အာဆီယံစားပွဲဝိုင်းပေါ်က မြန်မာ့အရေး ဘယ်လောက်အရွေ့ဖြစ်မလဲ

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကော်မရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ပုံရဲ့ဘယ်ဘက်) ၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် (ပုံရဲ့ ညာဘက်) ၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံနဲ့ ပအို့ဝ်ခေါင်းဆောင် ခွန်မြင့်ထွန်း (ပုံအလယ်) တို့ကို လက်ဆွဲ နှုတ်ဆက်နေကြတဲ့ ဓာတ်ပုံကို အာဆီယံ တံဆိပ်နောက်ခံနဲ့ မြင်တွေ့ရတာဖြစ်ပါတယ်

၂၀၂၅ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံလက်ထက်မှာ မြန်မာ့အရေးသက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ အစည်းအဝေးတွေ (Stakeholder Engagement Meetings on Myanmar – SEMs) ကို ပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုတွေ ထုတ်ပြန်ချက်က တမူထူးခြားပါတယ်။

စစ်ခေါင်းဆောင်ရှိရာနေပြည်တော်ကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးသွားရောက်တွေ့ဆုံချိန်နဲ့ တပြိုင်နက်တည်းမှာပဲ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တာကြောင့်ပါ။

အခုနောက်ဆုံးတခေါက် မလေးရှားနိုင်ငံမှာပြုလုပ်ခဲ့တဲ့ SEMs တွေ့ဆုံပွဲမှာဆိုရင် ၂၀၂၆ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ကိုယ်စားလှယ်တွေသာမက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့လည်း တက်ရောက်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

အောက်တိုဘာလကုန်ပိုင်းမှာလည်း အာဆီယံထိပ်သီးအစည်းအဝေးကျင်းပဖို့ရှိနေပြီး ဒီပွဲကို အမေရိကန် သမ္မတထရမ့်လည်း တက်ရောက်ဖို့ရှိနေတာကြောင့် မြန်မာ့အရေးအရွေ့တခုဖြစ်လာနိုင်မလားဆိုတဲ့ စိတ်ဝင်စားမှုတွေမြင့်တက်နေပါတယ်။

မလေးရှားရဲ့ မြန်မာ့အရေးချဉ်းကပ်ပုံ

အောက်တိုဘာ ၉ ရက် မလေးရှားနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကိုနေ့ချင်းပြန်လာပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, မလေးရှားနိုင်ငံခြားရေးဝန်ကြီး

ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၉ ရက် မလေးရှားနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကိုနေ့ချင်းပြန်လာပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့မြင်ကွင်း

မလေးရှားရဲ့ အာဆီယံဥက္ကဋ္ဌသက်တမ်းမကုန်မီလပိုင်းအလိုမှာပဲ သူ့ရဲ့ မြန်မာ့အရေးချဉ်းကပ်ပုံတွေက ပိုပြီးရုပ်လုံးပေါ်လာခဲ့ပါတယ်။

မြန်မာ့ပဋိပက္ခဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံတဲ့လမ်းစဉ်ကိုကျင့်သုံးကာ ဒီမူဝါဒကို နောက်နှစ်အာဆီယံဥက္ကဋ္ဌလက်ထက်အထိ ဆက်လက်ကျင့်သုံးနိုင်ဖို့ရည်ရွယ်တယ်လို့ အာဆီယံ အရေးစောင့်ကြည့်သူတဦးဖြစ်တဲ့ ကိုဝင်းမင်းက ဘီဘီစီကိုပြောပါတယ်။

ကိုဝင်းမင်းဟာ NUG အစိုးရ၊ တော်လှန်ရေးအင်အား အစုအဖွဲ့တွေနဲ့ နိုင်ငံတကာကြား ဆက်သွယ်ဆောင်ရွက်မှုတွေကို ကြားဝင်လုပ်ကိုင်နေတဲ့ Forum of Fedration ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်ပါတယ်။

အာဆီယံကိုကြည့်မယ်ဆိုရင် မြန်မာမှာအာဏာသိမ်းထားတဲ့ ၅ နှစ်နီးပါးကာလအတွင်း အလှည့်ကျဥက္ကဋ္ဌ လေးနိုင်ငံလည်း အပြောင်းအလဲဖြစ်ခဲ့ပါပြီ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းလက်ထက်မှာ စစ်ခေါင်းဆောင်ကိုယ်တိုင် လက်ခံခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၂ ခုနှစ်မှာ ကမ္ဘောဒီးယား၊ ၂၀၂၃ ခုနှစ်မှာ အင်ဒိုနီးရှားနဲ့ ၂၀၂၄ ခုနှစ်မှာ လာအိုတို့ ဥက္ကဋ္ဌ အဖြစ် အသီးသီးတာဝန်ယူခဲ့ကာ ဥက္ကဋ္ဌနိုင်ငံတွေက ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် တွေလည်း အပြောင်းအလဲဖြစ်ခဲ့ပေမဲ့ မြင်သာတဲ့ရလဒ် မထွက်လာခဲ့ပါဘူး။

မလေးရှားက ဥက္ကဋ္ဌဖြစ်လာချိန်ကစလို့ တော်လှန်ရေးအင်အားစုတွေနဲ့ စတင်ထိတွေ့ခဲ့ပြီး လပိုင်းအတွင်း ဆွေးနွေးမှုပေါင်း အကြိမ်ရေ ၁၅၀ ကျော်အထိ ပြုလုပ်ထားခဲ့ပြီလို့ ကိုဝင်းမင်းက ပြောပြပါတယ်။

"မလေးရှားရဲ့ မြန်မာနိုင်ငံအရေး ချဉ်းကပ်တာက လက်တွေ့ကျတယ်" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ ဥက္ကဋ္ဌ ရဲဘော်သံခဲကလည်း ပြောပါတယ်။

ရဲဘော်သံခဲဟာ မလေးရှားက ခန့်အပ်ထားတဲ့ ၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ် မစ္စတာ တန်ဆီရီ အော့မန်း ဟာရှင်က ဦးစီးပြုလုပ်တဲ့ SEMs အစည်းအဝေးတွေကို ကိုယ်တိုင်တက်ရောက်ခဲ့သူပါ။

မလေးရှားဟာ စစ်တပ်ကိုလည်း အရေးကြီးတဲ့ သက်ဆိုင်သူအနေနဲ့ သတ်မှတ်ဆက်ဆံတာကိုလည်း တွေ့မြင်ရပြီး ဒါဟာ လက်သင့်ခံနိုင်ဖွယ်ရှိတယ်လို့ ရဲဘော်သံခဲက ဘီဘီစီကို ပြောပါတယ်။

အထူးသံတမန် မစ္စတာ တန်ဆီရီ အော့မန်း ဟာရှင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အထူးသံတမန် မစ္စတာ တန်ဆီရီ အော့မန်း ဟာရှင်

ပြီးခဲ့တဲ့ သြဂုတ်လမှာ အထူးသံတမန် မစ္စတာ တန်ဆီရီ အော့မန်း ဟာရှင် နေပြည်တော်ကို သွားခဲ့သလို အောက်တိုဘာ ၉ ရက်နေ့မှာလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် တယောက် နေပြည်တော်ကို နေ့ချင်းပြန်ခရီးသွားခဲ့ပါတယ်။

ဒီနေရာမှာထူးခြားချက်က နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ခရီးစဉ်နဲ့တပြိုင်နက်တည်းမှာပဲ မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမှာ SEMs အစည်းအဝေးကျင်းပပြုလုပ်နေတာပဲဖြစ်ပါတယ်။

ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၄၆ ကြိမ်မြောက်အာဆီယံထိပ်သီး အစည်းအဝေးပွဲမတိုင်မီ မေ ၁၃ ရက်ကနေ ၁၆ ရက်အတွင်း ပထမဆုံးအကြိမ် SEMs အစည်းအဝေးကို ပြုလုပ်ခဲ့တာကြောင့်ပါ။

အထူးသံတမန်ရဲ့ နေပြည်တော်ခရီးစဉ်မတိုင်ခင် သြဂုတ် ၃ ရက်ကနေ ၇ ရက်အထိ ဒုတိယအကြိမ်မြောက် SEMs အစည်းအဝေးလုပ်ခဲ့ပါတယ်။

တတိယအကြိမ်အစည်းအဝေးအဖြစ် အောက်တိုဘာ ၆ ရက်ကနေ ၁၀ ရက်အထိ တွေ့ဆုံခဲ့ကြပြီး မလေးရှားက တာဝန်ရှိသူတွေသာမက ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေပါ တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့လည်း အွန်လိုင်းကနေတဆင့် ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါသေးတယ်။

"ဂျူလီဘစ်ရှော့ကလည်း နေပြည်တော်မှာ ဦးမင်းအောင်လှိုင်နဲ့ ပြောခဲ့တာတွေ ပြန်မျှဝေတယ်။ သူတို့နဲ့ တွေ့ဆုံခဲ့သူတိုင်းကတော့ သူက ဘယ်သူ့စကားကိုမှ လက်ခံဖွယ်မရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့ရ တယ်ဆိုတာ သိသွားကြပါပြီ" လို့ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက ဆွေးနွေးပွဲအခြေအနေကို ပြန်ပြောပြပါတယ်။

ဒီဆွေးနွေးပွဲတွေဟာ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲတွေဖြစ်ခဲ့ပြီး ရလဒ်တွေကို ကနဦးတုန်းက တရားဝင်ထုတ်ပြန်ဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူးလို့ တက်ရောက်သူတချို့ဆီကရော လေ့လာသူတချို့ဆီကပါ သိရပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ်တွေ့ဆုံမှု ပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ဟာ ကွဲလွဲချက်တွေ ရှိနေတာကြောင့် အောက်တိုဘာ ၁၁ ရက် ရက်စွဲနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်ထွက်လာတဲ့အခြေအနေလို့ စောင့်ကြည့်လေ့လာသူ ဦးဝင်းမင်းက ရှင်းပြပါတယ်။

"စစ်ကောင်စီက တလွဲလုပ်လာလို့သာ Special Envoy (အထူးသံတမန်) နဲ့ တိုင်ပင်ပြီးမှ စာထုတ်တာဖြစ်တယ်" လို့ သူက ဆက်ပြောပါတယ်။

နေပြည်တော်ခရီးစဉ်အတွင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက စစ်တပ်က ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတာကို ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်း၊ အာဆီယံအနေနဲ့ ဒီကြိုးပမ်းဆောင်ရွက်မှုတွေကို အကောင်းဆုံးဖြစ်အောင် ပူးပေါင်းမယ့်အကြောင်း၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ လွှတ်မယ့်အကြောင်း ဆွေးနွေးတယ်ဆိုပြီး စစ်ကော်မရှင်က သတင်းထုတ်ပြန်ခဲ့တာပါ။

အဲဒီနောက် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တွေ့ဆုံချက်အပြည့်အစုံကို ထုတ်ပြန်လာသလို တော်လှန်ရေးအင်အားစုအဖွဲ့ ၂၀ စုပေါင်းပြီးလည်း SEMs အစည်းအဝေးတွေပြုလုပ်တဲ့အကြောင်း ထုတ်ပြန်ချက်ထွက်လာခဲ့ပါတယ်။

SEMs အစည်းအဝေး ရလဒ်တွေက ဘာလဲ

၂၀၂၅ ခုနှစ် မေလမှာ မလေးရှားနိုင်ငံမှာပြုလုပ်ခဲ့တဲ့ ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ် မေလမှာ မလေးရှားနိုင်ငံမှာပြုလုပ်ခဲ့တဲ့ ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြင် ABSDF၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့လို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအပါ အဖွဲ့အစည်း ၂၀ က စုပေါင်းပြီး SEMs ရလဒ် ၆ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲတွေကို ငြင်းပယ်ခြင်း၊ တော်လှန်ရေးအင်အားစုတွေကြား စည်းလုံးညီညွတ်ရေး၊ တိကျပြတ်သားတဲ့အာဆီယံလုပ်ဆောင်ချက်ကိုတောင်းဆိုခြင်း၊ လူသားချင်း စာနာထောက်ထားမှုရဲ့ မရှိမဖြစ်အရေးကြီးမှု၊ အားလုံးပါဝင်မှုရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲ နဲ့ ဒေသတွင်း တည်ငြိမ်ရေးဆိုတဲ့ အချက်တွေဖြစ်ပါတယ်။

ဒါအပြင် တောင်းဆိုချက် ၅ ချက်ကိုပါ ထည့်သွင်းပြောခဲ့ပါတယ်။

အာဆီယံဘုံသဘောတူညီချက် ငါးချက် ဒါမှမဟုတ် နိုင်ငံတကာစံနှုန်းတွေအရ တရားဝင်မှုမရှိတာကြောင့် စစ်တပ်က ပြုလုပ်တဲ့ဘယ်လိုရွေးကောက်ပွဲတွေကိုမဆိုငြင်းပယ်ဖို့၊ အရပ်သားအကြမ်းဖက်ခံရတာကနေ ကာကွယ်ဖို့အတွက် လက်ငင်းအစီအမံတွေဆောင်ရွက်ဖို့အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ဖို့ ဆိုတဲ့ တောင်းဆိုချက်တွေ ပါဝင်ပါတယ်။

"ကျွန်တော်တို့ကို confidential (သီးသန့်) တွေ့ဆုံမှုမျိုးထက် တရားဝင်ဖိတ်ခေါ်တွေ့ဆုံဖို့လည်း ပြောခဲ့ကြတယ်။ သူတို့လည်း ဒါကို လက်ခံဟန်ရှိပါတယ်" လို့ SEMs အစည်းအဝေးတက်ရောက်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဘီဘီစီကို ပြောပါတယ်။

SEMs အစည်းအဝေးတိုင်းကို CNF ရဲ့ နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေတက်ရောက်ခဲ့တာပါ။

တော်လှန်ရေးအင်အားစုတွေဘက်က လိုအပ်ချက်အနေနဲ့လည်း စည်းလုံးညီညွတ်ရေးကိုပိုတည်ဆောက်ဖို့ လိုအပ်နေတယ်လို့ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲကလည်း ပြောပါတယ်။

အခုထုတ်ပြန်ချက်မှာပါဝင်တဲ့အဖွဲ့အစည်း ၂၀ ထဲမှာ တရုတ်ဖိအားကိုရင်ဆိုင်နေရတဲ့ ကချင်လွတ်လပ်ရေး တပ်မ‌တော် (KIA)နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့လို့ကြတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (ကိုးကန့်/ MNDAA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (အေအေ/AA) ပါဝင်တာ မတွေ့ရပါ ဘူး။

ဒါကြောင့် SEMs ရလဒ်ဟာ တော်လှန်ရေးအင်အားစု တခုလုံးကို ကိုယ်စားပြုနိုင်မှုရှိရဲ့လားလို့ ဘီဘီစီက မေးခွန်းထုတ်ခဲ့ပါတယ်။

"တက်ရောက်ခဲ့ပြီး နာမည်ထုတ်လို့ရတဲ့အဖွဲ့တွေနဲ့ပဲ ကျွန်မတို့ ထုတ်တာဖြစ်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ပါတဲ့ကြေညာချက်အကြောင်းအရာတွေကတော့ အဖွဲ့ ၂၀ ထက်ပိုတဲ့ အဖွဲ့အစည်းတွေရဲ့ သဘောထားလည်း တိုက်ဆိုင်လိမ့်မယ် တူညီမယ်လို့တော့ ကျွန်မတို့ မှန်းဆကောက်ချက်ဆွဲလို့ရနေပါတယ်" လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တုံ့ပြန်ဖြေပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖိုရမ်လုပ်ဖို့ရှိ

စစ်ကိုင်းတိုင်းထဲက ဒီပဲယင်းစစ်ရှောင်မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းစစ်ရှောင်ကူညီရေး

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်းထဲက ဒီပဲယင်းစစ်ရှောင်မြင်ကွင်း

မြန်မာမှာ ဝဝလင်လင်မစားရလို့ ဆာလောင်မွတ်သိပ်သူအရေအတွက် ၂၀၂၄ ခုနှစ်ကထက် လူ ၃ သန်းခွဲနီးပါး ပိုများလာတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ရဲ့ စစ်တမ်းအရသိရပါတယ်။

ဒါဟာ မြန်မာပြည်သူတွေရဲ့ အကူအညီလိုအပ်မှုတွေကို မီးမောင်းထိုးပြနေတဲ့ ကိန်းဂဏန်းတွေပါ။

ဒီအခက်အခဲကိုကျော်လွှားနိုင်ဖို့ မလေးရှားနိုင်ငံရဲ့ ကမကထ ဦးဆောင်ကာ ဆွေးနွေးမှုတွေထဲ နောက်ထပ်ရရှိလာတဲ့ထင်သာတဲ့ ရလဒ်တခု ထွက်ပေါ်ခဲ့ပြီး လာမယ့်လတွေထဲ "Inclusive Humanitarian Forum" ကျင်းပဖို့ရှိနေပါတယ်။

သုံးရက်တာ ကျင်းပဖို့ရည်ရွယ်တဲ့ ဒီဖိုရမ်မှာ ပဋိပက္ခဖြစ်ပွားတဲ့ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေး၊ ကရင်နီ၊ ကချင်၊ခ ချင်း၊ ရှမ်းတို့ကသာမက ထိုင်း-မြန်မာ၊ အိန္ဒိယ-မြန်မာနယ်စပ်တို့မှာ အခြေစိုက်တဲ့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးတဲ့အဖွဲ့အစည်းတွေ ပါဝင်ဆွေး‌နွေးဖို့ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

"လူသားချင်းစာနာထောက်ထားမှု အကူအညီရဖို့က အရေးကြီးတဲ့အခြေစိုက်နေပြီ" လို့လည်း မလေးရှားနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်နေတဲ့ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောပါတယ်။

နောက်ထပ် SEMs ဆွေးနွေးပွဲတွေလည်း ဆက်ရှိနိုင်ပေမဲ့ မလေးရှားက ဦးဆောင်မလား၊ ဖိလစ်ပိုင်က တာဝန်ယူဆောင်ရွက်မလား ဆိုတာကိုတော့ တိတိကျကျမသိနိုင်သေးတဲ့ အခြေအနေပါ။

ဘီဘီစီစကားပြောခွင့်ရတဲ့ တော်လှန်ရေးအင်အားစုတွေရော အာဆီယံအရေးစောင့်ကြည့်သူကပါ အောက်တိုဘာလကုန်ပိုင်း အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်မှာ ရလဒ်တွေထွက်လာတာက တော်လှန်ရေးအင်အားစုတွေအတွက် သံတမန်ရေးအရ အရွေ့ကောင်းတခုလို့ တပြေးညီမှတ်ချက်ပြု ကြပါတယ်။

ဒါအပြင် ထိပ်သီးအစည်းအဝေးပွဲမှာလည်း မြန်မာ့အရေးဖြေရှင်းဖို့အတွက် ထိရောက်တဲ့ရလာဒ်တွေ ထွက်လာမယ်လို့လည်း သူတို့က မျှော်လင့်နေပါတယ်။

သမ္မတထရမ့်တက်မယ့် အာဆီယံထိပ်သီးအစည်းအဝေး

အမေရိကန်သမ္မတထရမ့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်သမ္မတထရမ့်

မလေးရှားနိုင်ငံမှာလုပ်မယ့် ၄၇ ကြိမ်မြောက်ထိပ်သီးအစည်းအဝေးဟာ အာဆီယံအတွက် နောက်ဆုံး အခွင့်အရေးဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) ကလည်း တိုက်တွန်း လာပါတယ်။

အောက်တိုဘာ ၁၄ ရက် ရက်စွဲနဲ့ထုတ်ပြန်ချက်မှာ မဖြစ်မနေလုပ်သင့်တဲ့ အချက် ၃ ချက် ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်တွေ ပါဝင်တဲ့ SAC- M က ထောက်ပြထားပါတယ်။

စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲအသိအမှတ်မပြုရေး၊ အာဏာသိမ်းစစ်တပ်ကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ရေးအပြင် တိကျပြတ်သားတဲ့အဆုံးသတ်ပေးနိုင်မယ့် ဗျူဟာသစ်တစ်ရပ်ရေးဆွဲသင့်ပြီဆိုတဲ့ အချက်တွေပါ။

လက်ရှိအလှည့်ကျဥက္ကဋ္ဌ မလေးရှား၊ လာမယ့်နှစ်ဥက္ကဋ္ဌ ဖိလစ်ပိုင် နဲ့ မြန်မာ့အရေးအာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ တန်ဆီရီ အော့မန်း ဟာရှင် တို့ ဦးဆောင်ပြီး တိကျတဲ့ဗျူဟာသစ်တစ်ရပ် လာမယ့်အစည်းအဝေးမှာရေးဆွဲနိုင်အောင် လုပ်သင့်တယ်ဆိုတဲ့အချက်က ထူးခြားပါတယ်။

မေလမှာပြုလုပ်ခဲ့တဲ့ ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မေလမှာပြုလုပ်ခဲ့တဲ့ ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး

ဒီလိုတိုက်တွန်းချက်တွေနဲ့ရင်ဆိုင်နေရတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လည်း တက်ရောက်ဖို့ရှိနေပါတယ်။

သမ္မတထရမ့်ကတော့ ထိုင်း - ကမ္ဘောဒီးယား နယ်စပ်ပြဿနာကို ကိုင်တွယ်ဖို့အတွက် တက်ရောက်တာလို့ ထုတ်ပြောထားပေမဲ့ အာဆီယံဆွေးနွေးပွဲတွေ ကတဆင့် မြန်မာ့အရေးကို ထုတ်ပြောလာမလားဆိုပြီး စောင့်ကြည့်နေကြတာပါ။

"နောက်ဥက္ကဋ္ဌဖြစ်လာမယ့် ဖိလစ်ပိုင်က အမေရိကန်နဲ့ မဟာမိတ်ဖြစ်တယ်။ ထရမ့်အနေနဲ့ကလည်း ဖိလစ်ပိုင်ရဲ့ ဦးဆောင်မှုကိုပါဝင်ဆောင်ရွက်ဖို့ ရှိနေတာဖြစ်တယ်။ တရုတ်အနေနဲ့ မြန်မာ့အရေးအပေါ် ဝင်စွက်မှုတွေအပေါ်မှာ ခြုံငုံကြည့်လိုက်မယ်ဆိုရင် အမေရိကန်နိုင်ငံအနေနဲ့ ပိုပြီးပါဝင်လာဖို့ရှိတယ်လို့ မျှော်လင့်ထားပါတယ်" လို့ အာဆီယံအရေးစောင့်ကြည့်သူ ကိုဝင်းမင်းက သူ့အမြင်ကို ပြောပါတယ်။

၂၀၂၆ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌဟာ မြန်မာနိုင်ငံဖြစ်ပေမဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ဖိလစ်ပိုင်နိုင်ငံက အစားထိုးလက်ခံယူခဲ့တာဖြစ်ပါတယ်။

လာမယ့်နှစ်အတွက် တာဝန်လွှဲပြောင်းမယူခင်ကတည်းက မြန်မာ့အရေးအတွက်မလေးရှားနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို တွေ့လာရတာကြောင့် ဖိလစ်ပိုင်ဟာ မလေးရှားနည်းနာအတိုင်းဆက်ဆောင်ရွက်နိုင်ခြေရှိတယ်လို့ လေ့လာစောင့်ကြည်သူတချို့က ခန့်မှန်းနေကြတာပါ။

ဒါပေမဲ့ ထိုင်း - ကမ္ဘောဒီးယားနယ်စပ်ပြဿနာ၊ တောင်တရုတ်ပင်လယ်အရေးတို့လည်းရှိနေတာကြောင့် များများစားစား မျှော်ကိုးလို့မရနိုင်ကြောင်း ထောက်ပြသူတချို့လည်း ရှိပါတယ်။

ဒါပေမဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ အမေရိကန်နဲ့ ဗြိတိန်လိုနိုင်ငံတွေအတွက် လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတဲ့ကိစ္စတွေ ဖြစ်တာကြောင့် မြန်မာနယ်စပ်မှာဖြစ်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေကြောင့် မြန်မာ့အရေးကို စိတ်ဝင်စားနိုင်ခြေ တယ်လို့လည်း ဆိုကြတာပါ။

"သူတို့အတွက်အရေးကြီးတဲ့ ဒီကိစ္စမှာ မြန်မာနိုင်ငံကလည်း တိုက်ရိုက်ပတ်သက်မှုတွေရှိနေတယ်ဆိုတဲ့ အသံတွေကြားလာရတော့ မြန်မာ့ကိစ္စကလည်း အမေရိကန်သမ္မတတယောက်အတွက် ထည့်သွင်းစဉ်းစား လာနိုင်ခြေရှိနေတာတော့ အမှန်ပါပဲ" လို့ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲကလည်း ပြောပါတယ်။

၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာကျင်းပမှာပါ။

တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်တိုက်တွေ့ဆုံဆွေးနွေးခဲ့တဲ့ SEMs အစည်းအဝေးရလဒ်တွေအပါအဝင် စစ်တပ်နဲ့ တွေ့ဆုံခဲ့တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်က တင်ပြချက်အဖြစ် ထိပ်သီးအစည်းအဝေးဆီ ယူဆောင်သွားမှာလည်းဖြစ်ပါတယ်။