မြန်မာစစ်ခေါင်းဆောင်၊ NUG တို့နဲ့ တွေ့တဲ့ မလေးရှားနဲ့ ထိုင်းရဲ့ အစီအစဥ်ကဘာလဲ

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၊ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ NUG ဝန်ကြီးချုပ်၊ မလေးရှားဝန်ကြီးချုပ်
ဓာတ်ပုံ ပုံစာ, ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၊ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်

အာဆီယံရဲ့ ဖယ်ကျဥ်ခြင်းကို ခံထားရတာ လေးနှစ်ပြည့်လာချိန်မှာပဲ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒေသတွင်းခေါင်းဆောင်တွေနဲ့ အတူထိုင် စကားပြောခွင့်ရလာပါတယ်။

၂၀၂၅ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ် အန်နဝါအီဘရာဟင်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တို့ ပုံဖော်တဲ့ မြန်မာ့အရေးဖြေရှင်းရေး လမ်းကြောင်းက စစ်တပ်ခေါင်းဆောင်နဲ့ပါ တိုက်ရိုက်ထိတွေ့ ဆက်ဆံ စကားပြောတာဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ရင် သဘောထားကွဲလွဲမှုတွေရှိနေတဲ့ အာဆီယံအတွက် အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်ရဲ့ ချဥ်းကပ်မှုလမ်းကြောင်းက သဘောထားမတူမှုတွေဆီ ပိုဦးတည်နိုင်မလား။

ဒါမှမဟုတ် မြန်မာ့ငလျင်ဘေးအကူအညီကို အကြောင်းပြုပြီး နိုင်ငံထဲက ကာလတာရှည်လာပြီ ဖြစ်တဲ့ ပြည်တွင်းစစ်နဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားမယ့် အာဆီယံဥက္ကဋ္ဌသစ် ရဲ့ နည်းလမ်းက တကယ်တမ်းအလုပ်ဖြစ်နိုင်လားဆိုတဲ့ မေးခွန်းတွေပေါ်လာပါတယ်။

လေးနှစ်အကြာ ဒေသတွင်းလမ်းကြောင်းပေါ်က စစ်ခေါင်းဆောင်

ဘန်ကောက်မှာ တွေ့ဆုံပွဲလာတက်တဲ့ စစ်ခေါင်းဆောင်
ဓာတ်ပုံ ပုံစာ, ဘန်ကောက်မှာ တွေ့ဆုံပွဲလာတက်တဲ့ စစ်ခေါင်းဆောင်

၂၀၂၅ ဧပြီ ၁၇ ရက်က လုံခြုံရေးတွေ တင်းကျပ်ချထားတဲ့ ဘန်ကောက်မြို့လယ်ခေါင်က ဟိုတယ်ကြီးတစ်ခုမှာ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ပါတယ်။

ပြီးခဲ့တဲ့ လေးနှစ် ၂၀၂၁ ခုနှစ် ဧပြီလကို ပြန်ကြည့်ရင်တော့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဆီယံခေါင်းဆောင်တွေရဲ့ ဖိအားပေးမှုကို ခံခဲ့ရချိန်ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးမှာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အာဆီယံခေါင်းဆောင်တွေ ဦးဆောင်ချမှတ်ခဲ့ပြီး မြန်မာစစ်ခေါင်းဆောင်ကလည်း သဘောတူကြောင်းပြောခဲ့ပါတယ်။

အဲဒီနောက် ဘုံသဘောတူချက်တွေ အကောင်အထည်ပေါ်မလာခဲ့ချိန်မှာတော့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကိုရော မြန်မာနိုင်ငံက နိုင်ငံရေးအရကိုယ်စားပြုသူ တစ်ဦးဦးကိုပါ အာဆီယံဆွေးနွေးပွဲတွေ တက်ခွင့်မပေးတော့ဘဲ ဖယ်ထားခဲ့ကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ အခုလို လေးနှစ်ကြာလာချိန်မှာတော့ အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်ရဲ့ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှုဟာ အာဆီယံရဲ့ မူကို သွေဖည်ပြီး ချဥ်းကပ်လိုက်တာမျိုးဆိုတဲ့ ကောက်ချက်ချမှုတချို့ ထွက်လာပါတယ်။

ဒီမတိုင်ခင်ကလည်း ဧပြီလဆန်းမှာပဲ စစ်ခေါင်းဆောင်ဟာ အာရှ ၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်း BIMSTEC အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တက်ရောက်ခဲ့ပါတယ်။

လေးနှစ်အတွင်း ဒေသတွင်းမှာ သူ ပထမဆုံးပြန်တက်ရတဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့အစည်းအဝေးလို့ ပြောရမှာဖြစ်သလို မြန်မာမှာစစ်တပ် အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ပထမဆုံး ထိုင်းနိုင်ငံခရီးလည်း ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးခရီး တစ်လမပြည့်ခင်မှာပဲ စစ်ခေါင်းဆောင် ဘန်ကောက်ကို နှစ်ကြိမ်မြောက်ထပ်ရောက်ခဲ့ပြီး အာဆီယံဥက္ကဋ္ဌ ဖြစ်လာတဲ့ မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံရတာပါ။

အာရှဒေသတွင်းအရေးကျွမ်းကျင်တဲ့ ဘီဘီစီရဲ့ အရှေ့တောင်အာရှဆိုင်ရာသတင်းထောက် ဂျွန်နသန်ဟက်ဒ် ကတော့ အာဆီယံဘုံသဘောတူညီချက်ဆိုတာ ဇီဝိန်ချုပ်သွားပြီ ( မရှိတော့ဘူး) လို့ ကောက်ချက်ချပါတယ်။

''အခုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တိုက်ရိုက်စကားပြောတဲ့နည်းလမ်းကိုလည်း သွားဖို့ ထိုင်းနဲ့ မလေးရှား ကြားထဲမှာ သဘောတူလိုက်တဲ့ သဘောပါပဲ။ မြန်မာပြဿနာကိုဖြေရှင်းဖို့ ဒါအပြင် တခြားရွေးချယ်စရာလမ်းမရှိဘူးလို့ သူတို့တွက်ချက်ပုံရတယ်'' လို့ သူက သုံးသပ်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကို ဘန်ကောက်မြို့လယ်က Rose Wood ဟိုတယ်မှာ မလေးရှားဝန်ကြီးချုပ်က လက်ခံတွေ့ဆုံခဲ့ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ညစာတည်ခင်းဧည့်ခံခဲ့ပါတယ်။

သက်ဆင်က အဲဒီဟိုတယ်မှာ သူ့ ဧည့်သည်နှစ်ဦးစလုံးကို စောင့်ဆိုင်းကြိုဆိုခဲ့တာ တွေ့ရပါတယ်။

လက်ရှိထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ကလည်း မစ္စတာသက်ဆင်ရဲ့ သမီး ပေထုန်တန်ရှင်နာဝပ် ဖြစ်နေပါတယ်။

မလေးရှားနဲ့ ထိုင်းရဲ့ အခုခြေလှမ်းက ၂၀၂၂ ခုနှစ် ကမ္ဘောဒီးယား အာဆီယံဥက္ကဋ္ဌ ဖြစ်တဲ့အချိန်က မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံချဥ်းကပ်မှုနဲ့ ဆင်တူပါတယ်။

အဲဒီအချိန်က အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရှိတဲ့ နေပြည်တော် အထိသွားပြီး တွေ့ဆုံခဲ့ပါတယ်။

ဟွန်ဆန်ရဲ့ စဥ်းစားချက်က အခုထိုင်းနဲ့ မလေးရှားရဲ့ စဥ်းစားချက်နဲ့ အတိအကျမတူပေမဲ့ ပြဿနာရဲ့ အဓိကရင်းမြစ်ဖြစ်တဲ့ စစ်ခေါင်းဆောင်နဲ့ တိုက်ရိုက်စကားပြောရမယ်ဆိုတဲ့ နည်းလမ်းပါပဲ။

ဟွန်ဆန်ရဲ့ ချဥ်းကပ်တိုက်တွန်းမှုတွေနဲ့ နားချမှုတွေက အသုံးဝင်ခဲ့ပုံမပေါ်လို့ အကြမ်းဖက်မှုတွေရပ်တာမရှိခဲ့သလို အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းက မဖြစ်ခဲ့ဘူးလို့ CNA ချန်နယ်နယူးစ်အေးရှားသတင်းဌာနရဲ့ အရှေ့တောင်အာရှသတင်းထောက် Leong Wai Kit က CNA ရဲ့ မေးမြန်းခန်းမှာ မှတ်ချက်ပြုထားပါတယ်။

''အဲဒီတုန်းကလည်း ဟွန်ဆန် အာဆီယံဥက္ကဋ္ဌ ဖြစ်ချိန်မှာ မြန်မာစစ်တပ်ခေါင်းဆောင်နဲ့ သွားတွေ့ခဲ့တယ်။ ဘာဖြစ်လာလဲ။ ဘာမှမဖြစ်လာခဲ့ဘူး။ အကြမ်းဖက်မှုတွေက ဆက်ရှိနေတာပဲ။''

ဒါပေမဲ့ မတူညီတဲ့အခင်းအကျင်းတွေကလည်း ရှိနေပါတယ်။ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ မြန်မာ စစ်တပ်ခေါင်းဆောင်တွေနဲ့ ကာလရှည်ရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်ပါတယ်။

တဖက်မှာလည်း ထိုင်းကိုအခြေပြုနေထိုင်ရပ်တည်ရတဲ့ မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့နဲ့လည်း မစိမ်းသူဖြစ်သလို သြဇာသက်ရောက်တဲ့သဘောရှိပါတယ်။

ဒီအချက်တွေကို အားသာချက်လိုသုံးပြီး သမီးဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဖြစ်နေချိန်မှာ မြန်မာ့အရေးကို မစ္စတာသက်ဆင်က ကြားဝင်ဖို့ ကြိုးစားတာက မြင်သာနေပါတယ်။

''ထိုင်းကတော့ မြန်မာ့အရေးကို တဖြည်းဖြည်းချင်းနားချ ချဥ်းကပ်ပြီး ဖြေရှင်းချင်တဲ့ဆန္ဒရှိတယ်။ အထူးသဖြင့် သူတို့ရဲ့နယ်စပ်တလျှောက် လုံခြုံရေးအတွက် အရမ်းစိုးရိမ်တယ်။ နိုင်ငံရေးအရ အကောင်းဆုံးနည်းလမ်းကို အဖြေရှာဖို့ထက် မြန်မာမှာပြည်တွင်းစစ်ပြဿနာကို ရပ်နိုင်ဖို့ သူကြိုးစားနေတယ်'' လို့ ဘီဘီစီရဲ့ အရှေ့တောင်အာရှဆိုင်ရာသတင်းထောက် ဂျွန်နသန်ဟက်ဒ်က မှတ်ချက်ပြုပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၊ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့က သူတို့ကိုယ်သူတို့ အရှေ့တောင်အာရှဒေသရဲ့ အရေးပြဿနာတွေကို ကျေညက်သူတွေ ပြဿနာတွေအတွက် အတွေ့အကြုံရှိသူတွေလို့ခံယူထားသူတွေပါ။

ဒါကြောင့်လည်း မိတ်ဖက်သာမက မိတ်ဆွေရင်းဆက်ဆံရေးရှိကြတဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်နဲ့ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်တို့က မြန်မာ့အရေးကို သူတို့အတွေ့အကြုံကိုအသုံးချပြီး ဖြေရှင်းဖို့ ကြိုးစားပုံလည်း မြင်ရပါတယ်။

မြန်မာမှာ အာဏာသိမ်းလို့ စစ်ခေါင်းဆောင်ကို တောက်လျှောက်ဝေဖန်ခဲ့တဲ့ မလေးရှားဝန်ကြီးချုပ်ဟာ အခုတော့ စစ်ခေါင်းဆောင်ကို မျက်နှာချင်းဆိုင်တွေ့ဆုံ စကားပြောလာခဲ့ပါပြီ။

''အန်နဝါ အီဘရာဟင် အရင်က မြန်မာနဲ့ပတ်သက်ပြီးပြောခဲ့တာတွေကို ပြန်ကြည့်ရင် မြန်မာစစ်ခေါင်းဆောင်ကို အများကြီးပြစ်တင်ဝေဖန်ခဲ့တယ်။ ဘယ်လောက်အထိပြောခဲ့လဲဆိုရင် မြန်မာကို အာဆီယံကနေ လုံးဝ အဆက်အသွယ်ဖြတ် ရပ်ဆိုင်းဖို့အထိပဲ။ ဒါပေမဲ့ အခု သူ အာဆီယံဥက္ကဋ္ဌ ဖြစ်လာချိန်မှာ သူ့ စိတ်ပြောင်းသွားပုံရတယ်'' လို့ ဂျွန်နသန်ဟက်ဒ်က ကောက်ချက်ချပါတယ်။

ဒါပေမဲ့ သူစိတ်ပြောင်းသွားမှုဟာ ရှေ့က အာဆီယံ ဥက္ကဋ္ဌတွေ ကြုံခဲ့သလို စစ်တပ်ကို ဖယ်ထားတဲ့လမ်းကြောင်းက အလုပ်ဖြစ်ရဲ့လားဆိုတဲ့ စဥ်းစားချက်အပြင် မိတ်ဆွေရင်း သက်ဆင်ရဲ့ တွန်းအားပေးမှုက အစိတ်အပိုင်းများများပါဝင်နေတယ်လို့ နားလည်ရပါတယ်။

ဒါပေမဲ့ ဒီလိုအခြေအနေကနေ စစ်ခေါင်းဆောင် အာဆီယံအစည်းအဝေးတွေကို ပြန်ရောက်လာမလားဆိုတဲ့ မေးခွန်းတွေနဲ့ စစ်ခေါင်းဆောင်ကို တရားဝင်မှုပေးတာလားဆိုတဲ့ ကောက်ချက်ချမှုတွေက ပြောဖို့ စောနေပါသေးတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ် အာဆီယံဥက္ကဋ္ဌ ရဲ့ လိုလားချက်

မလေးရှားဝန်ကြီးချုပ်နဲ့ ထိုင်းဝန်ကြီးချုပ် သက်ဆင်

ဓာတ်ပုံ ရင်းမြစ်, Malaysia PM

ဓာတ်ပုံ ပုံစာ, မလေးရှားဝန်ကြီးချုပ်နဲ့ ထိုင်းဝန်ကြီးချုပ် သက်ဆင်

အာဆီယံထဲမှာ မြန်မာစစ်ကောင်စီနဲ့ ပတ်သက်ရင် မလေးရှား၊ အင်ဒိုနီးရှားနဲ့ စင်ကာပူတို့ကို အမာလိုင်းလို့ မှတ်ယူကြပါတယ်။ အခု မလေးရှားရဲ့ ချဥ်းကပ်မှုအပေါ် စင်ကာပူနဲ့ အင်ဒိုနီးရှားက သဘောမတူတာမျိုး ရှိနိုင်ပါတယ်။

ဒါပေမဲ့ ထိုင်း၊ မလေးရှားနဲ့ အာဆီယံနိုင်ငံတချို့ မှာ မြန်မာပြဿနာကိုဖြေရှင်းဖို့ ဒီ့အပြင်တခြားရွေးချယ်စရာလမ်းမရှိဘူးလို့လည်း တွက်ချက်ကြပုံရပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဟာ အလုပ်မဖြစ်ဘူးလို့ တက်ကြွလှုပ်ရှားသူတွေနဲ့ အတိုက်အခံတွေက ပြောနေပေမဲ့ အာဆီယံတစ်ခုလုံးအနေနဲ့ ဆိုရင် လက်ရှိအချိန်အထိ အဲဒီ ၅ ချက်ကို ဆက်ပြီးပြောနေ ဆုပ်ကိုင်နေဆဲပါ။

ဒါပေမဲ့ မလေးရှားရဲ့ ခြေလှမ်းကိုကြည့်ရင် မြန်မာ့အရေးဖြေရှင်းဖို့ နည်းလမ်း နှစ်မျိုးနဲ့ ချဥ်းကပ်နေတာကိုတွေ့ရပါတယ်။ နည်းလမ်းတစ်ခုက အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်ရဲ့ နည်းလမ်းဖြစ်ပြီး သူ့ရဲ့အကြံပေးမိတ်ဆွေ သက်ဆင်နဲ့ ပေါင်းလုပ်တာမျိုးပါ။

နောက်တစ်ခုက ၂၀၂၅ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားရဲ့ မြန်မာ့အရေး အထူးသံမစ္စတာ တန်ဆီရီအော့မန်းဟာရှင် သွားနေတဲ့ အားလုံးနဲ့ လိုက်လံတွေ့ဆုံပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးရေးဖြစ်လာဖို့ ကြိုးစားတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

''ခြုံကြည့်မယ်ဆိုရင် အားလုံးနဲ့တွေ့ဆုံရေးကို မလေးရှားက အားစိုက်လုပ်နေတာတွေ့ရပါတယ်'' လို့ မလေးရှားအစိုးရနဲ့နီးစပ်တဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ်က စစ်ခေါင်းဆောင်နဲ့ တွေ့သလို အထူးသံ မစ္စတာ အော့မန်းဟာရှင်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ K2C (KNU, KNPP, CNF) အဖွဲ့ တွေနဲ့ တွေ့ဆုံနေတာရှိပါတယ်။

K2C မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ပါဝင်ပြီး NUG နဲ့ မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ဖြစ်ပါတယ်။

''မြန်မာ့ပြဿနာကို မြန်မာက သက်ဆိုင်သူအားလုံး ပါဝင်ဖြေရှင်းရေး လမ်းကြောင်းကို မလေးရှားက ဒီဧပြီ ကစပြီး ဆက်တိုက်လုပ်မှာဖြစ်တဲ့အတွက် အားလုံးနဲ့လိုက်တွေ့မှာဖြစ်ပါတယ်။ ထိုင်းဘက်က အဲဒါကို အပြည့်အဝ ကူညီပေးနေတာလို့ '' လို့ မလေးရှားအစိုးရနဲ့နီးစပ်တဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။

၂၀၂၅ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဟာ ၂၀၂၃ ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ အင်ဒိုနီးရှားရဲ့ အကူအညီနဲ့အတူ အင်ဒိုနီးရှားဖော်ဆောင်ခဲ့တဲ့ အားလုံးပါဝင်ရေး လမ်းကြောင်းကို ဆက်ကိုင်ထားတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ်ရဲ့ မြန်မာစစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့မှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာထုတ်ပြန်ချက်အရ မြန်မာမှာ အရေးတကြီးလိုအပ်နေတဲ့ ယာယီဆေးရုံပို့ဆောင်ဖို့ နဲ့ နိုင်ငံကိုပုံမှန်အခြေအနေပြန်ရောက်အောင် လုပ်ဆောင်ဖို့ ပွင့်ပွင့်လင်းလင်းနဲ့ အပြုသဘောဆောင် ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

မလေးရှားအစိုးရနဲ့ နီးစပ်တဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်ကတော့ မလေးရှားဝန်ကြီးချုပ်ရဲ့ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှုဟာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီအတွက်ကို ပိုအာရုံစိုက်ခဲ့တယ်လို့ သူသိထားချက်ကို ကိုးကားပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်တဲ့နယ်မြေတွေမှာပါ လူသားစာနာမှုဆိုင်ရာအကူအညီနဲ့ ကျန်းမာရေးထောက်ပံ့မှု အကူအညီတွေပေးနိုင်ဖို့ မလေးရှားအစိုးရက ဆန္ဒရှိနေတယ်လို့ဆိုပါတယ်။

''ဆေးရုံလိုမျိုး ကျန်းမာရေးစောင့်ရှောက်မှု၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းတွေကို မလေးရှားက ဒေသတိုင်းကို ပေးချင်တယ်။ ဒါပေမဲ့ စစ်ကောင်စီက သူ့ထိန်းချုပ်နယ်မြေ မဟုတ်ရင် လက်မခံဘူးဖြစ်နေတယ်။ အဲဒါတွေကို လက်ခံဖို့ စစ်ခေါင်းဆောင်ကိုပြောတာပါ''လို့ မလေးရှားအစိုးရနဲ့ နီးစပ်တဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။

''နိုင်ငံတကာရဲ့အကူအညီပေးမှုတွေ ပေးဖို့တွေရှိနေပေမဲ့ နေရာဒေသအစုံကို ရောက်မနေတဲ့အတွက် အဲဒါတွေကို ခွင့်ပြုပေးဖို့ ပြောတာ။ သွားရောက်ပေးအပ်နိုင်ခွင့်တွေပေးဖို့၊ အထူးသဖြင့် ဒီလိုသွားမယ်ဆိုရင်လည်း စစ်တပ်က ဗုံးမကြဲမှ လေယာဥ်မပစ်မှရမယ်။ ဒါတွေကို ခွင့်ပြုပြီး လုံခြုံရေးအာမခံချက်ပေးဖို့ ပြောတာပါ'' လို့ သူကဖြည့်စွက်ပြောပါတယ်။

မလေးရှားအစိုးရရဲ့ မူက အင်ဒိုနီးရှားအာဆီယံဥက္ကဋ္ဌ လုပ်ချိန်က ချဥ်းကပ်မှုလိုပဲ အားလုံးနဲ့တွေ့ဆုံစကားပြောရေးဖြစ်တာကြောင့် ဘက်ပေါင်းစုံနဲ့ တွေ့ဆုံမှုတွေ ဆက်ရှိနေမှာမျိုးမြင်ရပါတယ်။

စစ်ခေါင်းဆောင်နဲ့ ဧပြီ ၁၇ ရက်မှာတွေ့ခဲ့တဲ့ မလေးရှားဝန်ကြီးချုပ်က ဧပြီ ၁၈ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ လည်း အွန်လိုင်းကနေ တွေ့ဆုံခဲ့ပါတယ်။

''အဓိကသိထားရတာက လွတ်မြောက်နယ်မြေတွေမှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဥ်တွေကို မလေးရှားဘက်က ဘယ်လိုပေးမလဲဆိုတာ သူတို့ဆွေးနွေးခဲ့တာပါ'' လို့ မလေးရှားနဲ့နီးစပ်သူက ပြောပါတယ်။

NUG ရုံးကတော့ မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှုမှာ အာဆီယံဥက္ကဋ္ဌ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဆက်သွယ်ဆောင်ရွက်ရေး အပါအဝင် မြန်မာလူထုကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ထိရောက်စွာပေးပို့ ဖြန့်ဝေနိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပါတယ်။

မလေးရှားဝန်ကြီးချုပ်ကတော့ စစ်ကောင်စီနဲ့ NUG နှစ်ဖက်စလုံးက မလေးရှားရဲ့ ကြားဝင်စေ့စပ်မှုအပေါ်မှာ ဆန့်ကျင်ကန့်ကွက်တာတွေ မရှိခဲ့ဘူးလို့ NUG နဲ့တွေ့ဆုံအပြီး သူ့ရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ယုံကြည်မှုတည်ဆောက်ဖို့ မဖြစ်မနေလိုအပ်နေသေးတယ်ဆိုတာနဲ့ အာဆီယံက ကမကထပြုအားထုတ်ကြိုးပမ်းရေးအတွက်လည်း ယုံကြည်မှုက အဓိကဖြစ်နေသေးတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။

မလေးရှားအစိုးရနဲ့နီးစပ်တဲ့ ဘီဘီစီရဲ့သတင်းရင်းမြစ်က '' ဒီနေရာမှာ စစ်တပ်ဘက်ရော တော်လှန်ရေးဘက်ရော သတိထားဖို့က မလေးရှားဝန်ကြီးချုပ် အခုသူတို့နဲ့ တွေ့တယ်ဆိုတာ ဝန်ကြီးချုပ်အနေနဲ့ပါ။ အာဆီယံဥက္ကဋ္ဌအနေနဲ့လို့ ပြောဖို့ခက်ပါတယ်။

''ပြောလာနိုင်တာရှိပါတယ်။ သူက အာဆီယံဥက္ကဋ္ဌပဲဆိုတာမျိုး၊ မြန်မာ့ နိုင်ငံရေးပြဿနာကို အဖြေရှာဖို့ မလေးရှားသွားမှာက အာဆီယံလမ်းကြောင်းကနေပါပဲ'' လို့ ဝန်ကြီးချုပ်ရုံးဘက်က သူသိထားရတဲ့ သဘောထားကို ဘီဘီစီကို ပြောပြပါတယ်။

အာဆီယံလမ်းကြောင်းကနေ သွားနိုင်ဖို့ မလေးရှားအထူးသံ မစ္စတာ အော့မန်းဟာရှင်က ဦးဆောင်နေပါတယ်။ မစ္စတာ အော့မန်းဟာရှင်ဟာ မလေးရှားဝန်ကြီးချုပ်နဲ့ စစ်ခေါင်းဆောင်တွေ့ဆုံချိန်မှာရော၊ NUG ဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာပါ အတူပါခဲ့ပါတယ်။

မစ္စတာ အော့မန်းဟာရှင် ဖော်နေတဲ့ လမ်းကြောင်းက လာမယ့် မေလနဲ့ ဇွန်လမှာလည်း အားလုံးပါဝင်တဲ့ ဆွေးနွေးရေးလမ်းကြောင်းတွေပေါ်လာဖို့ ဖြစ်ပါတယ်။

''တော်လှန်ရေးဘက်ချည်းပဲ သီးသန့်တွေ့ဆုံကြတာလည်း သူ စီစဥ်မယ့် အခြေအနေရှိပါတယ်။ စစ်တပ်နဲ့တော်လှန်‌ရေးဘက် အကုန်လုံးကို ပြောတာမျိုးကိုလည်း သူဆက်သွားမှာပါ" လို့ မလေးရှားအစိုးရနဲ့ နီးစပ်တဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

''ဒါပေမဲ့ သက်ဆင်ကတော့ အန်နဝါနဲ့ လုံးဝတူမှာမျိုး မဟုတ်ပါဘူး။ သက်ဆင်ပုံဖော်နေတာက မြန်မာအရေးကို သူလုပ်နိုင်တယ်ဆိုတာနဲ့ ပိုချဥ်းကပ်မှာပါ'' လို့ သူကဖြည့်စွက်ပြောပါတယ်။

မစ္စတာသက်ဆင်ကတော့ ပဋိပက္ခတွေကြုံနေရတဲ့ အိမ်နီးချင်းနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် မြန်မာစစ်ခေါင်းဆောင်နဲ့ အတိုက်အခံတွေအကြား တွေ့ဆုံရေးလမ်းစပေါ်လာဖို့ သူပါဝင်ဆောင်ရွက်နေတာလို့ တောက်လျှောက်ပြောနေတာဖြစ်ပါတယ်။

NUG ဝန်ကြီးချုပ်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ အွန်လိုင်းတွေ့ဆုံမှု

ဓာတ်ပုံ ရင်းမြစ်, Malaysia PM

ဓာတ်ပုံ ပုံစာ, NUG ဝန်ကြီးချုပ်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ အွန်လိုင်းကတွေ့ဆုံ

စစ်ကောင်စီကတော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံပွဲကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်လည်း တက်ရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

သုံးပွင့်ဆိုင်တွေ့ဆုံမှုမှာ မြန်မာငလျင်ဘေးပြန်လည်ထူထောင်ရေးအတွက် အာဆီယံအသိုက်အဝန်းက ဆက်လက်ကူညီဆောင်ရွက်ရေးဆွေးနွေးခဲ့ကြတယ်လို့ ခပ်တိုတိုထုတ်ပြန်ခဲ့ပြီး ဓာတ်ပုံမှတ်တမ်းကိုတော့ တင်တာမတွေ့ရပါဘူး။

မလေးရှားအစိုးရနဲ့ နီးစပ်တဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်ကတော့ စစ်ခေါင်းဆောင်နဲ့ မလေးရှားအစိုးရတို့ တွေ့ဆုံမှုမှာ ငလျင်ဘေးကူညီထောက်ပံ့ရေး၊ လူသားချင်းစာနာမှုအကူအညီတွေအတွက် သာမက စစ်တပ်ရဲ့ အပစ်အခတ်ရပ်စဲရေးသက်တမ်းကို ဆက်တိုးဖို့လည်း ဆွေးနွေးခဲ့တယ်လို့ သူသိထားတဲ့ အချက်ကို ကိုးကားပြီးပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်တပ်က အပစ်ရပ်တယ်ပြောနေပေမဲ့ အမှန်တကယ်အပစ်ရပ်တာမရှိသလို နေ့စဥ်နဲ့ အမျှ လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်နေတယ်လို့ ပြောထားပါတယ်။

စစ်တပ်အပစ်ရပ်တယ်ပြောတဲ့ ဧပြီ ၂ ရက်နေ့ကနေ ဧပြီ ၁၇ ရက်အတွင်း စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၀၀ နီးပါးလုပ်ထားတယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။

မြန်မာ့ရိုးရာ သင်္ကြန်ရက် ၄ ရက်အတွင်း သာမက ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက် မလေးရှားဝန်ကြီးချုပ်နဲ့ စစ်ခေါင်းဆောင်တို့ ဘန်ကောက်မှာတွေ့တဲ့နေ့မှာတောင် မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိခဲ့တာလည်း တွေ့ရပါတယ်။

စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဟာ တပ်မတော်က အပစ်ရပ်ထားတာကို အခွင့်ကောင်းယူပြီး တပ်မတော်စခန်းတွေကို တိုက်ခိုက်နေတယ်လို့ ပြောဆိုထားပါတယ်။

ဒါအပြင် စစ်တပ်ထောက်ခံသူတွေကလည်း တပ်မတော်ဘက်အပစ်ရပ်ထားချိန်မှာ NUG နဲ့ ပူးပေါင်းတပ်တွေက အင်းတော်မြို့ကို သိမ်းပိုက်ပြီး စစ်တပ်အရာရှိကြီးတွေကို ဖမ်းဆီးသွားတာဟာ NUG ဘက် သူတို့ရဲ့ အပစ်ရပ်ကတိကို ချိုးဖောက်တာလို့ စွပ်စွဲထားပါတယ်။

ဒါကြောင့်ပဲ စစ်ခေါင်းဆောင်နဲ့ NUG ကို တွေ့ဆုံခဲ့ချိန်မှာ အန်နဝါက နှစ်ဖက်လုံးက ရေရှည်ခိုင်မာတဲ့ အပစ်ရပ်ရေးကို ဆက်သွားဖို့ ဆွေးနွေးခဲ့ပါတယ်။

''နှစ်ဖက်လုံးက အပစ်အခတ်ရပ်စဲရေးကို ဆက်တိုးလုပ်မှပဲ လူသားချင်းစာနာမှုအကူအညီဆိုတာ တကယ်ကို ထိထိရောက်ရောက် လုပ်နိုင်မယ်ဆိုတာကို အန်နဝါက နှစ်ဖက်လုံးကို ဆွေးနွေးခဲ့ပါတယ်။ အပစ်ရပ်ထားတဲ့ ဘက်အသီးသီးက ဒါကိုလိုက်နာမှပဲ လူသားစာနာအကူအညီတွေက ထိရောက်မယ့် အကြောင်း၊ အကူအညီပေးမယ့်သူတွေ ဘေးကင်းမယ့်အကြောင်း အန်နဝါက စစ်တပ်ကိုရော NUG ကိုရော ပြောခဲ့ပါတယ်'' လို့ မလေးရှားအစိုးရနဲ့ နီးစပ်တဲ့ ဘီဘီစီ သတင်းရင်းမြစ်ကပြောပါတယ်။

မလေးရှားဝန်ကြီးချုပ်က ထိုင်းကနေ မလေးရှားကို မပြန်ခင် ဘန်ကောက်က မလေးရှားသံရုံးမှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။

''မြန်မာစစ်အစိုးရဝန်ကြီးချုပ်နဲ့ NUG တို့ နှစ်ဖက်လုံးနဲ့ ကျွန်တော့်ရဲ့ ကနဦး တွေ့ဆုံမှုက အရမ်းအောင်မြင်ခဲ့ပါတယ်" လို့ မလေးရှားဝန်ကြီးချုပ် အန်နဝါက ပြောပါတယ်။

"သဘောတူညီမှုတွေရဖို့ ကြိုးပမ်းရာမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အခြေခံပြီး ကျွန်တော်တို့ ပိုမိုပါဝင်ဆောင်ရွက်သင့်တယ်" လို့ အန်ဝါက အာဆီယံရဲ့ အစီအစဉ်ကို ရည်ညွှန်းပြီး ထည့်ပြောခဲ့ပါတယ်။