ဒုချုပ် နဲ့ နေပြည်တော် ဒရုန်းတိုက်ခိုက်မှုနောက်ကွယ်က ရှားထူးဝေါ်

ဒုချုပ် နဲ့ နေပြည်တော် ဒရုန်းတိုက်ခိုက်မှုနောက်ကွယ်က ရှားထူးဝေါ်

ဓာတ်ပုံ ရင်းမြစ်, BBC

နေပြည်တော် ဒရုန်းတိုက်ခိုက်မှု နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ခရီးစဉ် ဒရုန်းတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ “ရှားထူးဝေါ်” အဖွဲ့ရှိခဲ့ပါတယ်။

ကရင်တိုင်းရင်းသားဘာသာစကားအရဆိုရင် ရှားထူးဝေါ်ဆိုတာ “မိုးသောက်ကြယ်” လို့ အဓိပ္ပာယ်ရပါတယ်။

“နည်းပညာအခြေပြုစစ်ဆင်ရေးတွေနဲ့ တော်လှန်ရေးရဲ့ ရောင်နီကို ဆောင်ကြဉ်းလမ်းပြပေးမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပေးထားတဲ့နာမည်” လို့ ရှားထူးဝေါ် အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရှားထူးဝေါ် နည်းပညာအဖွဲ့ဟာ တော်လှန်ရေးမှာ ခြေသံလုံလုံနဲ့‌လှုပ်ရှားတဲ့အဖွဲ့အစည်းတစ်ခုပါ။

ဘီဘီစီစုံစမ်းမေးမြန်းကြည့်ချက်အရတော့ တော်လှန်ရေးအင်အားစုတွေကို ဒရုန်းနည်းပညာဖြန့်ဝေပေးတာ အပြင် သတင်းအချက်အလက်စီးဆင်းမှုတချို့ကလည်း ရှားထူးဝေါ် ကလာတယ်လို့ သိရပါတယ်။

နည်းပညာတိုက်ပွဲအရွေ့တစ်ခုဖြစ်လာတဲ့ ရှားထူးဝေါ်

နည်းပညာတိုက်ပွဲအရွေ့တစ်ခုဖြစ်လာတဲ့ ရှားထူးဝေါ်

ဓာတ်ပုံ ရင်းမြစ်, Shar Htoo Waw

ဓာတ်ပုံ ပုံစာ, ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရောက်ရှိနေတုန်း ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲက ကာမီကာဇေဒရုန်းတွေနဲ့ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့

နေပြည်တော် နဲ့ ဒုချုပ် တို့ကိုတိုက်ခိုက်မှုတွေကြောင့် လူသိများလာပေမဲ့ ရှားထူးဝေါ် နည်းပညာအဖွဲ့ဟာ အရင်ကတည်းက ဒရုန်းတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး တိုက်ခိုက်မှုတွေ လုပ်နေခဲ့တာလို့ သိရပါတယ်။

“သတင်းအချက်အလက်နဲ့ နည်းပညာအတွက်တော့ ရှားထူးဝေါ်က အဓိကပါပဲ” လို့ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နေတဲ့ ပြည်သူ့ကာကွယ်ရေး (ပကဖ) ခေါင်းဆောင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က အမှတ် (၁) စစ်ဒေသ အပါအဝင် နိုင်ငံတောင်ပိုင်းတကြောက စစ်မျက်နှာပြင်တွေမှာပါ ရှားထူးဝေါ်နည်းပညာအဖွဲ့၊ တပ်ခွဲတွေရဲ့ လှုပ်ရှားမှုတွေကို ခပ်စိပ်စိပ်တွေ့လာရပါတယ်။

စစ်ကိုင်းတိုင်းအပါအဝင် မကွေး၊ မန္တလေးနဲ့ ရှမ်း တို့က ဒေသအချို့ကို စုစည်းပြီး အမှတ် (၁) စစ်ဒေသအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဧပြီ ၄ ရက်နေ့က နေပြည်တော်လေဆိပ်ဌာနချုပ် နဲ့ စစ်ရုံးချုပ် ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။ ရက်ပိုင်းအတွင်း ဧပြီ ၈ ရက်နဲ့ ၉ ရက်တွေမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို ရောက်ရှိချိန် ဒရုန်းနဲ့ ဆက်တိုက် တိုက်ခိုက်ခံခဲ့ရပြန်ပါတယ်။

စစ်ကောင်စီကို ကြီးကြီးမားမားထိတ်လန့်စေခဲ့တဲ့ ဒီတိုက်ခိုက်မှု နှစ်ခုလုံးက ရှားထူးဝေါ်က ပေးတဲ့သတင်းအချက်အလက်အရ အကောင်အထည်ဖော်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒီနည်းပညာအသုံးပြု စစ်ဆင်ရေးနှစ်ခုထဲက နေပြည်တော် တိုက်ခိုက်မှုကို ငါးလနီးပါး အချိန်ယူပြင်ဆင်ခဲ့ကြတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

နေပြည်တော် အေလာ လေဆိပ်ကို Lethal Prop တပ်ခွဲ နဲ့ စစ်ရုံးချုပ်ကို Kloud ဒရုန်းတပ်ခွဲ တို့က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုတော့ Alpha Bats တပ်ခွဲ က တိုက်ခိုက်ခဲ့ပြီး သတင်းရရချင်း တိုက်ခိုက်ခဲ့တာလို့ တပ်ခွဲတွေက ပြောပါတယ်။

“ဒရုန်းတွေကတော့ အရင်ကတည်းက ကျွန်တော်တို့ကြိုတင်တပ်ဆင်ထားပြီးသားတွေရှိပါတယ်။ သူ (ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း) ရောက်နေတဲ့သတင်းကတော့ ကျွန်တော်တို့တပ်ဖွဲ့တွေဆီ ရှားထူးဝေါ်ကနေ သတင်းရောက်လာတာပါ” လို့ ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့ Alpha Bats တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဖြေထားပါတယ်။

ဒီတော့ သတင်းစီးဆင်းနိုင်ဖို့အတွက် ဘယ်လိုတည်‌ဆောက်ထားလဲလို့ ရှားထူးဝေါ်ကို ဘီဘီစီက မေးခွန်းထုတ်ချိန်မှာတော့ “သတင်းစီးဆင်းမှုနဲ့ ပစ်မှတ်အပိုင်းတွေက ဘယ်သူမှ မသိကြပါဘူး၊ အချင်းချင်းယုံကြည်မှုတည်ဆောက်ပြီး သစ္စာတရားနဲ့ပဲ သွားကြရတာပါ” လို့ သာ တုံ့ပြန်ဖြေပါတယ်။

ရှားထူးဝေါ်ဆိုတာနည်းပညာလား၊ အဖွဲ့အစည်းလား

ရှားထူးဝေါ်ဆိုတာနည်းပညာလား၊ အဖွဲ့အစည်းလား

ဓာတ်ပုံ ရင်းမြစ်, CDSOM

ဓာတ်ပုံ ပုံစာ, ရှားထူးဝေါ်တံဆိပ်ပါ ဒရုန်း

မေလဆန်းပိုင်းမှာပဲ စစ်ကိုင်းတိုင်းက ရွှေဘို၊ ပုလဲ၊ ဆားလင်းကြီး မြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းအင်အားစုတွေ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေမှာ ရှားထူးဝေါ်နည်းပညာတွေအသုံးပြုလာတာကို ထုတ်ပြန်ချက်တွေအရ ထင်သာမြင်သာတွေ့ရပါတယ်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက တော်လှန်ရေးဒရုန်းတိုက်ခိုက်ရေးသမားတွေကို ရှားထူးဝေါ် နည်းပညာသင်တန်းတွေပေးနေခဲ့ပြီး ပြီးခဲ့တဲ့နှစ်လယ်ပိုင်းကစလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က လက်တွေ့ အသုံးချနေပြီလို့ သိရပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာ ရှားထူးဝေါ် နည်းပညာအသုံးပြုတိုက်ခိုက်တာတွေ ပိုတိုးလုပ်လာနိုင်ပြီလို့ ဒရုန်းတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

“ရှားထူးဝေါ်က ဆရာတွေကကျွန်တော်တို့ကို ၂၀၂၂ ဒီဇင်ဘာလမှာ အရင်သင်တန်းပေးတယ်။ ကျွန်တော်ဆိုရင် လက်တွေ့လည်း တိုက်ခိုက်ရေးလုပ်တယ်၊ ဒေသမှာစိတ်ဝင်စားသူတွေကိုလည်း ကျွန်တော်တို့သင်တန်းပြန်ပေးတယ်” လို့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက် CDSOM ဒရုန်းတပ်ဖွဲ့ခေါင်းဆောင်က ဘီဘီစီကို ပြောပါတယ်။

CDSOM ဟာ ရှားထူးဝေါ်နည်းပညာကိုအသုံးပြုတိုက်ခိုက်တဲ့ ဒရုန်းတပ်ဖြစ်ပြီး ဒီနည်းပညာနဲ့ စစ်ကောင်စီတပ်စခန်း (၃) ခုသိမ်းယူထားနိုင်ကာ မစ်ရှင်အကြိမ်ရေ (၅၀) ကျော်လှုပ်ရှားထားပြီလို့ သိရပါတယ်။

မြောင်မြို့နယ်နဲ့ ဧရာဝတီတဖက်ကမ်းမှာရှိတဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက ကိုင်းရွာ၊ ဆင်ချောင်းရွာ နဲ့ ကြည်ရွာတို့မှာ စခန်းချထားတဲ့စစ်ကောင်စီတပ်တွေကို ရှားထူးဝေါ်နည်းပညာသုံးတိုက်ခိုက်ခဲ့ပြီး သိမ်းယူနိုင်ခဲ့ တယ်လို့ CDSOM ရဲ့စာရင်းအရ သိရပါတယ်။

ဒါအပြင် ရှားထူးဝေါ်နည်းပညာအဖွဲ့အောက်က တပ်ခွဲတွေလည်းရှိပြီး နေပြည်တော်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကို တိုက်ခိုက်ခဲ့တဲ့ Kloud၊ Lethal Prop နဲ့ Alpha Bats တို့ဟာ ထင်ထင်ရှားရှားတွေ့မြင်နိုင်တဲ့ တပ်ခွဲတွေပါ။

ရှားထူးဝေါ်နည်းပညာအဖွဲ့အောက်က မဟုတ်ဘဲ သီးသန့်တိုက်ခိုက်ရေးဆောင်ရွက်နေတဲ့ Federal Wings ၊ Force for Federal Democracy – FFD လို ဒရုန်းတပ်တွေလည်း ရှိနေပါသေးတယ်။

ရှားထူးဝေါ် နဲ့တွဲဖက် ကာမီကာဇေဒရုန်း

ရှားထူးဝေါ် နဲ့တွဲဖက် ကာမီကာဇေဒရုန်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, နေပြည်တော်အေလာလေဆိပ်တိုက်ခိုက်မှုမှာ စစ်ကောင်စီဖျက်ချခဲ့တဲ့ကာမီကာဇေဒရုန်း

ရှားထူးဝေါ် နည်းပညာအဖွဲ့ လို့ပြောတာနဲ့ တွဲဖက်သိကြတဲ့ “ကာမီကာဇေ” အမျိုးအစားဒရုန်းတွေကိုတော့ တိုက်ခိုက်မှုတိုင်းမှာအသုံးပြုလေ့မရှိဘူးလို့ ဒရုန်းတပ်တွေက ဖြေကြပါတယ်။

“ကာမီကာဇေကတော့ ပစ်မှတ်ကိုပိုပြီးထိတယ် ဒါပေမဲ့ ဈေးနှုန်းကလည်း တစ်စင်းကို သိန်းသုံးဆယ်ကနေ ငါးဆယ်အထိ ကုန်ကျတယ်။ ပစ္စည်းထည့်ရင်ထည့်သလိုကုန်ကျတယ်” လို့ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတိယတာဝန်ခံက ရှင်းပြပါတယ်။

အာဏာသိမ်းအစောပိုင်းကာလတွေတုန်းက Drop Bomb လို့ သိကြတဲ့ ပြန်လည်မွမ်းမံထားတဲ့ အပျော်တမ်းဒရုန်းတွေမှာ ဗုံးသီးချိတ်ဆွဲပြီး ပစ်မှတ်နေရာမှာ ကြဲချကာ ဒရုန်းကို ပြန်ခေါ်ယူတဲ့ပုံစံနဲ့ တိုက်ခိုက်ခဲ့ကြတာပါ။

အဆင့်ဆင့်တိုးတက်လာရာကနေ ဒုတိယကမ္ဘာစစ်တုန်းက နာမည်ကြီးအသေခံလေကြောင်း တိုက်ခိုက်မှုဖြစ်တဲ့ “ကာမီကာဇေ” အမည်ကို အစွဲပြုထားတဲ့ ဒရုန်းတွေကိုပါ အသုံးပြုလာကြပါပြီ။

“ပစ်မှတ်က ခပ်ဝေးဝေးမှာဆိုရင်တော့ ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်ပါတယ်။ ကာမီကာဇေ သ‌ဘောတရားအရက ဖောက်ခွဲမယ့်ပစ္စည်းတွေကိုသယ်ပြီး တစ်ကြောင်းတည်းပဲသွားတယ် တစ်ခါတည်း ဖောက်ခွဲပစ်တယ်” လို့ Alpha Bats ဒရုန်းတပ်ခွဲ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တော်လှန်ရေးဒရုန်းတပ်တွေအသုံးပြုနေတဲ့ ကာမီကာဇေဒရုန်းတွေဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာအသုံးပြုနေတဲ့ စစ်တပ်သုံး ကာမီကာဇေဒရုန်းတွေမဟုတ်ဘဲ နည်းပညာအခြေခံပြီး ပြန်လည် တပ်ဆင်ထားတဲ့ ဒရုန်းတွေဖြစ်ပါတယ်။

“ကောလင်းမြို့သိမ်းတိုက်ပွဲတုန်းကလည်း ကာမီကာဇေဒရုန်းတွေပါ ပါတယ်။ ကျွန်တော်တို့တပ်က ကာမီကာဇေ ၅ စီးယူသွားခဲ့တာဗျ” ကောလင်းတိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ CDSOM ဒရုန်းတပ်ခေါင်းဆောင်က ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ Jammer ကို Force for Federal Democracy - FFD ဒရုန်းတပ်က သိမ်းဆည်းရမိခဲ့စဉ်

ဓာတ်ပုံ ရင်းမြစ်, FFD

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ Jammer ကို Force for Federal Democracy - FFD ဒရုန်းတပ်က သိမ်းဆည်းရမိခဲ့စဉ်

ပုံမှန်သုံးနေတဲ့ ဒရုန်းတွေနဲ့ ကာမီကာဇေဒရုန်းကွာခြားချက်နောက်တစ်ချက်က “ကာမီကာဇေက စစ်တပ်ရဲ့ Jammer တွေကိုကျော်နိုင်တယ်” လို့ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဒုတိယတာဝန်ခံက အတိုချုံ့ ခွဲခြားပြပါတယ်။

အခုလို နည်းပညာအဆင့်မြင့်လာတာနဲ့အတူ စစ်ကောင်စီတပ်တွေကလည်း တော်လှန်‌ရေးတပ်တွေရဲ့ စခန်းနေရာတွေကို ဒရုန်းနဲ့တန်ပြန်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်လာတယ်လို့ လတ်တလော ထီးချိုင့်မြို့နယ်ကနှစ်ဖက်ထိတွေ့တိုက်ပွဲနဲ့ ဥပမာပြုပြောပြပါတယ်။

“ထီးချိုင့်မှာဆိုရင် ကျွန်တော်တို့ဘက်ကလည်း ဒရုန်းနဲ့ တိုက်တယ်၊ သူတို့ကလည်း ဒရုန်းနဲ့ပြန်တိုက်တယ်။ သူတို့လည်း Jammer သုံးတယ်၊ ကျွန်တော်တို့လည်း Jammer ဆောင်နေရပြီ” လို့ မြေပြင်အခြေအနေ အကြောင်း ကသာမြို့နယ် (ပကဖ) ဒုတိယတာဝန်ခံက ဆက်ပြောပါတယ်။

နည်းပညာအခြေပြုတိုက်ပွဲတွေဖြစ်လာတာကြောင့် အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း တိုက်ရိုက်ရေး ဒရုန်းတွေဟာ စစ်ရေးအပြောင်းအလဲ ဖြစ်စေတယ်လို့ တော်လှန်‌ရေးအင်အားစုတွေရော စစ်ရေးအကဲခတ် တွေကပါ သုံးသပ်ပါတယ်။

“အရင်က တိုက်ပွဲတစ်ပွဲမှာ တပ်ရင်း (၁) ရင်းလောက်သုံးခဲ့ရပေမဲ့ အခုက လူအင်အားအများကြီးမလိုတော့ ဘူး။ ရှားထူးဝေါ်နည်းပညာသုံးပြီး ဒရုန်းနဲ့တိုက်ခိုက်တာကပိုထိရောက်တယ်” လို့ စစ်ရေးအခင်းအကျင်းနဲ့ ပတ်သက်ပြီး CDSOM ဒရုန်းတပ်ခေါင်းဆောင်က မြင်သာအောင် ပြောပြခဲ့ပါတယ်။