စစ်မှုထမ်း - ထိုင်းမှာ အလုပ်အကိုင်သိန်းချီရှိနေပေမဲ့ မြန်မာလူငယ်တွေ အလုပ်လက်မဲ့ဖြစ်နေတာ ဘာကြောင့်လဲ

ဓာတ်ပုံ ရင်းမြစ်, EPA
မြန်မာပြည်တွင်းမှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေအသက်ဝင်ပြီလို့ ဖေဖော်ဝါရီလမှာ ကြေညာပြီးနောက်ပိုင်း လူငယ်တွေဟာ ဗီဇာအမျိုးမျိုး လျှောက်ထားပြီး ထိုင်းနိုင်ငံကို ထွက်လာခဲ့ကြပါတယ်။
ရုတ်တရက် အစီအစဉ်မရှိဘဲ ရောက်လာခဲ့ကြတဲ့ မြန်မာလူငယ်အများစုဟာ ဘန်ကောက်ကို ရောက်လာချိန်မှာ အသိမိတ်ဆွေ၊ ပွဲစား၊ အဆက်အသွယ်မျိုးစုံ၊ အလုပ်ခေါ် အင်တာနက်စာမျက်နှာ (website) စတဲ့ နေရာပေါင်းစုံကနေ အလုပ်ရှာဖွေကြပါတယ်။
နေ့စဉ် နေစရိတ်၊ စားစရိတ်တွေကို ဖြေရှင်းဖို့ အလုပ်တစ်ခုက မဖြစ်မနေလိုအပ်ပေမဲ့ လေးလကျော်ကြာတဲ့အထိ အလုပ်မရကြသေးတဲ့သူတွေ ရှိနေပါတယ်။
ဒီလူငယ်တွေဟာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း သိန်းနဲ့ချီရှိနေတဲ့ ဘန်ကောက်မြို့၊ Queen Sirikit National Convention Center မှာ ကျင်းပနေတဲ့ အလုပ်အကိုင်ပြပွဲ (Job Expo Thailand 2024)ကို ရောက်လာကြပါတယ်။
ထိုင်း အမျိုးသားစာရင်းအင်းရုံးရဲ့ စစ်တမ်းအရဆိုရင် ၂၀၂၄ ခုနှစ် ပထမ ၃ လပိုင်းမှာတင် အလုပ်လက်မဲ့ ဖြစ်သူ လူ ၄ သိန်းနီးပါးရှိပြီး ဒါဟာ အလုပ်လုပ်နိုင်တဲ့ထိုင်းလူဦးရေစုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။
ဆိုတော့ အလုပ်အကိုင် သိန်းချီရှိတဲ့ဒီပြပွဲကို ရောက်လာတဲ့မြန်မာလူငယ်တွေ အခွင့်အလမ်းတွေကို လက်လှမ်းမီနိုင်မလား၊ ဘာတွေကြုံနေရလဲ၊ အလုပ်အကိုင်အခွင့်အလမ်းရှာဖွေဖို့ ရောက်လာတဲ့ မြန်မာလူငယ်အချို့ကို ဘီဘီစီက တွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
တရားဝင်လာခဲ့ကြပြီး တရားဝင် အလုပ်လုပ်ဖို့ ခက်ခဲနေကြ

မြန်မာလူငယ်တွေဟာ စစ်ကောင်စီက မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေပြဋ္ဌာန်းလိုက်တဲ့အခါ အနီးဆုံး အိမ်နီးချင်း ထိုင်းနိုင်ငံကို အစုလိုက် အပြုံလိုက် ရောက်လာခဲ့ကြပါတယ်။
အရင်ကတည်းက ရောက်နှင့်ပြီးသား အလုပ်ရှာဖို့ကြိုးစားနေတဲ့ မြန်မာနိုင်ငံသားတွေအပြင် အသစ်ထပ်ရောက်လာတဲ့ လူငယ်တွေကြားမှာ အလုပ်လိုအပ်ချက်က အရမ်းမြင့်လာတယ်လို့ လူငယ်တွေက ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရန်ကုန်ကနေ ရောက်လာတဲ့ အသက် ၂၁ နှစ်အရွယ် ကိုကောင်းခန့်သူဟာ ဘန်ကောက်ကို ရောက်တာ လေးလကြာတဲ့အထိ အလုပ်တွေမျိုးစုံအောင် လျှောက်ထားခဲ့ပေမဲ့ အခုချိန်အထိ အလုပ်မရသေးပါဘူး။
အလုပ်တွေလျှောက်တဲ့အခါ အလုပ်လုပ်ခွင့် (Work Permit) မရှိသလို ဘတ်လို့ ခေါ်တဲ့ ပန်းရောင်ကတ် မရှိတာကြောင့် အငြင်းခံရတာတွေရှိခဲ့တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် နောက်ထပ် အငြင်းခံရတာတစ်ခုက “မြန်မာမို့လို့ မခေါ်တာဆိုပြီး ပြောလိုက်တယ်”လို့ မြန်မာနိုင်ငံသားတွေအပေါ် စည်းခြားထားတဲ့ ထိုင်းနိုင်ငံ အလုပ်ရှင်တွေနဲ့ ကြုံတွေ့ခဲ့ရတာတွေကိုလည်း ကိုကောင်းခန့်သူက ပြောပါတယ်။
တရားဝင် အလုပ်လုပ်ဖို့အတွက် အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုချက်(Work Permit) ကိုယ်တိုင်လျှောက်မယ်ဆိုရင် ထိုင်းအလုပ်ရှင်ရဲ့ စာရွက်စာတမ်းတွေ လိုအပ်သလို ငွေကြေးကလည်း ထိုင်းဘတ်ငွေ တစ်သောင်းကနေ လေးသောင်း (မြန်မာငွေ ကျပ်သိန်းလေးဆယ်ကျော်) အထိ ကုန်ကျနိုင်တာကြောင့် အလုပ်မရှိကြသေးတဲ့ လူငယ်တွေအဖို့ ဒီငွေပမာဏကို မတတ်နိုင်ကြပါဘူး။
“အလုပ်ရှင်က စာရွက်စာတမ်း ထောက်ပံ့ပေးမယ်၊ ပေးသွင်းရမယ့်ငွေကို ကျွန်မတို့ကို ပေးခိုင်းတယ်။ ဒါမှမဟုတ် လစာထဲက ဖြတ်မယ်ဆိုတာမျိုး ပြောတယ်။ တကယ်ဆို သူတို့က လုပ်ပေးသင့်တာ”လို့ နည်းပညာနယ်ပယ်အတွက် အလုပ်ရှာနေတဲ့ လူငယ်တစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် အထောက်အထားမရှိတဲ့ နိုင်ငံခြားသားတွေကို အလုပ်လုပ်ခွင့်ပြုတဲ့ ပန်းရောက်ကတ် (ခေါ်) ဘတ် ထုတ်ပေးဖို့ ထိုင်းအစိုးရက လုပ်ပေးမှာကိုလည်း စောင့်ဆိုင်းနေကြရပါတယ်။
ပန်းရောင်ကတ်မရှိသေးလို့ အလုပ်လုပ်ခွင့်မရကြသေးတဲ့ မြန်မာလူငယ်တွေဟာ ဘန်ကောက်မြို့မှာ ထုနဲ့ထည်နဲ့ ရှိနေတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
မကျော်လွှားနိုင်တဲ့ ဘာသာစကားတံတိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာလူငယ်တွေဟာ လက်နက်ကိုင်ပြီး ကိုယ့်နိုင်ငံသားအချင်းချင်း တိုက်ခိုက်ဖို့ ရှေ့တန်းသွားရမယ့် အခြေအနေကနေ အမြန်လွတ်မြောက်ဖို့ ဘာမှပြင်ဆင်ချိန်မရဘဲ ထိုင်းကိုရောက်လာကြသူတွေပါ။
“ကျွန်တော်က သင်္ဘောတက်ဖို့ သင်တန်းတွေတက်နေတာ။ ထိုင်းမှာ အလုပ်လုပ်ဖို့လည်း အစီအစဉ်မရှိခဲ့ဘူး။ ရုတ်တရက်ကြီး ဒီကိစ္စဖြစ်လာတော့ ဘာမှပြင်ဆင်ချိန်မရဘဲ ထွက်လာရတော့ ထိုင်းစကားက မတတ်တော့ တိုးရခက်တယ်။ လုပ်အားခကို ညှိတဲ့အထိတောင် အခွင့်အရေး မရလိုက်ပါဘူး”လို့ ကိုကောင်းခန့်သူက ပြောပါတယ်။
ထိုင်းဘာသာစကား တတ်ကျွမ်းတယ်ဆိုရင် အထောက်အထား မရှိသေးရင်တောင် အလုပ်ရဖို့လွယ်တယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် မြန်မာလူငယ်တချို့က ထိုင်းဘာသာစကား မတတ်သလို အင်္ဂလိပ်စကားကိုလည်း ရေလည်အောင် မပြောနိုင်တာမျိုးတွေ ရှိနေပါတယ်။
နိုင်ငံခြားသား အလုပ်ခေါ်တဲ့ ကုမ္ပဏီတွေမှာဆိုရင်လည်း အလုပ်ကျွမ်းကျင်ပေမဲ့ ကိုယ်လုပ်နိုင်တာကို သေချာမပြောနိုင်တဲ့အခါ အလုပ်ရဖို့ အခွင့်အရေး လက်လွှတ်လိုက်ရတာတွေရှိတယ်လို့ မြန်မာအမျိုးသမီး လူငယ်တစ်ယောက်က ပြောပါတယ်။
အလုပ်ခေါ်တဲ့အခွင့်အလမ်းတွေထဲမှာ ဟိုတယ်၊ စားသောက်ကုန်၊ ခရီးသွား၊ ဆေးရုံ၊ ဘဏ်၊ အဖျော်ယမကာ၊ သယ်ယူပို့ဆောင်ရေး အပါအဝင် အလုပ်အကိုင်နေရာပေါင်း သိန်းချီရှိပါတယ်။
ဒီအလုပ်အကိုင်ပြပွဲမှာ ထိုင်းနိုင်ငံသားတွေကို ဦးတည်တဲ့အလုပ်တွေသာ ပိုများတာကို တွေ့ရပါတယ်။
ထိုင်းနိုင်ငံမှာ IT နည်းပညာနဲ့ဆိုရင် အလုပ်ကိုင်အခွင့်အလမ်းများတယ်လို့ ပြောကြတာတွေ ရှိပါတယ်။
တကယ့် လက်တွေ့မှာတော့ အလုပ်ရဖို့ မလွယ်ကူဘူးလို့ လူငယ်တွေက ပြောကြပါတယ်။
အလုပ်မရခင်မှာ စရိတ်ချွေတာ

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES
လက်ရှိမှာတော့ အလုပ်မရှိသေးတာကြောင့် မြန်မာနိုင်ငံမှာ ကျန်နေခဲ့တဲ့ မိသားစုဝင်တွေက ထောက်ပံ့ပေးနေကြရတယ်လို့ အလုပ်အကိုင်ပြပွဲမှာ ဘီဘီစီက တွေ့ဆုံစကားပြောခွင့်ရခဲ့တဲ့ လူငယ်တွေက ပြောပါတယ်။
ဒါ့ကြောင့် တခြားအလုပ်ရှိတဲ့သူတွေလို နေထိုင်၊ စားသောက်တာတွေ မလုပ်ဘဲ ကိုယ်တတ်နိုင်သလောက် ချွေတာပြီးနေကြရပါတယ်။
“သူများတွေက ကွန်ဒိုမှာနေတယ်။ ကျွန်မတို့က ကားနှစ်ဆင့်စီးမှ မိုးပျံရထားလိုင်းကို ရောက်တဲ့နေရာမှာနေတယ်။ ဒီတော့ မြို့လယ်ခေါင်မှာနေတဲ့သူတွေလောက်တော့ အသုံးစရိတ် မများဘူးပေါ့” လို့ မမြတ်ပန်းက ပြောပါတယ်။
ကိုယ့်ကျွမ်းကျင်တဲ့ အလုပ်နဲ့ ကိုက်ညီတဲ့အလုပ်ရှာတာ မတွေ့ကြသေးတာကြောင့် နေ့စဉ် နေစရိတ်၊ စားစရိတ်ဖြေရှင်းနိုင်ဖို့ အလုပ်တစ်ခုခုရဖို့ ရှာဖွေနေကြပါတယ်။
“ကျွန်တော်က ဝန်ဆောင်မှုပေးတဲ့အပိုင်းကို ပိုကျွမ်းကျင်တယ်။ လုပ်သက်လည်း လေးနှစ်ရှိတယ်။ ဒီမှာတော့ ဟိုတယ်တွေကို လိုက်လျှောက်ကြည့်ထားတာပဲ။ ကိုယ်လုပ်နိုင်တာ မဟုတ်ပေမဲ့လည်း ဝင်ငွေတစ်ခုခုတော့ ရအောင် ထမင်း တူတူမပုန်းရအောင်တော့ အလုပ်တစ်ခုခုရမှဖြစ်မယ်”လို့ ကိုကောင်းခန့်သူက ပြောပါတယ်။
မြန်မာလူငယ်တွေ အလုပ်တစ်ခုရဖို့ ပြိုင်ဘက်တွေက ဘယ်သူတွေလဲ

ဘန်ကောက်မှာ ဗီဇာနဲ့ရောက်ရှိတဲ့ လူငယ်အများစုဟာ အနည်းဆုံး ဘွဲ့တစ်ခုရထားပြီး အခြေခံပညာပြီးမြောက်ပြီးသား အရည်အချင်း ရှိတဲ့သူတွေ၊ ပညာကိုအသုံးချပြီး ကိုယ်ပိုင်အလုပ်လုပ်နေတဲ့သူတွေလည်း ပါကြပါတယ်။
နည်းပညာပိုင်း IT နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ တော်တော်များများရှိတယ်ဆိုပြီး လူမှုကွန်ရက်ပေါ်က ထိုင်းရောက်မြန်မာနိုင်ငံသားတွေရဲ့ အစုအဖွဲ့တွေမှာ ရေးသားထားတာတွေလည်း တွေ့ရပါတယ်။
တကယ့်လက်တွေ့ ဘန်ကောက်ရောက်လာချိန်မှာတော့ အီးမေးလ်ပေါင်း ရာချီပို့ပြီး အလုပ်လျှောက်တာတောင် အလုပ်မရကြသေးဘူးလို့ IT ပိုင်းဆိုင်ရာ အလုပ်ရှာနေသူ လူငယ်တွေက ဘီဘီစီကို ပြောပါတယ်။
Job Expo မှာ အလုပ်လာရှာတဲ့ ကိုမင်းသန့်နိုင်က စင်္ကာပူကနေတဆင့် ထိုင်းနိုင်ငံကို ရောက်လာတာ တစ်လခွဲ ရှိနေပါပြီ။ သူကျွမ်းကျင်တဲ့ IT Support နဲ့ပတ်သက်ပြီး အလုပ်ပေါင်းများစွာကို အီးမေးလ်ပေါင်း ၃၀၀ ကျော်နဲ့ လျှောက်ထားခဲ့သူတစ်ယောက်ပါ။
“အလုပ်လျှောက်တာက စင်္ကာပူရော၊ ထိုင်းဘက်ရောပေါ့။ ထိုင်းနိုင်ငံဆိုတော့လည်း ထိုင်းနိုင်ငံသားကိုပဲ ဦးစားပေးတာ။ တချို့အလုပ်တွေဆို လုပ်ငန်းရှင်က ကိုယ့်ကို သဘောကျပေမဲ့ မခန့်တာတွေလည်း ရှိတယ်။” ပြောပါတယ်။
နောက်ထပ် IT နည်းပညာပိုင်းဆိုင်ရာ အလုပ်ရှာဖွေနေတဲ့ မမြတ်ပန်းကလည်း ကိုမင်းသန့်နိုင်လို အလုပ်ရှင်တွေဆီ အီးမေးလ်ပေါင်းရာချီပို့ပေမဲ့ အလုပ်မရသေးတဲ့သူပါပဲ။
“ကျွန်မကတော့ CEO အဆင့်အထိ အင်တာဗျူးဝင်ခဲ့ရပေမဲ့ သူတို့ပေးတဲ့ လစာက အဆင်မပြေဘူး၊ ပြီးတော့ Work Permit လည်း လျှောက်မပေးဘူးဆိုလို့ မလုပ်ဖြစ်ဘူး”လို့ မမြတ်ပန်းက ပြောပါတယ်။
အလုပ်နေရာ ပေါင်းစုံမှာ ထိုင်းနိုင်ငံသားတွေကိုသာ ဦးစားပေးတာ၊ အလုပ်လိုအပ်တဲ့ မြန်မာနိုင်ငံသားတွေ များနေတာ၊ တခြားနိုင်ငံက ကျွမ်းကျင်သူတွေရှိတာက လူငယ်တွေ အလုပ်တစ်ခုရဖို့ ယှဉ်ပြိုင်ရတဲ့သူတွေ များနေတာပါ။
သင်ကြားရေးပိုင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ အင်္ဂလိပ်စာ ဆရာမဖြစ်သူ မဆုမေကလည်း “ဖိလစ်ပိုင်တွေဆိုရင် အင်္ဂလိပ်စာကောင်းတယ်။ ပြီးတော့ Native (အင်္ဂလိပ်စကားကို မိခင်ဘာသာစကားအဖြစ် တတ်တဲ့သူ) တွေလည်း ဒီမှာအရမ်းများတယ်ဆိုတော့ အင်္ဂလိပ်စာနဲ့ပတ်သက်ရင် သူတို့ကို ပိုခေါ်တာများတယ်”လို့ ပြောပါတယ်။
ဘန်ကောက်မှာ သုံးရက်ကြာ ကျင်းပတဲ့ Job Expo အလုပ်အကိုင် ပြပွဲမှာလည်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း သိန်းချီရှိတယ်ဆိုပေမဲ့ အများစုက ထိုင်းနိုင်ငံသားတွေအတွက်သာ ရည်ရွယ်ထားတာကို တွေ့ရပါတယ်။
အလုပ်ခေါ်တဲ့ လုပ်ငန်းတွေအများစုကတော့ ထိုင်းဘာသာ စကားနဲ့ပဲ ရှင်းပြနေတာ တွေ့ရပါတယ်။
ဒီပွဲမှာ အလုပ်သမားသစ်တွေကို ခေါ်ယူနေတဲ့ ခရီးသွားလုပ်ငန်းတစ်ခုဖြစ်တဲ့ Laguna Phuket ကုမ္ပဏီက ဒါရိုက်တာ တစ်ယောက်ကတော့ “လာလျှောက်တဲ့ထဲက တစ်ဝက်လောက်က မြန်မာတွေပဲ။ အလုပ်အကိုင်က နေရာအစုံပဲ။ အများစုက IT ကပေါ့။ ဘဏ္ဍာရေးနဲ့စီးပွားရေး၊ ချက်တာပြုတ်တာလည်းပါတယ်။ မြန်မာတွေနဲ့ပတ်သက်ပြီးပြောရရင် သူတို့တွေက အင်မတန်ကူညီတတ်တယ်၊ အရမ်းရိုးသားတယ်၊ သစ္စာရှိတယ်၊ ပြီးတော့ လိုချင်တဲ့အတိုင်းလုပ်ပေးနိုင်တယ်” လို့ ပြောပါတယ်။
Laguna Phuket ကုမ္ပဏီတစ်ခုတည်းမှာတင် အလုပ်လာလျှောက်သူတွေဟာ ထိုင်းနဲ့မြန်မာက တစ်ဝက်စီဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။
သိန်းနဲ့ချီတဲ့ အခွင့်အလမ်းမှာ ထိုင်းနိုင်ငံသားတွေအကြား တိုးဝှေ့လျှောက်ထားခဲ့တဲ့ မြန်မာလူငယ်တွေဟာ သူတို့ကို အလုပ်ခန့်တဲ့အကြောင်း ဘယ်တော့များ အကြောင်းပြန်မလဲဆိုတာကို စောင့်မျှော်နေကြပါတယ်။









