ကျပ် အခက် ဘတ် အတက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
သြဂုတ်လ တတိယပတ်ထဲရောက်အလာမှာ မြန်မာငွေကျပ်တစ်သိန်းကို ထိုင်းဘတ်ငွေ တစ်ထောင်အောက် ရောက်သွားခဲ့ပြီး ဒါက တစ်နှစ်နီးပါးအတွင်း ဘတ် နဲ့ ကျပ် လဲလှယ်မှုမှာ မြန်မာကျပ်ငွေတန်ဖိုး ဆိုးဆိုးရွားရွားကျဆင်းမှုအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
မြန်မာကျပ်ငွေကို ယုံကြည်မှုနည်းပါးတဲ့ကိစ္စအပြင် တခြား နိုင်ငံရေး နဲ့ စီးပွားရေး သက်ရောက်မှုတွေကလည်း ကျပ်ငွေတန်ဖိုး ဆိုးဆိုးရွားရွားကျဆင်းသွားဖို့ မီးထိုးပေးခဲ့တာဖြစ်ပါတယ်။
ကျပ်နှစ်သောင်းတန် ထုတ်ဝေမယ် ဆိုတဲ့ သတင်းထွက်ပေါ်ကတည်းက မြန်မာကျပ်ငွေတန်ဖိုး စတင် ကျဆင်းလာတာဖြစ်ပြီး စင်္ကာပူအခြေစိုက် United Oversea Bank UOB က မြန်မာလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းသုံးငွေလွှဲငွေပေးချေမှုတွေကို ယာယီဆိုင်းငံ့ဖို့လုပ်လိုက်တာကလည်း ဘတ်စျေးတက်လာရတဲ့ နောက်ထပ် အကြောင်းအရင်းဖြစ်တယ် လို့ စျေးကွက်ထဲကနေ သိရပါတယ်။
‘’စင်ကာပူက ပိုက်ဆံတွေ ထိုင်းကို ရွှေ့လာကြတာ’’ လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ထိုင်းဘတ်ငွေ ဘာကြောင့် စျေးတက်

ဓာတ်ပုံ ရင်းမြစ်, CJ
ဒီအကြောင်းနှစ်ချက်ကြောင့် ဘတ်စျေးမာနေချိန်မှာ ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုတွေ ဆောင်ရွက်နိုင်တဲ့ ငွေကြေးအဖြစ် သတ်မှတ်ခွင့်ပြုလိုက်တယ်ဆိုတဲ့ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်တစ်စောင် ဩဂုတ်လ ၁၄ ရက်စွဲနဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာပါတယ်။
ညွှန်ကြားချက်က အတုလားအစစ်လား မကွဲပြားခင်မှာကို သြဂုတ် ၁၅ ရက်မှာ မြန်မာငွေကျပ်တစ်သိန်းက ထိုင်းဘတ်ငွေ တစ်ထောင်အောက် ရောက်သွားခဲ့တာ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် ထိုင်းတစ်ဘတ်ကို မြန်မာကျပ်ငွေ တစ်ရာအထက် ရောက်ရှိသွားတာလည်း ဖြစ်ပါတယ်။
ဘတ်ငွေမာလာပြီး ကျပ် တန်ဖိုးကျတာက ကျပ်နှစ်သောင်းတန်၊ UOB ဘဏ် ကိစ္စနဲ့ ဘတ်ငွေကို နိုင်ငံတကာငွေပေးချေနိုင်တဲ့ ငွေကြေးအဖြစ်သတ်မှတ်လိုက်တာတွေကြောင့် ရုတ်တရက် ကောက်ဖြစ်လာတာတော့ မဟုတ်ပါဘူး။
အာဏာသိမ်းမှုနောက်ဆက်တွဲအခြေအနေတွေက ဒီအခြေအနေရောက်အောင် တွန်းပို့လိုက်တာလို့ စီးပွားရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ တရားဝင်စာရင်းဇယားတွေအရ မနှစ်က ဘဏ္ဍာနှစ်မှာ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော်တန်ဖိုးရှိပြီး တရုတ်ကိုတောင် ကျော်တက်သွားတာ တွေ့ရပါတယ်။
‘’နယ်စပ်မှာ သွားကြည့်လိုက်ဦး။ ထိုင်းဘက်က သွင်းကုန်တွေ ပဲ မြန်မာဘက်ကိုဝင်တာ၊ မြန်မာဘက်က ပို့ကုန်က ထိုင်းဘက်ကို နည်းနည်းပါးပါးပဲ’’ လို့ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ကျပ် မကိုင်ရဲတဲ့ မြန်မာတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ငွေစက္ကူဖျက်သိမ်းခံရဖူးတဲ့ သမိုင်းကြောင်းရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ ကျပ်ငွေကို ယုံကြည်မှုနည်းတာက ပုံမှန်အခြေအနေလို ဖြစ်နေပါတယ်။
စီးပွားရေးသမားတွေက ကျပ်ငွေကို လက်ထဲမှာ များများစားစားမကိုင်ထားတတ်ကြပဲ အိမ်ခြံမြေ၊ ရွှေ၊ ဒေါ်လာ နဲ့ ကားစျေးကွက်စသဖြင့် ကိုယ်ကျွမ်းကျင်ရာ နယ်ပယ်အလိုက် ရင်းနှီးမြှုပ်နှံကြတာက ပုံမှန်စီးပွားရေးပုံစံ တစ်ခုလိုရှိနေပါတယ်။
ပြီးခဲ့တဲ့ အရပ်သားအစိုးရ နှစ်ဆက်မှာ မြန်မာ့စီးပွားရေးပုံစံပြောင်းလာတဲ့အပြင် ဘဏ်တွေနဲ့ပါ ယုံကြည်မှုတည်ဆောက်လာနိုင်ခဲ့ပါတယ်။
‘’အဲဒီအခြေအနေတုန်းက ဟွန်ဒီက ပျောက်သလောက်ကိုဖြစ်သွားတာ’’ လို့ ငွေလဲလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် ဘဏ်တွေမှာ အပ်နှံထားတဲ့ ငွေကြေးတွေ အလွယ်တကူပြန်ထုတ်လို့မရတော့တဲ့ အခြေအနေကြောင့် မြန်မာတွေ ထိုင်းဘဏ်အကောင့်တွေ ပြောင်းလဲဖွင့်လှစ်မှုက ပုံမှန်ထက် ပိုမိုများပြားလာခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့အိမ်ခြံမြေစျေးကွက်ကလည်း ထိုင်းဘတ်ငွေ နဲ့ ဆက်စပ်တဲ့အခြေအနေကို ပြောင်းလဲလာခဲ့ပါတယ်။
ဝယ်ရောင်းပုံစံအများစုက မြေတစ်ကွက်ရောင်းချပြီးရလာတဲ့ မြန်မာကျပ်ငွေကို လက်ထဲမှာကိုင်ထားတာမျိုးမဟုတ်ဘဲ နောက်ထပ်မြေတစ်ကွက်မှာ ထပ်ပြီးရင်းနှီးမြှုပ်နှံကြတဲ့အကြောင်း စျေးကွက်အကြောင်းနားလည်သူတစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။
‘’ကိုယ့်စိတ်ကြိုက် တခြားတစ်ကွက်ရှာတွေ့ထားမှ ဒီဘက်အကွက်ကို ရောင်းတာ၊ စိတ်ကြိုက်အကွက်မတွေ့ဘူးဆိုရင်လည်း လက်ထဲမှာတော့ ကျပ်မကိုင်ထားဘူး။ ဘတ် လဲထားလိုက်တာ’’ လို့ စျေးကွက်အခြေအနေကို သူက ရှင်းပြပါတယ်။
ဒါ့အပြင် ဘဏ်တွေနဲ့ချိတ်ဆက်ပြီး အရစ်ကျငွေချေတဲ့စနစ်နဲ့ မြန်မာနိုင်ငံကဆောက်လုပ်ရေး စျေးကွက်ကလည်း ပုံမှန်မလည်ပတ် နိုင်တော့တဲ့အခြေအနေမှာ ဘန်ကောက်က အိမ်ခြံမြေစျေးကွက်ကို ခြေဦးလှည့်လာကြတယ် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။
‘’ဘယ်လောက်ပွဲဖြစ်လဲဆိုရင် ကျောက်ဖယားမြစ်ထဲမှာ ညတိုင်းနီးပါး ဒင်နာပေးနေကြတာ’’ လို့ ဘန်ကောက် အိမ်ခြံမြေအကြောင်း သိရှိသူတစ်ဦးက ဘန်ကောက်က ကွန်ဒိုတွေကို မြန်မာတွေ အဝယ်များလာတဲ့အပေါ် ရည်ညွှန်းပြောဆိုပါတယ်။
နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေမတည်ငြိမ်တဲ့ မြန်မာနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းတွေထက် ဘန်ကောက် အိမ်ခြံမြေက ပိုယုံကြည်စိတ်ချရတယ်လို့ယုံကြည်ပြီး ရင်းနှီးမြှုပ်နှံသူတွေ များလာကြတယ်လို့ စျေးကွက်ထဲကနေ သိရပါတယ်။
မြန်မာတွေအတွက် ဘတ်ငွေရဲ့ အရေးပါအရာရောက်လာမှုမှာ လုပ်ငန်းရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေပါ ထိုင်းနိုင်ငံရဲ့ ဘဏ်တွေထဲ ရွှေ့လာကြတာကလည်း ချန်ထားလို့မရပါဘူး။
မနှစ်က ဩဂုတ်လမှာ မန္တလေးက မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရဖမ်းဆီးခံရပြီး ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခံလိုက်ရချိန်မှာ ကျောက်မျက်သူဌေးတွေက သူတို့ရဲ့ ပိုင်ဆိုင်မှုအမြောက်အများကို ထိုင်းကို ရွှေ့လိုက်ကြတယ် လို့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေက ဘီဘီစီကို ပြောပါတယ်။
အဲဒီကာလဖြစ်တဲ့ မနှစ်က သြဂုတ် လကုန်ပိုင်းမှာ အခုလို ဘတ်စျေးမာတဲ့ အခြေအနေမျိုးကြုံခဲ့ရဖူးပြီး ကျပ်တစ်သိန်းကို ဘတ်ရှစ်ရာ ကျော်ပဲ ပေးရတော့တဲ့ အခြေအနေအထိ ရောက်ခဲ့ဖူးတာဖြစ်ပါတယ်။
ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကျပ်စျေးက ပြန်မာလာခဲ့ပြီး ကျပ်တစ်သိန်းကို ဘတ်တစ်ထောင်အထက်ကို ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
‘’ ဘာလေးဘာ လို့ ခေါ်ကြတဲ့ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ နဲ့ ဒီဇင်ဘာမှာ ကျပ်က ပြန်မာတတ်ပါတယ်။ ဒါပေမဲ့ အာဏာမသိမ်းခင်တုန်းက စျေးတော့ ပြန်မရတော့ဘူးပေါ့’’ လို့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
ဗဟိုဘဏ် ထိန်းနိုင်မလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြင်ပစျေးကွက်မှာ တစ်ဘတ်ကို တစ်ရာကျော်ဖြစ်နေပေမယ့် ဗဟိုဘဏ်ရည်ညွှန်းစျေးကတော့ တစ်ဘတ်ကို ၅၉ ကျပ် ပဲ ရှိပါတယ်။
ပေါက်စျေးထက် ကျော်လွန်ပြီး တစ်ဘတ်ကို ၇၅ ကျပ် ကနေ ၈၅ ကျပ်အတွင်း ဘတ်ငွေ ၂ ဒသမ ၄ သန်းကို ဗဟိုဘဏ်က ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ ရောင်းချပေးခဲ့ပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်တဲ့ ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီ အစည်းအဝေးကို သြဂုတ် ဒုတိယပတ်က ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံခြားငွေ ရောင်းလိုသူတွေ နဲ့ ဝယ်လိုသူတွေကြားမှာ တရားဝင်ရောင်းဝယ်လို့ရမယ့် Online Trading အစီအစဉ်ကို ဗဟိုဘဏ်ဥက္ကဋ္ဌ က အားပေးနေတာတွေ့ရပါတယ်။
နိုင်ငံခြားငွေကို တရားမဝင်ရောင်းနေတာတွေ တွေ့နေရပြီး အရေးယူမယ် လို့ သူက ပြောပါတယ်။
နိုင်ငံခြားငွေကြေးစျေးကစားလိုသူတွေက စျေးကွက်ကမောက်ကမဖြစ်အောင်လုပ်နေကြတယ် လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ က ပြောပါတယ်။
စျေးကွက်ကျွမ်းကျင်သူတွေကလည်း နိုင်ငံရေး နဲ့ စီးပွားရေး သက်ရောက်မှုတွေကြောင့် ဘတ်စျေးတက်နေတာမှန်ပေမဲ့ လိုအပ်တာထက် ပိုတက်နေတယ် လို့ သုံးသပ်ကြပါတယ်။
‘’ဖြစ်သင့်တာထက် ပိုနေတဲ့ စျေးဆိုတာတော့ သေချာပါတယ်’’ လို့ ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။








