျင့်ရတယ်။ မထူးချွန်သူတွေကတော့ ရပ်ရွာပြန်ပြီး လုံခြုံရေးစောင့်ရတာပေါ့" လို့ ပအိုဝ်းလူငယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

မေ ၁ ရက်နေ့တုန်းက ရုရှားကစစ်သင်တန်းဆရာတွေလေ့ကျင့်ပေးထားတဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့ သင်တန်း ဆင်းပွဲပြုလုပ်ခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ဒီသင်တန်းဆင်းတပ်သားတွေကို လတ်တလောဖြစ်ပွားတဲ့ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းရွာတိုက်ပွဲမှာ အသုံးပြုခဲ့တယ်လို့ စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။

ဘီဘီစီစကားပြောခွင့်ရတဲ့ PNO တပ်အရာရှိကြီးတစ်ဦးကတော့ ရုရှားကနည်းပညာရယူသလားဆိုတာနဲ့ ပတ်သက်လို့ တိတိကျကျမတုံ့ပြန်ပါဘူး။

"စစ်ရေးစစ်ရာနဲ့ဆိုင်လို့ မဖြေချင်ဘူး" လို့သာ ဘီဘီစီကို ဖြေပါတယ်။ ဒါပေမဲ့ "စစ်ရေးကတော့ သူ့ဘက်အားသာ၊ ကိုယ့်ဘက်အားသာအောင်တော့ ပြင်ရတာပေါ့လေ။ ထုံးစံပါပဲ" လို့ စစ်ရေးပြင်ဆင်မှုနဲ့ ပတ်သက်လို့ ခပ်တိုတိုပြောပါတယ်။

စီးပွားရေးအင်အားတောင့်တင်းတဲ့ PNO တပ်ဟာ ငွေကြေးကျပ်သိန်းသောင်းဂဏန်းအထိသုံးပြီး ရုရှားက ကျွမ်းကျင်သူတွေကို ငှားရမ်းလေ့ကျင့်နိုင်တယ်လို့ ရှမ်းပြည်နယ်သတင်းတွေကို ဖော်ပြနေတဲ့ သျှမ်းသံတော်ဆင့်ရဲ့ အယ်ဒီတာချုပ် ဦးစိုင်းမိဏ်းက ထောက်ပြပါတယ်။

"စီးပွားရေးကောင်းတော့ စစ်ကောင်စီကလည်း အဟန့်အတားမရှိဘူး။ စီးပွားရေးလုပ်ငန်းကရတဲ့ ငွေအင်အားနဲ့ တပ်ကိုတည်ဆောက်နေတယ်" လို့ ဦးစိုင်းမိဏ်းက ပြောပါတယ်။

ဒါဟာ PNO အနေနဲ့ ပအိုဝ်းပြည်နယ်ရရှိရေးအတွက်ပါ ရည်ရွယ်တယ်လို့ လေ့လာစောင့်ကြည့်သူတချို့က သုံးသပ်နေကြတာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဟိုပုန်း၊ ဆီဆိုင်နဲ့ ပင်လောင်းမြို့နယ်တို့ကို စုစည်းပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် မသတ်မှတ်ခင်မှာ အထူးဒေသ ၆ လို့ ခေါ်ပါတယ်။

လက်ရှိမြေပြင်အနေအထားမှာဆိုရင် အထူးဒေသ ၆ တင်မက ညောင်ရွှေ၊ ရပ်စောက်သာမက တောင်ကြီးမြို့အထိပါ PNO တပ်တွေစစ်ရေးလှုပ်ရှားမှုတွေလုပ်လာတယ်လို့ သိရပါတယ်။

အမှတ် ၂ ပင်းပက်သံမဏိစက်ရုံစီမံကိန်း မုခ်ဦးဝ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, အမှတ် ၂ ပင်းပက်သံမဏိစက်ရုံစီမံကိန်း မုခ်ဦးဝ

ရုရှားနိုင်ငံကလည်ပတ်ဖို့ကြိုးစားနေတဲ့ တောင်ကြီးမြို့၊ ပင်းပက်ဒေသက သံမဏိစက်ရုံအနီးတဝိုက်က လုံခြုံရေးဆောင်ရွက်မှုတွေမှာ စစ်ကောင်စီတပ်နဲ့အတူ PNO တပ်တွေပူးပေါင်းပါဝင်နေတဲ့ အခြေအနေပါ။

"အာဏာမသိမ်းခင်ကစက်ရုံပတ်ပတ်လည် တောင်ကြီးကရွာတွေမှာဆိုရင် PNO အင်အားတွေ မတွေ့ရဘူး။ အခု PNO က ရွာတိုင်းလိုလိုမှာ စစ်အင်အားစုဆောင်းပြီးတော့ ရပ်ရွာလုံခြုံရေးဆိုပြီး လက်နက်တပ်ဆင် ပေးထားတယ်"

"တောင်ကြီးခရိုင်ရဲ့ အရှေ့ဘက် ဒေသ လွိုင်လင်၊ ပင်လုံတို့မှာ ယဉ်ကျေးမှုအရရော ပြည်သူ့စစ်အင်အား အရပါ တိုးချဲ့လာတာတွေ့ရတယ်" လို့ သျှမ်းသံတော်ဆင့်ရဲ့ အယ်ဒီတာချုပ် ဦးစိုင်းမိဏ်းက ပြောပါတယ်။

PNO ရဲ့ တပ်အရာရှိကြီးတစ်ဦးကတော့ မြန်မာစစ်တပ်နဲ့ လက်တွဲပူးပေါင်းစရာရှိတာတွေ အတူဆောင်ရွက်ရမယ်လို့ ဘီဘီစီကို ဖြေပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နာမည်နဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေးပါတီအဖြစ်လည်း မှတ်ပုံတင်ထားပါသေးတယ်။

ဒီတော့ ပြည်နယ်တောင်းဆိုမှု၊ စစ်ကောင်စီကဦးဆောင်ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ PNO နိုင်ငံရေးပါတီအကြီးအကဲတချို့ကို ဘီဘီစီက ချဉ်းကပ်မေးမြန်းဖို့ကြိုးစားခဲ့ပါတယ်။

"လက်ရှိအချိန်မှာ ဘာမှမလုပ်ရသေးဘူး၊ ဘာမှမရှိသေးဘူး" လို့သာ PNO နိုင်ငံရေးပါတီအကြီးအကဲ တစ်ဦးက ဖြေပါတယ်။

ဒီလို PNO ရဲ့ ကြီးထွားလာမှုအပေါ် ဒေသခံတွေရဲ့ ရှုမြင်ပုံကတော့ ကွဲပြားနေပါတယ်။

PNO အင်အားချဲ့တာကြောင့် ဒေသခံတွေကြုံရတဲ့အခက်အခဲတွေ

ရှမ်းတောင်တိုက်ပွဲပုံဟောင်း

ဓာတ်ပုံ ရင်းမြစ်, KNDF

ဓာတ်ပုံ ပုံစာ, ရှမ်းတောင်တိုက်ပွဲပုံဟောင်း

"PNO က ပအိုဝ်းအမျိုးသားထုကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းမဟုတ်ဘူး" လို့ ဘီဘီစီမေးမြန်းခွင့်ရတဲ့ ဆီဆိုင်၊ ပင်လောင်းမှာနေထိုင်တဲ့ ပအိုဝ်းဒေသခံတွေက တပြေးညီတည်းပြောကြပါတယ်။

ပအိုဝ်းပြည်သူ့စစ် (PNO) မှာ စီးပွားရေးအမြင်ရှိတဲ့ ဒုတိယစစ်ဦးစီးချုပ်အပြောင်းအလဲဖြစ်တာဟာ ဒေသခံတွေအပေါ် နည်းပေါင်းစုံနဲ့ ငွေကြေးကောက်ခံတာတွေသာ တိုးလာတယ်လို့ သူတို့က ရှုမြင်တာကြောင့်ပါ။

"ရှေ့တန်းအတွက် ရိက္ခာကြေး၊ ကျည်ဆံဖိုး၊ ကားခွန် လိုရင်လိုသလိုကိုကောက်နေတယ်" လို့ ပအိုဝ်းဒေသခံ တစ်ဦးက ဆိုပါတယ်။

ပအိုဝ်းလူ့အခွင့်အရေးအဖွဲ့ (PHRG) ရဲ့ တွေ့ရှိချက်အရလည်း PNO ရဲ့ စစ်ရေးတိုးချဲ့မှုဟာ စစ်ဘေးရှောင်တွေအတွက် အခက်အခဲကြုံစေသလို ငွေကြေးကောက်ခံမှု၊ တပ်သားသစ်စုဆောင်းမှုတွေက ဒေသခံတွေ အတွက် စိန်ခေါ်မှုဖြစ်နေပါတယ်။

PNO ထိုးစစ်မြှင့်လာချိန်မှာ ပအိုဝ်းဒေသခံတွေလည်း စစ်ဘေးရှောင်လာရပြီး အဲဒီဒေသတွေမှာ လက်ခံထား တဲ့ ကရင်နီစစ်ရှောင်တွေကိုပါ အကူအညီပေးရေးအတွက် စိန်ခေါ်ချက်ရှိလာတာပါ။

"ဆီဆိုင် နောင်တော်ဘက် ပင်လောင်း နမ့်နိမ်ဘက်မှာဆိုရင် ဒေသခံတွေကိုယ်တိုင်က ခက်ခဲတယ်။ အခုဆို ပအိုဝ်းရော ကရင်နီပါ စစ်ရှောင်က သောင်းဂဏန်းအထိရှိလာပြီ" လို့ ကရင်နီစစ်ရှောင်အရေး ဆောင်ရွက်သူ ပအိုဝ်းဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်အရာရှိတွေနဲ့အတူတွေ့ရတဲ့ PNO ဒုတိယစစ်ဦးစီးချုပ် ဦးနေဝင်းထွန်း (လယ်)

ဓာတ်ပုံ ရင်းမြစ်, PNO

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်အရာရှိတွေနဲ့အတူတွေ့ရတဲ့ PNO ဒုတိယစစ်ဦးစီးချုပ် ဦးနေဝင်းထွန်း (လယ်)

ပအိုဝ်းဒေသခံတွေဟာ စစ်ဘေးမရှောင်ရချိန်မှာလည်း PNO တပ်ရဲ့ ငွေကြေးကောက်ခံမှု၊ တပ်သားစုဆောင်း မှုတွေကို ကြုံတွေ့ရတယ်လို့ သိရပါတယ်။

ငွေကြေးကောက်ခံမှုမှာဆိုရင် ကျေးရွာအလိုက် ၆ လတစ်ကြိမ် PNO ကို ငွေကြေးပေးနေရပြီး ပျှမ်းမျှအနေနဲ့ တစ်အိမ်ကို ငွေကျပ် ၅ သောင်းကနေ ၁ သိန်းအထိ ပေးနေရပါတယ်။

စစ်သားအင်အားစုဆောင်းရာမှာလည်း တစ်မိသားစုကို တစ်ဦးနှုန်းတာဝန်ထမ်းနေရပြီး ကျေးရွာအလိုက် ကွဲပြားမှုရှိတယ်လို့ သိရပါတယ်။

တာဝန်မထမ်းဆောင်နိုင်တဲ့ မိသားစုတွေကတော့ လူငှားပြီးစေလွှတ်တာ ဒါမှမဟုတ် တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းအောင် ငွေကြေးပေးရတာတွေရှိတယ်လို့ ဒေသခံတွေရော PHRG ကပါ ပြောပါတယ်။

"စစ်သင်တန်းပေးတယ် ဆိုပေမဲ့ ၄ ၊ ၅ ရက်လောက် သင်တန်းပေးပြီး ရှေ့တန်းတက်ခိုင်းတာတွေရှိတယ်။ ထိခိုက်မှုတွေရှိရင်လည်း မိသားစုက အဓိကပြန်ပြီးကုသပေးရတယ်"

"တိုက်ပွဲမှာသေဆုံးသွားရင်လည်း တိုက်ပွဲမှာသေသွားတယ်လိုပြောခွင့်မရှိသလို အသုဘစရိတ်ကအစ မိသားစုတွေကပဲ ပြန်စီစဉ်ရတယ်။ တိုးတိုးတိတ်တိတ်နဲ့ပဲ မိသားစုတွေက နာရေးကျင်းပရတယ်" လို့ PHRG ရဲ့ တာဝန်ရှိသူတစ်ဦး က ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီစကားပြောခွင့်ရတဲ့ ပအိုဝ်းအမျိုးသားတစ်ဦးဆိုရင် PNO ရဲ့ စစ်မှုထမ်းခေါ်ယူခံရမှာစိုးရိမ်တာကြောင့် နေအိမ်မပြန်ရဲတဲ့အခြေအနေပါ။

PNO တပ်ဖွဲ့ဝင်

ဓာတ်ပုံ ရင်းမြစ်, PNO

ဓာတ်ပုံ ပုံစာ, PNO တပ်ဖွဲ့ဝင်

ဒါပေမဲ့ အင်အားတိုးချဲ့နေတဲ့ PNO ကတော့ ရွာသူကြီးတွေ၊ မျိုးချစ်စိတ်ပြင်းထန်တဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကတဆင့် ပအိုဝ်းဒေသခံတွေကို စည်းရုံးနေတယ်လို့ PHRG က ထောက်ပြပါတယ်။

ဒါအပြင် PNO အကြီးအကဲတွေဟာ ဒေသခံတွေနဲ့ တွေ့ဆုံချိန်တိုင်း ကရင်နီလူမျိုးတွေဟာ ပအိုဝ်းဒေသကို နယ်မြေချဲ့ထွင်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေရှိနေတယ်လို့ ဒေသအခြေစိုက်မီဒီယာတွေက အစောပိုင်း ကတည်းက ဖော်ပြခဲ့ကြပါတယ်။

လတ်တလော ဖြစ်ပွားတဲ့ ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာတိုက်ပွဲတွေအကြောင်း ဖော်ပြရာမှာဆိုရင် PNO က "ကရင်နီ အကြမ်းဖက်တွေကို မောင်းထုတ်နေတယ်" ဆိုတဲ့ အသုံးအနှုန်းကို ဆက်တိုက်ရေးသားခဲ့တာက ထင်သာ မြင်သာရှိပါတယ်။

အထူးသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းက ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲဒေသတွေဟာ သမိုင်းကြောင်းအရ ပအိုဝ်း နဲ့ ကယား ဒေသခံတွေကြား နယ်မြေအငြင်းပွားမှုတွေရှိခဲ့တာပါ။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ကယား (ကရင်နီ) ပြည်နယ်မှာ ကရင်နီတော်လှန်ရေးလက်နက်ကိုင်တပ် တွေအားကောင်းလာပြီးတဲ့နောက် ပင်လောင်း၊ ဖယ်ခုံ နဲ့ မိုးဗြဲတို့ကို နယ်မြေစိုးမိုးထားနိုင်ပါတယ်။

ဒါပေမဲ့ ၂၀၂၅ ခုနှစ်အတွင်း PNO ရဲ့ အင်အားကြီးထွားလာမှုနဲ့အတူ ဒီဒေသတွေကိုပါ ထိုးဖောက်သွားလာနိုင်နေပြီလို့ သိရပါတယ်။

"PNO မှာစစ်အင်အားလည်း သောင်းဂဏန်းလောက်ရှိလာတယ်။ စစ်ကောင်စီနဲ့ အန္တရာယ်မပြုဘဲ အင်အားကြီးမား အောင်လုပ်မယ်ဆိုတဲ့ မျှော်လင့်ချက်ရှိတယ်"

"PNO လိုလားတဲ့ ပအိုဝ်းပြည်နယ်ထူထောင်ရေးမှာ ကရင်နီတပ်တွေ ပအိုဝ်းတော်လှန်ရေးတပ်တွေ ပူးပေါင်း လှုပ်ရှားနေတာက အဟန့်အတားဖြစ်စေတယ်လို့ ယူဆပုံရတယ်" လို့ ရှမ်းပြည်နယ်သတင်းတွေကို ဖော်ပြနေတဲ့ သျှမ်းသံတော်ဆင့်ရဲ့ အယ်ဒီတာချုပ် ဦးစိုင်းမိဏ်းက သုံးသပ်ပါတယ်။

PNLA သတ်ဖြတ်ခံရမှု

PNLA တပ်ဖွဲ့ဝင်တွေ သတ်ဖြတ်ခံရကြောင်း ထုတ်ပြန်ချက် ဗီဒီယို

ဓာတ်ပုံ ရင်းမြစ်, PNLA

ဓာတ်ပုံ ပုံစာ, PNLA တပ်ဖွဲ့ဝင်တွေ သတ်ဖြတ်ခံရကြောင်း ထုတ်ပြန်ချက် ဗီဒီယို

ဆီဆိုင်မြို့နယ် ထီစုံရွာအနီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တိုက်ပွဲဖြစ်ပွားချိန်မှာ PNO က PNLA ရဲ့ တပ်သား ၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ဒီဖမ်းဆီးခံ PNLA တပ်သားတွေကို ဇန်နဝါရီ ၁၃ ရက်မနက်ပိုင်းမှာ PNO တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ကာ သတ်ဖြတ်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ဇွန်လအစပိုင်းမှာ PNLA က ထုတ်ပြန်ခဲ့ပါတယ်။

"ဒီဗီဒီယိုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ယောက်ဆီကရတယ်။ သူက ဆီဆိုင်တိုက်ပွဲမှာပါခဲ့ပြီးမှ ကရင်နီဘက် တာဝန်ကျချိန် သုံ့ပန်းအနေနဲ့ အဖမ်းခံရပြီး သူ့ဖုန်းကိုစစ်ဆေးမှ ဒီဗီဒီယိုကိုရရှိပါတယ်"

"ဒီလိုရရှိတဲ့ပေါ်မူတည်ပြီး အခုမှ သတင်းထုတ်ပြန်တာဖြစ်ပါတယ်" လို့ PNLA ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောပါတယ်။

PNO ရဲ့ တပ်အရာရှိကြီးကတော့ ဒီရုပ်သံဖိုင်ထဲက PNLA တပ်သားတွေကို ပစ်သတ်ခဲ့သူတွေဟာ PNO တပ်သားတွေမဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။

"လက်မောင်းတံဆိပ်မတူဘူးလေ" လို့ သူကပြောပြီး PNLA တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့တာဟုတ်သလား ဆိုတဲ့ မေးခွန်းကိုတော့ ဖြစ်စဉ်တွေများပြားလို့ မမှတ်မိဘူးလို့သာ ဖြေပါတယ်။

ဒီလို သတ်ဖြတ်ခံရတာဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့တုန်းက လည်း ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ဝါးပြုံးရွာမှာ PNLA ရဲ့ တပ်ဖွဲ့ဝင် ၅ ဦး အသတ်ခံရပါ သေးတယ်။

PNLA ထုတ်ပြန်ချက်

ဓာတ်ပုံ ရင်းမြစ်, PNLA

ဓာတ်ပုံ ပုံစာ, PNLA ထုတ်ပြန်ချက်

Justice For Myanmar (JFM) ကတော့ PNO ဟာ စစ်အုပ်စုကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ နက်နက်ရှိုင်းရှိုင်းပါဝင် ပတ်သက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့အတူ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့တာ၊ လက်နက်ကြီးပစ်တာတွေ ရှိတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့တွေရဲ့ လေ့လာချက်အရသိရပါတယ်။

ဒါအပြင် PNO တပ်ဖွဲ့ကိုယ်တိုင်ကလည်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကို ကျူးလွန်နေတာလို့ JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

"သူတို့အနေနဲ့ မဖြစ်မနေ တာဝန်ခံရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာအစိုးရတွေအနေနဲ့လည်း PNO၊ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အဓိကခေါင်းဆောင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့ တောင်းဆိုပါတယ်"