အီရန်လုပ် ဒရုန်းအင်ဂျင်တွေကို မြန်မာစစ်တပ် အသုံးပြုနေ

တီဟီရန် အေရိုစပေ့စ် ပြပွဲမှာ တွေ့ရတဲ့ MD550 အမျိုးအစား ဒရုန်းအင်ဂျင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တီဟီရန် အေရိုစပေ့စ် ပြပွဲမှာ တွေ့ရတဲ့ MD550 အမျိုးအစား ဒရုန်းအင်ဂျင်

အာဏာသိမ်း မြန်မာစစ်တပ်ဟာ အီရန်နိုင်ငံရဲ့ ထောက်ပံ့ကူညီမှုတွေ ရရှိနေတာကို ပြသနေတဲ့ အချက်အလက်တွေ ပိုတိုးပြီး တွေ့လာနေရတယ် ဆိုပြီး အီရန် အင်တာနေရှင်နယ် သတင်းဌာနက လတ်တလောမှာ ထပ်ပြီး ပြောလာပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ်ဆန်းတုန်းကလည်း အီရန် လေယာဥ်တွေ မြန်မာနိုင်ငံထဲ အဝင်အထွက် အသွားအလာတွေ ရှိခဲ့ကြောင်း အီရန် အင်တာနေရှင်နယ်က ထုတ်ဖော် ရေးသားခဲ့ပါတယ်။

အခုတစ်ခေါက်မှာတော့ မြန်မာ စစ်တပ်ဟာ သူတို့ရဲ့ ဒရုန်းယာဥ်ပျံတွေ မွမ်းမံပြင်ဆင်ရေး အတွက် အပိုပစ္စည်း အစိတ်အပိုင်းတွေ၊ အထူးသဖြင့် ဒရုန်း အင်ဂျင်တွေကို အီရန်ကနေ ဝယ်ယူထားတယ် ဆိုပြီး အီရန် အင်တာနေရှင်နယ်ရဲ့ ဆောင်းပါးရှင် ရောဘတ်ဘိုဆီယာဂါက ရေးပါတယ်။

တစ်ကျော့ပြန် စစ်အာဏာသိမ်းပြီး ၂ နှစ် ကျော် ကာလ ရောက်ချိန်မှာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေဟာ ဆက်လက် ဆိုးရွား ကျယ်ပြန့်နေပြီး၊ စစ်တပ်ဟာ တော်လှန်ရေး အင်အားစုတွေရဲ့ တည်နေရာကို ထောက်လှမ်းဖို့၊ ပစ်မှတ် ရှာဖွေနိုင်ဖို့ရာ ဒရုန်းယာဥ်ပျံတွေကို တိုးမြှင့် သုံးစွဲနေတယ် ဆိုတဲ့ အချက်ကို ဖော်ပြထားတဲ့ နိုင်ငံတကာ သုတေသန စစ်တမ်းတွေလည်း ရှိနေပါတယ်။

တရုတ်လုပ် ဒရုန်းယာဥ်ပျံအုပ်စု မြန်မာစစ်တပ် ထားရှိသုံးစွဲ

 တရုတ် အထူးတပ်ဖွဲ့ ဒရုန်းယာဥ်ပျံသုံး လေ့ကျင့်မှု၊ ကွမ်ရှီးပြည်နယ် မတ် ၂၀၂၃။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ် အထူးတပ်ဖွဲ့ ဒရုန်းယာဥ်ပျံသုံး လေ့ကျင့်မှု၊ ကွမ်ရှီးပြည်နယ် မတ် ၂၀၂၃။

ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး စင်တာ CSIS ရဲ့ ထုတ်ပြန်ချက်အရ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခထဲမှာ အသုံးချဖို့ မြန်မာစစ်တပ်ထံမှာ တရုတ်နိုင်ငံလုပ် ထောက်လှမ်းရေး ဒရုန်းယာဥ်ပျံ အုပ်စု ထားရှိထားတယ်လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ် ဝန်းကျင်ကတည်းက တရုတ် ဒရုန်းယာဥ်ပျံတွေကို မြန်မာစစ်တပ် အသုံးပြုလာခဲ့တာ ဖြစ်တယ်လို့လည်း CSIS က ဆိုထားပါတယ်။ ၂၀၂၁ တစ်ကျော့ပြန် အာဏာ သိမ်းခဲ့တဲ့နောက် စစ်ရေး အခြေအနေတွေ နိုင်ငံအနှံ့ ပိုပြီး ဆိုးရွား ကျယ်ပြန့်လာတာနဲ့ အမျှ စစ်တပ်ဟာ ဒရုန်းယာဥ်ပျံတွေ အသုံးချရမှုလည်း ပိုပြီး တိုးမြင့် လာရတယ်လို့လည်း အကဲခတ်တွေက ပြောကြပါတယ်။

ဒါ့ကြောင့် မြန်မာစစ်တပ်ဟာ သူတို့ရဲ့ ဒရုန်းတွေ မွမ်းမံ ပြင်ဆင်ရေး အတွက် အပိုပစ္စည်းတွေလည်း ဝယ်ယူ ထားရှိရတာမှာ အထူးသဖြင့် အင်ဂျင်စက်တွေကို အီရန်ကနေ ဝယ်ယူထားတာ ဖြစ်တယ်လို့ အီရန် အင်တာနေရှင်နယ်က အခု ပြောနေတာ ဖြစ်ပါတယ်။

ဘက်ပြောင်းမြန်မာစစ်ဗိုလ်ရဲ့ထွက်ဆိုချက်

မူလဂျာမန်ဒီဇိုင်းကို ပုံတူပွားပြီး လိုက်လံပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မူလဂျာမန်ဒီဇိုင်းကို ပုံတူပွားပြီး လိုက်လံပြုလုပ်

ဒရုန်းအင်ဂျင်စက်တွေကို အီရန်ကနေ မြန်မာစစ်တပ် ဝယ်ယူတယ် ဆိုတဲ့ အချက်ကို မြန်မာစစ်တပ်ကနေ စွန့်ခွာပြီး တော်လှန်ရေး အင်အားစုတွေထံ ဘက်ပြောင်း ခိုလှုံလာတဲ့ ဗိုလ်ကြီးရာထူး အဆင့်ရှိသူ တစ်ယောက်ကို ကိုးကားပြီး အီရန် အင်တာနေရှင်နယ်က ရေးပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

“စစ်အာဏာသိမ်းပြီး မကြာခင်မှာပဲ အီရန်ထံကနေ ဒရုန်း အင်ဂျင်စက်တွေ ဝယ်ယူဖို့ရာ စတင် လုပ်ဆောင်လာခဲ့တယ်။ အီရန် တာဝန်ရှိသူတွေနဲ့ကြား ဆွေးနွေး စကားပြောဆိုတာတွေ အပြန်အလှန် လုပ်ဆောင်ခဲ့တယ်။ အင်ဂျင်စက်တွေ တကယ်ရောက်လာဖို့ အချိန်တချို့ ယူခဲ့ရတယ်” ဆိုပြီး အဲဒီ စစ်ဗိုလ်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီသူဟာ ကိုယ်တိုင် အီရန်နဲ့ကြား ဆွေးနွေ ညှိနှိုင်းမှုတွေထဲ ပါဝင်ခဲ့သူဖြစ်ပြီး၊ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ စာရွက်စာတမ်းတွေကို ကိုယ်တိုင် မျက်မြင် တွေ့ခဲ့ရသူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ကျွန်တော် အစည်းအဝေးတွေထဲ ရှိနေခဲ့တယ်။ ဝယ်ယူဖို့ရာ အော်ဒါမှာတဲ့ စာရွက်စာတမ်းတွေကို တွေ့မြင်ခဲ့ရတယ်။ ဝယ်ယူခဲ့တာတွေ MD 550 အမျိုးအစားတွေ ဖြစ်တယ်” ဆိုပြီး အဲဒီ ဗိုလ်ကြီးက အီရန် အင်တာနေရှင်နယ်ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

MD 550 ဒရုန်းအင်ဂျင်တွေဟာ ၁၉၈၀ ပြည့်ကျော်နှစ်တွေတုန်းက ဂျာမနီကုမ္ပဏီ လင့်(မ)ဘတ်ခ် Limbach ကနေ ဒီဇိုင်းထုတ်ခဲ့တဲ့ ပရိုတိုတိုက်ပ် နမူနာ ပုံစံငယ်တွေကို လေ့လာပြီး ပြန်လည်ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အဲဒီလို မူလ L 550 E ဆိုတဲ့ ဂျာမန် ဒီဇိုင်းကနေ တိုက်ရိုက် လက်ဆင့်ကမ်း ခံရတာမဟုတ်ဘဲ Reverse engineering နည်းနာလို့ ခေါ်တဲ့ အသေချာ နားလည် သဘောပေါက်အောင် ကိုယ်တိုင် လေ့လာပြီး MD 550 အင်ဂျင်တွေ အဖြစ် တစ်ဆင့် ပြန်လည် ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

အဲဒီလို MD 550 အင်ဂျင်တွေ အဖြစ် ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီဟာ MADO လို့ အဓိက ရည်ညွှန်း ခေါ်ကြတဲ့ Oje Parvaz Mado Nafar ဆိုတဲ့ အီရန် ကုမ္ပဏီ ဖြစ်တယ်လို့ အမေရိကန် ပညာရှင်တွေက ယူဆထားပါတယ်။

အထူးသဖြင့် အဲဒီကောက်ချက်ကို ချတဲ့ ပညာရှင် အဖွဲ့တွေ ကတော့ ဝါရှင်တန်ဒီစီ မြို့တော် အခြေစိုက် အီရန်ရဲ့ နယူကလီယာ ရည်မှန်းချက် အပေါ် စောင့်ကြည့်ရေး စုပေါင်း အဖွဲ့ ဖြစ်တဲ့ UANI သုတေသနဌာနနဲ့ ဝစ္စကွန်ဆင် နယူကလီယာ လက်နက် ထိန်းချုပ်ရေး ပရောဂျက် အဖွဲ့ တို့ ဖြစ်ပါတယ်။

“မူလ L 550 E ရဲ့ ကော်ပီပွား MD 550 ကို ပြုလုပ်တာ တရုတ် ဖြစ်တယ် ဆိုပြီး ပြောဆိုချက် တချို့လည်း ရှိထားတော့ နည်းနည်းတော့ ဒွိဟများဖွယ် ဖြစ်နေပါတယ်။ ဒါပေမဲ့ သက်သ အထောက်အထား အချက်အလက်တွေကို ပိုပြီး သိလာ ရလေလေ၊ ပိုပြီး ပြောလာနိုင်တာကတော့ တရုတ်ရော အီရန်ရော ဝိုင်းပြီး ကော်ပီကူးကြတာ ဖြစ်နိုင်ပေမဲ့ အဓိက ကတော့ အီရန်ပဲ ဆိုပြီး ပြောလာနိုင်တယ်” လို့ UANI ရဲ့ သုတေသနပိုင်း ဒါရိုက်တာ ဒင်နီရယ် ရော့သ်က ဆိုပါတယ်။

အီရန် ကုမ္ပဏီ MADO ထူထောင်ပြီး နောက်တစ်နှစ် တီဟီရန်မြို့တော်မှာ ပြုလုပ်တဲ့ အီရန် အေရိုစပေ့စ် ပြပွဲကြီးမှာ အဲဒီ MD 550 ဒရုန်းအင်ဂျင် အမျိုးအစားကိုလည်း ထည့်သွင်း ပြသခဲ့ပါတယ်။ အဲဒီ MADO ကုမ္ပဏီဟာ ၂၀၂၁ အောက်တိုဘာက စပြီး အမေရိကန်ရဲ့ ပိတ်ဆို့မှု ဆန်ရှင်စာရင်းထဲ ပါဝင်လာပါတယ်။

မြန်မာ ဘက်ပြောင်း စစ်ဗိုလ်ရဲ့ အဆိုအရ MD550 ဒရုန်းအင်ဂျင်တွေကို အစားထိုး အပို ပစ္စည်းတွေ အဖြစ် မြန်မာ လေတပ်က အသုံးပြုတယ်၊ လိုအပ်တဲ့ လဲလှယ် တပ်ဆင်မှုတွေကို မိထ္ထီလာ လေတပ် အခြေစိုက် စခန်းမှာ ပြုလုပ်တယ်လို့ ဆိုပါတယ်။

အီရန်လေယာဥ် မြန်မာပြည်ထဲ အဝင်အထွက်ရှိခဲ့

ဆီး၇ီးယားထဲ လူသူလက်နက် ပို့ဆောင်လို့ အမေရိကန် ဆန်ရှင်မိထားတဲ့ အီရန် ကုန်တင် လေကြောင်းလိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆီးရီးယားထဲ လူသူလက်နက် ပို့ဆောင်လို့ အမေရိကန် ဆန်ရှင်မိထားတဲ့ အီရန် ကုန်တင် လေကြောင်းလိုင်း

MD 550 ဒရုန်းအင်ဂျင်တွေ အီရန်ကနေ မြန်မာပြည်ထဲ ဘယ်အချိန် ပထမဆုံး စဝင်လာသလဲ ဆိုတာ အတိအကျ မသိပေမယ့်၊ ပြီးခဲ့တဲ့နှစ် အစောပိုင်းမှာ ဖြစ်နိုင်တယ်လို့ အီရန် အင်တာနေရှင်နယ်က ဆိုပါတယ်။

အဲဒီ သတင်းဌာန ထောက်ပြတာကတော့ ဆွီဒင် အခြေစိုက် လေယာဥ် ပျံသန်းမှု စောင့်ကြည့်ရေး နိုင်ငံတကာ အဖွဲ့ ဖြစ်တဲ့ Flightradar24 ရဲ့ အချက်အလက် ဒေတာတွေအရ အီရန်ရဲ့ Fars Air Qeshm ဆိုတဲ့ ကုန်တင် လေယာဥ် လေကြောင်းလိုင်းက လေယာဥ်ဟာ မြန်မာပြည်ကို ရောက်လာခဲ့ပါတယ်။

အီရန်ရဲ့ ဒုတိယ အကြီးဆုံးမြို့ မာရှာ့ဒ် Mashhad ကန ရန်ကုန်ကို ပျံသန်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ Fars Air Qeshm လေကြောင်းလိုင်းလည်းပဲ အမေရိကန်ရဲ့ ပိတ်ဆို့မှု ဆန်ရှင်စာရင်းထဲ ထည့်သွင်းခံထားရပါတယ်။ အကြောင်းကတော့ ဆီးရီးယားနိုင်ငံထဲကို လူသူလက်နက်တွေ ပို့ဆောင်ပေးခဲ့ကြောင်း အမေရိကန်က တွေ့ရှိထားတဲ့ အတွက် ဖြစ်ပါတယ်။

အဲဒီ မာရှာ့ဒ်-ရန်ကုန် လေယာဥ် အဝင်အထွက် ရှိခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံထဲက တော်လှန်ရေး အင်အားစုတွေရဲ့ နယ်မြေတွေ အထက် စစ်တပ်ရဲ့ ဒရုန်းယာဥ်ပျံ လှုပ်ရှားမှုတွေ သိသိသာသာ တိုးမြင့်လာခဲ့တယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

ထောက်လှမ်းရေး ဒရုန်းတွေကို အသုံးပြုပြီး မြန်မာစစ်တပ်ဟာ ပစ်မှတ် ရှာဖွေ သတ်မှတ်လေ့ ရှိတယ် ဆိုတဲ့ အချက်ကို ဘက်ပြောင်း မြန်မာစစ်ဗိုလ်ကလည်း အတည်ပြုပါတယ်။ ကရင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူး ဒေသတွေမှာ ဒရုန်းကို အထူး အသုံးပြုတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ အီရန် အစိုးရကြား ဆက်ဆံရေး တိုးလာမယ်ဆိုရင် ပိုပြီး မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုလို့တောင် ရှုပ်ထွေးသွားပြီး၊ ဒေသတွင်း တည်ငြိမ်မှုကိုပါ အန္တရာယ်ပြုလာ စေလိမ့်မယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

NUG အနေနဲ့လည်း အီရန်နဲ့မြန်မာကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ရှိနေတာကို သတိပြု သိရှိနေတယ် ဆိုပြီး NUG ကာကွယ်ရေးဌာနရဲ့ ပြောခွင့်ရ တစ်ယောက်ဖြစ်တဲ့ ကိုနိုင်ထူးအောင်ကို ကိုးကားပြီး အီရန် အင်တာနေရှင်နယ်က ရေးပါတယ်။

မြန်မာ စစ်တပ်ကို အီရန်အစိုးရက ပံ့ပိုးပြီး စစ်ဘက်ဆိုင်ရာ အသုံးချနိုင်တဲ့ ပစ္စည်းတွေ ရောင်းချပေးနေမယ် ဆိုရင် မြန်မာပြည်တွင်း စစ်တပ်ရဲ့ ကျူးလွန် သတ်ဖြတ်မှုတွေမှာ ကြံရာပါ ဖြစ်ရုံမက၊ ဒေသတွင်းနဲ့ နိုင်ငံတကာ လုံခြုံရေးကိုလည်း ထိခိုက် ပျက်ယွင်းစေတာမျိုး ဖြစ်တယ်လို့ အဲဒီ NUG ကာကွယ်ရေးဌာန အတွင်းဝန် ကိုနိုင်ထူးအောင်က အီရန် အင်တာနေရှင်နယ်ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။