အနာနဲ့ဆေးမတည့်တဲ့မြန်မာ့စီးပွားရေးက လူငယ်တွေကို ပြည်ပထွက်အောင်တွန်းပို့နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်အာဏာသိမ်း ၄ နှစ်ခွဲကာလရောက်လာချိန်မှာတော့ ဒယိမ်းဒယိုင်မြန်မာ့စီးပွားရေးက အလုပ်အကိုင် အခွင့်အလမ်းတွေမဖန်တီးပေးနိုင်လို့ လူငယ်တွေပြည်ပကိုထွက်ခွာချင်နေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) ရဲ့ စစ်တမ်းက မီးမောင်းထိုးပြပါတယ်။
"မြန်မာနိုင်ငံမှာရှိနေတဲ့ လူငယ် ၁၀ ယောက်ထဲမှာ ၄ ယောက်က အခြေအနေပေးရင် နိုင်ငံပြင်ပကိုထွက်ခွာမယ်" လို့ ဒီနှစ်ရဲ့ နိုင်ငံတကာလူငယ်များနေ့မှာထုတ်ပြန်ခဲ့တဲ့ UNDP Myanmar စစ်တမ်းမှာ ဖော်ပြထားပါတယ်။
မြန်မာမှာ "Brain Drain" လို့ခေါ်တဲ့ ပညာတတ်တွေတိုင်းပြည်ကစွန့်ခွာခြင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး ဒါရဲ့အကျိုးဆက်ကို ခံစားရတော့မယ်လို့ ပညာရှင်တွေက သတိပေးနေပါပြီ။
၁၉၆၂ ခုနှစ်နောက်ပိုင်းမြန်မာ့ပညာတတ်တွေ ပြည်ပကိုထွက်ခွာခဲ့တဲ့အကျိုးဆက်က "အာရှကျား" လို့ တင်စားခဲ့ရတဲ့နိုင်ငံကနေကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်လာခဲ့တဲ့အခြေအနေနဲ့နှိုင်းယှဉ်ထောက်ပြနေကြပါတယ်။
အသိပေးချက် - ရန်ကုန်မှာနေထိုင်တဲ့ လူငယ်၊ စစ်ရှောင်နဲ့ စီးပွားရေးလုပ်ငန်းရှင်တို့ရဲ့ နာမည်တွေကို လုံခြုံရေးအရ အမည်လွှဲဖော်ပြ ထားပါတယ်။
ဝင်ငွေထွက်ငွေမလုံလောက်တော့

ဓာတ်ပုံ ရင်းမြစ်, Getty Images
"ကုန်ဈေးနှုန်းနဲ့ စားဝတ်နေရေးကြောင့် အလုပ် ၂ ခု လုပ်နေရပြီ" လို့ ရန်ကုန်မြို့လယ်မှာနေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်တဲ့ ကိုထူးက ပြောပါတယ်။
ရန်ကုန်သားကိုထူးဟာ ကွန်ပျူတာအသုံးပြုကာ အသက်မွေးဝမ်းလမ်းကြောင်းနေသူပါ။ ဝင်ငွေထွက်ငွေ မျှတအောင် အခုတော့ ကွန်ပျူတာရှေ့မှာပဲနေ့ရောညပါအလုပ်လုပ်ကိုင်နေရပါပြီ။
အာဏာသိမ်းစမှာ ဝင်ငွေတစ်ခုနဲ့လုံလောက်ခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်းကစလို့ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ လောက်ငှတဲ့ဝင်ငွေရအောင်ရှာဖွေနေရတာလို့ ကိုထူးက ဘီဘီစီကိုပြောပါတယ်။
ဒါဟာ ပြည်တွင်းမှာရှိနေတဲ့ အလုပ်အကိုင်တစ်ခုပေါ်မှီတည်ပြီး တနေ့တာကုန်ကျစရိတ်ကိုမကာမိတဲ့ အခြေအနေကိုထင်ဟပ်နေပါတယ်။
၂၀၂၄ တနှစ်တာအတွင်း ပြည်တွင်းနေလူငယ်အယောက် ၇,၀၀၀ ကိုမေးမြန်းထားတဲ့ UNDP Myanmar ရဲ့ နိုင်ငံတကာလူငယ်များနေ့ထုတ်စစ်တမ်းအရလည်း ၄၀ ရာခိုင်နှုန်းက အခွင့်အရေးရမယ်ဆိုရင် နိုင်ငံက ထွက်ချင်ကြပါတယ်။
ဘာကြောင့်လဲဆိုတော့ မြန်မာမှာ စီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် ပြည်ပထွက်လိုတာက အဓိကရည်ရွယ်ချက်ဖြစ်နေပါတယ်။
"စီးပွားရေးအသက်ရှူကျပ်မှုနဲ့ မလုံခြုံမှုတွေက လူငယ်တွေကိုနိုင်ငံကထွက်ခွာအောင်တွန်းပို့နေတယ်" လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီက လုပ်ငန်းရှင်တချို့ကို မေးမြန်းကြည့်ချက်အရ အလုပ်အကိုင်အခွင့်အလမ်းဆိုတာမှာကွဲပြားချက် တချို့တွေ့ခဲ့ရပါတယ်။
ဒါကတော့ ပြည်တွင်းမှာအလုပ်အကိုင်အခွင့်အလမ်းလုံးဝရှားပါးတာမျိုးမဟုတ်ဘဲ လူငယ်တွေလိုချင်တဲ့ လုပ်ခလစာပေးနိုင်တဲ့ အလုပ်အကိုင်နည်းပါးနေတာပါ။
မြန်မာ့စီးပွားရေးလုပ်ငန်းတွေမှာ အရည်အသွေးပြည့်မီတဲ့လုပ်သားတွေလိုအပ်နေပေမဲ့ လုပ်ငန်းရှင်တွေဘက်က ကျွမ်းကျင်လုပ်သားတွေအတွက်လုံလောက်တဲ့လုပ်ခလစာမပေးနိုင်တဲ့ ပြဿနာလို့ဆိုကြပါတယ်။
"မြန်မာရဲ့ တစ်ရက်လုပ်ခလစာက အိမ်နီးချင်းနိုင်ငံတွေရဲ့ တစ်ရက်ခထက် နည်းတယ်။ ဘွဲ့ရရုံးဝန်ထမ်းတွေကို ကုမ္ပဏီဘက်က တခြားသောစရိတ်တွေအတွက် အပိုဆောင်းပေးနိုင်ပေမဲ့ အခြေခံအလုပ်သမားတွေ အတွက်တော့ ဒါမျိုးမရှိနေဘူး"
"ပေးနိုင်တဲ့အလုပ်က ကုန်ဈေးနှုန်းကိုမကာမိနေဘူး" လို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးနီက ဘီဘီစီကို ပြောပါတယ်။
လုပ်ငန်းရှင်တွေဘက်မှာလည်း စစ်တပ်ရဲ့ ဗဟိုချုပ်ကိုင်မှုများတဲ့စီးပွားရေးမူဝါဒတွေအပြင် အခွန်အကောက်များတာကြောင့် လုပ်ငန်းလည်ပတ်နိုင်ရေးရုန်းကန်နေရတဲ့အခြေအနေလို့ ဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုဗစ်ကပ်ရောဂါကြောင့်စီးပွားရေးကျဆင်းနေချိန်မှာ အာဏာသိမ်းခဲ့ပြီး ကိုဗစ်အလွန်ကာလစီးပွားရေး ပြန်ဦးမော့လာအောင်လည်း မစွမ်းဆောင်နိုင်တာကြောင့် မြန်မာဟာ ၂၀၂၅ နှစ်လယ်ကာလရောက်သည့်တိုင် အနုတ် လက္ခဏာတွေနဲ့သာရင်ဆိုင်နေရတာလို့ ကမ္ဘာ့ဘဏ်ရဲ့ နှစ်အလိုက်စစ်တမ်းတွေက ညွှန်ပြနေပါတယ်။
၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်အတွင်းမှာ GDP (ပြည်တွင်းထုတ်ကုန်တန်ဖိုး) ၁၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။
မတ် ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့မြန်မာ့ငလျင်ကြီးကြောင့်လည်း ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း GDP ၂.၅ ရာခိုင်နှုန်း အနုတ်ပြနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးခန့်မှန်းချက်တွေက မှားယွင်းနေတယ်လို့ ဆိုပါတယ်။
၂၀၂၄ -၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်မှာ နိုင်ငံရဲ့ GDP က အမေရိကန်ဒေါ်လာ ၇၆.၄ ဘီလျံ ရှိပြီး ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၁.၆ ဘီလျံအထိ မျှော်မှန်းဆောင်ရွက်နေတာလို့ သူက ဇူလိုင် ၂ ရက်က နေပြည်တော်မှာလုပ်တဲ့ စီးပွားရေးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာပြောခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, CINCDS
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့ မြန်မာမှာဆင်းရဲမွဲတေနှုန်းများလာတာကတော့ ငြင်းလို့မရကြောင်း စစ်တမ်းတွေက သက်သေခံ နေပါတယ်။
ကမ္ဘာ့ဘဏ်စစ်တမ်းအရ ၂၀၂၄ တစ်နှစ်တာမှာ မြန်မာရဲ့ ဆင်းရဲမွဲတေနှုန်းက တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ဆိုရင် ၃၁ ရာခိုင်နှုန်းအထိရှိပြီး ၂၀၁၇ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၇ ရာခိုင်နှုန်းတိုးလာတာပါ။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) ရဲ့ ဇွန်လထုတ်စစ်တမ်းတစ်စောင်အရလည်း မြန်မာရဲ့ စီးပွားရေးမြို့တော်လို့ တင်စားကြတဲ့ ရန်ကုန်မြို့မှာတောင် "မြို့ပြဆင်းရဲနွမ်းပါးမှုဒဏ်" ကို အံတုနေရပါပြီ။
"ရန်ကုန်မြို့လူဦးရေရဲ့ ၂.၇ သန်းခန့်ဟာ ဆင်းရဲနွမ်းပါးမှုအခြေအနေနဲ့ကြုံတွေ့နေရပြီ" ဆိုတဲ့ အချက်ကို တွေ့ရှိခဲ့ရပါတယ်။
"ကျွန်တော်တို့လို လူလတ်တန်းစားလူငယ်တွေကိုပါ သက်ရောက်လာလို့ အခုလိုအလုပ်ပိုလုပ်လာရတာပေါ့" လို့ ကိုထူးက ခပ်တိုတိုဖြေပါတယ်။
ကိုထူးလို ရန်ကုန်မြို့ခံတွေထက် အာဏာသိမ်းပြီးနောက်မှ ရန်ကုန်မြို့ကိုရွှေ့ပြောင်းနေထိုင်လာသူတွေဟာ ဆင်းရဲနွမ်းပါးမှုဒဏ်ကို ပိုခံစားနေကြရပါတယ်။
ပြောင်းရွှေ့လာတဲ့အိမ်ထောင်စုတွေရဲ့ ၃၉ ရာခိုင်နှုန်းဟာ အလွန်ဆင်းရဲတဲ့ အုပ်စုထဲပါဝင်လာတာကြောင့်ပါ။
"အရင်ကအခြေအနေနဲ့ စစ်ဘေးရှောင်ဘဝနဲ့ကဘာမှမတူတော့ပါဘူး" လို့ ရန်ကုန်ရောက်ရခိုင်စစ်ရှောင် ဖြစ်တဲ့ ဦးခင်က ပြောပြပါတယ်။
ဦးခင်နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာလည်း ငတ်မွတ်ချို့တဲ့မှုနှုန်းမြင့်တက်လာလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပူပူနွေးနွေး သြဂုတ် ၁၂ ရက်မှာပဲသတိပေးစာထုတ်ပြန်ခဲ့ပါတယ်။
ရခိုင် - ပြည်ပထွက်လိုတဲ့လူငယ်တွေနဲ့ ငတ်မွတ်မှု

ဓာတ်ပုံ ရင်းမြစ်, အာရက္ခမင်းသမီး
ရခိုင်ပြည်နယ်ရဲ့ ငတ်မွတ်ချို့တဲ့မှုအကျပ်အတည်းဟာ ပေါက်ကွဲသွားမယ့်ကပ်ဘေးတစ်ခုအထိဖြစ်လာနိုင် တယ်လို့ WFP က သတိပေးထားပါတယ်။
"ပြည်မဘက်မှာ ဓာတ်ဆီတစ်လီတာကို ကျပ် ၃,၀၀၀ လောက်ရှိတယ်။ ရခိုင်မှာ တစ်လီတာ ၉,၀၀၀ ကျော် တစ်သောင်းနားကပ်နေတယ်" လို့ ဦးခင်က ရန်ကုန်နဲ့ ရခိုင် ဒေသနှစ်ခုရဲ့ ကုန်ဈေးနှုန်းကွာခြားချက်ကို တွက်ချက်ပြပါတယ်။
"ရခိုင်မှာက စီးပွားရေးကျပ်တည်းတာထက် စီးပွားရေးလုံးဝ ပြိုလဲနေပြီလို့ ပြောရမယ်ထင်ပါတယ်" လို့ ရန်ကုန်ရောက်စစ်ရှောင်တစ်ဦးဖြစ်တဲ့ ဦးခင်က ပြောပါတယ်။
ဦးခင်တစ်ယောက် ရန်ကုန်ကိုစစ်မရှောင်လာခင်ကတည်းက ရခိုင်မှာကုန်ဈေးနှုန်းအဆမတန်ဈေးတက်နေပြီး အလုပ်အကိုင်အခွင့်အလမ်းနဲ့ လူဦးရေမလောက်ငှနေဘူးလို့ ဘီဘီစီကို ပြန်ပြောင်းပြောပြပါတယ်။
အာဏာသိမ်း ၄ နှစ်ခွဲကာလအတွင်း စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်ကလွဲလို့ ရခိုင်ကဒေသအများစုကို အာရက္ခတပ်တော် (အေအေ) က ထိန်းချုပ်ထားပြီဖြစ်ပေမဲ့ စီးပွားရေးကြပ်တည်းမှု၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတွေနဲ့ ရင်ဆိုင်နေရဆဲလို့ ရခိုင်ဒေသခံတွေဆီက သိရပါတယ်။
ဒါပေမဲ့ အေအေကတော့ အလုပ်အကိုင်အခွင့်အလမ်းတချို့ဖန်တီးပေးထားတာရှိတယ်လို့ မြေပြင်မှာဆက်ရှိနေဆဲ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ရှင်းပြပါတယ်။
"အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကတော့ ပြည်သူတွေဖူလုံရေး၊ အာရက္ခဒေသဖွံ့ဖြိုးတိုးတက်ရေးမှာ အခရာကျတဲ့ စီးပွားရေးတွေကိုတော့ အားထားပြီးလုပ်ပေးနေတယ်" လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂရဲ့ သတင်းနဲ့ပြန်ကြားရေးကော်မတီတာဝန်ခံက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလိုဖန်တီးပေးနေပေမဲ့ ပြည်ပထွက်ခွာလိုတဲ့ လူငယ်တွေထဲ ရခိုင်ပြည်နယ်ကလူငယ်တွေအများဆုံးဖြစ်နေ တာကို UNDP Myanmar ရဲ့ နိုင်ငံတကာလူငယ်များနေ့ထုတ်အစီရင်ခံစာအရ သိရပါတယ်။
နိုင်ငံကနေထွက်လိုကြောင်းပြောတဲ့လူငယ်တွေထဲမှာ ရခိုင်ပြည်နယ်က ၆၀.၃ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး ရန်ကုန်က ၅၁.၇ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံးဖြစ်နေတာပါ။
UNDP Myanmar ရဲ့ စစ်တမ်းမှာပါဝင်ဖြေဆိုတဲ့လူငယ်တွေဟာ "ဒီမိုကရေစီအောင်ပွဲနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှစ်ခုစလုံးကအရေးပါတယ်" လို့ ယုံကြည်ထားကြပါတယ်။
ဒါဟာ အုပ်ချုပ်သူအပြောင်းအလဲဖြစ်လာပေမဲ့ ဒေသတွင်းစီးပွားရေးတည်ငြိမ်ဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့က အရေးတကြီးလိုအပ်ကြောင်း ကိန်းဂဏန်းတွေက ညွှန်းဆိုနေတာလည်း ဖြစ်ပါတယ်။
ပြည်တွင်းမှာ စီးပွားရေးကျပ်တည်းမှုတွေသာမက စစ်ပွဲပဋိပက္ခ၊ စစ်မှုထမ်းဥပဒေကြောင့်ပါ လူငယ် အလုံးအရင်းအလိုက် ပြည်ပကိုထွက်ခွာနေကြသလို ပြည်ပကိုထွက်ခွာလိုသူအများအပြားရှိနေတာက "Brain Drain" လို့ခေါ်တဲ့ ပညာတတ်တွေတိုင်းပြည်ကစွန့်ခွာခြင်းအဆင့်ကို ရောက်ပြီလို့ ပညာရှင်တွေက ထောက်ပြပါတယ်။
UNDP Myanmar ရဲ့ စစ်တမ်းမှာတင် ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးကစလို့ လူငယ် ၃ သိန်းကနေ ၅ သိန်းကြားက နိုင်ငံကနေစွန့်ခွာခဲ့ကြပြီးဖြစ်ပါတယ်။
သမိုင်းတကျော့ပြန်တဲ့ Brain Drain

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အာဏာသိမ်းမှုအပြီး မြန်မာကနေပညာတတ်တွေစွန့်ခွာတဲ့ "Brain Drain" ဖြစ်စဉ်ရှိခဲ့တယ်လို့ ဝါရင့်စီးပွားရေးပညာရှင်တစ်ဦးက ဥပမာပေးပြောပါတယ်။
အဲဒီခေတ်ကာလပြည်ပရောက်မြန်မာတွေဟာ ကဏ္ဍအသီးသီးမှာ အောင်မြင်မှုတွေရခဲ့ပေမဲ့ မြန်မာနိုင်ငံကတော့ဆုတ်ယုတ်မှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။
"မြန်မာနိုင်ငံကတော့ ဟိုတုန်းက ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ အာရှကျားအဖြစ်ကနေ ကဏ္ဍတိုင်းမှာ ဆုတ်ယုတ်ခဲ့ပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ပါတယ်" လို့ စီးပွားရေးပညာရှင်က ပြောပါတယ်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်းလူငယ်တွေပြည်ပထွက်ခွာရာမှာတော့ အတွေ့အကြုံမရှိသေးတဲ့ "unskilled workers" တွေအဖြစ် အောက်ခြေအလုပ်တွေသွားရောက်လုပ်ကိုင်ခဲ့ကြတာဖြစ်ပြီး အတွေ့အကြုံတွေ ကတဆင့်မှ "semi-skilled၊ skilled workers" ဆိုပြီး အဆင့်ဆင့်အရည်အသွေးပြည့်မီလာကြပါတယ်။
"သူတို့တွေ ပြည်ပထွက်တာကို future brain-gains တွေလို့မြင်ပါတယ်" လို့ ဒီစီးပွားရေးပညာရှင်ကပဲ ဆက်ရှင်းပြပါတယ်။
၂၀၁၂ ခုနှစ်မှာတော့ ပြည်ပရောက်မြန်မာတွေပြန်ရောက်လာကြတာက "reverse migration" လို့ပညာရှင်တွေကပြောကြပြီး ပြည်တွင်းစီးပွားရေးအတွက် အတိုင်းအတာတစ်ခုထိကို Brain Gains ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စင်ကာပူနိုင်ငံအခြေစိုက် ISEAS – Yusof Ishak Institute ရဲ့ မြန်မာ့ရေးရာသုတေသနအစီအစဉ်မှာ ဧည့်သုတေသီအဖြစ်ဆောင်ရွက်နေတဲ့ Jared Nathan Bissinger ကလည်း မြန်မာတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းက အံအားသင့်ဖွယ်ကောင်းတယ်လို့ ဘီဘီစီကို မှတ်ချက်ပြုပါတယ်။
ဒီလူငယ်အင်အားတွေကို စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်အတွက် ကောင်းစွာအသုံးမချနိုင်ခဲ့ဘူးလို့ ဆိုကြပါတယ်။
"၂၀၂၁ ခုနှစ်မှာ လူငယ်တွေက တီထွင်ဖန်တီးနိုင်စွမ်းကောင်းတယ်၊ ကြံဆနိုင်တယ်။ စီးပွားရေးကြပ်တည်းမှု ကြားမှာ တနည်းမဟုတ်ရင် တနည်းနဲ့ရှင်သန်ဖို့ကြိုးစားကြတယ်" လို့ သုတေသီ Jared Nathan Bissinger က ပြောပါတယ်။
အခုတကြိမ် စစ်အာဏာသိမ်းပြီးနောက် ပြည်ပကိုလူငယ်တွေအလုံးလိုက်အရင်းလိုက်ထွက်ခွာတာဟာ စီးပွားရေးအသက်ရှုခက်မှုကြားက ရှင်သန်ဖို့အတွက် နည်းလမ်းတစ်ခုအဖြစ်ရွေးချယ်ကြတာဖြစ်ပါတယ်။
အထူးသဖြင့် လူလတ်တန်းစားပညာတတ်အများစု တိုင်းပြည်ကိုစွန့်ခွာသွားတာကြောင့် ပြည်တွင်း လေဟာနယ်တစ်ခုဖြစ်လာပြီလို့ စီးပွားရေးရှုထောင့်အရသုံးသပ်ကြပါတယ်။
"အဲ့ဒီအခြေအနေရဲ့ ဆိုးကျိုးသက်ရောက်မှုကို နောင်အနှစ် ၂၀ အကြာလောက်မှ သိသိသာသာ ခံစားရမှာဖြစ်ပြီး အဲ့ဒီအချိန်ကျရင် ပြန်လည်ပြုပြင်ဖို့ အချိန်နှောင်းနေပါပြီ" လို့ ဝါရင့်စီးပွားရေးပညာရှင်က သုံးသပ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
UNDP Myanmar ကတော့ စစ်တမ်းနဲ့အတူ တိုင်းပြည်ကစွန့်ခွာခြင်းအတွက်လုပ်ဆောင်သင့်တဲ့ အဖြေတွေကိုလည်း ထည့်သွင်းပြောခဲ့ပါတယ်။
- နေရပ်စွန့်ခွာမှုကိုဖြစ်စေတဲ့ စီးပွားရေးနဲ့ အလုပ်အကိုင်အတွက် ဖြေရှင်းရေး
- ပညာရေးနဲ့ စွမ်းရည်မြှင့်သင်တန်းတွေအပေါ် ရင်းနှီးမြှုပ်နှံရေး
- ငြိမ်းချမ်းရေးအတွက်ဆွေးနွေးရေးဖြစ်စဉ်တွေမှာ လူငယ်တွေကိုပါဝင်ခွင့်ပြုရေး
- လုံခြုံတဲ့ ပြည်ပထွက်ခွာရေးဖြစ်ဖို့အတွက် တရားဝင်လမ်းကြောင်းတွေကို ချဲ့ထွင်ပေးရေး
ဒီအချက် ၄ ချက်ကို UNDP Myanmar ရဲ့ စစ်တမ်းမှာ ထည့်သွင်းအကြံပြုပေးခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမတည်ငြိမ်မှု၊ စစ်ရေးပဋိပက္ခ ပြင်းထန်နေမှုကြားမှာ စီးပွားရေးအဆင်ပြေအောင်ဆောင်ရွက်နိုင်ဖို့က စိန်ခေါ်ချက်များတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။
ဒယိမ်းဒယိုင်စီးပွားရေးကို ကုစားခြင်း
ပြည်ပကိုထွက်ခွာသွားတဲ့လူငယ်တွေပြန်လာချိန်မှာ ကျွမ်းကျင်တတ်မြောက်လာတဲ့ပညာတွေကို ပြည်တွင်းမှာ ဘယ်လောက်အသုံးချမလဲဆိုတာကလည်း အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။
ဒီအခြေအနေမတိုင်ခင် "ပြည်ပထွက်ခွာသွားတဲ့လူငယ်တွေ ပြန်လာနိုင်အောင် အလုပ်အကိုင်အခွင့်အလမ်း ဘယ်လိုဖန်တီးပေးမလဲဆိုတာကလည်းအရေးကြီးတယ်" လို့ သုတေသီ Jared Nathan Bissinger က သူ့အမြင်ကို ပြောပါတယ်။
UNDP Myanmar ရဲ့ စစ်တမ်းအရလည်း ပြည်ပထွက်ခွာလိုတဲ့ လူငယ်တွေရဲ့ ၉၀ ရာခိုင်နှုန်းက နေရပ်ကိုပဲ ပြန်လာပြီးနေထိုင်လိုတဲ့ဆန္ဒရှိနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြေပြင်အခြေအနေကိုကြည့်မယ်ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာရဲ့ မြို့ပေါင်း ၈၀ ကျော်ဟာ တော်လှန်ရေးအစုအဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး စစ်တပ်က မြို့ကြီးအများစုကို ထိန်းချုပ်ထားဆဲပါ။
ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရနေတဲ့ စစ်တပ်မှာတောင် စီးပွားရေးအတွက် အခက်အခဲရှိနေလို့ ဒေသတွေကိုထိန်းချုပ်ထားနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာဆိုရင် ပိုပြီးခက်ခဲပါတယ်လို့ သုတေသီ Jared Nathan Bissinger က ပြောပါတယ်။
ဘီဘီစီစကားပြောခွင့်ရတဲ့ စီးပွားရေးနဲ့ ပြည်သူ့ရေးရာမူဝါဒတွေအကြောင်းလေ့လာသူတွေအပြောအရ စီးပွားရေးနဲ့ နိုင်ငံရေးက ဆက်နွယ်နေပါတယ်။
"အရင်ခေတ်အစိုးရတွေတုန်းက နိုင်ငံရေးမပါဘဲနဲ့ စီးပွားရေးကို စီးပွားရေးမူဝါဒတွေသက်သက်နဲ့ပဲ ဖြေရှင်းမယ်ဆိုတာမျိုး စဉ်းစားခဲ့ကြတယ်"
"ဒါကတကယ့်လက်တွေ့မှာ မဖြစ်နိုင်ဘူးဆိုတာကို ၂၀၂၁ခုနှစ် နောက်ပိုင်းစီးပွားရေးအခြေအနေတွေက သက်သေပြနေပါတယ်" လို့ ပြည်သူ့ရေးရာမူဝါဒလေ့လာသူတစ်ဦး ဖြစ်တဲ့ ကိုသူရိန်လွင်က ထောက်ပြပါ တယ်။
မြန်မာ့စီးပွားရေးမူဝါဒတွေကိုပြန်ကြည့်မယ်ဆိုရင် စစ်တပ်ဟာ အာဏာသိမ်းပြီးနောက် သူ့အကျိုးစီးပွား အားကောင်းလာစေမယ့်မူဝါဒတွေကိုသာအသုံးပြုခဲ့တယ်လို့ စီးပွားရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။
ဒါကြောင့် မြန်မာ့စီးပွားရေးကို ကိတ်မုန့်တစ်လုံးနဲ့ တင်စားပြီးပြောကြပါတယ်။ မြန်မာ့စီးပွားရေး အခွင့်အလမ်းတွေဟာ အရင်အစိုးရကာလတွေနဲ့နှိုင်းယှဉ်ရင် ကျုံ့သွားခဲ့ပါပြီ။
"ကိတ်မုန့်အရွယ်အစားအသေးကို ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေက လုနေရတဲ့အခြေအနေမှာ SAC (စစ်တပ်) က လက်ဝါးကြီးအုပ်ပြီး အတုံးကြီးကြီးလှီးယူနေတဲ့အခြေအနေမျိုးပဲ" လို့ဝါရင့်စီးပွားရေး ပညာရှင်က ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဏာသိမ်း ၄ နှစ်ခွဲကာလအတွင်းပြည်တွင်းဈေးကွက်စီးပွားရေးကို ဗဟိုချုပ်ကိုင်မှုတွေနဲ့မောင်းနှင်ခဲ့တဲ့ စစ်တပ်ရဲ့ မူဝါဒတွေဟာ "အနာနဲ့ဆေးမတည့်နေဘူး" လို့ လုပ်ငန်းရှင်တွေကမှတ်ချက်ပြုကြပါတယ်။
"စီးပွားရေးက ဇောက်ထိုးဆင်းသွားတာလေ။ သူတို့နဲ့အနီးကပ်လူတွေလောက်ပဲအဆင်ပြေတော့တာ" လို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးနီက ဘီဘီစီကို ပြောပါတယ်။
ဒါဟာ ကိတ်မုန့်အသေးတစ်လုံးရဲ့ အစိတ်အပိုင်းခပ်ကြီးကြီးကို စစ်တပ်ကဖဲ့ယူပြီးတဲ့နောက် ကျန်အပိုင်းကို စစ်တပ်နဲ့နီးစပ်တဲ့လုပ်ငန်းရှင်တွေကခွဲယူကြပြီး သာမန်လုပ်ငန်းတွေက အနည်းအကျဉ်းကိုသာ အလုအယက် ရယူနေရတဲ့အခြေအနေလို့ ခိုင်းနှိုင်းပြောကြပါတယ်။
စီးပွားရေးကမောက်ကမကာလမှာ ကြံ့ကြံ့ခံနေရတဲ့အခြေခံလူတန်းစားရဲ့ ခံနိုင်ရည်ဟာ ဘယ်လောက် အတိုင်းအတာရှိမလဲဆိုတာတော့ ပြောရခက်တယ်လို့ ဘီဘီစီစကားပြောခွင့်ရတဲ့ ပြည်တွင်းရောပြည်ပ စီးပွားရေးလေ့လာသူတွေကပါ တပြေးညီပြောကြပါတယ်။
အခုလိုစီးပွားရေးအတိုင်းသာဆက်ရှိနေမယ်ဆိုရင် လူလတ်တန်းစားနည်းလာပြီး လူမှုရေးသဟဇာတ မဖြစ်မှုတွေနဲ့ပါ ရင်ဆိုင်လာရမယ်လို့ ပြည်သူ့ရေးရာမူဝါဒရှုထောင့်ကနေပါ သတိပေးနေကြပါတယ်။
"သူများနဲ့ တန်းတူမဟုတ်ဘဲ အခွင့်အရေးပိုရလို့ ပိုချမ်းသာလာတာတွေက လူတန်းစားကွာဟမှုတွေ အများကြီးဖြစ်လာမယ်။ အခွင့်ထူးခံရနေတဲ့သူတွေနဲ့ မယှဉ်နိုင်ဘူးဆိုတာမျိုးတွေ ဖြစ်လာရင် လူတန်းစား မညီမျှမှုတွေဖြစ်လာတာပေါ့" လို့ ပြည်သူ့ရေးရာမူဝါဒလေ့လာတဲ့ ကိုသူရိန်လွင်က သုံးသပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါကြောင့် စီးပွားရေးမူဝါဒကို "မေခရိုစီးပွားရေးမူဝါဒ" ကိုပြောင်းလဲသင့်တယ်လို့ ပညာရှင်တွေဆီက သိရပါတယ်။
"မေခရိုစီးပွားရေးမူဝါဒမှာ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုပြီး ၂ မျိုးရှိပါတယ်။ ဘဏ္ဍာရေး (fiscal policy) အရ ဆိုရင် အသုံးစရိတ်ကိုလျှော့ချပြီး ဘတ်ဂျက်လိုငွေနည်းနိုင်သမျှနည်းအောင်လုပ်ဖို့ပါ" လို့ ဝါရင့်စီးပွားရေး ပညာရှင်က ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်တရှိန်ထိုးမြင့်တက်လာတဲ့ စစ်အသုံးစရိတ်ကိုလျှော့ချပြီး ရင်းနှီးမြှုပ်နှံမှုတွေပိုလုပ်သင့်ကြောင်း အကြံပြုတာပါ။
ဒါအပြင် ငွေကြေးအပိုင်းမှာလည်း လက်ရှိလုပ်ဆောင်နေတဲ့ Direct Financing ဖြစ်တဲ့ ဘတ်ဂျက်လိုငွေ တွေကိုပိုက်ဆံရိုက်ထုတ်တာတွေ၊ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနကရောင်းတဲ့ငွေတိုက်စာချုပ်တွေကို ဗဟိုဘဏ်ကဝယ်ယူတာမျိုးတွေက ငွေကြေးဖောင်းပွမှုကိုဖြစ်စေတာပါ။
ဒါကြောင့် ဗဟိုဘဏ်ကနေ လိုအပ်တဲ့ဈေးကွက်တွေကို တိုးတက်အောင်လုပ်ပြီး ဈေးကွက်ထဲရောက်နေတဲ့ ကျပ်ငွေတွေကို ပြန်လည် နုတ်ယူဖို့ လိုအပ်တဲ့အကြောင်းပါ စီးပွားရေးပညာရှင်ကထည့်ပြောပါတယ်။
မေခရိုစီးပွားရေးတည်ငြိမ်လာတဲ့အခါ ငွေကြေးဖောင်းပွမှုရော မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေတာကိုပါ တည်ငြိမ်စေပြီး အသက်ရှုလို့ရတဲ့ အခြေအနေတစ်ရပ်ဖြစ်လာမှာပါ။
"ဒီလိုဖန်တီးပေးနိုင်တာနဲ့အတူ နိုင်ငံရေးတည်ငြိမ်မှုတွေရှိလာတဲ့အခါမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုများလာလိမ့်မယ်" လို့ ပညာရှင်က ထောက်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်ရှိ မြန်မာ့စီးပွားရေးဟာ အကျပ်ရိုက်နေပြီး လွတ်လပ်စွာဆောင်ရွက်နိုင်တဲ့ မူဝါဒကိုပြောင်းလဲချိန်တန် ပြီလို့ စီးပွားရေးလုပ်ငန်းရှင်တွေကပါ ဝေဖန်နေကြပါပြီ။
"မြန်မာပြည်မှာဖြစ်တဲ့ရောဂါကကြီးတယ်၊ ဆေးမြီးတိုနဲ့ကုလို့မရဘူး။ ကျွမ်းကျင်လိမ္မာတဲ့ပုဂ္ဂိုလ်တွေရဲ့ လက်ထဲကိုရောက်ဖို့လိုတယ်" လို့ လုပ်ငန်းရှင် ဦးနီက ပြောပါတယ်။
ပညာရှင်ရော လုပ်ငန်းရှင်ရောမဟုတ်တဲ့ ရန်ကုန်သား ကိုထူးကတော့ "ငွေကြေးတန်ဖိုးနဲ့ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကြောင့် ချင့်ချိန်သုံးစွဲလာရတာ" ကို ခက်ခဲပင်ပန်းလာပြီလို့ ရင်ဖွင့်ပါတယ်။
"အဲလိုခက်ခဲနေတဲ့အပြင် ဥပဒေတွေလည်းအမျိုးမျိုးပြောင်းပြီးလုပ်ရကျပ်လာတော့ ပြည်ပပဲထွက်ချင်တော့တယ်"












