အစိုးရ စာချုပ်နဲ့ ထိုင်းမှာ အလုပ်လာလုပ်တဲ့ မြန်မာတစ်ထောင်ကျော် လပိုင်းအတွင်း အလုပ်ဖြုတ်ခံရ

ခုနှစ်အတွင်း ပထမဆုံးနဲ့ အရေအတွက်အများဆုံး ဖြုတ်ပစ်တာဖြစ်

ဓာတ်ပုံ ရင်းမြစ်, Ca-Comp Electronics Office Phono

ဓာတ်ပုံ ပုံစာ, နှစ်နိုင်ငံသဘောတူညီမှုတရား၀င်စာချုပ်နဲ့လာတဲ့ မြန်မာအလုပ်သမားတထောင်ကျော်ကို အလုပ်ဖြုတ်ပစ်တဲ့ စက်ရုံ

ထိုင်းနိုင်ငံ စမွန်စခွန်ခရိုင်၊ မဟာချိုင်မှာရှိတဲ့ Cal-Comp အီလက်ထရောနစ်စက်ရုံက မြန်မာအလုပ် သမား ၁၀၆၀ ကျော်ဟာ ဧပြီ ၁ ရက်မှာ အလုပ်ထုတ်ခံလိုက်ရတယ်လို့ အထုတ်ခံရတဲ့အလုပ်သမားတွေနဲ့ အလုပ် သမားအရေးကူညီပေးနေသူတွေက ပြောပါတယ်။

မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ သဘောတူညီမှု MOU နဲ့သွားတဲ့ ထိုင်းရောက်မြန်မာအလုပ်သမားတွေ အလုပ်ဖြုတ်ခံလိုက်ရတာဖြစ်ပြီး အများစုဟာ လုပ်သက်နည်းသူတွေ ဖြစ်ကြပါတယ်။

ပစ္စည်း အော်ဒါအမှာနည်းပါးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လုပ်သက် ၄ လ မပြည့်သေးတဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေ အလုပ်ထုတ်ခံကြရတာဖြစ်ပြီး အလုပ်နစ်နာကြေးကလည်း ထိုင်းဥပဒေအရ တစ်လစာသာရရှိကြတယ်လို့ အလုပ်သမားအရေးကူညီပေးနေတဲ့ AAC အဖွဲ့က ဦးခိုင်ကြီးကပြောပါတယ်။

အလုပ်ရှင်အနေနဲ့ သက်တမ်းရင့် အလုပ်သမားတွေ ဖြုတ်တဲ့အခါ နစ်နာကြေး ပိုပေးရတာကြောင့် အကုန်အကျသက်သာအောင် အခုလို အသစ်ရောက်လာတဲ့ အလုပ်သမားတွေကို ဖြုတ်ပစ်တာလို့ ဦးခိုင်ကြီးက ထောက်ပြပါတယ်။

အိမ် ၊ မြေ ပေါင်နှံ ၅ ကျပ်တိုး ၁၀ ကျပ်တိုးတွေနဲ့ ပြည်ပထွက်လာသူတွေ

မြန်မာနိုင်ငံမှာ လက်ရှိ နိုင်ငံရေး အခြေအနေတွေ အရ စီးပွားရေး အဆင်မပြေတဲ့အပြင် လူငယ်တွေ အနေနဲ့ ရွာမှာ လုံခြုံမှု မရှိတော့တဲ့ အခြေအနေတွေကြောင့် ပြည်ပကို အလုပ်လုပ်ဖို့ရတဲ့နည်းနဲ့ထွက်လာခဲ့ကြတာလို့ သိရပါတယ်။

သူတို့ အရင် လုပ်နေကြ လယ်ယာမြေ တွေကို အာဏာပိုင်တွေက စားကျက်မြေဆိုပြီး လွန်ခဲ့တဲ့ ၂နှစ်က သိမ်းယူတာကြောင့် အလုပ်လက်မဲ့ ဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက် ရှိတဲ့အိမ်နဲ့ မြေ ကိုပေါင်နှံပြီး လိုတဲ့ငွေကို ၅ ကျပ်တိုး ၁၀ကျပ်အတိုးတွေနဲ့ ချေးငှားပြီး ထိုင်းကိုထွက်လာတာလို့ ပဲခူးတိုင်း ရွှေကျင်မြို့နယ်က အသက် ၂၂နှစ် အရွယ် ကိုသန်း၀င်းအောင် ဆိုသူက ရှင်းပြပါတယ်။

လက်ရှိမှာ နစ်နာကြေး တစ်လစာသာ ရထားတာ ဖြစ်ပြီး ရက်ပေါင်း ၆၀အတွင်း အေဂျင်စီက အလုပ်ရှာပေးမယ် ပြောပေမယ့် အလုပ်သစ် မရခင် လက်ထဲ ရထားတဲ့ တစ်လစာငွေလေးနဲ့ ဘယ်လို ရပ်တည်နေထိုင်ဖို့ မဖြစ်နိုင်ကြောင်းသူက ပြောပါတယ်။

ဥပဒေအရ အဆင်ပြေအောင် အေဂျင်စီတွေက လုပ်ပေးမယ် ဆိုပေမ့ယ် နောက်ရတဲ့ အလုပ်သစ်က ခိုင်မာမှု ရှိပါ့မလား ဆိုတာကို တွေးပူမိနေရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကို သူများတွေတရားမ၀င် အောက်လမ်းကနေ သွားနေချိန်မှာ နှစ်နိုင်ငံ သဘောတူညီမှု MOU နဲ့ လာတဲ့အခါ ပိုပြီး စိတ်ချရတယ်ထင်လို့ အခုလို ငွေအမြောက်အမြား အကုန်ကျခံပြီး ရောက်လာတာဖြစ်ကြောင်း သူက ဆက်ပြောပြပါတယ်။

မြန်မာပြည်က ထွက်လာတာ ၃-၄လ ကြာပြီ ဖြစ်ပေမယ့် အဆောင်ခ ၊ နေထိုင်စားသောက်စရိတ်နဲ့ လုံးချာလည် လိုက်နေတာမို့ အိမ်ကို ပိုက်ဆံပြန်မပို့နိုင်သေးသလို အခုတော့ အလုပ်ပြုတ်တဲ့အခြေအနေ ဆိုက်နေတာမို့ သူ့လိုအဖြစ်မျိုး မကြုံရအောင် ပြည်ပထွက်မယ့်သူတွေ အနေနဲ့ အထူးသတိထားကြ

စေလိုတယ်လို့လည်း ကိုသန်း၀န်းအောင်က ပြောပါတယ်။

ထိုင်းရောက် မြန်မာလုပ်သားတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရားမ၀င် လမ်းကြောင်းကသွားတော့လည်း စိတ်မချရ ၊ အိမ်ပေါင်ခြံပေါင် အတိုးနဲ့ငွေချေးပြီး သိန်း ၃၀-၄၀ အကုန်ခံ တရား၀င်ထွက်တော့လဲ ရောက်ပြီးမကြာ အလုပ်ဖြုတ်ခံရတဲ့ ထိုင်းရောက် မြန်မာလုပ်သားတွေ

မြန်မာအလုပ်သမား တစ်ထောင်ကျော် အလုပ်ဖြုတ်တဲ့ပြဿနာရဲ့အစ

သူတို့ စရောက်ခါစတုန်းက အဆိုပါ CD စက်ရုံမှာ နေ့ဆိုင်း နဲ့ ညဆိုင်း နှစ်ဆိုင်းခွဲခိုင်းကာ အချိန်ပိုကြေးလည်း ပေးနေရာကနေ အလုပ်သမားတွေကို တနေ့ ၂၄ နာရီ သုံးဆိုင်းခွဲကာ အချိန်ပြည့် စေခိုင်းခဲ့တယ်လို့ ၂၀၁၈ ကတည်းကရောက်နေတဲ့ မြန်မာအလုပ်သမား တစ်ယောက်က ပြောပါတယ်။

အဲဒီလို သုံးဆိုင်းခွဲလိုက်တဲ့အခါ ည၁၂ နာရီမှာ ၀င်ရတဲ့သူတွေက အပြည့်အ၀ အိပ်ချိန်မရဘဲ ၊ အမျိုးသမီးတွေဆို ညရေးညတာ လုံခြုံရေး စိုးရိမ်ရတာကြောင့် နှစ်ဆိုင်းဘဲ ထားဖို့ အလုပ်သမားတွေက တောင်းဆိုရာက အလုပ်ရှင်ဘက်က သုံးဆိုင်းဘဲ ဆက်ထားမယ်ပြောကာ လူဟောင်းတွေကို ဆက်ထားပြီး လူသစ်တွေကို ဖြုတ်ပစ်လိုက်တာလို့ အဖြုတ်ခံရတဲ့အထဲမှာ မပါတဲ့ မြန်မာအလုပ်သမားတစ်ယောက်က ရှင်းပြပါတယ်။

ထိုင်းရောက်မြန်မာအလုပ်သမားတွေအနက် ၂၀ရာနှုန်းက MOU နဲ့လာကြတာဖြစ်

ဓာတ်ပုံ ရင်းမြစ်, အလုပ်သမားသံအရာရှိရုံး

ဓာတ်ပုံ ပုံစာ, MOU နဲ့ လာတဲ့အခါကျတော့ ပြဿနာကြီးငယ်ဖြစ်ရင် အေဂျင်စီတွေက ရှောင်သွားတက်ကြတယ်လို့ အလုပ်သမားအရေးလိုက်ပါဆောင်ရွက်သူတွေက ပြော

မြန်မာသံရုံးက အလုပ်သမားရေးရာ သံအရာရှိရဲ့ တုံ့ပြန်ချက်

MOU စာချုပ်နဲ့ လာတဲ့ မြန်မာအလုပ်သမား တစ်ထောင်ကျော် ၄ လအတွင်း အလုပ်ဖြုတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဘီဘီစီက ဘန်ကောက်မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ

"သက်ဆိုင်ရာ သံအရာရှိတွေ အနေနဲ့ အလုပ်ရှင်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေတယ် ၊ မြန်မာအေဂျင်စီကနေ သူတို့လွှတ်ထားတဲ့ အလုပ်သမား စာရင်းကောက်ပြီး အလုပ်သစ် ရှာပေးဖို့ ပြောထားတယ်"လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

မြန်မာအလုပ်သမားတွေဘ၀က ခံဘက်ကချည်းဘဲလို့ ထိုင်းရောက်မြန်မာအရေးကူညီသူပြော

ဓာတ်ပုံ ရင်းမြစ်, အလုပ်သမားသံအရာရှိရုံး

ဓာတ်ပုံ ပုံစာ, ထိုင်းအလုပ်သမားတွေ ပြည်ပမှာ တခုခုဖြစ်ရင် ထိုင်းသံအရာရှိက ချက်ချင်းသွား ဖြေရှင်းလေ့ရှိတာကြောင့် နိုင်ငံတကာမှာ ထိုင်းလုပ်သားတွေကို နိုင်ထက်စီးနင်းမလုပ်ရဲဘူးလို့ အလုပ်သမားအရေးကူညီနေသူတွေ ထောက်ပြ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အလုပ်သမားအရေး လိုက်ပါဆောင်ရွက်သူတွေရဲ့ ပြောပြချက်

အခု အလုပ်ဖြုတ်ခံရတဲ့ မြန်မာအလုပ်သမားတစ်ထောင်ကျော်ဟာ မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ ငွေကြယ်စင်ဟိန်း ၊ စန်းတော်၀င် ၊ ယွန်းနဒီဦး စတဲ့ အေဂျင်စီတွေရဲ့ အစီအစဥ်နဲ့လာကြသူ အများစု ပါ၀င်တယ်လို့ အလုပ်သမားအရေးကူညီပေးနေတဲ့ AAC အဖွဲ့က ဦးခိုင်ကြီးကပြောပါတယ်။

MOU စာချုပ်အရ သတ်မှတ်ထားတဲ့ လုပ်သက် ၄ နှစ်ကာလ အတွင်း အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်ရှာပေးဖို့ အေဂျင်စီမှာတာဝန်ရှိတယ်ပြီး ခုနှစ်အတွင်း MOU နဲ့ တရား၀င်လာတဲ့ မြန်မာအလုပ်သမားတွေ အဖြုတ်ခံရတာ ဒါဟာ အများဆုံး ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

တကယ်တမ်းဆိုရင် MOU အရ အလုပ်ရှင်က ဒေ၀ါလီ ခံရလို့ ဘဲ ဖြစ်ဖြစ် ၊ တခြားအကြောင်းပြချက် တစ်ခုခုကြောင့်ဘဲ ဖြစ်ဖြစ် စက်ရုံ လည်ပတ်မှု မရှိတော့တဲ့အခါ အလုပ်သမားကို စာချုပ်သက်တမ်းပါ အတိုင်း ၄နှစ်လုံး တာ၀န်ယူ အလုပ်ပြန်ရှာပေးရမှာ ဖြစ်ကြောင်းနဲ့ အဲဒီလို အလုပ်သစ် ပြန်ရှာပေးတဲ့အခါမှာလည်း နှစ်ဦးသဘောတူတဲ့ အလုပ်ဖြစ်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတွေဟာ MOU ဆိုတဲ့ နှစ်နိုင်ငံ အစိုးရကြား သဘောတူညီမှု တရား၀င် စာရွက်စာတမ်းတွေနဲ့ လာတာတောင် ရောက်ပြီး ၄လ အတွင်း အလုပ်ဖြုတ်ခံရတာကြောင့် အေဂျင်စီက နောက်ထပ် ရှာပေးမယ့် အလုပ်သစ်ကစိတ်ချရမှု ရှိရဲ့လားဆိုပြီး အလုပ်သမားတွေက စိုးရိမ်ပူပန်နေကြတယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။

သူတို့အနေနဲ့တော့ အေဂျင်စီတွေ ရှာပေးတဲ့အလုပ်သစ်မှာ အလုပ်သမားတွေ သဘောတူမှ အလုပ်ဆင်းနိုင်ဖို့ ၊ သူတို့အလုပ်လက်မဲ့ ဖြစ်နေချိန် အတွင်း ထိုင်းဥပဒေအရ ၄၅%ဖြစ်တဲ့ လူမှုဖူလုံရေး အခကြေးငွေ ရဖို့ အပြင် နောက်ထပ် အခကြေးငွေ မကုန်ဘဲ အလုပ်သမားတွေ အလုပ်နေရာရအောင် ကူညီဆောင်ရွက်ပေးသွားမယ်လို့ အလုပ်သမားအရေး လိုက်ပါ ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

တိုင်းပြည်မှာ စစ်တပ်က အာဏာသိမ်းထားလို့ အခြေအနေအရပ်ရပ်မှာ ဆုတ်ယုတ်နေတဲ့အတွက် မြန်မာနိုင်ငံသားတွေ ပြည်ပထွက် အလုပ်လုပ်ကြတဲ့အခါ တရားမ၀င် အောက်လမ်းက လာရင် အဖမ်းအဆီး အမျိုးမျိုးနဲ့ စိတ်မချရလို့ အခုလို MOU နဲ့ တရား၀င်လမ်းကြောင်းက လာတဲ့အခါမှာလည်း ရောက်ပြီး မကြာခင် အလုပ်ဖြုတ်ခံရတဲ့ အခြေအနေ ဆိုက်နေတာကြောင့် မြန်မာတွေ အနေနဲ့ ဘယ်လို ဖြစ်ဖြစ် ခံဘက်ကချည်း ဖြစ်နေတယ်လို့ ဦးခိုင်ကြီးက ထောက်ပြ ပါတယ်။

ဒါ့အပြင်တစ်လကို မြန်မာ ရှစ်ထောင်လောက် ဒီ MOU စနစ်နဲ့ ထွက်ကြပြီး တကယ်တမ်း ပြဿနာတက်တဲ့အခါ အေဂျင်စီတွေက တာ၀န်ယူမှု တာ၀န်ခံမှု ရှားကာ ရှောင်ထွက်သွားတာများတယ်လို့ သူက ဆိုပါတယ်။

MOU စနစ်နဲ့ ထိုင်းနိုင်ငံကို မြန်မာအလုပ်သမား စေလွှတ်တဲ့အစီအစဉ်ကို ၂၀၁၆ ခုနှစ် ဇွန်လ မှာစတင်ခဲ့တာ ဖြစ်ပြီး မြန်မာအလုပ်သမား ကိုးသိန်း တစ်သောင်းကျော်စေလွှတ်ခဲ့တဲ့အကြောင်း ၂၀၂၀ ၊မတ် လ ၁၈ မှာ ကိုဗစ်ကပ်ရောဂါကြောင့် ရပ်နားခဲ့ပြီး အဲဒီ နောက် ၂၀၂၂ ခုနှစ် မေ ၁၀ ရက်မှ ာပြန်စတင်ကာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၉ ရက်အထိ အလုပ်သမား ငါးသောင်း ခြောက်ထောင်ကျော်ကိုစေလွှတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။