ဗိုလ်ချုပ်ကြီးနေဝင်း၊ ပထမအိမ်စောင့်အစိုးရနဲ့ ပညာရှင်နိုင်ငံရေး

ဓာတ်ပုံ ရင်းမြစ်, Archive
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာနိုင်ငံမှာ နိုင်ငံရေးသမားမဟုတ်သူတွေကို အစိုးရအဖွဲ့အဖြစ် ပထမဆုံးပွဲထုတ်ခဲ့တာဟာ ၁၉၅၈ က အိမ်စောင့်အစိုးရ ဖြစ်ပါတယ်။ ဒီအစိုးရဟာ မြန်မာပြည်မှာ ပထမဆုံး အာဏာသိမ်းပြီး တက်လာတဲ့ စစ်အုပ်စုကို ခေါင်းခံပြီး ရှေ့ထွက်ပေးတဲ့အဖွဲ့ဖြစ်သလို ၁၉၆၂ ကနေ ကနေ့ခေတ်ထိ စစ်အာဏာသိမ်းအစိုးရအဆက်ဆက်မှာ ပါဝင်ခဲ့ကြတဲ့ အရပ်သား ပညာရှင်ဆိုတဲ့ လူတန်းစားရဲ့ အစလည်း ဖြစ်ခဲ့ပါတယ်။
တကယ်က မြန်မာအစိုးရထဲမှာ နိုင်ငံရေးဘက်က မဟုတ်သူတွေကို ပထမဆုံး စခန့်တာဟာ ဂျပန်ခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်းကို ကာကွယ်ရေး ဝန်ကြီး ခန့်တာက စပါတယ်။ အဲဒီနောက် ၁၉၄၉ မှာ ကရင် လက်နက်ကိုင် တော်လှန်ရေးဖြစ်ပြီးနောက် ဦးနုရဲ့ ဖဆပလအစိုးရထဲက ဆိုရှယ်လစ်ပါတီဝင်တွေ နုတ်ထွက်ချိန်မှာ သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီးနေဝင်းနဲ့ တရားလွှတ်တော်ချုပ် တရားဝန်ကြီး ဦးဧမောင်ကို အစိုးရထဲမှာ ခေါ်ယူ ခန့်ထားခဲ့ပါ တယ်။ ဗိုလ်ချုပ်နေဝင်းဟာ ၁၉၅ဝ အထိ ဒုတိယဝန်ကြီးချုပ် နဲ့ ကာကွယ်ရေးဝန်ကြီးတာဝန်တွေ ယူခဲ့ပြီး ဦးဧမောင်ကတော့ နိုင်ငံခြားရေးနဲ့ တရားရေးဝန်ကြီး ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
ပင်စင်စားအစိုးရ
ဖဆပလခေတ်တလျောက်မှာလည်း ဗိုလ်ချုပ်ကြီးနေဝင်းကို အာဏာသိမ်းဖို့ နည်းပေးလမ်းပြတဲ့ တရားဝန်ကြီးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ၁၉၅၈ မှာ အာဏာရဖဆပလအဖွဲ့ချုပ် ပြိုကွဲပြီး ကျန်ခဲ့တဲ့ ဦးနုရဲ့ သန့်ရှင်း ဖဆပလအစိုးရဆီကနေ ဗိုလ်မှူးချုပ်မောင်မောင်၊ အောင်ကြီးနဲ့ တင်ဖေတို့ အာဏာ လွှဲပြောင်းယူဖို့ စီမံပြီးနောက် အုပ်ချုပ်မယ့် အစိုးရကို အရပ်သားအရာရှိဟောင်းတွေနဲ့ ရာထူးလက်ရှိတွေနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ဒီအစိုးရမှာ တပ်ဘက်က ဗိုလ်ချုပ်ကြီး နေဝင်း ဝန်ကြီးချုပ်လုပ်ပြီး ၁၉၅၉ မှာ ဗိုလ်မှူးချုပ်တင်ဖေ ဝန်ကြီးဖြစ်လာတာကလွဲလို့ ကျန်သူအားလုံး အရပ်သားတွေ ဖြစ်ကြပါတယ်။ ပြည်နယ်အစိုးရ ခေါင်းဆောင် ငါးယောက်ကတော့ နယ်ခံ လူမျိုးစုနိုင်ငံရေးခေါင်းဆောင်တွေ ဖြစ်ကြပြီး ကယားဝန်ကြီး စဝ်ဝဏ္ဏနဲ့ ကရင်ဝန်ကြီး ဒေါက်တာစောလှထွန်းတို့ နှစ်ယောက်ပဲ ဖဆပလအစိုးရထဲကနေ ဆက်ပြီး အိမ်စောင့်အစိုးရထဲ ပါလာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
ဒီလို အရပ်သားလူကြီးပိုင်းနဲ့ ဖွဲ့ထားပေမယ့် အိမ်စောင့်အစိုးရကို တကယ်ကြိုးကိုင်ခြယ်လှယ်သူတွေက အထူးအရာရှိတာဝန်နဲ့ တပ်ဘက်ကနေ လွှဲပြောင်း တာဝန်ယူကြတဲ့ စစ်ဗိုလ်ကြီးတွေ ဖြစ်ကြပါတယ်။ နောက် ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့်အစိုးရကို တကယ်ကြိုးကိုင်သူက ဗိုလ်မှူးချုပ်မောင်မောင်နဲ့ အောင်ကြီးဆိုပြီးလည်း ပြောစမှတ်ရှိပါတယ်။ ဗိုလ်မှူးချုပ်မောင်မောင် ကိုယ်တိုင် သူကြိုးကိုင်ခဲ့တဲ့ အိမ်စောင့်ခေတ်အကြောင်း စာတစောင်ပေတဖွဲ့ ရေးသွားခဲ့သလို သူနဲ့ ဗိုလ်မှူးချုပ်အောင်ကြီးတို့ ကြိုးပမ်းခဲ့တဲ့ စီးပွားရေး ပြုပြင်ရေး အိမ်စောင့်ခေတ်အကြောင်းကို ချီးကျူးတဲ့ အနောက်တိုင်းပညာရှင် တွေ ရှိပါတယ်။ တဘက်မှာလည်း ကွန်မြူနစ် နှိမ်နင်းရေးကို အကြမ်းပတမ်းလုပ်ခဲ့တဲ့ သူတို့ မူကို လက်ဝဲယိမ်းသူတွေက မနှစ်လိုသလို မြို့သစ်တွေဆီ အိမ်ခြေမဲ့ဆင်းရဲသားတွေကို အတင်းရွှေ့ခိုင်းတဲ့အတွက်လည်း ကန့်ကွက်ရှုတ်ချခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Keystone Features
၁၉၅၈ တပ်က အာဏာယူပြီး ဖွဲ့တဲ့အစိုးရမှာ အသက် ၆ဝ ကျော် အရာရှိဟောင်းနဲ့ နိုင်ငံရေးသမားဟောင်းတွေ အများစုပါဝင်ပြီး တရားဝန်ကြီးချုပ်၊ မင်းကြီး စတဲ့ ရာထူးတွေမှာ ထမ်းဆောင်ခဲ့တဲ့ အရာရှိဟောင်းတွေနဲ့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ အရာရှိတွေ ဖြစ်ကြပါတယ်။ နိုင်ငံရေးသမားတွေရဲ့ အကျင့်ပျက်ခြစားမှု၊ ဂိုဏ်းဂဏကွဲပြားမှုတွေကြောင့် နိုင်ငံ စစ်မီးတောက်မယ့်ဘေးက ထိန်းတယ်ဆိုတဲ့ အသွင်နဲ့ တပ်က အာဏာယူရာမှာ စစ်ဗိုလ်တွေ တက်အစိုးရဖွဲ့တယ်ဆိုတဲ့ ပုံစံမပြလိုတဲ့အတွက် နိုင်ငံက လေးစားတဲ့ လူကြီးတွေကို ရုပ်ပြထုတ်သုံးတာ ဖြစ်ပါတယ်။ အဲဒီအချိန်က တပ်ကို မုန်းတီးမှု ၁၉၆၂ နောက်ပိုင်းလောက် မရှိပေမယ့် ဦးနုလို အရှိန်အဝါ ကြီးတဲ့ ခေါင်းဆောင်မျိုးလက်က အာဏာယူတာဖြစ်လို့ ဗိုလ်ချုပ်ကြီးနေဝင်းက လူကြီးတွေ အားနဲ့ အပေါ်ဆန်တက်တဲ့ သဘောလည်း ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
ကုသိုလ်တပဲ ငရဲတပိဿာ
ဒီအစိုးရမှာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းနောက် ရာထူးအကြီးဆုံးက ဒုတိယဝန်ကြီးချုပ် ဦးသိမ်းမောင် ဖြစ်ပါတယ်။ ဦးသိမ်းမောင်ဟာ ဝိုင်အမ်ဘီအေ ခေတ်ကတည်းက မြန်မာ့နိုင်ငံရေးမှာ ရှေ့တန်းက ပါလာသူ ဖြစ်ပြီး ၁၉၂ဝ က ဦးဘဘေ၊ ဦးပုတို့နဲ့အတူ လန်ဒန်သွားပြီး မြန်မာပြည် အုပ်ချုပ်ရေး တိုးမြှင့် ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ နိုင်ငံရေးအကွေ့အချိုးတိုင်းမှာလည်း ရှင်သန်ကျန်ရစ်သူအဖြစ် ကျော်ကြားပြီး ၁၉၃၇ မှာ နိုင်ငံရေးက ထွက်ပြီး အစိုးရ ရှေ့နေချုပ်အလုပ်ကို လက်ခံရာမှာ သူပြောခဲ့တဲ့ စကားတခွန်းက ရာဇဝင်တွင်ခဲ့ပါတယ်။ နိုင်ငံရေးအလုပ်ဟာ ကုသိုလ်တပဲ ငရဲတပိဿာ ရတဲ့အလုပ်ဆိုပြီး ဦးသိမ်းမောင် ပြောခဲ့တာပါ။ စစ်ပြီး လွတ်လပ်ရေး ရပြီးနောက်မှာလည်း တရားလွှတ်တော်ချုပ် ပြည်ထောင်စုတရားဝန်ကြီးချုပ် အဖြစ် တရားရေးမဏ္ဍိုင် ရဲ့ အကြီးအမှူးနေရာမှာ နေပြီး ဦးနု၊ ဦးဗဆွေ စတဲ့ ဖဆပလခေါင်းဆောင်တွေနဲ့ လက်တွဲခဲ့သလို ဦးနုရဲ့ ဗုဒ္ဓသာသနာ့ ကောင်စီလို ဗုဒ္ဓဘာသာကို အားပေး ချီးမြှင့်တဲ့ လုပ်ငန်းတွေမှာလည်း ဒုဥက္ကဋ္ဌလုပ်ကာ ဆာဦးသွင်၊ ချပ်သင်း ဦးဘတင် စတဲ့ သူဌေးသူကြွယ်တွေနဲ့ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။
ဒီလို တိုင်းပြည်မိဘလို နေခဲ့တဲ့ ဦးသိမ်းမောင်ဟာ ၁၉၅၇ မှာ အငြိမ်းစားယူပြီး နောက်တနှစ် သူအသက် ၆၈ နှစ်အရွယ်မှာ မြန်မာပြည်ရဲ့ ပထမဆုံး အာဏာသိမ်းအစိုးရမှာ ဒုဝန်ကြီးချုပ် ခန့်တော့လည်း ကုသိုလ်တွေ ငရဲတွေ မပြောတော့ဘဲ လက်ခံခဲ့ပါတယ်။ သူနဲ့အလားတူ ၁၉၅၉ မှာ သူ့နေရာကို ဆက်ခံပြီး အိမ်စောင့်အစိုးရဒုဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ သခင်လွန်းဘော်ဟာလည်း သခင်ခေတ်ကတည်းက ထင်ရှားခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်ဟောင်း ဖြစ်ပြီး ဂျပန်ခေတ်၊ ဖဆပလခေတ်တွေမှာ ဝန်ကြီးတာဝန်တွေ ထမ်းဆောင်ခဲ့သလို ဖဆပလခေတ်မှာ ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ လုပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tatmadaw Archive
အစိုးရ အရာရှိများ ကလပ်
ဒီလို ထိပ်ဆုံးက ဝါရင့် နိုင်ငံရေးသမားဟောင်းတွေ ပါသလို အစိုးရအဖွဲ့ထဲမှာလည်း ထင်ရှားတဲ့ အရာရှိဟောင်းတွေနဲ့ ရာထူးလက်ရှိတွေကို ခန့်ထား ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် သင်္ချာကထိကဟောင်း ဦးကာ၊ ဓာတု ဗေဒဝန်ဟောင်း ဦးချစ်သောင်း၊ စက်ရှင်မင်းကြီးနဲ့ ကုန်သွယ်မှုတိုးတက်ရေးဘုတ်အဖွဲ့ဥက္ကဋ္ဌဟောင်း ဦးဘကြားနဲ့ ရွေးကောက်ပွဲ မင်းကြီးဟောင်း ဦးစံညွန့် စတဲ့ လူကြီးတွေအပြင် တရားလွှတ်တော် တရားဝန်ကြီးချုပ် ဦးချန်ထွန်းအောင်၊ အတွင်းဝန်ချုပ် ဦးခင်မောင်ဖြူ၊ ပြည်ထောင်စုဘဏ် ဥက္ကဋ္ဌ ဦးကျော်ငြိမ်း စတဲ့ လက်ရှိ ရာထူးကြီး ယူထားသူတွေလည်း ပါပါတယ်။ နောက် စစ်ဘက်ပစ္စည်းဝယ်ယူရေးဌာနက ညွှန်ကြားရေးဝန် ဦးသီဟန်လည်း ဒုတိယအကြိမ် အိမ်စောင့်အစိုးရကို ပြင်ဆင်ဖွဲ့ချိန်မှာ ဗိုလ်မှူးချုပ် တင်ဖေနဲ့အတူ ပါလာပါတယ်။ ဦးသီဟန်ဟာ ၁၉၃၆ ကျောင်းသားသပိတ်မှာ ကိုအောင်ဆန်း၊ ကိုနု၊ ကိုကျော်ငြိမ်းစသူတွေနဲ့အတူ သပိတ်မှောက်ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တယောက် ဖြစ်ပြီး စစ်ပြီးခေတ်မှာ နိုင်ငံရေးနဲ့ ခွာခဲ့သူ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
ဦးသီဟန်ကလွဲပြီး ဒီလူကြီးအများစုဟာ နိုင်ငံရေးနဲ့ မပတ်သက်ဖူးသူ များသလို ကိုလိုနီခေတ်ကနေ ၁၉၅ဝ ကျော်ထိ အနှစ် သုံးလေးဆယ်မက အစိုးရ တာဝန်ထမ်းခဲ့သူတွေလည်း ပါပါတယ်။ နောက်အရာရှိအုပ်စုထဲမှာ ဗြိတိန်ကို အိုင်စီအက်ခေါ် အိန္ဒိယပဋိညာဉ်ခံဝန်ထမ်းနဲ့ ဝတ်လုံပညာ၊ မဟာသိပ္ပံပညာတွေ သွားပြီး သင်ယူခွင့် ရခဲ့သူတွေလည်း ပါဝင်ပါတယ်။ နောက် ဒီပုဂ္ဂိုလ်ကြီးတွေဟာ နိုင်ငံရေးသမားမဟုတ်ပေမယ့် သူတို့နဲ့ တခေတ် တည်း တက္ကသိုလ်မှာ ဆုံခဲ့ကြတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ သိကျွမ်းသူတွေလည်း ဖြစ်ပါတယ်။ တောင်ကြီးဇာတိ အိုင်စီအက် ဦးခင်မောင်ဖြူဟာ ရန်ကုန်ကောလိပ်မှာ ဝန်ကြီးချုပ်လောင်း ဦးနုနဲ့ ကျောင်းနေဘက် ဖြစ် သလို ပုဂံဆောင်မှာ စည်းကမ်းတင်းကျပ်တဲ့ အဆောင်မှူး လုပ်ခဲ့တဲ့ ဦးကာဟာလည်း လွတ်လပ်ရေး ခေတ်မှာ နိုင်ငံရေးနဲ့ စစ်ရေးအကြီးအကဲ ဖြစ်လာမယ့် ကျောင်းသားခေါင်းဆောင်တွေရဲ့ ဆရာနဲ့ အဆောင်မှူး ဖြစ်ခဲ့ ပါတယ်။ ကတုံး ဦးကျော်ငြိမ်းလို့ သိကြတဲ့ ဘဏ်ဥက္ကဋ္ဌ ဦးကျော်ငြိမ်းကတော့ တက္ကသိုလ် သမဝါယမမှာ လုပ်ခဲ့ပြီး နိုင်ငံရေးသမားတွေနဲ့ ခင်မင်သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဟင်္သာတ ဦးမြနောက်ပိုင်း ၁၉၅၂ က စလို့ အနှစ် ၂ဝ တိုင် အခု ဗဟိုဘဏ်ခေါ်တဲ့ ပြည်ထောင်စုဘဏ် ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Wikipaedia
နောက် ဒီဝန်ကြီးတွေဟာ ဆိုင်ရာနယ်ပယ်တွေမှာသာမက ဘက်စုံကျော်ကြားသူတွေလည်း ဖြစ်ပါတယ်။ ဓာတုဗေဒဝန်ဟောင်း ဦးချစ်သောင်းဟာ မွန်လူမျိုးတို့ရဲ့ အကြီးအမှူး ပညာတတ်တဦး ဖြစ်ရုံမက မြန်မာနိုင်ငံ သုတေသနအသင်းရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ပါတယ်။ ငါးပိကပေးတဲ့ အာဟာရတန်ဖိုးတွေ အကြောင်း စာတမ်းရေးသားလို့ နာမည်ကြီးခဲ့တဲ့ ဦးချစ်သောင်းဟာ မွန်ပြည်နယ် ရရှိရေးမှာ တက်ကြွခဲ့သလို ရာမညမွန်အသင်း မှာလည်း ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။ တခါ အနေအထိုင် အပြောအဆိုမှာ ဒေါက်တာဘမော်ကိုယ်ပွားလို့ ဆိုတဲ့ ဦးချန်ထွန်းအောင်ကတော့ သာသနာရေးကိစ္စတွေမှာ ဦးသိမ်းမောင်လိုပဲ ဆောင်ရွက်ခဲ့ပါတယ်။ နောက် သူဟာ တရားဝန်ကြီး ဦးချွန်ဖောင်းရဲ့တူ ဖြစ်ပြီး ရေတပ်က ဒုဗိုလ်မှူးကြီး ပယ်ရီအေးချိုရဲ့ အစ်ကို ဖြစ်လို့ ရန်ကုန်မြို့ အထက်လွှာက ပုံစံကျ ပညာတတ်အရာရှိ ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၅၉ အိမ်စောင့်အစိုးရကို ဒုတိယအကြိမ် ဖွဲ့စည်းချိန်မှာ လွှတ်တော်အတွင်းဝန်ဟောင်း ဝတ်လုံတော်ရ ဦးထွန်းတင်ကို ဝန်ကြီးခန့်ထားခဲ့ပြန်ပါ တယ်။ ဦးထွန်းတင်ဟာ ၁၉၃ဝ ကျော် လူငယ်များကြီးပွားရေးအသင်းခေတ်ကတည်းက လူမှုရေး လှုပ်ရှားမှုတွေမှာ ပါခဲ့တဲ့ ရှေ့နေကြီး ဖြစ်ပြီး မြန်မာနိုင်ငံ ပြေးခုန်ပစ်အသင်း ဥက္ကဋ္ဌဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ကျောင်းဆရာမှတ်စု
ပြည်နယ်ခေါင်းဆောင်တွေထဲက ဒူဝါဇော်လွန်း၊ စဝ်ဝဏ္ဏ၊ ဒေါက်တာစောလှထွန်း တို့လို ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ဖူးသူတွေ အိမ်စောင့်အစိုးရမှာ ပြန်ပါ လာသလို ကရင်လက်နက်ကိုင်အုံကြွမှုမှာ တပ်မတော်ဘက်က ကူညီ ခဲ့တဲ့ မြောက်သိန္နီနယ်က စော်ဘွားကြီး စဝ်ဟုံဖကိုလည်း ရှမ်းဝန်ကြီးချုပ်အဖြစ် တင်မြှောက် ခဲ့ပါတယ်။ ချင်းရေးရာဝန်ကြီးအဖြစ် ပထမ ဦးထန်လျန်နဲ့ ဒုတိယကမ္ဘာစစ်အတွင်း အိန္ဒိယမှာ စစ်ပညာသင်ခဲ့တဲ့ ဦးရာလ်မှုန်း တို့ကို ခန့်အပ် ခဲ့ပါတယ်။

အိမ်စောင့်အလွန်
၁၉၆ဝ မှာ ရွေးကောက်ပွဲနိုင်ပြီး ဦးနုအစိုးရပြန်တက်လာပြီးနောက် အိမ်စောင့်အစိုးရထဲက စဝ်ဝဏ္ဏနဲ့ ဒေါက်တာစောလှထွန်း နှစ်ယောက်ပဲ အစိုးရအဖွဲ့မှာ ပြန်ပါလာခဲ့ပါတယ်။ ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးနုလူရင်း မိုးမိတ်စော်ဘွား စဝ်ခွန်ချိုကိုပဲ ပြန်ခန့်ကာ နိုင်ငံခြားရေးဌာနကိုလည်း ကိန်းဘရစ်က မဟာဝိဇ္ဇာဘွဲ့ရ စဝ်ခွန်ချိုပဲ ပူးတွဲကိုင်ခဲ့ပါတယ်။ အိမ်စောင့်အစိုးရ ဒုဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဦးသိမ်းမောင်ဟာလည်း ဦးနုရဲ့ အစိုးရ အကြံပေးအဖွဲ့မှာ သမ္မတဟောင်း ဒေါက်တာဘဦး၊ တရားဝန်ကြီးဟောင်း ဦးအုန်းဖေ၊ ဝန်ကြီးဟောင်း ဦးချစ်သောင်း တို့နဲ့အတူ ပြန်ပါလာသလို နိုင်ငံတော်ဘာသာကိစ္စ စုံစမ်းရေးကော်မတီမှာလည်း ဥက္ကဋ္ဌ လုပ်ခဲ့ ပါတယ်။
၁၉၆၂ အာဏာသိမ်းပြီးနောက်မှာတော့ အိမ်စောင့်ခေတ်က ဝန်ကြီးဟောင်း ဦးသီဟန်ကတော့ တော်လှန်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးအဖြစ် နှစ်ရှည်တာဝန်ယူခဲ့ပါတယ်။ နောက်ဆုံး ဦးနု၊ ဗိုလ်လက်ျာ စတဲ့ သူ့မိတ်ဆွေ ဟောင်း တွေကို ပြည်ပထွက်ခွာခွင့် ကိစ္စတွေ ဆောင်ရွက်ပေးခဲ့ပြီး ရာထူးက နားခဲ့ရပါတယ်။ အိမ်စောင့်ခေတ် ပညာရေး ဝန်ကြီးဟောင်း အစ္စလာမ်ဘာသာဝင် ဦးကာကို ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ဗိုလ်ချုပ်ကြီးနေဝင်းက ခန့်ထား ခဲ့ပါတယ်။ စည်းကမ်းတင်းကျပ်ပြီး အသက် ၇ဝ နားနီးနေတဲ့ ဦးကာဟာ ၂ဝ ရာစု ခေတ်လယ်က ကျောင်းသားတွေကို ကမ္ဘာစစ်မဖြစ်ခင်က ပုံစံ စည်းမျဉ်းတွေနဲ့ ထိန်းချုပ်ဖို့ ကြိုးစားတဲ့ အတွက် မပြေမလည် ဖြစ်လာ ပါတယ်။ နောက်ဆုံး အဆောင်စည်းကမ်းကိစ္စ တင်းကျပ်မှုကနေ ဆဲဗင်းဇူလိုင် အရေးအခင်း ဖြစ်ပွားပြီး သူ့ကားမီးရှို့ခံရသလို ဦးကာလည်း ရာထူးက နားခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ရာထူးဝန်အဖွဲ့မှာ ဦးကာ ပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Keystone
တခါ ၁၉၆၂ မှာ ဖက်ဒရယ်မူအကြောင်းပြပြီး အာဏာသိမ်းချိန်မှာ ရှမ်းနဲ့ ကယားခေါင်းဆောင်အများစု အဖမ်းခံရပြီး ဒီထဲမှာ ရှမ်းနဲ့ ကယားဝန်ကြီးတွေ ပါဝင်ပါတယ်။ တပ်မတော်နဲ့ နီးစပ်တဲ့ ရှမ်းဝန်ကြီးဟောင်း စဝ်ဟုံဖ ကိုတော့ မဖမ်းဆီးဘဲ ထားခဲ့သလို ကင်ဆာရောဂါ ခံစားရချိန်မှာလည်း ဗြိတိန်ကိုလွှတ်ဆေးကုပေးခဲ့ပေမယ့် အပြန်မှာ နတ်ရွာစံခဲ့ပါတယ်။ သူ့ယောက်ဖ သမ္မတဟောင်း စဝ်ရွှေသိုက်ကတော့ ထောင်ထဲမှာပဲ ဘဝအဆုံးသတ် ခဲ့ပြီး သူ့နှမတော် မဟာဒေဝီနဲ့ မိသားစု ပြည်ပထွက်ပြေးကာ အက်စ်အက်စ်အေ ပုန်ကန်မှုမှာ ပူးပေါင်းခဲ့ပါတယ်။
ကရင်ဝန်ကြီး ဒေါက်တာစောလှထွန်းကတော့ ပြည်နယ်ဥက္ကဋ္ဌအဖြစ် ၁၉၇၄ ထိ ဆောင်ရွက် ခဲ့ပြီး လမ်းစဉ်ပါတီခေတ်မှာလည်း နိုင်ငံတော်ကောင်စီဝင် ဖြစ်ခဲ့ပါတယ်။ အိမ်စောင့်ခေတ်က ချင်းဝန်ကြီးဟောင်း ဦးရာလ်မှုန်း ကတော့ ချင်းလက်နက်ကိုင်ပုန်ကန်မှုမှာ ပါဝင်ခဲ့ပြီးနောက် အလင်းပြန်ဝင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Norman James
၁၉၆၂ အာဏာသိမ်းပွဲမှာ နောက်ကွယ်က အဓိကပါသူလို့ စွပ်စွဲခံရတဲ့ ဗိုလ်မှူးချုပ်တင်ဖေဟာ တော်လှန်ရေးကောင်စီခေတ်မှာလည်း တင်းကျပ်တဲ့ မတ်ဝါဒီ မူတွေနဲ့ စီးပွားရေးကို ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတယ်။ အိမ်စောင့် အစိုးရခေတ်မှာတော့ ဗိုလ်မှူးချုပ်မောင်မောင်နဲ့ အောင်ကြီးတို့ ထင်ရှားခဲ့ပြီး ပီမိုးနင်းပုံစံ စီးပွားရေးလွတ်လပ်မှုဝါဒလို့ အမေရိကန် သမိုင်းဆရာ ဂျွန်ဘတ်ချ်လေက မှတ်ချက်ချခဲ့ပါတယ်။ ပီမိုးနင်းဝါဒဟာ သခင်ဗဟိန်းရဲ့ ဓနရှင်လောက စာအုပ် လို လက်ဝဲဆန်တဲ့စာတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ဒီဝါဒနှစ်ခု အားပြိုင်မှုကို စစ်ပြီးခေတ်မြန်မာ့နိုင်ငံရေးမှာ တွေ့ရကြောင်း ပညာတတ်များနဲ့ မြန်မာ့ အမျိုးသားရေးအမြင် စာတမ်းမှာ ဒေါက်တာ ဘတ်ချ်လေက ရေးခဲ့ပါတယ်။ ဗိုလ်မှူးချုပ်နီလို့ ထင်ရှားတဲ့ ဗိုလ်တင်ဖေဟာ ၁၉၅၉ နဲ့ ၁၉၆၂ စစ်အစိုးရ နှစ်ဖွဲ့လုံးမှာ ပါခဲ့ဖူးပြီး ဒုတိယအကြိမ်မှာတော့ လက်ဝဲမူတွေနဲ့ ပြည်သူပိုင်သိမ်းတာ၊ လယ်မြေပြုပြင်ရေးတွေ လုပ်တာ ကြောင့် ထင်ရှားခဲ့ပါတယ်။ နောက်ပိုင်းမှာ ရာထူးက ဖယ်ရှားခံရပေမယ့် သားဖြစ်သူ ဦးနန္ဒကျော်စွာကတော့ ၂ဝ၁၁ မှာ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌထိ ဖြစ်ခဲ့ပါတယ်။
အိမ်စောင့်ဒုဝန်ကြီးချုပ်ဟောင်း သခင်လွန်းဘော်ရဲ့ သားဖြစ်သူ ဦးပေါ်သိမ်းဟာလည်း မဆလခေတ်မှာ ပြည်ထဲရေး ဒုဝန်ကြီး ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ron Case
အိမ်စောင့်အမွေ
အိမ်စောင့်အစိုးရဟာ စဖွဲ့မယ် စီစဉ်ကတည်းက နိုင်ငံရေးအတိုက်အခံတွေရဲ့ ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သန့်ရှင်း၊ တည်မြဲဖဆပလနှစ်ခြမ်းနဲ့ ပမညတ၊ လူမျိုးစု နိုင်ငံရေးအင်အားစုလေးစု စုပြီး အမျိုးသား အိမ်စောင့်အစိုးရဖွဲ့ဖို့၊ စစ်တပ်အနိုင်ကျင့်တာ မခံဖို့ ကန့်ကွက် ဆန္ဒပြတာတွေလည်း ရှိခဲ့ ပါတယ်။ ဒီအစိုးရမှာ သမ္မတဟောင်း ဒေါက်တာဘဦး ပါမယ်ဆိုပြီး သတင်းထွက်ခဲ့သလို နိုင်ငံရေးသမားမဟုတ်တဲ့ လူငယ်တွေနဲ့ ဖွဲ့မယ်ဆိုပြီးလည်း အသံထွက်ခဲ့ပါတယ်။ ဒီလို နိုင်ငံရေးသမားကို လက်ရှောင်ဖွဲ့တဲ့အကျင့်ဟာ ထိုင်း၊ တောင်ဗီယက်နမ်စတဲ့ လက်ယာအုပ်စုနိုင်ငံတွေမှာ တွေ့တတ်တဲ့ စစ်အာဏာသိမ်းပွဲတွေမှာ ပညာရှင်လူတန်းစားကို ရှေ့ခံထားပြီး အုပ်ချုပ်တတ်တဲ့ စစ်အုပ်စုတွေရဲ့ လုပ်နည်းက ယူတယ်လို့ ယူဆရပါတယ်။ ၁၉၆၂ နောက်ပိုင်း ဖွဲ့တဲ့ စစ်အစိုးရနဲ့ စစ်နောက်ခံပြုအစိုးရတွေမှာ စစ်ဗိုလ်ကြီးတွေ ဝန်ကြီးလုပ်တာ များပေမယ့် အတွင်းဝန်နဲ့ ဒုဝန်ကြီးအဖြစ် ပညာရှင် အရာရှိတွေကို ခန့်တာတွေ ဆက်ရှိခဲ့ပါတယ်။
၁၉၆၂ စစ်အစိုးရမှာ အရပ်သားအဖြစ် ဦးသီဟန်နဲ့ ဒေါက်တာမောင်မောင်၊ ဦးဘညိမ်တို့ ပါခဲ့သလို ဒေါက်တာညီညီလည်း ပညာရေးအတွင်းဝန် ဖြစ်ခဲ့ ပါတယ်။ ၁၉၇၄ က စပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လမ်းစဉ်ပါတီက တက်လာတဲ့ ပညာရှင်အမတ်တွေကို ဒုဝန်ကြီး ခန့်ခဲ့သလို ၁၉၈၈ နဲ့ နောက်ပိုင်း စစ်အစိုးရ၊ ကြံ့ခိုင်ရေးနဲ့ NLD အစိုးရတွေမှာလည်း ဒေါက်တာဖေသိန်း၊ ဒေါက်တာခင်စန်းရီ၊ ဒေါက်တာမြအေး၊ ဦးထွန်းရှင်၊ ဒေါက်တာ အောင်သူ၊ ဒေါက်တာမြင့်ထွေး စသူတွေကို ခန့်ခဲ့ပါတယ်။ ဒီလို နိုင်ငံရေးသမားမဟုတ်သူတွေကို ခန့်တဲ့ဓလေ့ဟာ လုပ်ငန်းကျွမ်းကျင်မှုနဲ့ နိုင်ငံရေး နှောင်ကြိုးတွေက ကင်းရှင်းမှုအရ ကြည့်ရင် ပိုကောင်းတယ် ဆိုပေမယ့် မြန်မာပြည်အခြေအနေမှာတော့ ထိပ်ဆုံးက အာဏာပိုင်တဲ့ စစ်ဗိုလ်နဲ့ အရပ်သား ခေါင်းဆောင်ရဲ့ အလိုကျ လုပ်ရတဲ့ ရုပ်သေးဝန်ကြီးတွေသာ ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။








