အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးရဲ့ နေပြည်တော်ခရီး - အပြလား၊ အရွေ့တစ်ခုလား

ဓာတ်ပုံ ရင်းမြစ်, မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန
မြန်မာ့ငလျင်ဘေးကြီးဖြစ်ပြီး ၆ လအတွင်းမှာပဲ ဒေသတွင်း မြန်မာ့အရေးကို ကိုင်တွယ်ဖို့ အသင့်တော် ဆုံးလို့ မှတ်ယူခံထားရတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ နိုင်ငံ မလေးရှားရဲ့ ထိပ်တန်း သံတမန်တစ်ဦး နေပြည်တော်ကို ရောက်လာပါတယ်။
၂၀၂၅ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့မလေးရှားနိုင်ငံက မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ဆိုပြီး သူ့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်ကို အောက်တိုဘာလ ၁၀ ရက်မှာ နေပြည်တော်ကို စေလွှတ်လိုက်တာပါ။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ နေ့ချင်းပြန် မြန်မာခရီးစဉ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်လည်း လိုက်ပါခဲ့ပါတယ်။
အသွားအပြန် လေကြောင်းခရီး ၇ နာရီ ကျော်ကြာတဲ့ ခရီးအတွင်းမှာ အထူးသံတမန်တွေဟာ နေပြည်တော်ရဲ့ အခရာအကျဆုံး ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အထူးသဖြင့် အကြမ်းဖက်မှုကို လျှော့ချဖို့ပြော

ဓာတ်ပုံ ရင်းမြစ်, မလေးရှားနိုင်ငံခြားရေးဝန်ကြီး
မြန်မာပြည်တွင်းမှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လို့ လူဆယ်ချီသေဆုံးတဲ့ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတဲ့သီတင်းပတ်အတွင်းမှာ အာဆီယံ ထိပ်တန်းသံတမန်တွေရဲ့ခရီးစဉ် ထွက်ပေါ်လာတာပါ။
ဒီခရီးစဉ်မတိုင်ခင် ရက်ပိုင်းအလိုမှာ စစ်တပ်က သီတင်းကျွတ်လူစုဝေးချိန် ဗုံးကြဲလို့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ လူ ၂၀ ကျော် သေဆုံးတဲ့အထိဖြစ်စဉ်ဖြစ်ထားပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်ဟာ မြန်မာပြည်တွင်း အကြမ်းဖက်မှုကို လျှော့ချဖို့ နေပြည်တော်ရောက်ချိန် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အထူးအလေးထားပြောခဲ့တယ်လို့ မလေးရှား ဘက်က သတင်းထုတ်ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်အပြီး မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေကြား ရရှိခဲ့တဲ့ဘုံသဘောတူညီချက် ၅ ရပ်ကို ပီပီပြင်ပြင် အကောင်အထည်ဖော်ဖို့ တိုက်တွန်းရင်း အဲဒီ အချက်တွေထဲက ပထမဆုံးအချက်ကို မြန်မာစစ်ခေါင်းဆောင်ကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တာဖြစ်ပါတယ်။
လူသားချင်းစာနာမှုအကူအညီတွေကို အတားအဆီးမရှိပေးနိုင်ရေးကိုလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးတယ်လို့ ဆိုပါတယ်။
မြန်မာ့အရေးအတွက် နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အတိုက်အခံတွေနဲ့ ကွာလာလမ်ပူမှာ အခုနှစ်အတွင်း ခပ်စိပ်စိပ်တွေ့ခဲ့တဲ့ မလေးရှားဟာ အခုခရီးစဉ်မှာ ဘက်ပေါင်းစုံ တွေ့ဆုံ ဆွေးနွေးရေးကိစ္စကို စောင်းပေးပြောခဲ့တာတွေ့ရပါတယ်။
''မြန်မာ့အရေး ပါဝင်သင့်ပါဝင်ထိုက်သူတွေ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေး'' ကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တယ်လို့ မလေးရှားအစိုးရ ဘက်က နေပြည်တော် တွေ့ဆုံမှုအပြီး နာရီပိုင်းအတွင်း သတင်းထုတ်ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ အခုခရီးစဉ်ဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဇူလိုင်လတုန်းက တွေ့ဆုံဆွေးနွေးမှုအပြီး ဆုံးဖြတ်ချက်တွေနဲ့ အညီပြုလုပ်တာလို့ ဆိုပြီး မလေးရှားက ပြောပါတယ်။
တွေ့ဆုံမှုနဲ့ပတ်သက်ပြီး စစ်ကော်မရှင် ပြောဆိုချက်
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော်က တပ်မတော်ဧည့်ဂေဟာမှာ လက်ခံတွေ့ဆုံတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပါတယ်။
ဒါပေမဲ့ မလေးရှားဘက်က ထုတ်တဲ့အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကိစ္စ အကောင်အထည်ဖော်ရေး၊ အကြမ်းဖက်မှုလျှော့ချရေး ကိစ္စတွေကို ထုတ်ပြန်ချက်မှာ ထည့်မပြောတာ မတွေ့ရပါဘူး။
အဲဒီအစား စစ်တပ်ဘက်က အပစ်ရပ် ၁၇ ကြိမ်တိတိကြေညာခဲ့တာ၊ နိုင်ငံရေးသဘောထားကွဲလွဲမှုအများအတွက် အကြမ်းဖက်လုပ်ရပ်လုပ်နေသူတွေကို နိုင်ငံရေးလမ်းကြောင်းပေါ် ပါဝင်နိုင်အောင် ၃ ကြိမ်ဖိတ်ခေါ်ခဲ့တာ၊ နောက် အောက်တိုဘာ ၁၅ ရက်မှာ အပစ်ရပ်စာချုပ်လက်မှတ်ထိုး နှစ်ပတ်လည် ကျင်းပဖို့ရှိနေတာ တွေကို ဆွေးနွေးခဲ့တဲ့အကြောင်း ထုတ်ပြန်ပါတယ်။
သီတင်းပတ်ချီ နှောင့်နှေးပြီးမှ ပေါ်လာတဲ့ခရီး
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်ရဲ့ မြန်မာခရီးစဉ်ဟာ စက်တင်ဘာလကတည်းက ပေါ်ပေါက်ဖို့ သတင်းထွက်ခဲ့ပေမဲ့ သီတင်းပတ်နဲ့ချီကြာအောင် နှောင့်နှေးပြီးမှ ထွက်ပေါ် လာတာဖြစ်ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့ အာဆီယံအဖွဲ့ဝင် ၄ နိုင်ငံကိုယ်စားလှယ် အဖွဲ့ဟာ စက်တင်ဘာ လလယ်ပိုင်းမှာ မြန်မာကို လာဖို့ စီစဉ်ခဲ့တာဖြစ်ပေမဲ့ ခရီးစဥ်ပျက်ခဲ့တာလို့ ရန်ကုန်အခြေစိုက် သံတမန်သတင်းရင်းမြစ်တွေဆီက သိရှိရပါတယ်။
အစောပိုင်းသတင်းတွေအရ ဝန်ကြီး ဟာဆန်နဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို လာမယ့် စက်တင်ဘာလ ၁၉ ရက်မှာ လာဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီခရီးစဥ်ဘာကြောင့်ပျက်တယ်ဆိုတာကို ရှင်းရှင်းလင်း မသိခဲ့ရသလို မြန်မာဘက်က လက်မခံတာကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့သုံးသပ်ချက်တွေလည်း သံတမန်တွေကြား သတင်းထွက်ပေါ် ခဲ့ပါတယ်။
အာဆီယံအဖွဲဝင်နိုင်ငံတွေ ကိုယ်စားလှယ်တွေလည်း ပါဝင်မယ်လို့ အစောပိုင်းမှာ သတင်းထွက်ခဲ့တာဖြစ်လို့ ငလျင်ကြီးလှုပ်အပြီး ဧပြီလဆန်းမှာ မလေးရှား ဝန်ကြီးနဲ့အတူ နေပြည်တော် သွားခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်း အခုခရီးစဉ်မှာ ပါနိုင်တယ်ဆိုတဲ့သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။
အာဆီယံဟာ မြန်မာ့အရေးအတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့ကြတဲ့အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ သုံးနိုင်ငံ တွဲဖက်ဖြေရှင်းရေးမူကို ကျင့်သုံးနေတာဖြစ်ပြီး ဒီထဲမှာ ထိုင်းနိုင်ငံဟာ မြန်မာ့အိမ်နီးချင်းလည်းဖြစ်၊ မြန်မာ့အရေး ဒေသတွင်း ဝန်ကြီးအဆင့်ဆွေးနွေးပွဲတွေဖြစ်မြောက်အောင် ပါဝင်ကူညီနေတာဖြစ်ပါတယ်။
ဒါကြောင့် ဒီခရီးမှာ ထိုင်းနိုင်ငံခြားရေး၀န်ကြီး လိုက်ပါမလားလို့ ဘီဘီစီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို သီးခြားမေးမြန်းခဲ့ပါတယ်။
''နိုင်ငံခြားရေးဝန်ကြီးဟာ လိုက်ပါဖို့ အချိန်ကြပ်နေတာကြောင့် ပါမှာမဟုတ်ပါဘူး'' လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဘီစီကို ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ အခုခရီးစဉ်မတိုင်ခင်လေးမှာပဲ မြန်မာနဲ့ မလေးရှားကြား ဗီဇာမလို ၁၄ ရက်ကြာ အလည်အပတ်ခရီးစဉ် သွားနိုင်မယ့်အစီအစဉ်ကို နှစ်နိုင်ငံ အပြန်အလှန် သဘောတူထားပါတယ်။
နှစ်ဖက်ဆွေးနွေးခဲ့ကြတဲ့ ဒီဇင်ဘာရွေးကောက်ပွဲ
စစ်ကော်မရှင်က ဒီဇင်ဘာလမှာ ကျင်းပမယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲကို မလေးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံမှုမှာ ဆွေးနွေးခဲ့ကြတဲ့အကြောင်း နှစ်ဖက်စလုံးက သတင်းထုတ်ပါတယ်။
မလေးရှားကတော့ နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုတစ်ခေါက် မြန်မာခရီးစဉ်မှာ ရွေးကောက်ပွဲ ကိစ္စလည်း ဆွေးနွေးမယ်လို့ ဝန်ကြီးရဲ့ခရီးအစမှာ ထုတ်ပြောသလို ဆွေးနွေးခဲ့တဲ့အကြောင်းကိုလည်း ခရီးစဥ်အပြီးမှာ ခပ်တိုတိုထုတ်ပြောပါတယ်။
စစ်ကောင်စီကတော့ ရွေးကောက်ပွဲကိစ္စဆွေးနွေးတဲ့အကြောင်း အကျယ်တဝင့် ထုတ်ပါတယ်။
ပါတီ ၅၀ ကျော် မှတ်ပုံတင်ထားပြီး ကိုယ်စားလှယ်လောင်း ၅ ထောင်ကျော် စာရင်းပေးထားတာ၊ ရွေးကောက်ပွဲစောင့်ကြည့်မယ့်သူတွေကို ဖိတ်ခေါ်ထားတာနဲ့ ရွေးကောက်ပွဲအလွန် အစီအစဉ်တွေကို စစ်ခေါင်းဆောင်က ပြန်ဆွေးနွေးခဲ့တယ်လို့ စစ်ကော်မရှင်က ပြောပါတယ်။
မြန်မာ့ရွေးကောက်ပွဲအတွက် အာဆီယံ အကောင်းဆုံးပူးပေါင်းမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသလို စောင့်ကြည့်ရေးအဖွဲ့လည်း စေလွှတ်သွားမယ်လို့ ပထမဆုံးဆွေးနွေးတဲ့ အကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပါတယ်။
ဒီနှစ်ကုန်ကျင်းပမယ့် ရွေးကောက်ပွဲကို အာဆီယံနိုင်ငံတွေက လေ့လာသူတွေ လာရောက်ဖို့နဲ့ ရွေးကောက်ပွဲအပြီးတက်လာမယ့် အစိုးရကို အာဆီယံအသိအမှတ်ပြုဖို့ဆိုတဲ့လိုလားချက်တွေ စစ်တပ်ဘက်မှာ ရှိနိုင်တယ်လို့ အာဆီယံအရေးလေ့လာသူတွေက သုံးသပ်နေကြချိန်မှာပဲ အခုဆွေးနွေးမှု ထွက်လာတာဖြစ်ပါတယ်။
စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘောထားအမျိုးမျိုးရှိနေပါတယ်။
ရွေးကောက်ပွဲက အဖြေမဟုတ်ဘူးလို့ပြောတဲ့ အဖွဲ့ဝင်နိုင်ငံတွေရှိသလို ခပ်မဆိတ်နေကြတဲ့နိုင်ငံတွေလည်း အာဆီယံအဖွဲ့တွင်း ရှိနေပါတယ်။ အာဆီယံအဖွဲ့ကြီး တစ်ခုလုံးအနေနဲ့တော့ မြန်မာ့ ရွေးကောက်ပွဲကို ထောက်ခံတဲ့အကြောင်း လူသိရှင်ကြား မပြောသေးပါဘူး။
ဒါပေမဲ့ အဲဒီထက် ပိုအရေးကြီးတာက ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲအလွန်မှာ မြန်မာကို အာဆီယံက ဘယ်လို ဆက်ဆံမလဲဆိုတာနဲ့ အဲဒီအချိန်မှာ အာဆီယံ အလှည့်ကျ တာဝန်ယူ လွှဲပြောင်းတာဝန်ယူမယ့် နိုင်ငံအပေါ် အများကြီး မူတည်နေတယ်လို့ ဂျာကာတာအခြေစိုက် အာဆီယံအရေး ဝါရင့်နိုင်ငံတကာသတင်းထောက်တစ်ဦးက မှတ်ချက်ပေးပါတယ်။
မလေးရှားဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံကို လက်မလွှဲခင်မှာ သူ အလှည့်ကျတာဝန်ယူထားချိန် မြန်မာ့အရေးအတွက် လုပ်ဖို့လိုတဲ့ အစအနတွေ မကျန်ခဲ့အောင် ကြိုးပမ်းတာလို့လည်း မြင်နိုင်တယ်လို့ သူက ပြောပါတယ်။
ဖိလစ်ပိုင်က အာဆီယံအလှည့်ကျတာဝန်ယူလာတဲ့အခါ မြန်မာ့အရေးထက် တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်နဲ့ ဖိလစ်ပိုင်အပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့ကြားဖြစ်နေတဲ့ အငြင်းပွားမှုကို ပိုပြီး အာရုံစိုက်နိုင်ခြေကိုလည်း ကြိုတွေးပြီး မလေးရှားဘက်က နေပြည်တော်သွားတာလို့ သူက သုံးသပ်ပါတယ်။












