‘‘လက်နက်တပ်ဆင်ပေးမှုမှာ ပိုစနစ်ကျအောင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆောင်ရွက်တာဖြစ်ပါတယ်’’ - စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း

တပ်မတော်နေ့ အခမ်းအနားမှာတွေ့ရတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

စစ်အာဏာရှင်ဟောင်းပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၁၄ နှစ်အကြာမှာ စစ်ကောင်စီက အသက်သွင်းလိုက်ပါတယ်။ နိုင်ငံတဝန်း စစ်မျက်နှာပြင်များစွာရင်ဆိုင်နေရတဲ့ စစ်ကောင်စီက သူ့ရဲ့ တပ်သားစုဆောင်းနိုင်မှုလျော့လာချိန်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေ ကို အသက်သွင်းလာတာဆိုတဲ့ ဝေဖန်ချက်တွေလည်းရှိပါတယ်။ ဒီဥပဒေကိုစစ်ကောင်စီဘယ်တော့စတင်မလဲ၊ ဘယ်သူတွေအကျုံးဝင်ပြီး ဘယ်လိုဆောင်ရွက်ကြရမှာလဲ ... ဆိုတာတွေအပါအဝင် ဆိုင်းငံ့ခွင့်ရှိတဲ့သူတွေအကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဘီဘီစီ - ပြည်သူ့စစ်မှုထမ်းဥပဒေ စစ်မှုမထမ်းမနေရ စနစ်စတင်မယ်လို့ကြေညာပြီး နောက်မှာ လူထုကြားမှာစိုးရိမ်ပူပန်စိတ်တွေနဲ့ ဆွေးနွေးစရာအကြောင်းအရာအဖြစ်ရှိနေပါတယ်။ ဒီစနစ်ကိုဘယ်တော့စတင်ကျင့်သုံးမှာလဲ။

ဗိုလ်ချုပ် ဇော်မင်းထွန်း - ဒီဟာနဲ့ပတ်သတ်ပြီးတော့ ကျွန်တော်တို့ အမိန့်ညွှန်ကြားချက်တွေနည်း နည်းဥပဒေတွေ ထုတ်ပြန်ဖို့ လိုပါသေးတယ်။ အခုလောလောဆယ်တော့ ကျွန်တော့်တို့အနေနဲ့ အကြမ်းဖျင်းပဲ ပြောလို့ရပါသေးတယ်။ ဒီ ဧပြီလ၊ နှစ်သစ်ကူးပိတ်ရက်တွေအပြီးလောက်မှာတော့ အကောင်ထည်ဖော်နိုင်ဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာလည်း ကျွန်တော်တို့အနေနဲ့ အလုံးစုံဆောင်ရွက်တာပေ့ါနော်။ Total Mobillization ပေါ့။ အလုံးစုံစည်းရုံးတာထက် Partially(တစ်စိတ်တစ်ပိုင်း) Mobillization လုပ်ဖြစ်ဖို့ပဲများပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာလည်း ဝင်ရောက်တဲ့သူတွေကို ဆေးစစ်တာတွေ ဘာတွေလုပ်ပြီးရင် တစ်ပတ်စဉ်၊ တစ်ပတ်စဉ်ကို ကျွန်တော်တို့က ၅,၀၀၀ အောက်ပဲ ခေါ်ဖို့ရည်မှန်း လျာထားပါတယ်။

ဘီဘီစီ - ဥပ‌ဒေမှာတော့ သာမန်အရပ်သားနဲ့ ကျွမ်းကျင်သူဆိုပြီး အသက်ရွယ်အပိုင်းအခြားလိုက် ပါပါတယ်။ အဲဒီတော့ အဲဒီအသက် သတ်မှတ်ချက်ထဲမှ အကျုံးဝင်မယ့်သူတွေကို အသေးစိတ်ထပ်ပြီး ထုတ်ပြန်ဖို့ ရှိပါသလား။ ဒီမှာဆိုရင် သံရုံးဝန်ထမ်းတွေရှိမယ်။ နိုင်ငံတကာနဲ့ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာနိုင်ငံသားတွေရှိမယ်။ အဲဒီတော့ စစ်မှုထမ်းစနစ်ထဲမှာအကျုံးဝင်မှုနဲ့ပတ်သတ်ပြီးတော့ ဘယ်သူတွေ အကျုံးဝင်တယ်ဆိုတာကို အသေးစိတ်ထုတ်ပြန်သွားဖို့ ရှိပါသလား။

ဗိုလ်ချုပ် ဇော်မင်းထွန်း - ဥပဒေထဲမှာတော့ပါပြီးသားပဲ ထင်ပါတယ်။ ဒါနဲ့ပတ်သတ်ပြီး အကျုံးဝင်တဲ့သူကပါပြီးသားဖြစ်တယ်။ ဆိုင်းငံ့ထားလို့ရတဲ့သူတွေလည်းရှိတယ်။ ဆိုင်းငံ့ထားလို့ရပေမဲ့ ဒါက တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ နိုင်ငံတကာမှာလည်း ကျင့်သုံးနေတာသည် တာဝန်ထမ်းဆောင်ရမှာပဲ။ အခုချိန်မှာတော့ လူသားအရင်းအမြစ်မှာ ဆောင်ရွက်နေကြတဲ့လူတွေ အပြင်လုပ်ငန်းမှာဆောင်ရွက်နေကြတဲ့လူတွေ နိုင်ငံ့အကျိုးအတွက်ကို ခုနပြောတဲ့သူတွေပါတယ်ပေါ့လေ။ နိုင်ငံအကျိုးအတွက်ဆောင်ရွက်နေကြတဲ့သူတွေပဲဖြစ်ပါတယ်။ သူတို့တွေကိုက အချိုးကျပဲ ထည့်သွင်းမှာဖြစ်ပါတယ်။ ဒါကိုလည်း အသေးစိတ် ထပ်ထွက်လာပါလိမ့်မယ်။ လူတိုင်းကတော့ စစ်မှုထမ်းတာဝန်ထမ်းဆောင်ရမှာပဲ။ ကျွန်တော်လေးလေးနက်နက် ပြောချင်တာက စစ်မှုထမ်းတာဝန်ထမ်းဆောင်ရမယ်ဆိုပေမဲ့ ဒါတွေက ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ပညာရပ် နိုင်ငံသူနိုင်ငံသားအားလုံးတတ်မြောက်စေဖို့၊ သိစေဖို့၊သင်ကြားနိုင်စေဖို့ ဒါကြောင့် မို့လို့ ကျွန်တော်တို့က ဝန်ထမ်းတွေနဲ့ပတ်သတ်လာပြီးတော့ပဲ ဖြစ်ဖြစ် တချို့နိုင်ငံမှာလည်းရှိပြီးသားပဲ။ ဒီဟာတွေကို စစ်မှုထမ်းဆောင်ပြီးမှ တခြားခန့်အပ်တဲ့ဟာတွေတို့ ဝန်ထမ်းတွေ‌ကနေ အချိုးကျပါပြီးလို့ရှိရင် မူလတာဝန်ဝတ္တရားကနေ တိုးမြှင့်ပေးတဲ့တာဝန်ဝတ္တရား ထမ်းဆောင်တာတို့ကို နိုင်ငံတကာစံချိန်စံညွှန်းအတိုင်းပဲ ပါလာမှာ ဖြစ်ပါတယ်။

ဘီဘီစီ - နိုင်ငံတော်ကာကွယ်ရေးနဲ့ပတ်သတ်တဲ့ ဒီပညာရပ်တွေကို အလေးထားသင်ကြားပေးဖို့ ရည်ရွယ်တယ်လို့ ဆိုတော့ အခုလူထုကြားမှာစိုးရိမ်နေတာက ရှေ့တန်းလွှတ်မှာလားဆိုတာကိုသိချင်ကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီးဘယ်လိုရှိပါသလဲ။

ဗိုလ်ချုပ် ဇော်မင်းထွန်း - ကျွမ်းကျင်မှုတတ်မြောက်မှုအပေါ်မူတည်လိမ့်မယ်။ စစ်တာဝန်ကို ထမ်းဆောင်တယ်ဆိုတဲ့နေရာမှာ စစ်တိုက်တာတစ်ခုတည်းအပြင် နိုင်ငံတော်ကာကွယ်ရေးတာဝန်တစ်ခုတည်းထမ်းဆောင်တာမဟုတ်ဘူး။ အခုကျွန်တော်တို့ ဒီခေတ်အခါမှာ ပြောင်းလဲလာတဲ့အနေထားတစ်ခုကို ကျွန်တော်တို့ပြောပါမယ်။ ယခင်တုန်းက စစ်မက်ယှဉ်ပြိုင်တိုက်ခိုက်ခြင်းဆိုတဲ့အဓိပ္ပါယ်ကို ဖွင့်ဆိုတဲ့အခါမှာ နှစ်ဖက်လက်နက်ကိုင်တပ်များအကြား တိုက်ခိုက်ခြင်းကို စစ်မက်ယှဉ်ပြိုင်တိုက်ခိုက်ခြင်းလို့ဖွင့်ဆိုခဲ့တယ်ပေ့ါနော်။ အခုခေတ်မှာတော့ တိုးတက်လာတာနဲ့အညီကွန်ပျူတာ ဟက်ကာ(hacker) သမားတွေကလည်း ကိုယ့်တိုင်းပြည်အတွက် ကွန်ပျူတာ ဆိုက်ဘာ(cyber) ထိုးဖောက်မှုကို ကာကွယ်ကြတယ်။ စီးပွားရေးကျွမ်းကျင်တဲ့သူတွေကလည်း ကိုယ့်တိုင်းပြည်ရဲ့စီးပွားရေးနဲ့ပတ်သတ်ပြီးတော့မှ နိုင်ငံတကာမှာ စီးပွားရေးကုန်သွယ်မှုလုပ်ငန်းတွေလုပ်ဆောင်တဲ့အခါမှာ မိမိနိုင်ငံအကျိုးဖြစ်ထွန်းစေရေး ကာကွယ်ကြတယ်။ သတင်းမီဒီယာသမားတွေကလည်း သတင်းမီဒီယာယှဉ်ပြိုင်တိုက်ခိုက်မှုမှာ ပါဝင်တိုက်ခိုက်ကြတယ်။ ဒါကြောင့်အခုခေတ်မှာ စစ်မက်ယှဉ်ပြိုင်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုတဲ့အခါမှာ လက်နက်ကိုင်အဖွဲ့ တင်မကတော့ဘဲ လက်နက်ကိုင်အဖွဲ့အချင်းချင်း နိုင်ငံ့ရဲ့အမျိုးသားအကျိုးစီးပွားကို ကာကွယ်ပေးရမယ့် လူများအချင်းချင်း ယှဉ်ပြိုင်ခြင်းဆိုပြီးတော့မှ အဓိပ္ပာယ်ကို ဖွင့်ဆိုထားတာ တွေ့ရပါတယ်။ ဒါတွေကို ကျွန်တော်တို့ပြည်သူတွေကလည်း နားလည်ရမှာဖြစ်ပါတယ်။ ဒီနေရာကို တာဝန်ထမ်းဆောင်တဲ့နေရာမှာ သူ့ကျွမ်းကျင်မှုအလိုက် နေရာအဆင့်တန်းအလိုက် သူ့ရဲ့လုပ်ကိုင်ခဲ့တဲ့ဟာတွေအလိုက် နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်ရမယ့်ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။

ရှမ်းမြောက်လားရှိုးက ပြည်သူ့စစ်သင်တန်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဘီဘီစီ - ဥပဒေပါ ဆိုင်းငံ့နိုင်တဲ့သူဆိုတာအတွက် ဘယ်လိုမျိုးစီစဉ်ထားပါသလဲ။ နှစ်ကာလအပိုင်းအခြား ဘယ်လိုရှိပါသလဲ။ နောက်တစ်ခုက အကျုံးဝင်တဲ့အဖွဲ့အစည်းတွေက ဘယ်လိုအဖွဲ့အစည်းဖြစ်တယ်ဆိုတာနဲ့ ပတ်သက်ပြီးဘယ်လိုရှိပါသလဲ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဗိုလ်ချုပ်ဇော်မင်းထွန်း - ဒီဟာတွေနဲ့ပတ်သတ်ပြီး ပထမဆုံးတော့ ကာယကံရှင်က ဘာတာဝန်ထမ်းဆောင်နေလို့ ကင်းလွတ်ခွင့်ပေးပါဆိုတဲ့ဟာကို ကျွန်တော်တို့ ဗဟိုစီစစ်ရေးအဖွဲ့က စိစစ်ပြီးတော့မှ ဒါကိုလက်ခံမှာဖြစ်ပါတယ်။ လက်ခံပြီဆိုလည်း သူကဆိုင်းငံ့တဲ့ဟာပဲဖြစ်ပါတယ်။ ဆိုင်းငံ့ပြီးရင် တချိန်ချိန်မှာတော့ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ သူ့ကန့်သတ်ချက်ကတော့ ဒီလိုဆိုင်းငံ့ထားတဲ့ဟာတွေက ဥပမာဆို အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း တာဝန်ထမ်းဆောင်ရမယ်ပေါ့။ သူက ၃၅ နှစ်မပြည့်ခင် ၃၄ နှစ်မှာ ဆိုင်းငံ့လျှောက်လိုက်တယ်။ ပြီးရင် ၃၅ နှစ်ပြည့်ပြီးဆိုပြီးတော့မှ ကင်းလွတ်ခွင့်တော့ရမှာမဟုတ်ပါဘူး။ ဥပ‌ဒေမှာပါပြီးသားက ၃၅ နှစ် ပြည့်ပြီးလည်း လုပ်နိုင်တဲ့အချိန်မှာ ဆိုင်းငံ့တာပြီးသွားလို့ရှိရင် သူလုပ်နိုင်တဲ့ကာလအတွင်းမှာ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ အဲဒီမှာအလေးအနက်ထားရမှာက အဲဒီလိုဆောင်ရွက်တဲ့အခါမှာ သူ့ရဲ့ကျွမ်းကျင်မှုအလိုက် သင့်တော်တဲ့ကာကွယ်ရေး တာဝန်ကိုပဲ ထမ်းဆောင်ရမှာဖြစ်တယ်ဆိုတာကို အလေးအနက်ပြောလိုပါတယ်။

ဘီဘီစီ - ထုတ်ပြန်ချက်ပေါ်မူတည်ပြီး ဆင့်ပွားသတင်းတွေထွက်ပေါ်လာတာကနိုင်ငံကူးလက်မှတ်သက်တမ်းတိုးတွေ ပိတ်လိုက်ပြီတို့၊ နောက်ပြီးတော့ ပြည်ပထွက်ခွာခွင့်တွေမှာ လေယာဉ်လက်မှတ်တွေမှာ ဒီသက်ဆိုင်ရာဒေသန္တရအုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ လက်မှတ်တွေယူပြီးတော့မှ ထွက်ခွာခွင့်ပြုတာတို့ ဒါတွေက ဟုတ်ပါသလား။

ဗိုလ်ချုပ်ဇော်မင်းထွန်း - ဒီအမိန့်နဲ့ညွှန်ကြားထားတာတော့မရှိပါဘူး။ ကျွန်တော်တို့ အနေနဲ့ ပထမဆုံးလုပ်တာကတော့ စာရင်းပြုစုတာတော့ ဆောင်ရွက်လျက်ရှိတယ်။ ဒါတွေကလည်း ကျွန်တော်တို့က အခြေခံစာရင်းတွေလောက် ယူတာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်သန်းခေါင်စာရင်းမှာ ကျွန်တော်တို့က အခြေခံအချက်လက်လောက် သိရပြီးဖြစ်တယ်။ သို့သော် မြေပြင်အခြေအနေကတော့ တိုက်ဆိုင်စစ်ဆေးဖို့လိုသေးတာပေ့ါလေ။ နိုင်ငံခြားထွက် အလုပ်လုပ်နေကြတဲ့လူတွေလည်းရှိပါတယ်။ သူတို့သည်လည်းမြန်မာနိုင်ငံသားတွေပဲဖြစ်တယ်။ သူတို့ကလည်း တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ ထမ်းဆောင်ရမှာပဲ။ ကျွန်တော်ပြောလိုတာက ၂ နှစ်တာကာလ တာဝန်ထမ်းဆောင်တယ်ပေါ့နော်။ သင်တန်းကာလအပါအဝင် ၂ နှစ်တာကာလ တာဝန်ထမ်းဆောင်တယ်ဆိုတဲ့နိုင်ငံသားတစ်ယောက်ရဲ့ နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်အတွက်ဆောင်ရွက်ရတဲ့တာဝန်လည်းဖြစ်တယ်။ ဒီဆောင်ရွက်ပြီးတဲ့အခါမှာ ကျန်တဲ့နှစ်အပိုင်းအခြားတွေမှာ အားလုံးလွတ်လပ်ပြီးဖြစ်တယ်။ သူတို့အနေနဲ့ ဒါတွေနဲ့ပတ်သက်ပြီးတော့ နောက်ဆံတင်းစရာမလိုတော့ဘူး။ ဒီလိုမျိုးအခြေအနေမျိုးတွေရှိပါတယ်။ ဒီလိုအခြေအနေမျိုးတွေရှိတာကြောင့် နိုင်ငံသားတိုင်းကတော့ တာဝန်ကျေပွန်အောင်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။

ဘီဘီစီ - ပြည်ပရောက်နေတဲ့သူတွေတာဝန်ထမ်းဆောင်ဖို့ဆိုပြီး သက်ဆိုင်ရာသံရုံးတွေကတဆင့် ဆောင်ရွက်မှာလား။

ဗိုလ်ချုပ်ဇော်မင်းထွန်း - ကျွန်တော်တို့ကတော့ သံရုံးတွေဆိုတာထက် ရပ်ကွက်ကျေးရွာတွေမှာ စစ်မှုထမ်းဆောင်ဖို့ အသက်အကျုံးဝင်ပြီဆိုရင် သူတို့ရဲ့အိမ်ကို ဒီလူတွေစစ်မှုထမ်းဆောင်ဖို့အတွက် အကျုံးဝင်နေတဲ့အသက်အပိုင်းခြားရောက်ပြီဆိုတာကို အကြောင်းကြားစာ ပေးမှာဖြစ်ပါတယ်။ ဒီလိုအကြောင်းကြားစာပေးတဲ့အခါမှာ သူတို့အနေနဲ့ ဘာလုပ်နေတယ်၊ ဘယ်နေရာမှာရောက်နေတယ်၊ စစ်မှုထမ်းဆောင်ဖို့အတွက် ဘယ်နေရာမှာရောက်နေပါတယ်။ ဒါကြောင့် ကင်းလွတ်ခွင့် ဆိုင်းငံ့ခွင့်ဆိုတာတက်လာမှာဖြစ်ပါတယ်။ တက်လာတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ နောင်ပြည့်တဲ့အခါမှာ စစ်မှုပြန်လည်ထမ်းဆောင်ဖို့ဆိုပြီးတော့ အကြောင်းပြန်မှာဖြစ်ပါတယ်။ အကျုံးဝင်တဲ့ကာလအတွင်းမှာ ပြန်လည်ပြီးတာဝန် ထမ်းဆောင်ရမှာဖြစ်ပါတယ်။

ဘီဘီစီ - နိုင်ငံကူးလက်မှတ် သက်တမ်းမတိုးပေးတော့ဘူးတို့၊ သင်္ဘောသားတွေဆိုရင်လည်း နိုင်ငံကူးလက်မှတ် သက်တမ်းမတိုးတာ၊ ပြည်ပထွက်ခွာခွင့်တွေ မထုတ်ပေးတာမျိုး လုပ်မယ်ဆိုတဲ့ရေးသားမှုတွေ တွေ့ရပါတယ်။ ဟုတ်ပါသလား။

ဗိုလ်ချုပ်ဇော်မင်းထွန်း - ဒါတွေကတော့ ပြောကြားချက်တွေရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဥပဒေမှာ ပြစ်ဒဏ်တွေ ပြဋ္ဌာန်းချက်တွေပါပြီးသားဖြစ်တဲ့အတွက် ဒီတိုင်းကို လိုက်နာနိုင်တယ်ဆိုရင် အားလုံးသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်မှာပဲဖြစ်ပါတယ်။

ဘီဘီစီ - ကိုယ့်သဘောဆန္ဒအလျောက်ပါဝင် တာဝန်ထမ်းဆောင်တဲ့ ပြည်သူ့စစ်စုဖွဲ့ပုံမျိုးမဟုတ်ဘဲနဲ့ ဒီလို စစ်မှုမထမ်းမနေရစနစ်ကို စတင်ကျင့်သုံးမယ်ဆိုပြီးတော့ အသက်သွင်းခြင်းအားဖြင့် ပြည်တွင်းပဋိပက္ခက ပိုပြီးကြီးထွားလာမယ်။ ပြည်သူအချင်းချင်းစိတ်ဝမ်းကွဲမှုတွေပိုပြီး ပေါ်ပေါက်လာနိုင်တယ်ဆိုပြီးတော့ သုံးသပ်ယူဆချက်တွေလည်းရှိပါတယ်။ စစ်တပ်ဘက်ကတော့ စစ်ဘက် အရပ်ဘက်ဆက်ဆံရေးကို ပိုပြီးတော့ ကောင်းသွားမယ်ဆိုတဲ့ယူဆချက်ကို ပြောထားတာရှိပါတယ်။ ဒီလိုယူဆချက်ရှိပေမယ့် တစ်ဖက်မှာလည်း ပြည်တွင်းစစ်ဖြစ်နေတဲ့တိုင်းပြည်မှာ စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းဖို့ မသင့်တော်ဘူးဆိုပြီးတော့ ပြောကြားချက်တွေလည်းရှိပါတယ်။ အဲတော့ ဒီအချက်တွေကိုကော ထည့်သွင်းစဥ်းစားပါသလား။

ဗိုလ်ချုပ်ဇော်မင်းထွန်း - ဒီစနစ်နဲ့ပတ်သတ်ပြီးတော့ ပြည်တွင်းစစ်ဖြစ်ပွားနေတယ်ဆိုတဲ့ ပြည်တွင်းစစ်ဆိုတဲ့အသုံးအနှုန်းကို သုံးနှုန်းတယ်။ သို့သော် မြန်မာနိုင်ငံမှာဖြစ်နေတာက ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးမရခင်က အတိုင်းပဲ ကျွန်တော်ခဏခဏပြောနေတဲ့အတိုင်း လွတ်လပ်ရေးရရှိလာမယ့်မြန်မာအစိုးရကို လွတ်လပ်ရေးတောင်မရသေးဘူး။ မြန်မာအစိုးရကို တော်လှန်ပုန်ကန်ဖို့အတွက် သူပုန်အဖွဲ့အစည်းက ပေါ်ပေါက်နေပြီ။ လွတ်လပ်ရေးမရခင်ကအတိုင်းပဲ လွတ်လပ်ရေးနဲ့အတူပေါ်ပေါက်လာမယ့် အစိုးရကိုဆန့်ကျင်ဖို့အတွက် သူပုန်အစိုးရပေါ်ပေါက်နေပြီ။ အဲ့ဒီတော့ ဒီကိစ္စသည် ခုမှ ဖြစ်တဲ့ကိစ္စမဟုတ်ဘူး။ ယခင်ကလည်းဖြစ်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့က အမျိုးသားစည်းလုံးညီညွတ်မှု အမျိုးသားသွေးစည်းမှု National Unity ကို သွားတဲ့အခါမှာ စည်းရုံးရေးနည်းလမ်းတစ်ခုတည်းနဲ့သွားနေလို့ အဆင်ပြေချင်မှ ပြေနိုင်မယ်။ ဒါကြောင့်နည်းလမ်းမျိုးစုံနဲ့ကျွန်တော်တို့ဆောင်ရွက်မှာဖြစ်ပါတယ်။

တပ်မတော်နေ့ အခမ်းအနားမှာမြင်ရတဲ့ စစ်သမီးတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တပ်မတော်နေ့ အခမ်းအနားမှာမြင်ရတဲ့ စစ်သမီးတွေ

ဘီဘီစီ - တစ်ဖက်မှာလည်း စစ်သားစုဆောင်းမှု တပ်ဖွဲ့ဝင်မှု လျော့ကျလာတဲ့အတွက် ဒီနည်းလမ်းကို စစ်တပ်ဘက်က ရွေးချယ်တယ်ဆိုပြီးတော့လည်း ပြောဆိုချက်တွေရှိပါတယ်။ အဲဒီလိုမျိုးကြုံနေရပါသလား။

ဗိုလ်ချုပ်ဇော်မင်းထွန်း - အဓိကကတော့ တပ်မတော်ရဲ့ ပုံမှန်စစ်သားစုဆောင်းမှုနည်းသွားတာမှအပ ဒါမရှိပါဘူး။ ကျွန်တော်တို့နှိုင်းယှဉ် ကြည့်ပြီး ကိန်းဂဏန်းအရ မပြော‌နိုင်ပေမဲ့ တပ်မတော်ရဲ့ စစ်သားစုဆောင်းမှု အနည်းဆုံးကာလက ဘယ်အချိန်မှာဖြစ်ခဲ့လဲဆိုရင် တပ်မတော်ရဲ့ စစ်သားစုဆောင်းမှု အနည်းဆုံးကာလသည် ၂၀၂၁ -၂၂ ကာလမှာပေါ့။ အဲ့အချိန်မှာတော့ ကျွန်တော်တို့ ကိုဗစ်ကာလရယ်၊ နိုင်ငံရေးအရ ထိုးနှက်ချက်များရှိတဲ့အချိန်‌ရယ် လောက်ပါပဲ။ ကျန်တာကတော့ ကျွန်တော်တို့ပုံမှန် အနေအထားရှိပါတယ်။ အခုအချိန်သည်လည်း တပ်မတော်ရဲ့ ပုံမှန်အနေအထားထက် အနည်းငယ်လျော့နည်းတဲ့ အနေအထားပဲရှိပါတယ်။

ဘီဘီစီ - ပြည်သူ့စစ်မူဝါဒကို အကောင်အထည်‌ဖော်မှုမှာ မလုံလောက်တဲ့အတွက် ဒီလိုစစ်မှုမထမ်းမနေရ စနစ်ကိုကျင့်သုံးတာပါလား။

ဗိုလ်ချုပ်ဇော်မင်းထွန်း - အဓိကကတော့ ပြည်သူ့စစ်နဲ့ ပတ်သက်ရင် ဖွဲ့စည်းဖို့ဆောက်ထားတဲ့နေရာတော်တော်များများရှိတယ်။ အဓိကတော့ စစ်ကိုင်းတိုင်းဒေသကြီးဘက်ကဖြစ်တယ်။ ဒီဟာတွေကို ကျွန်တော်တို့ ပြည်သူ့စစ်ဖွဲ့စည်းတဲ့နေရာမှာ ယာယီဖွဲ့စည်းမှုပဲဖြစ်ပါတယ်။ သူတို့နဲ့ ပတ်သက်လာရင် ဥပဒေအရ လက်နက်တပ်ဆင်ပေးမှုမှာ ပိုမိုပြီးစနစ်ကျအောင် အဓိကကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ စစ်မှုမထမ်းမနေရ National Service ကို ဆောင်ရွက်ပေးတာဖြစ်ပါတယ်။

ဘီဘီစီ - စိုးရိမ်ချက်တွေလည်းရှိနေကြပါတယ်။ ဒီစနစ်အကောင်အထည်ဖော်လိုက်ပြီးနောက်မှာ စစ်တပ်က မိသားစုဝင်တွေရဲ့ သားသမီးတွေ ဆွေမျိုးတွေက ဒီစနစ်မှာ တန်းတူညီမျှပါဝင်နိုင်ပါ့မလားဆိုတဲ့ တန်ပြန်မေးခွန်းထုတ်မှုတွေရှိနေပါတယ်။ အဲဒီအတွက်ဘယ်လိုရှိပါသလဲ။

ဗိုလ်ချုပ်ဇော်မင်းထွန်း - တပ်မတော်သားမိသားစုဝင်တွေအနေနဲ့ ဥပဒေအသက်မဝင်ခင်ကတည်းက အတိုင်းပေါ့။ တပ်မတော်သားမိသားစုတွေက အရန်အင်အားထဲမှာ ပါဝင်ပြီးသားဖြစ်ပါတယ်။တပ်မတော်သားမိသားစုဝင်ထဲက အရွယ်ရောက်ပြီးသူတိုင်း အားလုံးက တပ်ရင်းအဆင့်မှာတော့ နိုင်ငံတော်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အခြေခံတွေက သင်ကြားပို့ချထားပြီးဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်သားမိသားစုဝင်တွေအားလုံးက ပိုပြီးတော့ အင်တိုက်အားတိုက်အကျုံးဝင်တဲ့သူတွေကပါဝင်သွားမှာဖြစ်ပါတယ်။ အခုကတည်းက တပ်မတော်သားမိသားစုဝင်တွေ၊ စစ်မှုထမ်းဟောင်းမိသားစုတွေပြီးရင် ယခင်တုန်းကဆောင်ရွက်ခဲ့ကြတဲ့ ဘေးကနေ ဆောင်ရွက်ခဲ့တဲ့ကာကွယ်ရေးအရန်လူတွေအနေနဲ့က စာရင်းပေးသွင်းမှုတွေမှာ သူတို့ကတောင် စာရင်းပေးသွင်းမှုစတင်နေပြီဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံသားအားလုံးသည် တန်းတူညီမျှပဲ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ဒီအထဲမှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အလေးထားပြီး ပြောလိုပါတယ်။ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ကျောင်းသူတွေဟာ သူတို့ရဲ့ ပညာသင်ကြားမှုပျက်ကွက်မှာမဟုတ်ပါဘူး။ ပညာရေးဆုံးခန်းတိုင်တဲ့တစ်နေ့မှာ ကျွန်တော်တို့အနေနဲ့ စစ်မှုထမ်းခြင်း နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ခြင်းကို ပြန်ပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။