ရွေးကောက်ပွဲကြေညာစာတမ်းထဲက စစ်မှုထမ်းဥပဒေ

စစ်မှုထမ်း၊ မဲပုံးနဲ့ လွှတ်တော်အဆောက်အအုံတွေ သရုပ်ဖော်ပုံ
ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲ ကြေညာစာတမ်းတွေထဲမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ဖော်ပြထားတာမရှိသလောက် ဖြစ်နေ

ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် ပါတီတွေက ရွေးကောက်ပွဲ ကြေညာစာတမ်းတွေ အသီးသီးထုတ်ပြန်လာကြပါတယ်။

ဒါပေမယ့် အဲဒီထဲမှာ တိုင်းပြည်ရဲ့ လူငယ်လူရွယ်ထုကြီး ပြည်ပကို ထွက်ခွာခဲ့ရတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းကိုတော့ ဖော်ပြထားတာမရှိသလောက် ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းမှုအပြီး ပဋိပက္ခတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့် လူဦးရေ သန်းနဲ့ချီပြီး ပြည်ပနိုင်ငံတွေကို ထွက်ခွာသွားခဲ့မှုဟာ ပြည်တွင်းမှာ လုပ်သားရှားပါးမှုကြုံရတဲ့အထိ ဖြစ်ခဲ့တာပါ။

နောက်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက်အကျုံးဝင်တဲ့ အသက် ၁၈နှစ်နဲ့ အသက် ၃၅ နှစ်အရွယ်ရှိသူတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတွေလည်း ဖြစ်ကြပါတယ်။

ဒီလို သက်ရောက်မှုကြီးမားလှတဲ့ ဒီစစ်မှုထမ်းဥပဒေကို ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ ဘာကြောင့် ချန်လှပ်ခဲ့တာပါလဲ။

ငြိမ်းချမ်းရေး သာအဓိက

အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (၁၀) နှစ်ပြည့်အခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (၁၀) နှစ်ပြည့်အခမ်းအနား

နိုင်ငံရေးပါတီတွေက ရွေးကောက်တင်မြောက်ခံရပြီးရင် လုပ်ဆောင်ပေးမယ်ဆိုတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို မဲဆန္ဒရှင်ပြည်သူတွေသိနိုင်ဖို့ ရွေးကောက်ပွဲ ကြေညာစာတမ်းတွေက တဆင့် ချပြကြပါတယ်။

အဲဒီကြေညာစာတမ်းတွေကို မဲဆွယ်စည်းရုံးရေးကာလတွေမှာ အသိပေးထုတ်ပြန်ပါတယ်။

စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၆ ခုနဲ့ တိုင်းနဲ့ပြည်နယ်အဆင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၅၁ ခု၊ စုစုပေါင်း ပါတီ ၅၇ ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

 အဲဒီထဲက ပါတီအများစုကတော့ ရွေးကောက်ပွဲကြေညာစာတမ်းတွေကို အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲ ကြေညာစာတမ်းတွေ အများစုမှာ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နည်းပညာ၊ လူငယ်ကဏ္ဍ စတဲ့ ခေါင်းစဉ်တွေနဲ့ သူမတူတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ချပြခဲ့ကြပေမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကိုတော့ ထည့်သွင်းခဲ့တာ မတွေ့ရပါဘူး။

ပြည်ထောင်စုအဆင့် ဝင်ပြိုင်မယ့် ပါတီလည်းဖြစ်သလို၊ လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း အင်အား အများဆုံးနဲ့ ဝင်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီရဲ့ နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေကတော့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ ဘာပြင်ဆင်မှုမှ လုပ်မှာ မဟုတ်ကြောင်း ပြောပါတယ်။

"ကျွန်တော်တို့က စစ်မှုထမ်းဥပဒေကို ဘာမှ လုပ်မှာ မဟုတ်ဘူး။ ပယ်ဖျက်တာတွေ၊ ရပ်တန့်တာတွေ ဘာမှလုပ်မှာ မဟုတ်ဘူး။ စစ်မှုထမ်းဥပဒေက ဆက်ပြီးတော့ လုပ်ရမယ့်ကိစ္စဖြစ်တယ်"

"အဲဒီအတိုင်းပဲ ကျွန်တော်တို့အထဲမှာပါတယ်။ တပ်မတော် အင်အားရှိအောင် ဆက်လက်ပြီးတော့ ကူညီရမယ့်အနေအထားပဲဖြစ်တယ် " လို့ ဦးလှဆွေက ပြောပါတယ်။

စစ်မှုထမ်းဥပဒေအကြောင်း ထည့်သွင်းထားတဲ့ ပါတီတွေအနေနဲ့လည်း တကယ်တမ်း အကောင်အထည် ဖော်နိုင်မှာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

"မဖြစ်နိုင်ဘူး။ အခုကိစ္စကလည်း ရွှေတိဂုံဘုရားထက် တန်ခိုးကြီးတဲ့ပါတီတွေဖြစ်နေလို့လား"

နောက်ထပ် ပြည်ထောင်စုအဆင့် ဝင်ပြိုင်မယ့် ပါတီဖြစ်တဲ့ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)ကတော့ လွှတ်တော်ထဲရောက်မှ ပွင့်ပွင့်လင်းလင်းဆွေးနွေးမယ်လို့ ဘီဘီစီကို ပြောပါတယ်။

ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက "အခြေခံဥပဒေထဲမှာလည်း ပါထားတယ်ဆိုတော့လည်း ကျွန်တော်တို့ နိုင်ပြီးတော့ လွှတ်တော်ထဲမှာ အဆိုတို့ မေးခွန်းတို့ မေးရမှာပေါ့နော်။ အဲဒီအချိန်ကျမှ ကျွန်တော် လုပ်ဖို့ စဉ်းစားထားတယ်" လို့ ပြောပါတယ်။

"ကျွန်တော်တို့ ကြေညာစာတမ်းထဲမှာလည်း မထည့်ထားဘူး။ ဒီဟာက နည်းနည်း အများအာရုံစိုက်နေတဲ့ကိစ္စရပ် ဖြစ်နေတယ်လေ။ ဘာမှလည်း မဝေဖန်လိုဘူး။ လွှတ်တော်ထဲရောက်မှ ပွင့်ပွင့်လင်းလင်းပြောမယ်"

စစ်မှုထမ်းဥပဒေအတွက် တိုင်းပြည်ငြိမ်းချမ်းရေးက အရေးကြီးတာကြောင့် ငြိမ်းချမ်းရေးဟာ ပါတီရဲ့ ဦးစားပေးမူဝါဒတွေ ထဲက တစ်ရပ်ဖြစ်တယ်လို့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

ဒေါက်တာသက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီကတော့ သူတို့ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ စစ်မှုထမ်းဥပဒေကို ထည့်သွင်းထားတာတော့မရှိပါဘူး။

ဒါပေမဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်မှုအပိုင်း လိုအပ်ချက်ကို ဥပဒေနဲ့ နည်းဥပဒေအတိုင်းဖြစ်ဖို့ လွှတ်တော်ကနေတဆင့် ဆောင်ရွက်ဖို့ ဆန္ဒရှိတဲ့အကြောင်း ဒေါ်သက်သက်ခိုင်က အောက်တိုဘာလ သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောပါတယ်။

ပြည်ထောင်စုအဆင့် ဝင်ပြိုင်မယ့် ပြည်သူ့ပါတီက လွဲလို့ တခြားသော ပါတီအများစုရဲ့ ကြေညာစာတမ်းမှာ စစ်မှုထမ်းဥပဒေကို ရှေ့လုပ်ငန်းစဉ်အနေနဲ့ ဖော်ပြထားတာ မရှိသလောက် ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ရန်ကုန်မြို့မှာ ယှဉ်ပြိုင်မယ့် တသီးပုဂ္ဂလကိုယ်စားလောင်တစ်ဦးကတော့ " လက်ရှိ ရွေးကောက်ပွဲအခင်းအကျင်းက တပ်မတော်ကနေ အသွင်ကူးပြောင်းဖို့ ဦးဆောင် ကြိုးပမ်းတဲ့ ပုံစံသွားတာ တွေ့နေရတယ်။ တပ်မတော်နဲ့ သဘောထားကွဲလွဲမှု ဖြစ်နိုင်ခြေရှိတဲ့ဟာမျိုးတွေ တချို့ပါတီတွေက မထည့်ရဲကြဘူး" လို့ ပြောပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ စစ်မှုထမ်းခေါ်ယူမှု ဆိုင်းငံ့ပေးဖို့ ဆိုရှယ်မီဒီယာကတဆင့် တောင်းဆိုခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ တောင်တွင်းကြီးမြို့နယ် ကော်မတီဝင် ဒေါက်တာကျော်ဆွေကလည်း သူ့ရဲ့ရေးသားမှုကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို နိုဝင်ဘာ ၇ ရက်ထုတ် သတင်းစာက တဆင့် ပြန်လည်တောင်းပန်ခဲ့ရပါတယ်။

"လူငယ်အင်အားသည် မဲဆွယ်ရေးလုပ်ငန်းအတွက် အရေးကြီးဆုံးဖြစ်ပါတယ်။ စစ်မှုထမ်း ဆွဲခေါ် မခံရစေရေးအတွက် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများမှာ လိုက်ပါမည့်သူ မရှိသလောက် ဖြစ်သွားရပါတယ်။ ဒါကြောင့် ပါတီအသီးသီးရဲ့စည်းရုံးရေးလှုပ်ရှားမှုများလည်း လျော့နည်းသွားပါတော့တယ်" လို့ ဒေါက်တာကျော်ဆွေက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးတင်ခဲ့တာပါ။

‌ဒီနှစ်လယ်လောက်ကလည်း စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကာလ နဲ့ ရွေးကောက်ပွဲ မတိုင်မီကာလတွေမှာ စစ်မှုထမ်းခေါ်ယူမှု ဆိုင်းငံ့ထားဖို့ ကိုလည်း ကိုယ်စားလှယ်လောင်းတချို့က ဆွေးနွေးခဲ့ပါသေးတယ်။ အဲဒီနောက်ပိုင်းမှာတော့ ထူးခြားမှုတစုံတရာ မရှိခဲ့ပါဘူး။

‌ပါတီတချို့ရဲ့ ပြည်သူ့စစ်မှုထမ်း အစီအစဉ်

နိုဝင်ဘာ ၁၉ ရက်၊ ရန်ကုန်မြို့က ပြည်သူ့ပါတီ မဲဆွယ်စည်းရုံးမှု မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ၁၉ ရက်၊ ရန်ကုန်မြို့က ပြည်သူ့ပါတီ မဲဆွယ်စည်းရုံးမှု မြင်ကွင်း

ပြည်သူ့ပါတီနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း တချို့ကတော့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ ရှေ့လုပ်ငန်းစဉ်တွေကို ချပြထားပါတယ်။

''၈၈'' မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကတော့ ရွေးကောက်ပွဲ ကြေညာစာတမ်းရဲ့ ၅ ချက် မြောက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ လုပ်ဆောင်မယ့် လုပ်ငန်းစဉ်ကို ရှင်းပြထားပါတယ်။

အဲဒီမှာ " ငြိမ်းချမ်းရေး ရရှိလာသည်နှင့်အမျှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများအကြား စိုးရိမ်သောကဖြစ်မှုများကို သက်သာစေရန် ဆောင်ရွက်မည်" လို့ ဖော်ပြပါတယ်။

နောက်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ဖြစ်ပေါ်နေတဲ့ အဂတိလိုက်စားမှုတွေကို ထိန်းချုပ်နိုင်ဖို့ နည်းဥပဒေညွှန်ကြားချက်တွေကို ပြန်လည်သုံးသပ်မယ်လို့ ဆိုပါတယ်။

ဥပဒေနဲ့အညီ မှန်မှန်ကန်ကန်ဆောင်ရွက်အောင် စစ်ဆေးကြီးကြပ်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

အခုချိန်မှာ မိဘပြည်သူတွေနဲ့ သားသမီးတွေရဲ့ အစိုးရိမ်ဆုံးအရာဟာ စစ်မှုထမ်းဥ‌ပဒေဖြစ်နေတာကြောင့် အခုလိုထည့်သွင်းခဲ့တာလို့ ပါတီ အောင်နိုင်ရေးတာဝန်ခံ ကိုမာကီးက ပြောပါတယ်။

ကိုမာကီးက "တိုင်းပြည်ငြိမ်းချမ်းလာတာနဲ့ အမျှ စစ်မှုထမ်းဥပဒေကြောင့် မဖြစ်မနေစစ်မှုထမ်းရတာလည်း လျော့နည်းသွားနိုင်တယ်။ အနည်းဆုံးတော့ ရှေ့တန်းမှာ တိုက်ရခိုက်ရတာတွေ လျော့နည်းသွားနိုင်တယ်။ အဲဒါကြောင့် ငြိမ်းချမ်းရေး ယူဖို့ ကြိုးစားမယ်၊ တဖက်မှာလည်း ဥပဒေမှာ မိဘပြည်သူတွေ၊ သားသမီးတွေ စိုးရိမ်ထိတ်လန့်နေတဲ့ အခက်အခဲတွေ ကျော်လွှားနိုင်အောင် နည်းဥပဒေကို ပြင်ဆင်သွားနိုင်တယ်" လို့ ဒီအချက်ကို ရှင်းပြပါတယ်။

ပြည်သူ့ စစ်မှုထမ်း အပတ်စဉ် (၁၈) သင်တန်းဖွင့်ပွဲအခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ပြည်သူ့ စစ်မှုထမ်း အပတ်စဉ် (၁၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နေပြည်တော်ကောင်စီနယ်မြေမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ့် ဒေါက်တာအောင်မျိုးကတော့ ထိုက်သင့်တဲ့အခွန်ဆောင်တယ်ဆိုရင် ပြည်သူ့စစ်မှုထမ်း ကင်းလွတ်ခွင့်ရမယ့် ဥပဒေမူကြမ်းတစ်ခုကို စစ်မှုထမ်းဟောင်းအဖွဲ့ကို တင်ပြထားတယ်လို့ ပြောထားပါတယ်။

နောက်ထပ် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းဖြစ်တဲ့ ဦးကျော်ထက်ကလည်း ဒါကို ထောက်ခံ ပြောဆိုပါတယ်။

"လူတွေ စိတ်လိုလက်ရနဲ့ စစ်မှုထမ်းချင်တဲ့သူ ဖြစ်လာအောင် ဥပဒေအရ ကာကွယ်‌ပေးဖို့လိုတယ်။ ခံစားခွင့်(incentive)တွေကို ပေးဖို့လိုတယ်။ စစ်မှုထမ်းချင်တဲ့သူက စိတ်လိုလက်ရနဲ့ စစ်မှုထမ်းသွားလိမ့်မယ်။ စစ်မှုမထမ်းချင်တဲ့သူက ဒေါက်တာအောင်မျိုးတို့လည်း ပြောနေတဲ့ စစ်မှုထမ်း ရပ်ဆိုင်းခွင့်ကို ဥပဒေတစ်ရပ်အနေနဲ့ ပြဋ္ဌာန်းဖို့ လိုတယ်။ သူတို့လည်း အခုရေးနေတာရှိတယ်။ သူတို့မလုပ်ဘူးဆိုရင် ကျွန်တော်လွှတ်တော်ထဲမှာ လုပ်မယ်" လို့ ဦးကျော်ထက်က ပြောပါတယ်။

အရင်ဆုံးတော့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ဆောင်ပြီးတော့မှ နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး စစ်မှုထမ်း တစ်ပတ်စဉ် လူ ၅,၀၀၀ ခေါ်ရာကနေ အဲဒီထက်နည်းတဲ့ ပမာဏဖြစ်အောင်တောင်းဆိုမယ်လို့ သူကပြောပါတယ်။

လူဦးရေ ပမာဏ လျှော့ချဖို့ မဖြစ်နိုင်ရင်လည်း နောက်ထပ်အစီအစဉ်ရှိတယ်လို့ ဦးကျော်ထက်က ပြောပါတယ်။

"လူဦးရေ မလျှော့ချဘူးဆိုရင် ဆိုင်းငံ့ခွန်ဆိုတာမျိုး ရှိလိမ့်မယ်။ ကျွန်တော်က နောက် ငါးနှစ်မှာ တာဝန်ထမ်းဆောင်ချင်ပါတယ်ဆိုရင် တစ်နှစ်ကို တစ်သိန်းလား စသဖြင့် ဒါကို အခွန်တင်လိုက်"

"တင်လိုက်ရင် သူ့ကာလကို ရွေ့လျားခွင့်ရှိမယ်။ တင်တဲ့ ပိုက်ဆံကို စစ်မှုထမ်းတဲ့သူကို ပေးလိုက်။ ကလေးတွေကို Facility အပြည့်ပေးမယ်" လို့ သူက ပြောပါတယ်။

စစ်ကော်မရှင်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး အခုဆိုရင် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁၉ ရောက်ရှိနေပါပြီ။

တစ်ပတ်စဉ်ကို ပျမ်းမျှ လူ ၅,၀၀၀ သတ်မှတ်ထားတာကြောင့် စုစုပေါင်း သင်တန်းသား ၉၅,၀၀၀ အထိ ရှိနေပြီဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ အခုလို စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်မှာ ဥပဒေအရ အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားလူငယ်တွေဟာ အရာရာစွန့်လွှတ်ခဲ့ကြပြီး ပြည်ပနိုင်ငံတွေမှာ ရရာအလုပ်တွေ လုပ်ကိုင်နေကြရပါတယ်။

စစ်ကော်မရှင်ရဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာမှာ ထုတ်ပြန်တဲ့ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ပြည်ပကို ရောက်နေတဲ့လူဦးရေဟာ ၁.၁၂ သန်း ကျော်ရှိနေတယ်လို့ ဖော်ပြပါတယ်။

ဒါဟာ အိမ်ထောင်စုဝင် ၁၀ ဦးမှာ ၇ ဦးက အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတယ်လို့ ဆိုပါတယ်။

အသက် ၂၀ နဲ့ ၃၄ နှစ်ကြား ပြည်ပမှာ ရွှေ့ပြောင်းနေထိုင်ကြတဲ့သူ ၇ သိန်း ၂ သောင်းကျော် ရှိတယ်လို့ ဖော်ပြပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေကတော့ ၂၀၂၁ စစ်အာဏာသိမ်းမှု နဲ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီး နောက်ပိုင်း ထိုင်းနိုင်ငံကို တရားဝင်၊ တရားမဝင်လမ်းကြောင်းတွေကနေ ရောက်လာကြတဲ့ရွှေ့ပြောင်းလုပ်သားဦးရေဟာ ၆ သန်းကျော်လူဦးရေရှိတဲ့ စင်ကာပူတစ်နိုင်ငံစာ ရှိတယ်လို့ ခိုင်းနှိုင်းကြပါတယ်။

လက်ရှိ စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ တော်လှန်ရေးအင်အားစုတွေအပါအဝင် ကုလသမဂ္ဂ၊ ဗြိတိန်၊ ဥရောပသမဂ္ဂ နဲ့ အမေရိကန်တို့က ''အတုအယောင်'' ရွေးကောက်ပွဲဆိုပြီး ပြောဆိုထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) လို လူကြိုက်များခဲ့တဲ့ပါတီတွေ ပါဝင်ခြင်းမရှိသလို အခုရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့် ဝင်ပြိုင်မယ့်ပါတီအရေအတွက်ဟာလည်း ၂၀၂၀ ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ရင် ၁၀ ပုံ ၁ ပုံခန့်သာ ရှိပါတယ်။

ရွေးကောက်ပွဲကို နိုင်သူအကုန်ယူနဲ့ အချိုးကျကိုယ်စားပြု စနစ် ၂ မျိုးကို ရောနှောကျင်းပမှာဖြစ်တယ်လို့ စစ်ကော်မရှင်က ကြေညာထားပါတယ်။ အချိုးကျစနစ်ကြောင့် ရွေးကောက်ပွဲမှာ မဲအများဆုံးမရရှိလည်း အမတ် ဆယ်ချီဟာ လွှတ်တော်ထဲရောက်လာမှာဖြစ်ပါတယ်။

ဒီတော့ လွှတ်တော်ထဲကို ရောက်လာကြမယ့် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြုပြင်ပြောင်းလဲရေး ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာလည်း စောင့်ကြည့်ရမယ့် အခြေအနေဖြစ်ပါတယ်။