“ဒုချုပ်ရောက်နေတာသိသိချင်းပဲ ဒရုန်းနဲ့တိုက်ခဲ့တာဗျ” – Alpha Bats ဒရုန်းအဖွဲ့တာဝန်ရှိသူ

ဓာတ်ပုံ ရင်းမြစ်, Alpha Bats
မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို စစ်ကောင်စီဒုတိယ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရောက်ရှိနေတုန်း ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲက ကာမီကာဇေဒရုန်းတွေနဲ့ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဧပြီ ၈ ရက်နဲ့ ၉ ရက်တွေမှာ တိုက်ခိုက်တာဖြစ်ပြီး ဒုချုပ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့က တရားဝင်ထုတ်ပြန်ပေမဲ့ စစ်ကောင်စီကတော့ အသံဗုံးနဲ့သာ တိုက်ခိုက်ခံရတာလို့ ရက်ပိုင်းအတွင်း တုံ့ပြန်ပြောခဲ့တာပါ။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ “နိုင်ငံတော် ကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်တွေကို ပုံမှန်ထမ်းဆောင်နေပါတယ်”လို့သာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ပတ်သက်ပြီး ဘီဘီစီကို အခုလိုပြောခဲ့ပါတယ်။
ဒီတော့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တိုက်ခိုက်ခဲ့တဲ့ ကာမီကာဇေဒရုန်းဆိုတာဘာလဲ .. ဘယ်လိုပစ်မှတ်တွေကို ရွေးချယ်တိုက်ခိုက်နေတာလဲ .. စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလ တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းတိုက်ခိုက်မှုစွမ်းရည်တွေအကြောင်း Alpha Bats ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကို ဘီဘီစီ က ဆက်သွယ်မေးမြန်းထားပါတယ်။
ဒုချုပ်ဘယ်လိုတိုက်ခိုက်ခံရလဲ

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဘီဘီစီ - စစ်ကောင်စီဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကို ဘယ်လိုတိုက်ခိုက်ခဲ့တာလဲ။
Alpha Bats - ဒရုန်းတွေကတော့ အရင်ကတည်းက ကျွန်တော်တို့ကြိုတင်တပ်ဆင်ထားပြီးသားတွေ ရှိပါတယ်။ သူရောက်နေတဲ့သတင်းကတော့ ကျွန်တော်တို့တပ်ဖွဲ့တွေဆီ ရှားထူးဝေါ်ကနေ သတင်းရောက်လာတာပါ။ ပစ္စည်းလည်းရှိနေတော့ သတင်းရတဲ့နေ့တွင်းချင်းပဲ ညနေ ၅ နာရီ ၁၀ မိနစ်မှာ တိုက်ခိုက်ခဲ့ပါတယ်။ သူရောက်နေတာသိသိချင်းပဲ အကောင်အထည်ဖော်တာဗျ။ ဧပြီ ၈ ရက် တိုင်းရုံးခန်းမမှာ အစည်းအဝေးလုပ်တယ်ကြားတော့ ဒရုန်းနှစ်စင်းနဲ့ အရင်တိုက်ခိုက်တယ်။ တိုက်ခိုက်ခဲ့ရပြီး သူရုံးဆင်းသွားပြီးတော့ နောက်တနေ့မှာ မပြန်ဘဲ အဲဒီမှာပဲဆက်ပြီး အားကစားခန်းမမှာ တောင်ပိုင်းစစ်မျက်နှာပြင်ဖြစ်တဲ့ သင်္ဃန်းညီနောင်တို့ မြဝတီတို့ဘက်အတွက် အစည်းအဝေး ဆက်လုပ်တယ်လို့ သတင်းရတယ်။ ဧပြီ ၉ ရက်နေ့မှာက အစည်းအဝေးလုပ်တဲ့ အားကစားခန်းမကို ဒရုန်း သုံးစင်း၊ ရဟတ်ယာဉ်ကွင်းကိုက နှစ်စင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။
ဘီဘီစီ - တိုက်ခိုက်မှုပြီးတော့ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို ဘယ်လိုကြားသိခဲ့ရလဲ။ နောက်ဆုံးသိရှိထားရတဲ့အခြေအနေလည်း သိပါရစေ။
Alpha Bats - ဖြစ်ဖြစ်ချင်းက ပေါက်ကွဲသံတွေကြားရတယ်၊ တိုင်းရုံးတစ်ခုလုံးလည်း ပိတ်ချပစ်လိုက်တာဗျ။ မြို့ထဲအဝင်အထွက်တွေလည်းပိတ်တယ်။ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တယ်။ လေကြောင်းနဲ့ လည်း ဓမ္မသရွာတကြောကို ဆက်တိုက်လာပစ်တယ်။ ညဉ့်ဦးပိုင်းလောက်ရောက်မှ ထိခိုက်တဲ့သတင်းတွေ ရတာပါ။ အဆောက်အအုံလည်း ထိတယ်။ ဒုချုပ်ရော အခြားဗိုလ်ချုပ်တွေရောထိတယ်လို့ကြားပြီး လူနာတင်ယာဉ်တွေက ကုတင် ၃၀၀ ဆေးရုံသွားတယ်လို့ အရင်သတင်းရတယ်။
နောက်နေ့ထပ်ကြားတာက နေပြည်တော်စစ်ဆေးရုံတက်တယ်၊ ညနေပိုင်းမသက်သာတော့ ကန်သာယာဆေးရုံကိုပို့တယ်လို့ သိထားရတာပါ။ နောက်ဆုံးသိရတာက ကန်သာယာဆေးရုံမှာ အိန္ဒိယဆရာဝန်နဲ့ ကုသနေတယ် မျက်နှာလည်း မီးသင့်တယ် ပခုံးကြော ပျက်သွားတယ်လို့ကြားပါတယ်။
မီဒီယာတွေက အရင်ဖော်ပြတယ်ဆိုပေမဲ့ ကျွန်တော်တို့တပ်တွင်း သတင်းအရင်းအမြစ်ကိုမေးတဲ့အခါမှာလည်း ဒဏ်ရာရတယ်ဆိုတာတွေ ဖော်ပြတဲ့အတိုင်းသိရပါတယ်။ ကျွန်တော်တို့သိထားရသလောက် သူက ရတခ (အရှေ့တောင်တိုင်းစစ်ဌာနချုပ်) ထဲမှာ မရှိတော့ဘူး။ ကန်သာယာမှာ ဆေးကုနေတယ်လို့ပဲ ကြားပါတယ်။
ရှားထူးဝေါ် နည်းပညာတပ်ဖွဲ့နဲ့ ချိတ်ဆက်လှုပ်ရှားတဲ့ ဒရုန်းတပ်ခွဲတွေ

ဓာတ်ပုံ ရင်းမြစ်, Alpha Bats
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဘီဘီစီ - ရှားထူးဝေါ်အဖွဲ့က အကြောင်းကြားတာဆိုတော့ ဘယ်လိုချိတ်ဆက် လှုပ်ရှားတာပါလဲ။
Alpha Bats - နည်းပညာ လမ်းညွှန်ချက် (Guideline) တွေကို ရှားထူးဝေါ် နည်းပညာဌာန ဆရာတွေကပေးတယ်။ စမ်းသပ်မှုတွေ မစ်ရှင်တွေဆွဲတာတွေ တိကျတဲ့သတင်းအချက်အလက်တွေကိုတော့ ဒီကပဲ စီးဆင်းလာတာ ပေါ့လေ။ ဒုချုပ်စိုးဝင်းကို တိုက်ခိုက်မှုကလည်း အပေါ်ကပဲ ညွှန်ကြားချက်ပေးတာပါ။
ဘီဘီစီ - ဒါဆိုရင် ဒရုန်းတပ်ဖွဲ့တွေက တိုက်ခိုက်မယ့်ပစ်မှတ်ကို ဘယ်လိုမျိုးရွေးချယ်တာလဲ။ အချက်အလက်ခိုင်မာဖို့ ဘယ်လို ယန္တရားတွေတည်ဆောက်ထားလဲ။
Alpha Bats - ဒါက ကျွန်တော်တို့ရတဲ့သတင်းပေါ်ကိုပဲ အခြေခံရတာပေါ့။ တပ်တွင်းအရင်းအမြစ်တွေဆီကလာတာရယ် ကျွန်တော်တို့ထောက်လှမ်းရတဲ့သတင်းတွေကလာတာရယ် ဒီအပေါ်မှာမူတည်ပြီး ပစ်မှတ်ကိုရွေးချယ် တိုက်ခိုက်ရတာပါ။ သတင်းစီးဆင်းမှုတွေကကျွန်တော်တို့အတွက် အရေးပါတယ်၊ သူတို့ တိတိကျကျ ဖြစ်တဲ့အချိန်ကျမှ ကျွန်တော်တို့ပစ်မှတ်တွေစရွေးပြီးတော့ တိုက်လို့ရတာကိုး တော်တော်အရေးပါပါတယ်။ ကျွန်တော်တို့ သတင်းရဖို့ကတော့ ခိုင်လုံတဲ့သတင်းအရင်းအမြစ်တစ်ခုတော့ တည်ဆောက်ထားတာပေါ့။ ဒီအပေါ်မှာ အများကြီးအခြေခံတယ်လေ။
ဘီဘီစီ - အခုဒုချုပ်ဖြစ်စဉ်ရော အရှေ့က နေပြည်တော်အေလာလေဆိပ်တိုက်ခိုက်မှုတွေမှာပါ ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်တာလို့လည်းပြောကြတော့ ဒရုန်းတပ်ဖွဲ့တွေမှာ ဒီနည်းပညာကို ဘယ်အချိန်လောက် က စလို့အသုံးပြုတာလဲ။
Alpha Bats - သူများနိုင်ငံတွေမှာသုံးတဲ့ စစ်တပ်သုံး ကာမီကာဇေဒရုန်းတွေတော့မဟုတ်ဘူးပေါ့ဗျာ။ ဝယ်ဖို့ခြမ်းဖို့ကလည်းမပြေဘူး စစ်တပ်သုံးပစ္စည်းက ပေးမရောင်းတာနဲ့ လိုင်စင်မရှိရင်လည်း ဝယ်မရဘူး နိုင်ငံရဲ့ စစ်တပ်တွေပဲ ဝယ်လို့ရတာဆိုတော့လေ။ ဝါသနာရှင်တွေ မောင်းတဲ့ ပစ္စည်းတွေနဲ့ ဒီဇိုင်းကတော့ ကိုယ်ပိုင်ဒီဇိုင်းဆွဲတယ် မားသားဘုတ်တို့ အထဲကလိုတဲ့ အူကလီစာတွေကိုကဝယ်ရတာ အပြင်အခွံကတော့ ကိုယ့်ဘာသာလုပ်တာပေါ့။ ပေါက်ကွဲအားကတော့ ယမ်းပေါ်ပဲ ကွာတာပါ။ ကာမီကာဇေကို ကျွန်တော်တို့ကစောစောပိုင်းကတည်းက သုံးနိုင်နေပါပြီ။ ကျွန်တော်တို့ Alpha Bats ဆို စဖွဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီ၊ မေ လောက်ကတည်းက မော်လမြိုင်ကို ကာမီကာဇေနဲ့ ဝင်တိုက်နေပြီပေါ့လေ။ မော်လမြိုင်ကို ဝင်တိုက်တာ ၅ ကြိမ်ထက်မနည်းရှိနေပေမဲ့ ဒီတစ်ခါမှသာ ဒုချုပ်စိုးဝင်းနဲ့ပတ်သက်ပြီးတော့ တွင်တွင်ကျယ်ကျယ်သိပြီး စိတ်ဝင်စားလာကြတာပါ။ တိုက်ပွဲတွေမှာဆိုရင်တော့ Drop ဗုံးချတယ်၊ ပစ်မှတ်က ခပ်ဝေးဝေးမှာဆိုရင်တော့ ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်ပါတယ်။ ကာမီကာဇေသဘောတရားအရက ဖောက်ခွဲမယ့်ပစ္စည်းတွေကိုသယ်ပြီး တစ်ကြောင်းတည်းပဲသွားတယ် တစ်ခါတည်းဖောက်ခွဲပစ်တယ်။ ကာမီကာဇေးကတော့ ပိုပြီးထိရောက်တယ်။
စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလ နည်းပညာတိုက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, CJ
ဘီဘီစီ - တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းတိုက်ခိုက်မှုတွေက ဘယ်လောက်အပြောင်းအလဲတွေ ဖြစ်လာပြီလို့ပြောလို့ရနိုင်လဲ။
Alpha Bats - နည်းပညာပိုင်းကတော့ တော်တော်တိုးတက်လာပါပြီ။ တော်ရုံသင့်ရုံလောက် တော်တော်တီးခေါက် လာနိုင်တဲ့ အခြေအနေရောက်ပါပြီ။ ဒါပေမဲ့ ရပ်တည်နိုင်ရေးအတွက်ကတော့ ရုန်းကန်နေရဆဲပါပဲ။ အရင်တုန်းကလည်း ရုန်းကန်ရတယ် အခုလည်းရုန်းကန်နေရတာပါပဲ။ နည်းပညာပိုင်းမှာတော့ တော်လှန်ရေးကာလတလျှောက်လုံး အမြင့်ဆုံးအနေအထားလို့ပြောလို့ရတယ်။ ထပ်လာဖို့လည်း ရှိပါသေးတယ်။ ဒီအပေါ်မှာပဲ သုံးသပ်ရမှာပေါ့လေ။
ဘီဘီစီ - ဒရုန်းတိုက်ခိုက်မှုတွေမှာ အဓိက စိန်ခေါ်ချက်က ဘာတွေဖြစ်မလဲ။
Alpha Bats - ဘယ်လိုစိန်ခေါ်ချက်တွေရှိလဲဆိုတော့ ငွေရေးကြေးရေးပေါ့လေ။ ငွေရေးကြေးရေးဆိုတာ ပစ္စည်းတွေဝယ်ဖို့ စုဖို့ ဘတ်ဂျက်ကိစ္စကတော့ တော်တော်လေးကိုစိန်ခေါ်ချက်ဖြစ်တယ်ဗျ။ မစ်ရှင်တွေ များများလုပ်နိုင်ဖို့က အထောက်အပံ့ပေါ့လေ၊ အထောက်အပံ့များများလိုအပ်နေတာပေါ့လေ နည်းပညာပိုင်းကတော့ ထိုက်သင့်သလောက် ရှေ့ရောက်နေခဲ့ပြီဆိုတော့ ကျွန်တော်တို့မှာ ဒီထက်ပိုကောင်းတာတွေ မြင်ရတွေ့ရတာမျိုးရှိတယ်။ ဒါတွေကိုလုပ်နိုင်ဖို့ လက်ရှိသုံးနေတဲ့ နည်းပညာတွေကို ဆက်ပြီးလုပ်နိုင်ဖို့က စောစောကပြောသလို ငွေကြေးက အဓိက အခက်အခဲဖြစ်နေတာပါ။
ဘီဘီစီ - ဒီလိုငွေကြေးစိန်ခေါ်ချက်ရှိနေပေမဲ့ တိုက်ခိုက်မှုတွေဖော်ဆောင်နေတာ တွေ့ရပါတယ်။ အနီးစပ်ဆုံး ဧပြီ ၉ ရက်က တိုက်ခိုက်မှုမှာဆိုရင် ဘယ်လောက်ထိ ငွေကြေးသုံးစွဲခဲ့ရလဲ။
Alpha Bats - ငွေကုန်တာက သိန်းရာကျော်တယ်ဗျ။ ပစ္စည်းတန်ဖိုးချည်းပဲကိုလေ။ မစ်ရှင်တစ်ခါတစ်ခါလုပ်ရင် သိန်းရာကျော်ကုန်တာပေါ့ ၊ ပစ္စည်းများသွားရင် ဒီထက်ပိုပြီးကုန်တာပေါ့လေ။ အခုတိုက်ခိုက်မှုမှာ ခန့်မှန်းက သိန်း ၁၅၀ ကျော်သွားတာ .. ရဲဘော်အသုံးစရိတ်သွားရေးလာရေးမပါသေးဘူး။ ပစ္စည်းတန်ဖိုးအသုံးစရိတ် ချည်းပဲကို အဲ့လောက်ဖြစ်သွားတာပါ။ နောက်ဆုံးတိုက်ခိုက်ခဲ့တဲ့ ဧပြီ ၉ ရက်တိုက်ခိုက်တာမှာ ဒရုန်းငါးစီး စာကိုပြောတာပါ။ ရှေ့ရက် ဧပြီ ၈ ရက်မှာတိုက်ခဲ့တာမပါသေးဘူး။
အစောပိုင်းစပြီးပြင်ဆင်ကတည်းက နည်းနည်းချင်းစီစုရတာပါ၊ ထိထိရောက်ရောက်ဖြစ်ဖို့ဆိုတာကလည်း သုံးနိုင်တဲ့ ငွေကြေးပမာဏရှိမှ ရမှာကိုး။ ဒါကြောင့်လည်း မစ်ရှင်တစ်ခုနဲ့တစ်ခုကြားမှာ ကြာနေတယ်ဆိုတာက အဲဒီအပိုင်းတွေက အဓိကလိုအပ်တာပဲလေ။
ဘီဘီစီ - စစ်ကောင်စီတပ်ဘက်ကရော ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့အပေါ် ဘယ်လိုမျိုးတုံ့ပြန် ဆောင်ရွက်မှုတွေကို တွေ့ရပါသလဲ။
Alpha Bats - သူတို့တုံ့ပြန်တာကတော့ Jammer လို ဟာမျိုးတွေ တော်တော်လေးဝယ်ထားတယ်။ လေယာဉ်နဲ့ ဝေဟင်က တိုက်ခိုက်တဲ့နေရာမှာ နေရာလွတ်မပေးတော့ဘူး။ ကျွန်တော်တို့ ခြေချလို့မရတော့အောင် လုပ်တာတွေရှိပါတယ်။ သူတို့ဘက်က တော်တော်ကြောက်နေပုံရပါတယ် .. ကျွန်တော်တို့မသိသေးတဲ့ ပြင်ဆင်မှုတွေလည်းရှိနိုင်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ဘယ်လိုပဲဝင်ရ ဝင်ရ တိုက်ခိုက်နိုင်ဖို့ ပြင်ဆင်ပါတယ်။ ရန်သူဘက်ကိုလည်း အထင်သေးလို့မရဘူးပေါ့။
ဒရုန်းက သူတို့လည်းသုံးတယ်။ သူတို့မှာ ပစ္စည်းကောင်းကောင်းတွေရှိတယ်၊ သူတို့တိုက်ခိုက်လို့ ကျွန်တော်တို့ထိခိုက်တာတွေလည်းရှိပါတယ်။ နှိုင်းယှဉ်ပြောရရင် ပစ္စည်းပိုင်းမှာသူတို့ကပိုပြီးသုံးစွဲနိုင်တယ်ဆိုတော့ အများကြီးပိုကောင်းတယ်၊ လုပ်ရည်ကိုင်ရည်ပိုင်းတော့ ကျွန်တော်တို့ကပိုသာတယ်။ စိတ်ဓာတ်နဲ့ဆိုင်တယ်ထင်တာပဲ။
ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats ဒရုန်းတပ်ခွဲရဲ့ ဧပြီ ၉ ရက် တိုက်ခိုက်မှုအပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဘယ်ရောက်နေလဲဆိုတာဟာ လူအများစိတ်ဝင်စားတဲ့အကြောင်းအရာဆက်ဖြစ်နေဆဲပါ။
ဒီတိုက်ခိုက်မှု မဖြစ်ခင်ကတည်းက စစ်ကောင်စီဒုတိယခေါင်းဆောင်လူမြင်ကွင်းက ပျောက်ကွယ်နေခဲ့တာဖြစ်ပြီး ဧပြီလ ၃ ရက်နေ့ကပြုလုပ်တဲ့ ဗထူးမြို့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းဆင်းပွဲ တက်ရောက်ခဲ့တာဟာ စစ်ကောင်စီရဲ့ နောက်ဆုံးသတင်းဖော်ပြမှုလည်းဖြစ်ပါတယ်။ ဧပြီ ၂၈ ရက်မှာဆိုရင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကို လူမြင်ကွင်းမှာမတွေ့ရတဲ့ ၂၅ ရက် ကြာမြင့်နေပါပြီ။









