မပြိုင်ခင်က နိုင်နှင့်နေတဲ့ ကြံ့ခိုင်ရေးအမတ်လောင်းတွေ

ဓာတ်ပုံ ရင်းမြစ်, USDP
၂၀၂၅ ဒီဇင်ဘာ ၂၈ ရက် အပိုင်း ၁ ရွေးကောက်ပွဲ က မဲဆန္ဒနယ် ၂၇ ခုမှာ ကြံ့ခိုင်ရေးအမတ်တွေက လွဲလို့ တခြားပါတီက ပြိုင်သူမဲ့ဖြစ်နေပါတယ်။
ဒါကြောင့် အဲဒီမဲဆန္ဒနယ်မှာ ပြိုင်ကြမယ့် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်း ၂၈ ဦးဟာ မပြိုင်ခင်ကတည်းက အနိုင်ရနေတဲ့အခြေအနေဖြစ်တယ်လို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။
ဒီအခြေအနေကို အောက်တိုဘာ ၂၅ ရက်မှာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ အတည်ပြု ကိုယ်စားလှယ်လောင်းစာရင်းမှာလည်း မြင်နိုင်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာ နိုင်ငံတ၀န်းက မဲဆန္ဒနယ်တွေမှာ ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်နဲ့ အများဆုံးနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
မပြိုင်ခင်ကတည်းက နိုင်နှင့်နေတဲ့ ဒီမဲဆန္ဒနယ်တွေမှာ ဘာကြောင့်ပြိုင်သူရှားပါးနေတာလဲ။ ဒီမဲဆန္ဒနယ်တွေက ဘယ်လိုမဲဆန္ဒနယ်တွေလဲ။
ဘာကြောင့် တစ်ဦးတည်းပြိုင်လို့ အနိုင်ရလဲ

ဓာတ်ပုံ ရင်းမြစ်, MOI
ကြံ့ခိုင်ရေးအမတ် ၂၈ ဦးတင်မက အခြားတိုင်းရင်းသားပါတီ ၂ ခုက လည်း တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် ဝင်ပြိုင်သူ ၃ ဦး ရှိတာကြောင့် ပြိုင်သူမရှိဘဲ နိုင်နှင့်နေတဲ့ မဲဆန္ဒနယ်စုစုပေါင်း ၃၁ နေရာ ရှိနေပါတယ်။
အဲဒီအထဲမှာ ကြံ့ခိုင်ရေးပါတီက ၂၈ နေရာနဲ့ အများဆုံးဖြစ်ပြီး တခြားပါတီတွေက ၃ နေရာဖြစ်ပါတယ်။
တဖက်မှာလည်း ဒီမဲဆန္ဒနယ်တွေဟာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ နယ်မြေထိန်းချုပ်မှု အားပြိုင်နေတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေအများဆုံးပါဝင်နေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီမဲဆန္ဒနယ်တွေမှာ တခြားပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ခက်တာကို အခွင့်အရေးအနေနဲ့ အသုံးချပြီး ကြံ့ခိုင်ရေးက ရယူလိုက်တာလို့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက မှတ်ချက်ပေးပါတယ်။
တခြားပါတီက ကိုယ်စားလှယ်လောင်း ပြိုင်ဘက်မရှိလို့ အလိုလိုအနိုင်ရတဲ့ မဲဆန္ဒနယ်မြေတွေက
- ပြည်သူ့လွှတ်တော်
- ကချင်ပြည်နယ်ထဲက နောင်မွန်၊ မံစီ၊ ရွှေကူမြို့နယ်
- စစ်ကိုင်းတိုင်းထဲက မင်းကင်း၊ ဝန်းသို၊ မော်လိုက်၊ ကနီ၊ ဆားလင်းကြီးနဲ့ ရေဦးမြို့နယ်
- တနင်္သာရီတိုင်းထဲက ရေဖြူ နဲ့ လောင်းလုံးမြို့နယ်
- ရှမ်းပြည်နယ်က မက်မန်းနဲ့ ဖယ်ခုံမြို့နယ်
- တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်
- စစ်ကိုင်းတိုင်း - ကောလင်း၊ ဝန်းသို၊ တမူး၊ ဘုတလင်၊ မော်လိုက်၊ ကနီ၊ ဆားလင်းကြီးနဲ့ ရေဦးမြို့နယ်
- တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်
- ရှမ်းပြည်နယ် - ကချင်တိုင်းရင်းသား မဲဆန္ဒနယ်နဲ့ ကယန်း(ပဒေါင်) တိုင်းရင်းသားမဲဆန္ဒနယ် ၂ ခု တို့မှာ အနိုင်ရနှင့်နေတာ ဖြစ်ပါတယ်။
ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်မှာကြိုအနိုင်ရနှင့်နေပါတယ်။
အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီကလည်း ရှမ်းပြည်နယ် အာခါတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် တစ်ဦးတည်းရှိလို့ အနိုင်ရနေသလို ဝ အမျိုးသားပါတီကလည်း ဝ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာ အနိုင်ရနေတာပါ။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း(၉)၊ ပုဒ်မ ၄၁ (က) ပါ ပြဋ္ဌာန်းချက်ကြောင့် တစ်ယောက်တည်းပြိုင်ပြီး အနိုင်ရမှာဖြစ်တယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတစ်ဦးက ပြောပါတယ်။
ပြဋ္ဌာန်းချက်မှာ ''မဲဆန္ဒနယ်တစ်ခုမှာ ရွေးကောက် တင်မြှောက်ခံရမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက်သာရှိမယ်ဆိုရင် အဲဒီမဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲ မကျင်းပတော့ဘဲ ယှဥ်ပြိုင်သူကိုသာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာရမယ်'' လို့ ပါရှိပါတယ်။
"၁၉၉၀ ကတည်းက ရွေးကောက်ပွဲ ဝင်လာခဲ့တာ ငါးကြိမ်ရှိပြီ။ ဒါမျိုး ပြိုင်သူ မဲ့လို့ အနိုင်ရနေတာမျိုး တစ်ခါမှ မကြုံဖူးဘူး" လို့ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ
အဲဒီဒေသတွေကို ကြည့်လိုက်မယ်ဆိုရင် အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်တဲ့မြို့နယ်တွေဖြစ်ပြီး တိုက်ပွဲတွေကြောင့် မတည်ငြိမ်တဲ့ဒေသတွေဖြစ်ပါတယ်။
တော်လှန်ရေးအဖွဲ့တွေ အလုံးစုံ ထိန်းချုပ်သိမ်းပိုက်ထားတာ မဟုတ်ပေမဲ့ စစ်တပ်ရဲ့ အုပ်ချုပ်မှုလည်း မြို့နယ်အနှံ့ မလွှမ်းခြုံနိုင်တဲ့မြို့နယ်တွေလည်း ပါဝင်နေတာပါ။
ဒါပေမဲ့ ဒီမဲဆန္ဒနယ်တွေ အပါအဝင် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်ထဲက မဲဆန္ဒနယ် ၇၁၂ ခုမှာ ပထမအကြိမ် ရွေးကောက်ပွဲကို ကျင်းပသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ ကိုစိုးဝင်းဆွေကတော့ ''လုံခြုံရေးကြောင့် တခြားပါတီတွေဝင်ပြိုင်ဖို့ ခက်တဲ့နေရာတွေက ကြံ့ခိုင်ရေးပါတီကို အမတ်ခုံနေရာရဖို့ အထောက်အပံ့ဖြစ်သွားစေတယ်'' လို့ ကောက်ချက်ချပါတယ်။
ကိုစိုးဝင်းဆွေဟာ ၂၀၁၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတို့ကို စောင့်ကြည့်လေ့လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)၊ အချိုးကျ ကိုယ်စားပြု(PR) စနစ်၊ အဲဒီစနစ်နှစ်မျိုး ပေါင်းစပ်ထားတဲ့ ရောနှောကိုယ်စားလှယ် အချိုးကျစနစ် (MMP) ဆိုပြီး မဲပေးစနစ်တွေ ပြောင်းလဲထားပါတယ်။
လက်ရှိမြန်မာပြည် အခြေအနေအရ နိုင်ငံတဝန်းလုံး ရွေးကောက်ပွဲကျင်းပဖို့ လုံးဝမဖြစ်နိုင်တဲ့ အနေအထားကို စစ်တပ်က တွက်ချက်ထားပြီးဖြစ်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ နောက်တစ်ယောက်က ပြောပါတယ်။
အမျိုးသားလွှတ်တော်ကို နိုင်သူအကုန်ယူနဲ့ အချိုးကျ စနစ်နှစ်ခု ရောနှောထားတဲ့စနစ်ကို သုံးလိုက်ခြင်းအားဖြင့် နိုင်ငံတဝန်းလုံးမှာ ရွေးကောက်ပွဲမလုပ်နိုင်ပေမဲ့ လွှတ်တော်ထဲကို လူများများ ရောက်လာနိုင်အောင်လုပ်လိုက်တာဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။
ပြိုင်သူနည်းမဲဆန္ဒနယ်တွေ ဘာကြောင့်များတာလဲ

ဓာတ်ပုံ ရင်းမြစ်, Khin Yi
ကြံ့ခိုင်ရေးပါတီ(USDP) ဟာ ပါတီရယ်လို့ စပြီးပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၁၉၉၃ ခုနှစ်မှာ အသင်းအဖြစ်စတင်ဖွဲ့စည်းခဲ့တာပါ။ အဲဒီနောက် ၂၀၁၀ ခုနှစ်မှာ ပါတီအဖြစ် ပြောင်းလဲခဲ့သလို ရွေးကောက်ပွဲလည်း ဝင်ပြိုင်ခဲ့ပါတယ်။
အသင်းအနေနဲ့ ရှိနေချိန်ကာလကတည်းက တိုင်းနဲ့ပြည်နယ်အလိုက်၊ မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းလိုလိုမှာ ရုံးခန်းတွေရှိသလို ကြံ့ခိုင်ရေးအသင်းဝင်တွေဆိုပြီး လှုပ်ရှားကြတာတွေရှိပါတယ်။
ပါတီအဖြစ်ပြောင်းလဲချိန်မှာလည်း တချိန်က အသင်းရုံးခန်းတွေဟာ ပါတီရုံးတွေအဖြစ် အရန်သင့်ဖြစ်လာပါတယ်။ ဒါကြောင့် နိုင်ငံအနှံ့ ဖြန့်ကြက်နိုင်တာ၊ ရုံးခန်းတွေနဲ့ ပါတီဝင်တွေရှိနေတဲ့အားသာချက်တွေ ရှိနေပါတယ်။
ဒါတွေကပဲ ၂၀၂၅ စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာလည်း နိုင်ငံအနှံ့ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်နဲ့ ပါဝင်ယှဉ်ပြိုင်နိုင်တဲ့ အားသာချက် အကြောင်းရင်းခံတွေဖြစ်လာစေတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက မှတ်ချက်ပေးပါတယ်။
USDP နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေကတော့ "ဒါကတော့ တိုင်းပြည်မငြိမ်းချမ်းတာနဲ့ ပတ်သက်တာပေါ့။ မင်းကင်းမှာပြိုင်တဲ့သူ၊ ဂန့်ဂေါမှာ ပြိုင်တဲ့သူက လာပြိုင်တဲ့ တခြားပါတီမရှိဘူးဆိုတော့ အလိုအလျောက် နိုင်သွားတယ်ပေါ့" လို့ ပြောပါတယ်။
ဒါ့အပြင် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းတွေဟာ အဲဒီဒေသတွေမှာ အခြေချနေထိုင်သူတွေ ဖြစ်တယ်လို့လည်း ပါတီဘက်ကပြောပါတယ်။
ကြံ့ခိုင်ရေးပါတီဝင်ပြိုင်နိုင်တဲ့နေရာတွေကို တခြားပါတီတွေ ဝင်မပြိုင်နိုင်တဲ့ အကြောင်းအရင်း နှစ်ချက်ရှိတယ်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP) ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောပါတယ်။
၂၀၁၂ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ MFTP ပါတီအနေနဲ့ ရုံးခန်းတွေကို တိုင်းနဲ့ပြည်နယ်အနှံ့ ဖွင့်လှစ်ဖို့ ရန်ပုံငွေအခက်အခဲနဲ့ အခုလက်ရှိအခြေအနေအရ လုံခြုံရေး အခက်အခဲတွေဖြစ်ပါတယ်။
"ကြံ့ခိုင်ရေးက အရင်ကတည်းက တစ်နိုင်ငံလုံး ရုံးဖွင့်ထားတာလေ။ ကိုယ်စားလှယ်လောင်း နာမည်ထည့်လိုက်ရုံပဲ။ ကျန်တဲ့ပါတီကလည်း လိုက်မဖွင့်နိုင်ဘူး။ ကိုယ်စားလှယ်လောင်းအတွက် လုံခြုံရေးလည်း မပေးနိုင်ဘူး၊ လာရဲရင်လာခဲ့ ဆိုပြီး ပြောနေတဲ့ အဖွဲ့တွေလည်းရှိတယ်"လို့ ဦးကျော်စွာစိုးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ဒုတိယဥက္ကဋ္ဌ ဦးစောဟန်အေးကလည်း ကြံ့ခိုင်ရေးတစ်ပါတီသာ ယှဉ်ပြိုင်နိုင်တဲ့ နေရာတွေမှာ မယှဉ်ပြိုင်နိုင်တဲ့ အကြောင်းက လုံခြုံရေး စိုးရိမ်ချက်ကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။
"သွားဖို့ လာဖို့ အဆင်မပြေတာက တစ်ကြောင်း၊ ကိုယ်စားလှယ်အများစုကလည်း ခြိမ်းခြောက်ခံရပြီး မိမိဒေသမှာမရှိဘဲ စစ်ရှောင်နေရတာတွေလည်း ပါပါတယ်"လို့ ဦးစောဟန်အေးက ပြောပါတယ်။
ဒါ့အပြင် PPP ပါတီအနေနဲ့ ရုံးခန်းဖွင့်ဖို့လည်း မလွယ်ကူသလို ကော်မရှင် UEC ရဲ့ ရုံးတွင်း ကြေညာချက်တွေမှာ ကိုယ်စားလှယ်တွေရဲ့ လိပ်စာတွေကိုပါ ကပ်ထားတာဖြစ်တဲ့အတွက် လုံခြုံရေးအတွက် စိုးရိမ်နေပါတယ်။
ဒါ့ကြောင့် ယှဉ်ပြိုင်ရမယ့် မြို့နယ်လောက်ပဲ ဖော်ပြစေချင်တယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာ ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းတွေကိုလည်း ရှာရခက်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက ပြောပါတယ်။
"နယ်က မြို့တွေမှာ တစ်ယောက်နဲ့တစ်ယောက် သိနေတော့ ဘယ်သူတွေ ဝင်ပြိုင်မယ်ဆိုတာ သိကြတယ်လေ။ အဲဒီမှာ ဖုန်းဆက်၊ စာပို့ပြီး ခြိမ်းခြောက်ဖိအားပေးလာတာတွေရှိတော့ မိသားစုတွေလည်း စိုးရိမ်လာလို့ ကိုယ်စားလှယ် စာရင်းပေးပြီးကာမှ ရုပ်သိမ်းလိုက်ရတယ်"လို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးကလည်း ပြောပါတယ်။
ဒါ့အပြင် အဲဒီဒေသတွေဟာ နိုင်ငံရေးပါတီ အများစုအတွက် ရန်ပုံငွေအရ လက်လှမ်းမီဖို့လည်း ခဲယဉ်းကြပါတယ်။
အချိုးကျ ကိုယ်စားပြုစနစ် PR စနစ်နဲ့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်ဆိုရင်လည်း မဲဆန္ဒနယ်နိမိတ်ကျယ်ဝန်းတာကြောင့် ကုန်ကျစရိတ်ကို တတ်နိုင်ဖို့ ခဲယဉ်းတာကိုလည်း ထောက်ပြကြပါတယ်။
အရန်သင့်အနိုင်ရတဲ့နေရာတွေမှာ ရွေးကောက်ပွဲ လုပ်ဦးမှာလား

ဓာတ်ပုံ ရင်းမြစ်, USDP
လာမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲမှာ အရင်ရွေးကောက်ပွဲတွေလို မဲပေးစနစ်တစ်မျိုးတည်း သုံးမှာမဟုတ်ဘဲ ပြောင်းလဲထားပါတယ်။
- ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
- မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ၂၇၄ နယ်
- အမျိုးသားလွှတ်တော်မဲဆန္ဒနယ်
- မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ၇၅ နယ်၊
အချိုးကျ ကိုယ်စားပြုစနစ် (PR) ၂၆ နယ်၊ စုစုပေါင်း = ၁၀၁ နယ်
- တိုင်းဒေသကြီးနဲ့ပြည်နယ်မဲဆန္ဒနယ်
- မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ၂၆၆ နယ်၊
- အချိုးကျ ကိုယ်စားပြုစနစ် (PR) ၄၂ နယ်= ၃၀၈ နယ်
- တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်
- ၂၉ နယ် ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားပါတယ်။
အဲဒီမဲဆန္ဒနယ်တွေအတွက် လာမယ့် ရွေးကောက်ပွဲမှာ နိုင်ငံတဝန်းလုံး စည်းရုံးမယ့်ပါတီ ၆ ခု၊ တိုင်းနဲ့ပြည်နယ်အတွင်း စည်းရုံးမယ့်ပါတီ ၅၁ ခုနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ပါဝင်ယှဉ်ပြိုင်မှာပါ။
ပြည်သူ့လွှတ်တော်အတွက် ၁,၃၄၉ ယောက်၊ အမျိုးသားလွှတ်တော်အတွက် ၈၃၅ ယောက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၂,၇၃၃ ယောက် ၊ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် ပေါင်း ၁၀၆ ယောက်၊ စုစုပေါင်း ၅,၀၂၃ ယောက် ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပြိုင်ဘက်မရှိလို့ နိုင်နှင့်နေတဲ့အထဲမှာ ပြည်သူ့လွှတ်တော်နေရာအတွက် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်း ၁၃ ယောက်၊ ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပြည်သူ့လွှတ်တော် ၁ နေရာ စုစုပေါင်း ၁၄ နေရာ ဖြစ်ပါတယ်။
ဒီတော့ ပြည်သူ့လွှတ်တော်အတွက် ၂၇၄ နေရာအတွက် ၁၄ နေရာက အလိုလျောက်အနိုင်ရရှိနေသူ ရှိနေတာကြောင့် ကျန်တဲ့ ၂၆၀ နေရာ အတွက် ကိုယ်စားလှယ်လောင်း ၁,၃၃၅ ယောက်က ယှဉ်ပြိုင်ကြရမှာပါ။
အမျိုးသားလွှတ်တော်အတွက် ၁၀၁ နေရာမှာ ၁ နေရာက အလိုအလျှောက် နိုင်နေပြီဖြစ်လို့ ကျန်တဲ့ နေရာ ၁၀၀ အတွက် ကိုယ်စားလှယ်လောင်း ၈၃၄ ယောက်က ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် နေရာ ၃၀၈ မှာ ပြိုင်သူမဲ့အနိုင်ရသူ ၁၃ ယောက်ရှိတာကြောင့် ကျန်တဲ့ ၂၉၅ နေရာအတွက် ၂,၇၂၀ ယောက်က ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် သတ်မှတ်ထားတဲ့ ၂၉ နေရာမှာ ၄ ယောက်က အနိုင်ရပြီးသားဖြစ်လို့ ကျန်တဲ့ ၂၅ နေရာအတွက် ကိုယ်စားလှယ်လောင်း ၁၀၂ ယောက် ယှဉ်ပြိုင်ကြရမှာပါ။

ဓာတ်ပုံ ရင်းမြစ်, MOI
ရွေးကောက်ပွဲမှာ မဲနိုင်ပြီးသားသူတွေအတွက် မဲပေးစရာ မလိုပေမဲ့ ကျန်တဲ့ အချိုးကျ ကိုယ်စားပြုစနစ် (PR) နဲ့ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ရောနှောထားတဲ့ အမျိုးသားလွှတ်တော် နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက်တော့ မဲပေးရမှာဖြစ်ပါတယ်။
"FPTP စနစ်နဲ့ ပြည်သူ့လွှတ်တော်မှာ ပြိုင်ဘက်မရှိလို့ မဲပုံးထောင်စရာမလိုဘူးဆိုပေမဲ့ PR ကို ပေးရမယ့် မဲအတွက်က တခြားမဲဆန္ဒနယ်တွေနဲ့ပါ ပေါင်းပြီးတွက်ရမှာဖြစ်လို့ မဲပုံးထောင်ကို ထောင်ရမှာ"လို့ USDP က ဦးလှဆွေက ပြောပါတယ်။
ဒီအချက်ကိုလည်း တခြားရွေးကောက်ပွဲဝင်မယ့် ပါတီတွေကလည်း တညီတညွတ်တည်း ပြောကြပါတယ်။
ပြိုင်ဘက် ကိုယ်စားလှယ်လောင်းမဲ့လို့ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကြိုတင်အနိုင်ရနေပြီးသား ဖြစ်ပြီး မဲဆွယ်ဖို့ မလိုအပ်တော့တာကြောင့် သူတို့ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်တွေကို မဲဆန္ဒရှင်တွေ သိရဖို့ အခွင့်အရေး နည်းသွားတယ်လို့လည်း ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက ပြောပါတယ်။
တစ်ဖက်မှာလည်း စစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲအတွက် တရားဝင်မဲဆွယ်စည်းရုံးခွင့်ပြုတဲ့ အောက်တိုဘာ ၂၈ ရက် ကစလို့ ဒီဇင်ဘာ ၃၁ ရက်အထိ ကာလကို ရွေးကောက်ပွဲသပိတ်မှောက်ဆန့်ကျင်ရေးကာလလို့ သတ်မှတ်တယ်ဆိုပြီး အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ထုတ်ပြန်ပါတယ်။
GSCB ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ နိုင်ငံတဝန်းကသပိတ်အင်အားစုတွေ စုစည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
"ရွေးကောက်ပွဲကိုလူထုမထောက်ခံကြောင်းပေါ်လွင်ထင်ရှားတဲ့ လူထုရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဖော်ဆောင်ဖို့ရှိတယ်" လို့ GSCB ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနန်းလင်းက ပြောပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တော်နီယို ဂူတာရက်စ်ကတေ့ာ မြန်မာမှာ စစ်တပ်က ကျင်းပမယ်လို့ ပြောနေတဲ့ရွေးကောက်ပွဲကို ပွင့်လင်း မျှတမယ်လို့ ယုံကြည်သူ မရှိလောက်ဘူးလို့ ပြောပါတယ်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ အောက်တိုဘာလ ၂၇ ရက်တုန်းကပြုလုပ်တဲ့ အာဆီယံ - ကုလသမဂ္ဂ ဆွေးနွေးပွဲအပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် သူက ပြောခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေအတွက် ဖြေရှင်းနိုင်မယ့်အဖြေကို ဦးတည်မယ်လို့လည်း မယူဆတဲ့အကြောင်း ထောက်ပြထားပါတယ်။












