စားသုံးဆီ - မီးဖိုချောင်ပစ္စည်းအထိရောက်တဲ့ နိုင်ငံရေးပြဿနာ

ဆီ ကို အခြေခံလူတန်းစားတွေ တန်းစီပြီး ဝယ်ယူရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

အခြေခံစားသုံးကုန် ဖြစ်တဲ့ ဆန် နဲ့ ဆီ ကို အခြေခံလူတန်းစားတွေ တန်းစီပြီး ဝယ်ယူရတာမျိုးက အရပ်သားအစိုးရနှစ်ဆက်မှာ တွေ့ရခဲတဲ့ မြင်ကွင်းမျိုး ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်မှာပေါ်ပေါက်လာတဲ့ နိုင်ငံရေးပြဿနာတွေဟာ မီးဖိုချောင်ထဲက စားသုံးဆီအထိပါ ရိုက်ခတ်လာပါတယ်။

အခြေခံလူတန်းစားတွေရဲ့ ပလတ်စတစ် ရေသန့်ဘူးခွံ ထဲက စားသုံးဆီ ရဲ့ နောက်ကွယ်မှာ အရေးယူပိတ်ဆို့မှုတွေ၊ မြန်မာကျပ်ငွေတန်ဖိုးကျမှုတွေ၊ နိုင်ငံခြားငွေထိန်းချုပ်မှု မူဝါဒရေးရာတွေ ရောပြွန်းနေပါတယ်။

အကျိုးဆက် အဖြစ် ရည်ညွှန်းစျေး တစ်ပိဿာကို ကျပ် လေးထောင်ကျော်ပဲ ရှိတဲ့ စားသုံးဆီ ကို ကျပ်တစ်သောင်းကျော် အထိ ဝယ်စားရတဲ့ အခြေအနေကို ရောက်ရှိခဲ့ပါတယ်။

စားသုံးဆီကျဆင်း‌ရေး စစ်ဆင်မှု

ပြည်တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိုင်းအစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ပြည်တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိုင်းအစည်းအဝေး

ဒီအခြေအနေကို စစ်ကောင်စီက စီးပွားရေးသမားတွေရဲ့ လောဘတက်မှုကြောင့်လို့ အလွယ်တကူပဲ တံဆိပ်ကပ်လိုက်ပါတယ်။

‘’ဝိသမ လောဘသမားတွေ’’ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက သြဂုတ် ၂၂ ရက် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ မှာ ပြောခဲ့ပြီးတဲ့နောက် စားသုံးဆီ လောကကို စစ်ကောင်စီက သိသိသာသာ ပစ်မှတ်ထားလာပါတယ်။

စစ်အစိုးရအဆက်ဆက်က ဒေါ်လာ နဲ့ ရွှေစျေး ထိန်းမရဖြစ်နေရင် သုံးတဲ့ နည်းတစ်ခုကတော့ လုပ်ငန်းရှင်တွေကို ခေါ်ယူစစ်ဆေးခြိမ်းခြောက်လိုက်တာပဲ ဖြစ်ပါတယ်။

အခုတော့ စားသုံးဆီစျေး တည်ငြိမ်ရေးမှာလည်း စစ်ကောင်စီက နည်းဟောင်းကို အသုံးပြုလာခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြည်တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်မှာသွားတက်တဲ့ ဆီလုပ်ငန်းရှင်ကြီးတွေ အစည်းအဝေးက အပြန်မှာ အစစ်ဆေးခံနေရတယ်လို့ နေပြည်တော်က ဘီဘီစီ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

စစ်ဆေးမှုကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်က စသုံးလုံး လို့ လူသိများတဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဦးဆောင်နေတယ်လို့ သိရပါတယ်။

‘‘ရက်ပိုင်းအတွင်း ဆီဈေးနှုန်း သိသာစွာကျဆင်းစေဖို့ ဆောင်ရွက်မယ်’’ လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက နေပြည်တော်မှာ သြဂုတ် ၃၀ ရက် က လုပ်တဲ့ ဆီဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ညှိနှိုင်းအစည်းအဝေးမှာ ပြောပါတယ်။

စားသုံးသူဈေးကွက်မှာ စားအုန်းဆီဈေးနှုန်းက ဖြစ်သင့်ဖြစ်ထိုက်တာထက် များစွာမြင့်တက်နေတယ် လို့ သူက ပြောခဲ့ပါတယ်။

တက်ရောက်လာတဲ့ ဆီလုပ်ငန်းရှင်တွေကလည်း ဈေးတင်ရောင်းတာကို ရှောင်ကြဉ်မှာဖြစ်ပြီး ဆီဈေးကျအောင် ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိကဝတ်ပြုခဲ့ကြတယ်လို့ အစည်းအဝေးမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဆီလုပ်ငန်းရှင်ကြီး တချို့ဟာ အစည်းအဝေးက အပြန်မှာတော့ စသုံးလုံး ရဲ့ စစ်ဆေးမှုကို ခံခဲ့ကြရပြီး ဒေါ်လာသမားနဲ့ ရွှေသမားတွေကတော့ ဆီလုပ်ငန်းရှင်တွေ ဘယ်လိုအခြေအနေနဲ့ ကြုံနေပြီလဲဆိုတာကို နားလည်ခဲ့ကြပါတယ်။

ရည်ညွှန်းစျေး နဲ့ ဘာကြောင့်ကွာ

ဆီ ကို အခြေခံလူတန်းစားတွေ တန်းစီပြီး ဝယ်ယူရ

ဓာတ်ပုံ ရင်းမြစ်, meoda

စစ်ကောင်စီက စားသုံးဆီ စျေးကွက်ကို ဝင်‌ရောက်ကြပ်မတ်လိုက်တဲ့ သြဂုတ်လကုန်ပိုင်း ကနေ စက်တင်ဘာ ၁ ရက်အထိ ရည်ညွှန်းစျေးကို တစ်ပိဿာ ကျပ် ၄၄၀၀ နဲ့ စျေးသတ်မှတ်ပြီး ကုမ္ပဏီတွေက ရပ်ကွက်ထဲမှာ ကား နဲ့ စားသုံးသူတွေဆီ တိုက်ရိုက်ရောင်းချပေးနေပါတယ်။

လက်ကားရည်ညွှန်းစျေးပေါ်မှာ အထွေထွေကုန်ကျစရိတ်ကိုပါထည့်ပေါင်းပြီး အမြတ်ငွေ နှစ်ရာခိုင်နှုန်းထက် ပိုမယူဖို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက သတ်မှတ်ထားပါတယ်။

အဆင့်ဆင့်လက်လွှဲရောင်းချရင်တောင် အမြတ်ငွေ တစ်ဆယ်ရာခိုင်နှုန်းထက် ပိုမယူဖို့ သတ်မှတ်ထားပါတယ်။

ဒီသတ်မှတ်ချက်အရ ဆိုရင် ဆီတစ်ပိဿာကို ငါးထောင်ဝန်းကျင်မှာ ရှိရမှာဖြစ်ပေမဲ့ ပြင်ပပေါက်စျေးကတော့ ဆီတစ်ပိဿာ တစ်သောင်းအထိ ဖြစ်ခဲ့တာပါ။

ဒီအခြေအနေကို စစ်ကောင်စီက လည်း သိရှိနေပြီး စားသုံးဆီစျေးက လက်လီစျေး တစ်ပိဿာကို ကျပ်တစ်သောင်းအထိ ပေါက်နေပြီ လို့ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးဖြစ်တဲ့ စစ်ကောင်စီ ဒုဝန်ကြီး ဒေါက်တာဝါဝါမောင် က စစ်ကောင်စီရဲ့ သြဂုတ်လ ၂၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့ပါတယ်။

‘’ရည်ညွှန်းစျေးဆိုတာကလည်း အခုလို ဖမ်းရယ် ဆီးရယ် လုပ်မှ အသက်ဝင်လာတာပါ။ အစ က ဘယ်သူမှ ဂရုစိုက်လှတာ မဟုတ်ဘူး’’ လို့ ရန်ကုန်မြို့က ဆီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လောဘဇောတက်ပြီး ရည်ညွှန်းစျေးထက် အဆမတန်ပိုများတဲ့စျေးနဲ့ အရောင်းအဝယ် တချို့ရှိခဲ့တာကို ဆီလုပ်ငန်းရှင်တချို့ကလည်း ဝန်ခံပေမဲ့ လုပ်ငန်းရှင်တိုင်းက အဲဒီလို အမြတ်တင်ရောင်းနေတာတော့ မဟုတ်ဘူး လို့ ဆိုကြပါတယ်။

တစ်ပိဿာ ခြောက်ထောင်ဝန်းကျင်ကနေ တစ်သောင်းကြားမှာ ကြိုက်ရောင်း ကြိုက်ဝယ် ဖြစ်ခဲ့ကြတယ် လို့ ဆီလုပ်ငန်းရှင်တွေက ဘီဘီစီကို ပြောပါတယ်။

‘’စီးပွားရေးသမားကတော့ သိတဲ့အတိုင်းပဲ။ စျေးကွက်ထဲမှာ ဆီလက်ကျန်မရှိတော့ဘူး ဆိုတာသိနေတော့ ဘယ်သူမှ ရည်ညွှန်းစျေးနဲ့ မရောင်းဘူး’’ လို့ လုပ်ငန်းရှင်တစ်ဦးက မေးခွန်းထုတ်ပါတယ်။

အဆင့်ဆင့် လက်လွှဲရောင်းချရင်း အမြတ်ရာခိုင်နှုန်း အဆင့်ဆင့် တင်ကြရာကနေ ရည်ညွှန်းစျေး နဲ့ ကွာ ဟ ကုန်တာလို့ စျေးကွက်ထဲက သိရပါတယ်။

စျေးကွက်ထဲက စားသုံးသူ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရည်ညွှန်းစျေးအတိုင်း ရပြီး ၈၀ ရာခိုင်နှုန်းက အပြင်ပေါက်စျေး နဲ့ ဝယ်စားခဲ့ကြရတယ် လို့ ဆီလုပ်ငန်းရှင်တစ်ဦးက ခန့်မှန်းတွက်ချက်ပြပါတယ်။

‘’ဒီတော့ အသံထွက်ပြီပေါ့’’ လို့ သူကပြောပါတယ်။

စားသုံးဆီ နဲ့ ပတ်သက်လို့ စစ်ကောင်စီရုံးကနေ စားသုံးသူရေးရာဦးစီးဌာန အထိ တိုင်စာ ရာနဲ့ချီ ရှိခဲ့တဲ့အကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဝင် တစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင် စားသုံးဆီ ကို လိုသလောက်မရဘဲ ခွဲတမ်း နဲ့ ရရှိနေတာကလည်း ပြဿနာတစ်ခု လို့ ဆိုကြပါတယ်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက အများဆုံး ခွဲတမ်းချပေးတဲ့ နှုန်းထားက တစ်ရက်ကို ဆီပေပါ အလုံး ၄၀ လို့ ဘုရင့်နောင်ပွဲရုံက ဆီကုန်သည်တွေ ထံက သိရပါတယ်။

‘’တချို့က ဘယ်လိုလုပ်ကြလဲဆိုတော့ ကိုယ့်မှာ ရှိတဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို ရည်ညွှန်းစျေး နဲ့ ဟန်ပြရောင်းပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို အပြင်စျေးနဲ့ ပြန်ထုတ်ကြတယ်’’ လို့ စျေးကွက်မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေကို သိရှိသူ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ရွှေသမင် ဘယ်ကထွက်

ဆီလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, meoda

ဓာတ်ပုံ ပုံစာ, ဆီလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး

ဘုရင့်နောင်ပွဲရုံက ဆီကုန်သည်တစ်ဦးက စားသုံးဆီကို ရည်ညွှန်းစျေးအတိုင်း ရောင်းချရင်လည်း မြတ်တဲ့အကြောင်း ဝန်ခံပြောကြားပါတယ်။

‘’ဒါပေမဲ့ ကျွန်တော် မပျော်ပါဘူး’’ လို့ သူက ပြောပါတယ်။

သူ့ပွဲရုံက မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက အများဆုံး ခွဲတမ်းချပေးတဲ့ အထဲမှာ ပါပြီး တစ်ရက်ကို ဆီပေပါ အလုံး ၄၀ ရရှိတဲ့အထဲမှာပါတယ် လို့ သိရပါတယ်။

ဒါပေမဲ့ သူ့ဖောက်သည်တွေရဲ့ ဝယ်လိုအားက ဆီပေပါ ၁၀၀ အထက်မှာ ရှိပြီး လိုအပ်တဲ့ ပမာဏ ကိုရောင်းပေးနိုင်ဖို့ ဘယ်ကမှ ရှာမရဖြစ်နေတယ် လို့ သူကပြောပါတယ်။

‘’အမြတ်နည်းတာများတာထက် ဖောက်သည်တွေ လိုသလောက် မရောင်းပေးနိုင်တာက ပြဿနာ မသေးဘူး’’ လို့ သူက ပြောပါတယ်။

အရင်က ထိုင်းဘက်က ဝင်တဲ့ စားသုံးဆီတချို့ကို ရှာဖွေ လို့ရပေမဲ့ အာရှလမ်းမှာ မြေပြိုကျတဲ့အချိန်ဖြစ်လို့ ပြတ်လပ်မှုပေါ်ပေါက်ခဲ့တယ် လို့ သူက ပြောပါတယ်။

တခြား ဆီပွဲရုံတွေလည်း သူ့လိုပဲ အခက်ကြုံနေကြရတယ် လို့ သူက ပြောပါတယ်။

အာဏာမသိမ်းခင် အရပ်သားအစိုးရလက်ထက်တုန်းက စျေးကွက်ကို အခုလို မထိန်းချုပ်ခဲ့လို့ ဆီက လိုသလောက်ဝယ်လို့ရခဲ့တယ်လို့ သူက အတိတ်ကို ပြန်တမ်းတရင်း ပြောပါတယ်။

‘’ဘယ်လောက် လိုလို ကုမ္ပဏီ ကိုဖုန်းဆက်လိုက်ရုံပဲ။ အခုကတော့ ကိုယ့်ခွဲတမ်း ကုန်သွားရင် ထိုင်နေပေတော့ပဲ’’ လို့ သူကပြောပါတယ်။

အာဏာမသိမ်းခင်က တစ်လကို ဆီတန်ချိန် ၆ သောင်းကနေ ၈ သောင်းကြား သွင်းခဲ့ကြပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ တစ်လကို တန်ချိန် ၃ သောင်းခွဲ ပဲ တင်သွင်းခွင့်ပြုတော့တဲ့အကြောင်း ဆီစျေးကွက်ထဲကနေ စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားငွေစီးဆင်းမှု ထိန်းချုပ်ချင်တဲ့ မူဝါဒကြောင့် စားသုံးဆီတင်သွင်းမှုကို ကန့်သတ်လျှော့ချလိုက်တာလို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။

တကယ်လည်း ဒီမူဝါဒကို လိုက်နာဖို့ စစ်ကောင်စီ ဥက္ကဋ္ဌ က သူ့ဝန်ကြီးတွေကို မကြာခဏ ထုတ်ပြောလေ့ရှိပါတယ်။

ပြည်ပက ဆီ တင်သွင်းရတဲ့ စိုက်ပျိုးရေးနိုင်ငံ

နိုင်ငံခြားကနေပဲ စားသုံးဆီကို အဓိကတင်သွင်းနေရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ငံခြားကနေပဲ စားသုံးဆီကို အဓိကတင်သွင်းနေရ

စိုက်ပျိုးရေးနိုင်ငံလို့ တင်စားလေ့ရှိတဲ့ မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံတွေ စိုက်ပျိုးကြပေမဲ့ နိုင်ငံခြားကနေပဲ စားသုံးဆီကို အဓိကတင်သွင်းနေရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူတစ်ဦးက တစ်ရက်ကို ဆီ ၂ ဒသမ ၂၅ ကျပ်သား စားသုံးနေပြီး နှစ်စဉ် စားသုံးဖို့နဲ့ လုပ်ငန်းသုံးအတွက် ဆီလိုအပ်ချက် တန်ချိန် ၁ ဒသမ ၁ သန်းခန့်ရှိတယ် လို့ စားသုံးသူရေးရာဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အဲဒီ လိုအပ်ချက်ရဲ့ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိကို ပြည်ပက တင်သွင်းနေရတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံတွေ ဖြစ်ကြတဲ့ မြေပဲ၊ နှမ်း၊ နေကြာ တို့ကို မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနဲ့ ဧရာဝတီတိုင်း‌ဒေသကြီး တို့မှာ အဓိကစိုက်ပျိုးကြပြီး ဆီအုန်းကို တနင်္သာရီတိုင်းဒေသကြီး မှာ အဓိက စိုက်ပျိုးကြပါတယ်။

‘’အဲဒီ ဆီစိုက်တဲ့ တောင်သူတွေကို သူတို့စိုက်တဲ့ ဆီသူတို့ပြန်စားရလား မေးကြည့်ဦး။ ပြည်ပက တင်သွင်းတဲ့ ဆီ ပဲ စားကြတာ’’ လို့ နေပြည်တော်က စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ပြည်တွင်း စားသုံးဆီလိုအပ်ချက်ကြောင့် တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး ပြည်ပကနေ နှစ်စဉ် တင်သွင်းနေရတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က သြဂုတ် ၂၅ ရက်က ပြုလုပ်တဲ့ စီးပွားရေးရာကော်မတီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ဒီလို တင်သွင်းနေရလို့ နိုင်ငံခြားငွေသုံးစွဲမှု များပြားခဲ့ပြီး ခေတ်အဆက်ဆက် ပြည်တွင်းစားသုံးဆီလုံလောက်အောင် ဆောင်ရွက်ခဲ့ပေမဲ့ မထိရောက်ခဲ့ဘူး လို့ သူက ပြောပါတယ်။

ပြည်တွင်းဆီထုတ်လုပ်မှုမြှင့်တင်ဖို့ နိုင်ငံ့စီးပွားရန်ပုံငွေထုတ်ပေးမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ပြည်တွင်းစားသုံးဆီဖူလုံပြီး ပြည်ပကို ပြန်လည်တင်ပို့နိုင်တဲ့ အဆင့်ရောက်အောင် ရည်မှန်းထားတယ် လို့ စစ်ကောင်စီ ဥက္ကဋ္ဌ က ပြောပါတယ်။

စားသုံးဆီတင်သွင်းတဲ့အခါ ကုန်ကျတဲ့ နိုင်ငံခြားငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းငွေလဲလှယ်နှုန်း ကျပ် ၂၁၀၀ နဲ့ လဲပေးပြီး ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကို ပြင်ပဈေးထက်သက်သာသည့် နိုင်ငံခြားငွေလဲလှယ်မှု နှုန်း ကျပ် ၂၉၂၀ နဲ့ လဲလှယ်ပေးထားတယ် လို့ စီးပွားကူးသန်းဝန်ကြီးဌာန နဲ့ လုပ်ငန်းရှင်တွေထံက သိရပါတယ်။

ပြင်ပ တစ်ဒေါ်လာ ပေါက်စျေး ကျပ် ၃၈၀၀ ဝန်းကျင် ဖြစ်နေလို့ ပို့ကုန်သမားတွေ အခက်အခဲဖြစ်နေချိန်မှာ ဆီတင်သွင်းသူတွေကို ညှိနှိုင်းပေးနေချိန်မှာပဲ ရည်ညွှန်းစျေးထက် စျေးအများကြီး တင်ရောင်းလို့ သည်းမခံနိုင်ဖြစ်ခဲ့ရတဲ့အကြောင်း စစ်ကောင်စီရဲ့ ကုန်စည်စီးဆင်းမှု ဗဟိုကော်မတီ နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

‘’အဲဒီတော့ ဆီသမားတွေ ထောတယ် ဆိုပြီး အသံတွေထွက်လာတယ်။ တိုင်တာတွေလည်း များလာတယ်’’ လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

တစ်ဆက်တည်းမှာ စားသုံးဆီစျေးကွက်ထဲကို မျက်နှာသစ်တွေ အများကြီး ဝင်လာတယ် လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က ဆီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ဒေါ်လာစျေးကို ဝင်ညှိပြီး ရောင်းပေးနေပေမဲ့ ဘယ်အချိန်အထိ ရောင်းပေးနိုင်မလဲဆိုတဲ့ ယုံကြည်မှု ပြဿနာလည်း ရှိနေတယ်လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ထိန်းချုပ်လိုက်တဲ့ အတွက် လတ်တလော မှာ ဆီစျေးက စက်တင်ဘာ ၁ ရက်မှာ တစ်ပိဿာ ကျပ် ၄၄၀၀ နဲ့ တည်ငြိမ်နေတယ်လို့ ဆီလုပ်ငန်းရှင်တွေက ပြောပါတယ်။

‘’အခုကတော့ ဘယ်သူမှ တင်မရောင်းရဲတော့တဲ့ အခြေအနေပဲ။ ဒါပေမဲ့ ပြဿနာတွေ အားလုံး ပြေလည်သွားတဲ့ အနေအထားတော့ မဟုတ်ဘူး။ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာလည်း မခန့်မှန်း တတ်အောင်ပဲ’’ လို့ ဆီလုပ်ငန်းတစ်ခုတည်းကိုပဲ နှစ်ပေါင်း ၂၀ လောက် လုပ်လာတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးရုံးက တာဝန်ရှိသူတစ်ဦးကတော့ ဆီနှစ်ဆီ လို့ အတိုကောက်ခေါ်ကြတဲ့ စက်သုံးဆီ နဲ့ စားသုံးဆီ လောကက စျေးကစားတဲ့သူတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ ညွှန်ကြားချက်ရထားတယ် လို့ ဘီဘီစီကို ပြောပါတယ်။