အမတ်လောင်းတွေ လုံခြုံရေးနဲ့မဲဆွယ်မယ်

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
မဲဆွယ်စည်းရုံးရေးကာလမှာ အမတ်လောင်းတွေ လုံခြုံရေးနဲ့ မဲဆွယ်ကြမယ်လို့ ပါတီတချို့ဆီက စုံစမ်းသိရှိရပါတယ်။
စည်းရုံးမယ့်နေရာ၊ အချိန်နဲ့ လူအင်အားကို တင်ပြရမှာဖြစ်ပြီး လုံခြုံရေးချပေးမယ် လို့ပြောထားကြောင်း အမတ်လောင်းတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ ပါတီတွေက မြေပြင်မဲဆွယ်ပွဲထက် အွန်လိုင်းကနေပိုမိုအားပြုမဲဆွယ်နေကြတာ တွေ့ရပါတယ်။
စစ်ကော်မရှင်ခန့် ရွေးကောက်ပွဲကော်မရှင်(UEC)ကတော့ လူထုတွေကြား စုဝေးဟောပြောပြီး မဲဆွယ်စည်းရုံးရေးမှာ ရွေးကောက်ပွဲနည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လိုက်နာကြဖို့ ပါတီတွေကို သတိပေးပါတယ်။
နေပြည်တော်မှာ အောက်တိုဘာ ၁၈ ရက်က ရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီတွေတွေ့ဆုံဆွေးနွေးတဲ့ပွဲမှာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးက သတိစကားပါးခဲ့တာပါ။
ဒါဟာ မဲဆွယ်စည်းရုံးရေးကာလစဖို့ တစ်ပတ်ဝန်းကျင်အလိုမှာပဲ UEC က အခုလို ပါတီစုံနဲ့ တွေ့ဆုံပြီး သတိပေးတာဖြစ်ပါတယ်။
ပါတီတွေအားလုံး တရားဝင်မဲဆွယ်စည်းရုံးရေးကာလကို အောက်တိုဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း UEC က ထုတ်ပြန်ပါတယ်။
နိုင်ငံရေးပါတီတချို့အနေနဲ့ မဲဆွယ်စည်းရုံးရေးကာလမရောက်သေးပေမယ့် မဲဆွယ်စည်းရုံးရေးသဘောဆောင်တဲ့ လှုပ်ရှားမှုတွေလုပ်နေတာ တွေ့ရတယ်လို့ လေ့လာစောင့်ကြည့်နေတဲ့ အကဲခတ်တချို့က ဝေဖန်ပြောဆိုနေကြပါတယ်။
ကော်မရှင် သတ်မှတ်ပေးတဲ့နေရာမှာပဲ မဲဆွယ်ရမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကော်မရှင်အသွင်ပြောင်း စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ် ဇွန်လတုန်းက ရွေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ် ပြင်ဆင်ပြောင်းလဲပြဋ္ဌာန်းခဲ့ပြီး ပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်တဲ့အချက်တချို့ကို ထပ်တိုးဖြည့်စွက်ခဲ့ပါတယ်။
စစ်ကော်မရှင် ပြင်ဆင်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၀-က နည်းဥပဒေအခန်း ၁၀ ပါ သတ်မှတ်ချက်တွေ၊ ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃ နဲ့ ၁၄ ရဲ့ ဥပဒေပါအချက်တွေကို သတိပြုဖို့လိုတဲ့အကြောင်း ရွေး/ကော် ဥက္ကဋ္ဌက ပါတီတွေကို တိုက်တွန်းထားတာပါ။
ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃ ကတော့ "ရွေးကောက်ပွဲဆိုင်ရာပြစ်မှုပြစ်ဒဏ်များ"ဖြစ်ပြီး အခန်း ၁၄ ကတော့ "တရားမဲ့ပြုကျင့်မှုတွေ" ဖြစ်ပါတယ်။
မဲဆွယ်စည်းရုံးရေးဆိုင်ရာ ပုဒ်မ ၃၀-က ကတော့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေအနေနဲ့ ကော်မရှင်က သတ်မှတ်ထားတဲ့ နည်းလမ်းတွေနဲ့သာ မဲဆွယ်စည်းရုံးရမယ်ဆိုပြီး ဖြည့်စွက်ပြင်ဆင်လိုက်တဲ့အချက်တွေဖြစ်ပါတယ်။
အဲဒီနည်းလမ်းတွေကတော့ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ဖွဲရဲ့ ခွင့်ပြုချက်နဲ့ သတ်မှတ်နေရာနဲ့အချိန်မှာ စုဝေးဟောပြောပြီး စည်းရုံးတာ၊ ကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ မီဒီယာတွေကတဆင့် ဟောပြောစည်းရုံးတာ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ရေးသားပုံနှိပ်ထုတ်ဝေ စည်းရုံးခြင်းတို့ပဲဖြစ်ပါတယ်။
ဒါ့အပြင် ရွေး/ကော် ဥက္ကဋ္ဌက ပါတီတွေ မဲဆွယ်စည်းရုံးတဲ့အခါမှာလည်း တပ်ကို သိက္ခာကျစေမယ့် ဟောပြောစည်းရုံးတာတွေမလုပ်ဖို့ကိုလည်း အသိပေးတဲ့အကြောင်း ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ပါတီတစ်ခုရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
"တပ်မတော်က ရွေးကောက်ပွဲကို အဆင်ပြေပြေကျင်းပနိုင်အောင် ဆောင်ရွက်ပေးနေပါတယ်။ တပ်မတော်သိက္ခာကျမယ့် လုပ်ရပ်တွေကို မလုပ်ကြဖို့လိုတယ်"လို့ သူကဆိုပါတယ်။
မဲဆွယ်စည်းရုံးရေးကာလမတိုင်ခင် မဲဆွယ်နေကြသလား
မဲဆွယ်စည်းရုံးကာလမတိုင်ခင်မှာပဲ ပါတီတချို့ကတော့ အွန်လိုင်းသုံးပြီး လူမှုကွန်ရက်စာမျက်နှာတွေကတဆင့် လူထုနဲ့ ချိတ်ဆက် ဆက်သွယ်တာတွေကို ခပ်စိပ်စိပ်လုပ်လာတာတွေ့ရပါတယ်။
ပါတီတချို့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ကလည်း နယ်မြေအလိုက် မြေပြင်မှာ ပါတီဝင်တွေနဲ့ တွေ့ဆုံတယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့အပြင် လူထုတွေနဲ့ တွေ့ဆုံခဲ့တဲ့ ပုံရိပ်တွေကို လူမှုကွန်ရက်စာမျက်နှာတွေကနေ ဖော်ပြနေကြပါတယ်။
ဒါ့အပြင် ပါတီရဲ့ မူဝါဒနဲ့ လမ်းစဉ်တွေကိုလည်း လူမှုကွန်ရက်ကနေ အသိပေးကြေညာပြီး ဖြန့်ဝေနေတာတွေကိုလည်း တွေ့ရပါတယ်။
ပါတီကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ပါတီရဲ့ မူဝါဒ၊ ရှေ့ဆက်လုပ်မယ့် လှုပ်ရှားမှုတွေနဲ့ လူထုနဲ့တွေ့ဆုံဆွေးနွေးပြောဆိုတာတွေကို သတ်မှတ်ထားတဲ့ မဲဆွယ်စည်းရုံးရေးကာလမတိုင်ခင် လုပ်ခွင့်မရှိဘူးလို့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာနေတဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးရှေ့နေ စောကျော်ကျော်မင်းက ပြောပါတယ်။
မဲဆွယ်စည်းရုံးရေးကာလမတိုင်ခင် "အွန်လိုင်းကပဲဖြစ်ဖြစ် ရုပ်သံကပဲဖြစ်ဖြစ်ပေါ့ သတင်းစကားပါးတာတွေ လုပ်လို့မရဘူး" လို့ သူကဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PPP
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌ ဦးခင်ရီကတော့ ဩဂုတ်ကနေ အောက်တိုဘာလအတွင်း လူသိများထင်ရှားတဲ့ အနုပညာရှင်တချို့နဲ့ တစ်ကြိမ်ထက်မက တွေ့ဆုံထားတာကို ကြံခိုင်ရေးပါတီရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အောက်တိုဘာ တစ်လတည်းမှာပဲ USDP ပါတီဝင်များနဲ့ ပါတီဝန်းရံသူတွေ တွေ့ဆုံပွဲဆိုပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင်တချို့နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။
ဦးခင်ရီအနေနဲ့ USDP ပါတီနဲ့ပတ်သက်ပြီး သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ မှတ်ချက်ပေး၊ မေးခွန်းမေးကြတဲ့ သူတချို့ကိုလည်း ရုပ်သံဖိုင်အတိုတွေနဲ့ ဖြေဆိုတုံ့ပြန်တာတွေ ဆက်တိုက်လုပ်နေတာကို တွေ့ရပါတယ်။
အလားတူ ပြည်သူ့ရှေ့ဆောင် (PPP) ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်ရဲ့ ရုပ်သံပြောဆိုချက်တွေကိုလည်း အွန်လိုင်းမှာတွေ့ရပါတယ်။
ပါတီရဲ့ မူဝါဒတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာကနေ ကြေညာတာတွေ လုပ်နေပါတယ်။
တောင်သူလယ်သမားရေးရာ ကဏ္ဍ ၁ ဆိုတဲ့ခေါင်းစဉ်အောက်ကနေ တောင်သူလယ်သမားရေးရာအတွက် ရှေ့ဆက်လုပ်ပေးမယ့် လုပ်ငန်းစဉ်တချို့ကို PPP ပါတီက ရုပ်သံဖိုင်အတိုနဲ့ အောက်တိုဘာ ၁၈ ရက်မှာ ထုတ်လွှင့်ဖော်ပြထားပါတယ်။
တစ်ရက်တည်းမှာပဲ "နိုင်ငံဝန်ထမ်း ချီးမြှောက်ခြင်းအစီအစဉ်"ဆိုပြီး နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကိုလည်း ကြေညာတာတွေ လုပ်နေတာ တွေ့ရပါတယ်။
ကျားဖြူ/ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)ကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ရုံးခွဲဖွင့်လှစ်နေတာတွေအပြင် တိုင်းဒေသကြီးတချို့က ပါတီခေါင်းဆောင်တွေကို ဆုချီးမြှင့်ခဲ့တဲ့ အခမ်းအနားပုံရိပ်တွေ ထုတ်ပြန်ထားပါတယ်။
အလားတူ တစညလို့ ခေါ်ကြတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည-NUP) ကလည်း ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့ ပါတီဝင်တွေ တွေ့ဆုံကြတဲ့ မြင်ကွင်းတွေကို လူမှုကွန်ရက်ကတဆင့် ဖြန့်ဝေထားတာတွေ့ရပါတယ်။
ဒါ့အပြင် တစညပါတီရဲ့အထွေထွေအတွင်းရေးမှူးချုပ်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဟာ ဧရာဝတီတိုင်းကို ကွင်းဆင်းခဲ့တဲ့အခြေအနေတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာကတဆင့် ကြေညာထားတာ တွေ့ရပါတယ်။
သွယ်ဝိုက်တဲ့နည်းနဲ့ မဲဆွယ်နေတာလား

ဓာတ်ပုံ ရင်းမြစ်, USDP
မဲဆွယ်စည်းရုံးရေးကာလမတိုင်ခင် မဲဆွယ်စည်းရုံးရေးတွေ လုပ်တဲ့ ပါတီတွေကို တခြားပါတီတွေဘက်က ဆန့်ကျင်ကန့်ကွက်တာတွေရှိလာရင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်လာနိုင်တယ်လို့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာနေတဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးရှေ့နေ စောကျော်ကျော်မင်းက ထောက်ပြပါတယ်။
အမည်မဖော်လိုတဲ့ ပါတီ ၂ ခုရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ကတော့ မဲဆွယ်စည်းရုံးရေးကာလမရောက်ခင် ပါတီတချို့က လှုပ်ရှားမှုတွေကို သတ်မှတ်ထားတဲ့ ဘောင်တွေထက် ကျော်လွန်ပြီးလုပ်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။
ပါတီတစ်ခုရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက"မီဒီယာကနေတဆင့် ကျော်လွန်ပြီးလုပ်နေတာတွေကို မှတ်တမ်းရယူထားတာတွေ ရှိပါတယ်"လို့ ပြောပါတယ်။
စောကျော်ကျော်မင်းကတော့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်လာရင် "ဥပဒေချိုးဖောက်တဲ့ ပါတီကို တခြားပါတီတွေက ဆန့်ကျင်ကန့်ကွက်လို့ ရတယ်။ UEC ကိုလည်း တရားဝင်တိုင်တန်းလို့ရတယ်"လို့ မှတ်ချက်ပြုပါတယ်။
အလားတူ ပါတီတချို့အနေနဲ့ ပါတီဝင်လူထုနဲ့ တွေ့ဆုံတယ်ဆိုတဲ့ခေါင်းစဉ်ကို သုံးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးတာ၊ လူမှုကူညီရေးလုပ်တာတွေကို လူမှုကွန်ရက်ပေါ် တင်လိုက်တာကလည်း သွယ်ဝိုက်တဲ့နည်းနဲ့ လူထုကို မဲဆွယ်စည်းရုံးတဲ့သဘောရောက်စေတယ်လို့ သူက ဆက်ပြောပါတယ်။
"အွန်လိုင်းပေါ်က လူတွေက ပါတီဝင် ဟုတ်မဟုတ် ခွဲခြားနိုင်တဲ့အနေအထားမရှိပါဘူး" လို့ သူက ထည့်ပြောပါတယ်။
စစ်ကော်မရှင်ကတော့ မဲဆွယ်စည်းရုံးခွင့်ပြုထားတဲ့ ရက်ပေါင်း ၆၀ အတွင်းမှာပဲ ပါတီရဲ့ မူဝါဒ၊ သဘောထားများနဲ့ ရှေ့လုပ်ငန်းစဉ်များကို မဲဆန္ဒရှင်လူထုထံ ရှင်းလင်းတင်ပြဖို့ နိုင်ငံပိုင်သတင်းစာကနေ တိုက်တွန်းထားပါတယ်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ကလည်း ပါတီဝင်နဲ့ ပါတီထောက်ခံသူတွေကို ပါတီတွေဘက်က မဲဆွယ်စည်းရုံးရေးအပါအဝင် ရွေးကောက်ပွဲဥပဒေနဲ့ ပတ်သက်ပြီး အသိပေးထိန်းကျောင်းဖို့ကို နေပြည်တော် တွေ့ဆုံပွဲမှာ ထည့်သွင်းသတိပေးထားပါတယ်။











