ပါတီတွေက ဂျန်ဇီးတွေရဲ့ လိုအပ်ချက်ကို အကောင်အထည်ဖော်ပေးနိုင်မှာလား

ရွေးကောက်ပွဲမှာ လူငယ်တွေမဲပေးခဲ့ပုံနဲ့ PDF ဂျန်ဇီးတွေကို မဲပုံးနဲ့အတူ သရုပ်ဖော်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty/BBC

ဓာတ်ပုံ ပုံစာ, လူငယ်ပါဝင်မှုတိုးလာတယ်လို့ ပါတီတွေကပြောပေမဲ့ လူငယ်ကိုယ်စားလှယ်လောင်းရဖို့အတွက်ပါတီတွေရုန်းကန်ခဲ့ရ

စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ ၆ ခုစလုံးမှာ လူငယ်ပါဝင်မှုတိုးလာတယ်လို့ တပြေးညီတည်းပြောပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲဝင်မယ့်လူငယ်ကိုယ်စားလှယ်လောင်းရဖို့အတွက်တော့ ပါတီတွေရုန်းကန်ခဲ့ရပြီး "လူငယ်တွေဟာ နိုင်ငံရေးစိတ်ဝင်စားမှုနည်းလာတယ်" လို့ အကြောင်းပြကြပြန်ပါတယ်။

အဲဒီထဲ ပြည်သူ့ပါတီ (PP) နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့ကတော့ လူသိများတဲ့ဆယ်လီအနုပညာရှင် တွေဖြစ်တဲ့ ဗီဗီချန်း၊ နေလင်းရှိန်တို့ကိုသုံးပြီး လူငယ်စိတ်ဝင်စားမှုတိုးအောင်ကြိုးစားကြပေမဲ့ ဝေဖန်မှုတွေနဲ့ လည်းဆက်တိုက်ကြုံနေရပါတယ်။

လက်တွေ့လူငယ်တွေရင်ဆိုင်ရတဲ့အခက်အခဲ အထူးသဖြင့် အိပ်မက်ဆိုးသဖွယ်ခြောက်လှန့်နေတဲ့ စစ်မှုထမ်း ဥပဒေနဲ့ပတ်သက်ပြီးတော့ ပါတီတွေဘက်ကတစုံတရာထုတ်မပြောလာတာကိုလည်း မဲပေးခွင့်ရှိတဲ့လူငယ်တွေက ထောက်ပြနေကြပါတယ်။

လူငယ်ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲဝင်နိုင်မလား

၂၀၂၅ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ရုပ်ရှင်မင်းသား နေလင်းရှိန် (အလယ်) ကို ပုဇွန်တောင်မြို့နယ် PPP ပါတီရုံးခန်းဖွင့်ပွဲမှာ တွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, PPP

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ရုပ်ရှင်မင်းသား နေလင်းရှိန် (အလယ်) ကို ပုဇွန်တောင်မြို့နယ် PPP ပါတီရုံးခန်းဖွင့်ပွဲမှာ တွေ့ရစဉ်

လူငယ်တွေပါတီမှာပိုပြီးပါဝင်လာတယ်လို့ တနိုင်ငံလုံးဝင်ပြိုင်မယ့်ပါတီ ၆ ခုလုံးက ဘီဘီစီကို ပြောပေမဲ့ လူငယ်ကိုယ်စားလှယ်ပါဝင်နှုန်းကိုတော့ တိတိကျကျမဖြေကြားနိုင်ကြသေးပါဘူး။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP)၊ ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) နဲ့ ပြည်သူ့ပါတီ (PP) တို့က နောက်ဆုံးကျန်ရှိတဲ့ ၆ ပါတီဖြစ်ပါတယ်။

လူငယ်ကိုယ်စားလှယ်လောင်းလို့ပြောရင် ၂၀၂၀ ရွေးကောက်ပွဲတုန်းက မအိသဉ္ဇာမောင်၊ ကိုမော်ထွန်းအောင်၊ ကိုနေယံဦးနဲ့ ကိုစည်သူမောင်တို့ဟာ နိုင်ငံရေးခိုင်မာပြီး လူအများစောင့်ကြည့်ခဲ့ရတဲ့ လူငယ်ခြေတက်တွေ ဖြစ်ခဲ့ပါတယ်။

စစ်တပ်လုပ်မယ့် ၂၀၂၅ ရွေးကောက်ပွဲမှာတော့ ပါတီတချို့က လူငယ်ကိုယ်စားလှယ်လောင်းတချို့ကို မိတ်ဆက်လာပေမဲ့ သူတို့ရဲ့နိုင်ငံရေးရှုမြင်မှုအပေါ် ဝေဖန်မှုတွေရှိနေပါတယ်။

မအိသဉ္ဇာမောင်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကနေ ရွေးကောက်ပွဲဝင်ခဲ့ပြီး လက်ရှိမှာ NUG အစိုးရရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ရဲ့ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေ

ဓာတ်ပုံ ရင်းမြစ်, လူ့ဘောင်သစ်

ဓာတ်ပုံ ပုံစာ, မအိသဉ္ဇာမောင်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကနေ ရွေးကောက်ပွဲဝင်ခဲ့ပြီး လက်ရှိမှာ NUG အစိုးရရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ရဲ့ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေ

ရွေးကောက်ပွဲဝင်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခိုင်းတဲ့ စက်တင်ဘာ ၈ ရက်မတိုင် ခင်ကတည်းက ပါတီတချို့ကပွဲထုတ်လာတဲ့လူငယ်တချို့အကြောင်း ကြည့်မယ်ဆိုရင် နာမည်ကျော်ကြားမှုကို အခြေခံထားတာကိုတွေ့မြင်နိုင်ပါတယ်။

လိင်အသိပညာပေးဗီဒီယိုတွေဖန်တီးတဲ့ ဆယ်လီ ဗီဗီချန်းကို ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီ (PP) က သြဂုတ်လအစောပိုင်းမှာစတင်ပွဲထုတ်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့အတူ လူစိတ်ဝင်စားမှုလည်းမြင့်တက်ခဲ့ပါတယ်။

"နိုင်ငံရေးဟာကိုယ်နဲ့မဆိုင်သလိုနေလို့မရတော့ဘူး" ဆိုတဲ့ပြောဆိုချက်နဲ့အတူ နိုင်ငံရေးလောကထဲ ရုတ်တရက် ဝင်ရောက်လာတဲ့ ဗီဗီချန်းဟာ လပိုင်းအတွင်းမှာပဲ ပြည်သူ့ပါတီနဲ့လမ်းခွဲလိုက်ပြီး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (PDP) ကိုပြောင်း‌ရွေ့သွားခဲ့ကာ ရွေးကောက်ပွဲဝင်ပြိုင်မှာပါ။

ပြည်သူ့ပါတီ ၇ နှစ်ပြည့်မှာ တွေ့ရတဲ့ ဗီဗီချန်းနဲ့ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး

ဓာတ်ပုံ ရင်းမြစ်, VV Chen

ဓာတ်ပုံ ပုံစာ, ပြည်သူ့ပါတီ ၇ နှစ်ပြည့်မှာ တွေ့ရတဲ့ ဗီဗီချန်းနဲ့ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး

နောက်ထပ်အလှုပ်အခတ်ဖြစ်စေတာက ရွှေလုပ်ငန်းရှင် ဒေါက်တာသက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကနေ မြန်မာဇာတ်လမ်းတွဲသရုပ်ဆောင်မင်းသား ကိုနေလင်းရှိန်ကို လူငယ်ကိုယ်စားလှယ်လောင်း အဖြစ် စင်တင်လာတာပဲဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွက် ပုဇွန်တောင်မြို့နယ်ကနေဝင်ပြိုင်မယ့် ကိုနေလင်းရှိန်က လူငယ်ရေးရာကဏ္ဍကနေ လူငယ်တွေကို ကိုယ်စားပြုပြီးဝင်ပြိုင်မှာပါ။

"အခွင့်အရေးပေးနေတုန်းမှာ လူငယ်တွေအတွက်လိုအပ်တာလုပ်ပေးချင်တဲ့အတွက် ရွေးကောက်ပွဲ ဝင်တာဖြစ်ပါတယ်။ ဒါလုပ်တာမှန် မမှန်ထွေပြားခဲ့ပေမဲ့ အခုတော့ အကုန်ကအမှန်ပဲလိုချင်ကြတယ်။ စည်းကမ်းတကျကြပ်မတ်လုပ်နေတာကိုတွေ့ရတယ်" လို့ ကိုနေလင်းရှိန်က ဘီဘီစီကိုပြောပါတယ်။

၂၀၂၅ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ရုပ်ရှင်မင်းသား နေလင်းရှိန် နဲ့ မင်းသမီး ထက်ထက်ထွန်းကို ပုဇွန်တောင်မြို့နယ် PPP ပါတီရုံးခန်းဖွင့်ပွဲမှာ တွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, PPP

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ရုပ်ရှင်မင်းသား နေလင်းရှိန် နဲ့ မင်းသမီး ထက်ထက်ထွန်းကို ပုဇွန်တောင်မြို့နယ် PPP ပါတီရုံးခန်းဖွင့်ပွဲမှာ တွေ့ရစဉ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

Brain Drain လို့ ပြောကြတဲ့အလုံးအရင်းလိုက်ပြည်ပထွက်ခွာသွားတဲ့လူငယ်တွေ ပြည်တွင်းမှာပြန်လည် နေထိုင်ဖို့အတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးဖို့၊ ပြည်တွင်းနေလူငယ်တွေမှာ အသက်မွေးဝမ်းကြောင်းပညာသင်ယူနိုင်အောင်စီစဉ်ပေးဖို့လုပ်မယ်လို့ ကိုနေလင်းရှိန် က ပြောပါတယ်။

အောက်တိုဘာ ၄ ရက်ပြုလုပ်တဲ့ PPP ရဲ့ ပုဇွန်တောင်မြို့နယ်ကပါတီရုံးခန်းဖွင့်ပွဲမှာဆိုရင် ကိုယ်စားလှယ်လောင်း ကိုနေလင်းရှိန်အပြင် ရုပ်ရှင်မင်းသမီးထက်ထက်ထွန်းလည်း တက်ရောက်ပြီး အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ မြန်မာ့မယ်စကြာဝဠာဖြစ်ခဲ့သလို ၂၀၁၉ ခုနှစ်မှာလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်ရွေးချယ်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် လသာမြို့နယ် ကိုယ်စားပြုဝင်ပြိုင်ခဲ့တာကြောင့် မင်းသမီးထက်ထက်ထွန်းဟာ လူသိများပါတယ်။

အာဏာသိမ်းမှုကိုလက်မခံကြောင်းဆန္ဒထုတ်ဖော်ခဲ့သူဟာ စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မယ့် PPP ပါတီလှုပ်ရှားမှုမှာပါဝင်နေတာကြောင့် လတ်တလောဝေဖန်မှုတွေရင်ဆိုင်နေရသူလည်း ဖြစ်လာပါတယ်။

ဒီလိုကိုယ်စားလှယ်တွေနဲ့ သူတို့နဲ့နီးစပ်သူတွေက တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလာတာကြောင့် လူငယ်တွေဒီရွေးကောက်ပွဲကိုစိတ်ဝင်စားလာတယ်လို့ တထစ်ချပြောလို့မရနိုင်ကြောင်း ဘီဘီစီစကား ပြောခွင့်ရတဲ့ ပြည်ပရောက်လူငယ်တချို့က ထောက်ပြပါတယ်။

"လူငယ်အင်အားကိုယူဖို့ဆိုရင် လူငယ်ကိုယ်စားလှယ်‌လောင်းတွေကိုယ်တိုင်လည်းထိုက်သင့်တဲ့ နိုင်ငံရေးအသိရှိဖို့လည်းလိုအပ်သေးတယ်။ ပါတီကလူငယ်တွေကိုနေရာပေးလို့ ဒီပါတီထဲဝင်တာ ဆိုတာလောက်နဲ့ လူငယ်တွေရဲ့ စိတ်ဝင်စားမှုရမှာမဟုတ်ပါဘူး" လို့ ထိုင်းနိုင်ငံရဲ့ Thammasat တက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်အတွက် မဟာတန်းလေ့လာနေသူကျောင်းသူတစ်ဦးက ပြောပါတယ်။

အခုလိုမျိုး နာမည်ကျော်ကြားတဲ့လူငယ်တွေရှေ့ထွက်လာပြီး လူငယ်ပါတီဝင်များလာတယ်လို့ဆိုနေပေမဲ့ နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းနေရာတွေမှာတော့ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေကအများဆုံး ယူထားဆဲဆိုတာကတော့ ထင်ရှားနေဆဲပါ။

မိုးကျရွှေကိုယ် ကိုယ်စားလှယ်များ

ဦးသက်ပုံက စစ်ကိုင်း၊ ဦးကံမြင့်သန်းက မအူပင်နဲ့ ဦးမျိုးဇော်သိန်းက ပေါက်ခေါင်းကနေ ဝင်ပြိုင်ကြမှာဖြစ်ပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေကနေ ပြိုင်ကြမှာပါ။

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ဦးသက်ပုံက စစ်ကိုင်း၊ ဦးကံမြင့်သန်းက မအူပင်နဲ့ ဦးမျိုးဇော်သိန်းက ပေါက်ခေါင်းကနေ ဝင်ပြိုင်ကြမှာဖြစ်ပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေကနေ ပြိုင်ကြမှာပါ။

အင်အားကြီးပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှာဆိုရင် အသက် ၄၅ နှစ်ပတ်ဝန်းကျင် လူလတ်ပိုင်းပိုပြီးပါဝင်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဘီဘီစီကို ပြောပါတယ်။

တပ်ကစေလွှတ်တဲ့ စစ်ဗိုလ်ချုပ်တွေပါဝင်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီမှာတော့ အသက် ၃၅ နှစ်‌အောက် လူငယ်တွေကို ကိုယ်စားလှယ်လောင်းအဖြစ်ပါဝင်တာရှိပေမဲ့ အများစုကတော့ မဲရုံကိုယ်စားလှယ်၊ စောင့်ကြည့်လေ့လာ‌ရေးတို့အတွက် အဓိကနေရာပေးထားပါတယ်။

"ကိုယ်စားလှယ်လောင်းရွေးတာမှာလူငယ်အချိုးဘယ်လောက်ပါရမယ်လို့ သတ်မှတ်တာမျိုးမရှိပါဘူး။ သေချာတာက ပါတီမှာလူငယ်တွေပါဝင်လာမှုများလာတယ်" လို့ ဦးသိန်းထွန်းဦးက ဆက်ပြောပါတယ်။

၂၀၂၅ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်ချမှတ်ထားတဲ့စည်းမျဉ်းတွေအရ တနိုင်ငံလုံးစာဝင်ပြိုင်မယ့်ပါတီတွေဟာ PR (အချိုးကျ) စနစ်အတွက် ကိုယ်စားလှယ်လောင်းစာရင်းပြည့်မှ FPTP (နိုင်သူအကုန်ယူ) အတွက် ဖြည့်တင်းရတာဖြစ်ပါတယ်။

ဒါကြောင့် ၄၁၇ မဲဆန္ဒနယ်အတွက်ပါဝင်ယှဉ်ပြိုင်မယ့်သူဦးရေပြည့်မီအောင်ဆောင်ရွက်ရတာဖြစ်လို့ ကိုယ်စားလှယ်လောင်းအရည်အသွေးထက် အရေအတွက်ကိုဦးစားပေးရှာဖွေခဲ့ရတယ်လို့ ပါတီတွေဆီက သိရပါတယ်။

ဒါပေမဲ့လည်း လူငယ်ကိုယ်စားလှယ်လောင်းအရေအတွက်တိုးလာတယ်လို့ ဆိုကြပြန်ပါတယ်။

"မဲဆန္ဒနယ်ပြည့်မီရေးကိုပဲဦးစားပေးရတယ်။ အသက် ၃၅ နှစ်အောက်လူငယ်တွေများလာတယ်။ ဥပဒေဘွဲ့ရ အမျိုးသမီးတွေတော်တော်များများပါလာတယ်" လို့ ရှမ်းနဲ့ တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစောသန်းမြင့်က ပြောပါတယ်။

နေပြည်တော်မှာ မဲပေးစက်စမ်းသပ်နေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နေပြည်တော်မှာ မဲပေးစက်စမ်းသပ်နေတဲ့မြင်ကွင်း

မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP) ကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကိုယ်စားလှယ်သတ်မှတ်ချက်ကြောင့် လူငယ်ကိုယ်စားလှယ်လောင်းပိုများလာတယ်လို့ဆိုလာပါတယ်။

ကိုယ်စားလှယ်လောင်းတွေဟာအခြေခံပညာအထက်တန်းဆင့် ပြီးမြောက်သူတွေဖြစ်ရမယ်ဆိုတဲ့အချက် ကြောင့် ရွေးချယ်ခံလိုသူတွေရဲ့ သားသမီးတွေကို စာရင်းတင်ခဲ့ရတဲ့အခြေအနေပါ။

"တိုင်းပြည်ချစ်တဲ့သူတွေကို ကိုယ်စားလှယ်လောင်းအဖြစ်စိစစ်ပြီးရွေးတယ်ဆိုပေမဲ့ ပညာအရည်အချင်းက ကန့်သတ်ထားတာတွေဖြစ်နေတယ်။ သူတို့သားသမီးတွေကိုရွေးရပြီး လူငယ်တွေကို အတော် စည်းရုံးခဲ့ရ တယ်" လို့ MFDP ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ အတွင်းရေးမှူး ဦးထွန်းရီကတော့ တစညကို "လူအိုကြီးများပါတီ" လို့ ရည်ညွှန်းပြောလေ့ရှိကြကြောင်း ဘီဘီစီကိုဖြေပါတယ်။

"အများစုက အသက် ၈၀ ပတ်ဝန်းကျင်မှာရှိတယ်။ CEC (ဗဟိုကော်မတီ) အပိုင်းကျတော့ ညီလာခံကနေမှ ရွေးပါတယ်။ အခုကသေဆုံးလစ်လပ်တောင်မဖြည့်နိုင်သေးဘူး၊ လူငယ်တွေကိုထိန်းကြောင်းပြီး ပခုံးပြောင်း ပေးချင်ပြီ" လို့ ဦးထွန်းရီက ပြောပါတယ်။

လက်ရှိမှာ တစညပါတီထဲ စစ်တပ်ကစေလွှတ်တဲ့ကိုယ်စားလှယ်တွေလက်ခံထားတာမျိုးလည်းမရှိနေဘဲ ပါတီကသတ်မှတ်ထားတဲ့ အဆင့် ၆ ဆင့်နဲ့စိစစ်ပြီး ကိုယ်စားလှယ်လောင်းရွေးချယ်စာရင်းတင်ထားတယ်လို့ သိရပါတယ်။

"လူငယ်တိုင်းကလည်းနိုင်ငံရေးကိုစိတ်မဝင်စားဘူး။ လူငယ်စည်းရုံးရတာကအခက်အခဲရှိတယ်" လို့ ဦးထွန်းရီ က လူငယ်ကိုယ်စားလှယ်လောင်းရဖို့ခက်ခဲတဲ့အကြောင်း ဘီဘီစီကို ရှင်းပြပါတယ်။

လူငယ်တွေဟာ နိုင်ငံရေးကို စိတ်ဝင်စားမှုနည်းသွားတယ်ဆိုတဲ့အချက်ကို ပြည်သူ့ပါတီရဲ့ အတွင်းရေးမှူး ကိုမာကီးကလည်း ထပ်လောင်းပြောဆိုပါတယ်။

ဒါပေမဲ့ ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်း ၅၁၂ ယောက်တင်ထားရာမှာ အသက် ၃၅ နှစ်အောက်လူငယ် ၁၀၀ နီးပါး ပါဝင်ပြီး ၂၀၂၀ ရွေးကောက်ပွဲဝင်ချိန်ကထက် လူငယ်ပိုများတယ်လို့ သိရပါတယ်။

‌ဒေါက်တာသက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကတော့ ပါတီတွေထဲလူငယ်ကိုယ်စားလှယ် လောင်း ပါဝင်မှုအများဆုံးအနေအထားကို တွေ့မြင်ရတယ်လို့ ကိုယ်စားလှယ်လောင်းတွေ လူတွေ့စစ်ချိန် တွေ့မြင်ရတဲ့မြင်ကွင်းကို ကိုနေလင်းရှိန်က ပြောပါတယ်။

"ပါတီကလူငယ်တွေကိုအမြဲတမ်းရှေ့ထုတ်တယ်။ ရန်ကုန်တိုင်းမှာဆိုရင်လည်း အသက် ၃၅ နှစ်အောက် လူငယ် ကိုယ်စားလှယ်လောင်း ၃၄ ယောက်ရှိတယ်။ ရန်ကုန်နဲ့ ပဲခူးမှာ လူငယ်ကိုယ်စားလှယ်လောင်း အများဆုံးပါ" လို့ သူက ဆက်ပြောပါတယ်။

လူငယ်တွေကထောင်ချောက်မိနေတယ်လို့ပြောတဲ့ ပါတီတွေ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မြန်မာဂျန်ဇီးတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မြန်မာဂျန်ဇီးတွေ

ပါတီ ၆ ခုလုံးကို ဘီဘီစီကလေ့လာကြည့်ရာမှာတော့ အများစုဟာ လူငယ်တွေရဲ့ တွေးခေါ်ပုံလမ်းမှား ရောက်နေကြတယ်လို့ ပြောဆိုဟောပြောနေတာကို ထင်သာမြင်သာတွေ့ခဲ့ရပါတယ်။

"အတ္တနိုင်ငံရေးသမားတွေ၊ ကိုယ်ကျိုးစီးပွားရေးအတွက်နိုင်ငံရေးလုပ်သူတွေရဲ့ ဒိုင်ယာလော့ဂ်ထောင်ချောက် ထဲမိနေတယ်။ အပြောအဆိုကြားထဲမှာမြောနေတယ်။ အင်မတန်ကြောက်စရာကောင်းတဲ့ မီဒီယာအဆိပ်မိ နေတယ်" လို့ အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ က လူငယ်တွေနဲ့ တွေ့ဆုံချိန်တိုင်းပြောလေ့ရှိပါတယ်။

မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP) ဥက္ကဋ္ဌ ဦးကျော်စွာစိုးကလည်း "ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့စွမ်းရည်ကလူငယ်တွေမှာအားနည်းနေသေးတယ်" လို့ ဘီဘီစီကို ပြောပါတယ်။

ဒီအမြင်ကို ထိုင်းနိုင်ငံမှာ မဟာတန်းတက်ရောက်နေတဲ့ မြန်မာလူငယ်တက္ကသိုလ်ကျောင်းသူကတော့ လက်သင့်မခံနိုင်ဘူးလို့ ဆိုလာပါတယ်။

"ပထမဆုံးအနေနဲ့လူငယ်တွေရဲ့ ရွေးချယ်မှုနဲ့ပတ်သက်ပြီး လမ်းမှားရောက်တယ်လို့ သတ်မှတ်တာကတော့ ပါတီရဲ့ နိုင်ငံရေးရေချိန်အနိမ့်အမြင့်ကို မြင်လို့ရပါတယ်။ အထူးသဖြင့် ၂၀၂၁ ခုနှစ်မတိုင်ခင်က လူငယ်တွေရဲ့ ပညာရေးအဆင့်အတန်းနဲ့ ခေါင်းဆောင်နိုင်မှုက နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်တဲ့ အနေအထားမှာလည်း ရှိခဲ့တယ်"

"လူမှုရေးသိပ္ပံပဲဖြစ်ဖြစ်၊ နည်းပညာဆိုင်ရာနယ်ပယ်ပဲဖြစ်ဖြစ်လူငယ်တွေက သိမှုနဲ့ တတ်မှုမှာ နေရာတခုရှိ ခဲ့ပြီးသားပါ။ လက်ရှိအနေအထားအရ အနိမ့်ဆုံးအဆင့်အနေနဲ့ ရပ်ရွာထဲကလူငယ်တွေရဲ့အသံ၊ လိုအပ်ချက် ကို နားမထောင်ဘဲနဲ့တော့ ထိရောက်တဲ့လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်မှာမဟုတ်ဘူး" လို့ လူငယ် ကျောင်းသူက ပြောပါတယ်။

ရန်ကုန်တိုင်းက ဒဂုံမြို့သစ်နဲ့ ဗိုလ်တထောင်တို့မှာ USDP ပါတီဝင်အသစ် ၁ သောင်းကျော်ဝင်လာတဲ့ အထိမ်းအမှတ် ပွဲအခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, USDP

ဓာတ်ပုံ ပုံစာ, ရန်ကုန်တိုင်းက ဒဂုံမြို့သစ်နဲ့ ဗိုလ်တထောင်တို့မှာ USDP ပါတီဝင်အသစ် ၁ သောင်းကျော်ဝင်လာတဲ့ အထိမ်းအမှတ် ပွဲအခမ်းအနား

မြန်မာ့လူငယ်တွေအကြောင်းကြည့်မယ်ဆိုရင် အရပ်သားအစိုးရကဦးဆောင်ကျင်းပခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရခဲ့တဲ့ လူငယ်မဲဆန္ဒရှင် ၅ သန်းနီးပါးရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခဲ့ချိန်မှာတော့ ဒါကိုဆန့်ကျင်ရာမှာ Generation Z လို့ခေါ်တဲ့ ဂျန်ဇီးလူငယ်တွေက ရှေ့တန်းကနေ ပါဝင်ခဲ့ကြပါတယ်။

အများစုဟာ ပထမဆုံးမဲပေးခွင့်ရရှိခဲ့ကြတဲ့ လူငယ်တွေဖြစ်ပြီး မဲမသမာမှုရှိတယ်ဆိုတဲ့ခေါင်းစဉ်အောက် ကနေ စစ်တပ်အာဏာသိမ်းမှုကြောင့် သူတို့ရဲ့မဲပြားတွေဟာ အဟောသိကံဖြစ်ခဲ့ရသူတွေပါ။

ဒီလူငယ်တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသူတွေရှိ သလို နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းထောင်ထဲဖမ်းဆီးချုပ်နှောင်ခံရသူတွေလည်း ထောင်နဲ့ချီ ရှိနေပါတယ်။

ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် တော်လှန်ရေးလမ်းစဉ်ရွေးချယ်ခဲ့တဲ့လူငယ်တွေကို "လမ်းမှား ရောက်တယ်" လို့ ပါတီတွေကညွှန်းဆိုချင်တဲ့သဘောပါ။

အာဏာသိမ်းထားတဲ့ ၅ နှစ်နီးပါးကာလအတွင်းမှာဆိုရင် မြို့ပေါ်ဆက်ကျန်ရှိနေတဲ့လူငယ်တွေတောင် စီးပွားရေး ကျပ်တည်းမှုကိုရင်ဆိုင်နေရပြီး စစ်မှုထမ်းဥပဒေကပါ ထပ်ဆောင်းအပူတိုးစေခဲ့ပါတယ်။

"လူငယ်တွေဟာ မဲထည့်ခဲ့ကြပေမဲ့ တိုင်းပြည်ကဘာမှမထူးဘူး ပိုပျက်စီးသွားတယ်လို့မြင်ကြတယ်။ အခုချိန် မှာက လူငယ်တွေဟာ လက်နက်ကိုင်လမ်းစဉ်ကိုစိတ်အားထက်သန်ကြတယ်" လို့ ပြည်သူ့ပါတီ (PP) ရဲ့ အထွေထွေအတွင်းရေးမှူး ကိုမာကီး က ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲမှာလူငယ်တွေကျဆုံးပြီးအသက်ဆုံးရှုံးရတာထက် နိုင်ငံရေးအပြောင်းအလဲတခုကိုစားပွဲဝိုင်းကနေ ဖန်တီးဖို့လိုတယ်လို့ ကိုမာကီးက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ စစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲဟာ "အတုအယောင်၊ ထောက်ချောက်" လို့ ပြောပြီး နိုင်ငံတကာကအသိအမှတ် မပြုဖို့လည်း တိုက်တွန်းထားကြပါတယ်။

ရွေးကောက်ပွဲဝင်မယ့် လူငယ်ရုပ်ရှင်မင်းသား ကိုနေလင်းရှိန်ကတော့ "ဒီအမြင်တွေကို အပြစ်မမြင်ဘူး" လို့ ဖြေပါတယ်။

"နိုင်ငံတွင်းအခြေအနေကမငြိမ်သက်ဖြစ်နေချိန် ပြည်ပကသွေးထိုးလှုံ့ဆော်မှုတွေဆုံနေတဲ့အချိန်ဖြစ်နေတာပါ" လို့ သူ့အမြင်ကိုပွင့်ပွင့်လင်းလင်းပြောခဲ့ပါတယ်။

လူငယ်တွေရဲ့အိပ်မက်ဆိုး စစ်မှုထမ်းဥပဒေကိုပြင်ကြမှာလား

အောက်တိုဘာ ၁၀ ရက် စစ်မှုထမ်းအမှတ်စဉ် ၁၅ သင်တန်းဆင်းမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Telegram

ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၁၀ ရက် စစ်မှုထမ်းအမှတ်စဉ် ၁၅ သင်တန်းဆင်းမြင်ကွင်း

ဘီဘီစီစကားပြောခွင့်ရသလောက် ပါတီတွေဟာ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေးဖန်တီးပေးမယ်လို့ အများစုပြောခဲ့ကြပါတယ်။

"လူငယ်တွေအဓိကစိုးရိမ်နေကြတဲ့ စစ်မှုထမ်းဥပဒေအကြောင်း သေသေချာချာတောင်ထုတ်မပြောရဲကြတဲ့ အခြေအနေလေ" လို့ လူငယ်နိုင်ငံရေးလေ့လာစောင့်ကြည့်သူတဦးက ဝေဖန်ပါတယ်။

နိုင်ငံရေးပါတီအများစုကတော့ ပြည်တွင်းစစ်အခြေအနေကြောင့် စစ်မှုထမ်းကရှိသင့်တယ်လို့ လက်ခံထား ကြပါတယ်။

"စစ်မှုထမ်းကို နည်းဥပဒေတကျဆောင်ရွက်စေချင်တယ်။ ခြစားမှုတွေအများကြီးရှိနေတယ်။ ဒီတော့ လွှတ်တော်ထဲရောက်ခဲ့ရင် ပြန်လည်ပြင်ဆင်သင့်တာတွေကို တင်ပြမယ်၊ လူငယ်တွေရဲ့ စိုးရိမ်စိတ်လျော့ကျ သွားအောင်လုပ်မယ်" လို့ ပြည်သူ့ပါတီ (PP) ရဲ့ အတွင်းရေးမှူး ကိုမာကီး က တုံ့ပြန်ပြောပါတယ်။

စစ်မှုထမ်းဥပဒေနဲ့ပတ်သက်တဲ့မေးခွန်းတွေဟာ ပါတီတွေကလူထုနဲ့တွေ့ဆုံချိန်တိုင်းအမေးများတဲ့ မေးခွန်း ဖြစ်နေတယ်လို့သာ တုံ့ပြန်ဖြေကြပေမဲ့ လူငယ်တွေလိုလားသလို အလုံးစုံဥပဒေရပ်ဆိုင်းရေးကိုတော့ ဦးတည်မနေကြပါဘူး။

မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP) ဥက္ကဋ္ဌ ဦးကျော်စွာစိုးကတော့ "တိုက်ပွဲမရှိတော့လို့ စစ်တိုက်စရာမရှိတော့ရင် ဥပဒေက ခေတ္တဆိုင်းငံ့ချင် ငံ့မှာပေါ့" လို့ ဖြေပါတယ်။

ဒါပေမဲ့ ဘီဘီစီစကားပြောခွင့်ရခဲ့တဲ့လူငယ်တွေရဲ့ အမြင်ကတော့ စစ်မှုထမ်းဥပဒေရှိနေသရွေ့ ပါတီတွေပြောနေတဲ့ အလုပ်အကိုင် အခွင့်အလမ်းမြှင့်တင်မယ်ဆိုတာမဖြစ်နိုင်ဘူးလို့ ယုံကြည်နေကြပါ တယ်။

"အလုပ်အကိုင်အခွင့်အရေးအကြောင်းပြောရင် အခုလူငယ်တွေတွေ့ကြုံနေရတဲ့ အဓမ္မ စစ်မှုထမ်းကြောင့် life security (ဘဝလုံခြုံရေး) ၊ job security (အလုပ်အကိုင်လုံခြုံရေး) ကို ရေရှည်မှာ နိုင်ငံရေးပါတီတွေ ရော ကုမ္ပဏီတွေရော အာမမခံနိုင်ဘူး" လို့ ထိုင်းနိုင်ငံရောက် မဟာတန်းကျောင်းသူက ပြောပါတယ်။

စစ်မှုထမ်းသင်တန်းတက်ဖို့ရောက်လာတဲ့ သင်တန်းသားတွေမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Telegram

ဓာတ်ပုံ ပုံစာ, စစ်မှုထမ်းသင်တန်းတက်ဖို့ရောက်လာတဲ့ သင်တန်းသားတွေမြင်ကွင်း

ဒါအပြင် စစ်တပ်ရော နိုင်ငံရေးပါတီတွေဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုမတိုင်ခင်က လူငယ်တွေဆိုတဲ့ အဓိပ္ပာယ်ဖော်ဆိုမှုကို အပြောင်းအလဲလုပ်ချင်ပုံရတယ်လို့ လူငယ်နိုင်ငံရေးလေ့လာသူတဦးက ထောက်ပြပါတယ်။

"၂၀၂၀ကာလတွေက လူငယ်တွေဆိုရင် တက်ကြွတယ်၊ အပြောင်းအလဲကိုလိုလားတယ်၊ စိတ်ထဲမှာရှိတာကို ထုတ်ဖော်တင်ပြတတ်တဲ့ လွတ်လပ်မှုကိုအခြေခံတဲ့လူငယ်ဆန်မှုကို အဓိကဦးစားပေးခဲ့တယ်"

"အခုကျတော့ တည်ငြိမ်ရေးနဲ့ ရှိနေရင်းစွဲစနစ်ကိုအပြောင်းအလဲမလုပ်ဖို့၊ လွတ်လပ်တာတွေ အများကြီးဖြစ် လာရင်အခုလိုစစ်တွေဖြစ်ရတယ်ပေါ့။ လူငယ်တွေရဲ့ အခွင့်အလမ်းကို လူငယ်တွေကိုယ်တိုင်ဖျက်ဆီးရာ ကျတယ်ဆိုတာမျိုးပေါ့" လို့ လူငယ်နိုင်ငံရေးလေ့လာစောင့်ကြည့်သူက နှိုင်းယှဉ်သုံးသပ်ပါတယ်။

ဒါဟာ ရွေးကောက်ပွဲနောက်ကွယ်မှာရှိနေတဲ့ အင်အားစုကဖော်ဆောင်လိုတဲ့ပုံရိပ်ညွှန်းဆိုမှုပေါ်မှာမူတည်နေပြီး ပါတီတွေအနေနဲ့က သံယောင်လိုက်ပြောနေတယ်လို့ သူကယူဆထားပါတယ်။

စစ်တပ်လုပ်မယ့် ၂၀၂၅ ရွေးကောက်ပွဲကိုဝင်ပြိုင်မယ့်လူငယ်တဦးဖြစ်တဲ့ ကိုနေလင်းရှိန်ကတော့ ‌ရွေးကောက်ပွဲမှာအမှားအယွင်းမရှိအောင် ဘက်ပေါင်းစုံကစနစ်တကျဆောင်ရွက်နေတယ်လို့ အခိုင်အမာပြောနေပြီး လူငယ်တွေအတွက်အခွင့်အရေးလို့လည်း ယုံကြည်သူပါ။

ကိုယ်စားလှယ်လောင်းတွေကိုစိစစ်ရာမှာ အခွန်ကိစ္စကစလို့ ပညာရေးအရည်အသွေးကအစအသေးစိတ် စိစစ်နေတာလို့ သူ့ရဲ့အတွေ့အကြုံကိုပြောပြပါတယ်။

"အမြင်စောင်းနေတာတွေက ရွေးကောက်ပွဲပြီးရင် အဖြေပေါ်လာပါလိမ့်မယ်။ မှန်ကန်တဲ့အဖြေတခု ထွက်လာပါလိမ့်မယ်" လို့ ကိုနေလင်းရှိန်က ဘီဘီစီကို ပြောပါတယ်။

ဒီနေရာမှာ နိုင်ငံရေးပါတီတွေရော မဲပေးခွင့်ရှိသူတွေရော တူညီစွာသိရှိထားရတဲ့အချက်က စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲကို လူငယ်တွေစိတ်ဝင်စားမှုလျော့ကျနေပြီး မဲလာပေးဖို့အတွက်စည်းရုံးရေးခက်ခဲနိုင်တယ်ဆို တဲ့အချက်ပါ။

ထိုင်းနိုင်ငံက Thammasat တက္ကသိုလ်မှာမဟာတန်းတက်နေတဲ့ကျောင်းသူကတော့ ရွေးကောက်ပွဲဟာ စစ်ကော်မရှင်ရဲ့ နိုင်ငံတကာစာမျက်နှာအတွက် နိုင်ငံရေးထွက်ပေါက်အဖြစ်အသုံးချတဲ့လုပ်ရပ်လို့ ရှုမြင် ပါတယ်။

"ပြည်တွင်းထဲမှာတော့ နိုင်ငံရေးသမားတွေ၊ လူငယ်တွေကိုဖမ်းဆီးဖိနှိပ်ထားပြီး ရွေးကောက်ပွဲမှာ လူငယ် တွေအတွက် တိုင်းပြည်အတွက်ပြုလုပ်တယ်ဆိုတာက လက်တွေ့မကျပါဘူး။ လူငယ်တွေကလည်း ဒီရွေးကောက်ပွဲကို အသိအမှတ်ပြုမှာမဟုတ်ဘူး"