မြန်မာ့အရေး အတွက် အာဆီယံရဲ့ နိုဝင်ဘာ ထိပ်သီးညီလာခံ ဘာလို့ အရေးကြီးတာလဲ

နိုဝင်ဘာထိပ်သီး အစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာအရေး နည်းသစ်တွေ ချမှတ်ဖို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အကြံပြု

အာဆီယံ အဖွဲ့ ကြေညာစာတမ်းကို လက်မှတ်ထိုးပြီး အရှေ့တောင်အာရှ နိုင်ငံများ အသင်း ASEAN အာဆီယံရယ်လို့ ထူထောင် ဖွဲ့စည်းခဲ့ကြတာ ၅၅ နှစ်ပြည့် အခါသာမယ ဖြစ်ပါတယ်။

ဩဂုတ်လ ၈ ရက်နေ့ ၁၉၆၇ ခုနှစ်မှာ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနဲ့ ထိုင်း ၅ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ စုပေါင်းလက်မှတ်ထိုးပြီး ASEAN ဆိုတဲ့ နာမည် အောက်မှာ စုစည်း ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီမတိုင်ခင် ၆ နှစ်ရင် အရင်ကတည်းက ထိုင်း၊ ဖိလစ်ပိုင်နဲ့ မလေးဖက်ဒရေးရှင်း တို့ဟာ ဒေသတွင်း နိုင်ငံတွေ အစုအဖွဲ့ အဖြစ် ASA ဆိုတဲ့ နာမည်အောက် အာဆီယံရဲ့ ကနဦး အဖြစ် စတင် စုဖွဲ့ ခဲ့ကြပါတယ်။

အခုလို အာဆီယံ အဖွဲ့ ၅၅ နှစ်ပြည့်ချိန်မှာ အာဆီယံနိုင်ငံတွေက မိတ်ဖက် ဆက်ဆံရေး ထူထောင်ထားတဲ့ အမေရိကန်နဲ့ တရုတ် ဆူပါပါဝါ အင်အားကြီး နှစ်နိုင်ငံ တင်းမာမှု၊ ဒေသတွင်း ပြိုင်ဆိုင်မှု အမြင့်ဆုံး ဖြစ်နေချိန်ပါတယ်။

ဒါ့အပြင် မြန်မာ့ အရေးနဲ့ ပတ်သက်ပြီးတော့လည်း ပြီးခဲ့တဲ့ နှစ်ကစလို့ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံကပေါ်မှာ အရှေ့တောင်အာရှ ၁၀ နိုင်ငံ အဖွဲ့ အာဆီယံ အပေါ် နိုင်ငံတကာက အာရုံစိုက် စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, တရုတ်၊ ရုရှားတို့နဲ့ ဆက်စပ်အစည်းအဝေးတွေလည်းရှိနေ

ပထဝီနိုင်ငံရေးနဲ့ ကမ္ဘာ့ ကုန်သွယ်ရေးမှာလည်း လက်ရှိ အနေအထားမှာ အာဆီယံ ဒေသတခွင်ဟာ အရေးပါတဲ့၊ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံလိုမှု၊ ကုန်သွယ်ဆက်ဆံလိုမှု အမြင့်မားဆုံးကို ရရှိနေတဲ့ အရေးပါတဲ့ ဒေသ ဖြစ်လာတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

အရင်ကတော့ တရုတ် ခေါင်းဆောင် မော်စီတုန်းက သူ့ရဲ့ နိုင်ငံရေး ပြိုင်ဘက် တွေ အထူးသဖြင့် အမေရိကန် အစိုးရ အပေါ် ရည်ညွှန်းခေါ်ဆိုခဲ့တဲ့ "စက္ကူကျား" ဆိုတဲ့ ဝေါဟာရ အတိုင်း ဟန်သာရှိပြီး အဆန်မရှိ၊ ထိရောက်မှု မရှိတဲ့ အဖွဲ့ အဖြစ် အာဆီယံ အဖွဲ့ကိုလည်း စက္ကူကျားပဲ ဆိုတဲ့ ဝေဖန် ဆန်းစစ်မှုတွေ အစဥ်အဆက် ရှိခဲ့ပါတယ်။

အခုအခါမှာတော့ အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံတွေကရော၊ တရုတ်ကရော အဓိက စီးပွားဘက် အဖြစ် ထူထောင်လိုတဲ့၊ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ အချက်အခြာနေရာကို ရောက်လာဖို့ရာ အလားအလာကောင်းတွေ ရှိနေတဲ့ အာဆီယံဟာ စက္ကူကျား အဖြစ်ကနေ ကျော်လွန်နိုင်ခဲ့ပြီလား ဆိုတဲ့ မျှော်လင့်ချက်ကောင်းတွေ ပေါ်ထွက် လာခဲ့ပါတယ်။

ကုန်သွယ်ရေး အလားအလာကောင်းတွေ သာမက မြန်မာ့အရေးကို ကိုင်တွယ် ဖြေရှင်းရာမှာရော အာဆီယံဟာ စက္ကူကျား အခြေအနေမှာပဲ ရှိနေလား၊ တိုးတက်မှု လမ်းကြောင်းအပါ် တကယ်တမ်း ညှိယူ ခေါ်ဆောင်သွားနိုင်မှာလား ဆိုတဲ့ မေးခွန်းကတော့ မြန်မာ့အရေး စိတ်ဝင်စားသူတွေ၊ ပါဝင် ပတ်သက်ကြသူတွေကြား ကျယ်ကျယ်ပြန့်ပြန့် ပေါ် ပေါက် စေပါတယ်။

မြန်မာကို နိုင်ငံရေးအရ ကိုယ်စားပြုခွင့် ဆက်လက် ငြင်းပယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာကို နိုင်ငံရေးအရ ကိုယ်စားပြုခွင့် ဆက်လက် ငြင်းပယ်

မြန်မာ့အရေး အာဆီယံရဲ့ လက်ရှိ ရပ်တည်မှု

မြန်မာပြည် အရေးဟာ အပြန်အလှန် ယုံကြည်မှုနဲ့ နိုင်ငံရေး စိတ်ဆန္ဒ ကင်းမဲ့ နေကြဆဲ ဖြစ်ပြီး၊ မြန်မာ စစ်ဗိုလ်ချုပ်တွေ အနေနဲ့ သူတို့ရဲ့ အတိုက်အခံတွေနဲ့ကြား ထိတွေ့ ဆက်ဆံတာတွေ မလုပ်မချင်း၊ ရေရာတဲ့ တိုးတက်မှုတွေ ပေါ်ပေါက် မလာမချင်း အာဆီယံ အဖွဲ့တွင်းမှာ မြန်မာကို ကိုယ်စားပြုခွင့် ဆက်လက် ငြင်းပယ်ခံနေရဦးမှာ ဖြစ်တယ်လို့ ကမ္ဘောဒီးယားရဲ့ ဒုဝန်ကြီးချူပ်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်တဲ့ လက်ရှိ မြန်မာအရေး အာဆီယံအထူးသံ ပရတ် ဆုတ်ခွန်းက လောလောလတ်လတ်မှာပဲ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးကို လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယား နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး ပရတ်ဆုတ်ခွန်းက ကမကထလုပ် ကျင်းပခဲ့ပြီး၊ စစ်ကောင်စီကို မြန်မာကို ကိုယ်စားပြုခွင့် ဆက်လက် ငြင်းပယ် ခဲ့ပါတယ်။

မြန်မာအရေးနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ လက်လျှော့မှာ မဟုတ်ပေမဲ့၊ လက်ရှိ အခြေအနေမှာတော့ မြန်မာပြည်တွင်း တိုက်ခိုက်နေကြမှုတွေ ရပ်တန့်ဖို့ ဘယ်ဘက်ကမှ စိတ်ဆန္ဒ ရှိမနေကြဘူး၊ တစ်ဖက်ကို တစ်ဖက် ယုံကြည်မှု ကင်းမဲ့ နေကြတယ်လို့ ပရတ်ဆုတ်ခွန်းက ဆိုပါတယ်။

"ယုံကြည်မှု ရှိမနေရင်တော့ည တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေဦးမယ်၊ နိုင်ငံရေး ဖြစ်စဥ် ဆိုတာလည်း ဘယ်တော့မှ အဆုံးမသတ်နိုင်မဲ့ အရာကြီး ဖြစ်သွားည လိမ့်မယ်။ လူတွေဟာ သူတို့ရဲ့ အသက်အတွက် စိုးရွံ့ နေရပြီဆိုရင် ဘယ်တော့မှာ ဆွေးနွေးပွဲဆီ ရောက်လာမှာ မဟုတ်ဘူး"လို့ ပရတ်ဆုတ်ခွန်းက ပြောပါတယ်။

သေဒဏ်စီရင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သေဒဏ်စီရင် လိုက်တဲ့ လုပ်ရပ်ဟာ ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်တွေကို အတော်လေး ပျက်သုဥ်းသွားစေ

နိုင်ငံရေး အကျဉ်းသားတွေကို လောလောလတ်လတ် သေဒဏ် စီရင် လိုက်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ မြန်မာ့ ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်တွေကို အတော်လေး ပျက်သုဥ်း သွားစေတဲ့ လုပ်ရပ် ဆိုပြီး ပရတ်ဆုတ်ခွန်းက ဝေဖန်ပါတယ်။

ပရတ်ဆုတ်ခွန်းဟာ လာမယ့် စက်တင်ဘာလ အစောပိုင်းမှာ မြန်မာ နိုင်ငံကို နောက်တကြိမ် ထပ်သွားဦးမယ်လို့ နားလည်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ အရင်အခေါက်တွေတုန်းက စစ်အုပ်စုရဲ့ အကြိမ်ကြိမ် ငြင်းပယ် ခံခဲ့ရတဲ့ အာဆီယံ အထူးသံဟာ အခု အခေါက်မှာလည်း အကျဉ်းချ ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ နိုင်မှာလားဆိုတာ မရေမရာ အခြေအနေမှာပဲ ရှိပါသေးတယ်။

အခု အာဆီယံ ၅၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အတွက် ဆိုပြီး စစ်ကောင်စီ ဥက္ကဋ္ဌကလည်း သဝဏ်လွှာ ပေးပို့ပါတယ်။

အာဆီယံ အပါအဝင် နိုင်ငံတကာက အကောင်အထည်ဖော်ဖို့ စစ်ကောင်စီ အပေါ် အဓိက တိုက်တွန်းနေပြီး စစ်ခေါင်းဆောင်ကိုယ်တိုင် ရှိနေခဲ့တဲ့ ဂျကာတာမြို့ အစည်းအဝေးကနေ ရရှိထားတဲ့ မြန်မာအရေး အာဆီယံ ဘုံသဘောထား ၅ ချက်နဲ့ ပတ်သက်လို့ကတော့ ဘယ်လိုမျိုးတွေ အကောင်အထည် ဖော် နေသလဲ ဆိုတာကို စစ်ခေါင်းဆောင်ရဲ့ သဝဏ်လွှာထဲ မတွေ့ရပါဘူး။

စက္ကူကျား အဖြစ်က ကျော်လွန်ရေး သို့မဟုတ် နိုဝင်ဘာ အာဆီယံ ထိပ်သီး ညီလာခံ

အခုနှစ်မကုန်ခင် နိုဝင်ဘာလထဲမှာဆိုရင် အာဆီယံ အဖွဲ့ရဲ့ နှစ်စဥ် ထိပ်သီးညီလာခံ ကျင်းပကြဖို့ ရှိပါတယ်။ မြန်မာ့ အရေး အဖြေရှာရာမှာ အာဆီယံဟာ တကယ်တမ်း စွမ်းဆောင်နိုင်မှု ရှိမရှိ၊ ရှေ့ဆက်တိုး လုပ်ဆောင်ကြဖို့ တကယ်တမ်း ဗျူဟာမြောက် ကြံဆမှုတွေ၊ စိတ်ဆန္ဒတွေ၊ လက်တွေ့ လုပ်ငန်းစဥ်တွေ ရှိမရှိ ဆိုတဲ့ နောက်ဆုံး အဖြေကို အခုလာမယ့် နိုဝင်ဘာ ထိပ်သီးညီလာခံမှာ တွေ့ကြရမှာ ဖြစ်တယ်လို့ နိုင်ငံတကာ ကျွမ်းကျင်သူတွေ၊ မြန်မာ့အရေး လှုပ်ရှားကြသူတွေက ပြောကြပါတယ်။

နောက်ဆုံး ကျင်းပသွားတဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေး အပြီး ထုတ်ပြန်တဲ့ စုပေါင်းသဘောတူချက် Joint Communiqué ထဲမှာလည်း မြန်မာအရေး ဘယ်လို ဆောင်ရွက်မှု အသစ်တွေ ချမှတ်မလည်း ဆိုတာ နိုဝင်ဘာ ထိပ်သီးညီလာခံကနေ ဆုံးဖြတ်ပေးဖို့ အကြံပြု ထားပါတယ်။

စစ်ခေါင်းဆောင်ကို မြန်မာကို ကိုယ်စားပြုခွင့် ငြင်းပယ်ထားတဲ့ အတွက် အဖွဲ့ဝင် ၁၀ နိုင်ငံစလုံးရဲ့ တူညီဆန္ဒ consensus မရနိုင် ဖြစ်နေတဲ့ အခြေအနေမျိုးမှာ၊ ထိပ်သီးညီလာခံကနေ အာဆီယံ အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဥ် ဆုံးဖြတ်ချက်တွေကို ချမှတ်ပိုင်ခွင့် ရှိတယ်လို့ လက်ရှိ အာဆီယံ ပဋိညာဥ်/ အာဆီယံချာတာပါ အပိုဒ် ၂၀ ကို ကိုးကားပြီး SAC- M အဖွဲ့က ထောက်ပြပါတယ်။

(SAC- M အဖွဲ့ဆိုတာ ကုလသမဂ္ဂ ထိပ်တန်း တာဝန်ရှိသူတွေ အဖြစ် မြန်မာ့အရေး ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့ကြသူတွေ ဖေဖေါ်ဝါရီ ၂၀၂၁ မြန်မာပြည် တကျော့ပြန် စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း မြန်မာ့အရေး နိုင်ငံတကာ အကြံပြုချက်တွေ ပြုလုပ်နိုင်ဖို့ ဖွဲ့စည်းထူထောင်ထားတာ ဖြစ်ပါတယ်။)

"လာမယ့် နိုဝင်ဘာ ထိပ်သီးညီလာခံကျရင် မြန်မာ့အရေး ဘယ်လိုတွေ ထပ်တိုး လုပ်ဆောင်ကြမလဲ ဆိုတာ အတိတကျ ထွက်ပေါ်လာဖို့ ပြီးခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးကနေ အခိုင်အမာ ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်။

Min Aung

ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ အာဆီယံ အထူးသံ အကြိမ်ကြိမ် ငြင်းပယ် ခံခဲ့ရ

ဒီ ထိပ်သီးညီလာခံဟာ အာဆီယံ အတွက် (မြန်မာအရေးနဲ့ပတ်သက်ရင်) အချိူးအကွေ့ အလှည့်အပြောင်း ဖြစ်ဖို့ လိုအပ်ပါတယ်။ အာဆီယံဘက်က ဘာမှ မလုပ်ဆောင်နိုင်တာ အချိန်ကြာလာတာနဲ့အမျှ မြန်မာပြည်သူတို့ ခံစားနေရကြရတဲ့ အတိဒုက္ခတွေ ပိုပြီး ဆိုးရွား လာစေပါတယ်။

မဖြစ်မနေလုပ်ဆောင်ရမယ့် အခြေခံ အကျဆုံး လိုအပ်ချက်ကတော့ အကြမ်းဖက်ဖြစ်ရပ်တွေ ရပ်တန့်နိုင်ရေး ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ပြုမူမှုတွေ အတွက် တန်ပြန် အရေးယူ ဆောင်ရွက်မှုတွေ မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်ပြီး၊ အာဆီယံဘက်က ဘယ်လိုတွေ လုပ်ဆောင်မလဲ ဆိုတာ နိုဝင်ဘာ ထိပ်သီး အစည်းအဝေးကို အားလုံး စောင့်ကြည့်နေတယ်" လို့ SAC-M အဖွဲ့ ထူထောင်သူထဲ ပါဝင်တဲ့ မာဇူကီ ဒါရွတ်စမန်က ဆိုပါတယ်။

တခါ၊ SAC-M အဖွဲ့ကို ပူးတွဲ ထူထောင်သူ နောက်တစ်ဦး ဖြစ်တဲ့ ယန်ဟီးလီကလည်း စစ်ခေါင်းဆောင် ဘာတွေ လုပ်ဆောင်လာမလဲ ဆိုပြီး အကျိုးမဲ့ စောင့်စားနေတာတွေ အာဆီယံဘက်က ရပ်ဖို့လိုပြီလို့ ဆိုပါတယ်။

ဘုံသဘောထား ၅ ချက် ဆိုတာ ဘယ်လိုမှ အလုပ်မဖြစ်တော့တာ ထင်ရှား နေပြီ ဖြစ်လို့ အာဆီယံ အနေနဲ့ အစီအမံ အသစ် ဖော်မြူလာ အသစ်တွေ ရှိနေဖို့ လိုအပ်လှတယ် လို့လည်း ယန်ဟီးလီက ဆိုပါတယ်။

SAC-M အဖွဲ့က နောက်တစ်ဦး ဖြစ်တဲ့ ခရစ္စ ဆီဒိုတီးကလည်း လာမယ့် နို ဝင်ဘာ ထိပ်သီး ညီလာခံကျရင် မြန်မာ့အရေး ဖြေရှင်းပုံ ဖြေရှင်းနည်း အသစ်ရဖို့ရာ အာဆီယံ အနေနဲ့ စစ်ခေါင်းဆောင်ရဲ့ သဘောတူမှုကို မလိုဘူးဆိုတာလောက်တော့ ပြတ်သား ရှင်းလင်းဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

"အာဆီယံ အနေနဲ့ NUG နဲ့ လက်တွဲပြီး အလုပ်လုပ်ဖို့တော့ လိုတယ်။ NUG ဟာ မြန်မာပြည်သူတွေအပေါ် တရားဝင် ကိုယ်စားပြုထားကြသူတွေ ဖြစ်တယ်။ တရားဥပဒေနဲ့ ညီညွတ်တဲ့ ဒီဂျူရီ အစိုးရ အဖြစ်သာမက တိုင်းပြည်ထဲ လက်တွေ့ မြေပြင် အခြေအနေတွေမှာလည်း နယ်မြေကို စိုးမိုးချုပ်ချုပ်ကိုင် စီမံ ဖန်တီးနိုင်မှု တိုးမြင့်လာတာ ထင်ရှားတာကြောင့် အာဆီယံ အနေနဲ့ NUG နဲ့ လက်တွဲ လုပ်ဆောင်တာတွေ တရားဝင် စတင်ပါ" ဆိုပြီး ခရစ္စ ဆီဒိုတီက တိုက်တွန်းပါတယ်။

လက်ရှိ အနေအထားမှာတော့ အာဆီယံဟာ အဖွဲ့ရဲ့ အဆင့်မြင့် အစည်းအဝေးတွေမှာ မြန်မာကို နိုင်ငံရေးအရ ကိုယ်စားပြုခွင့် မပေးဘူး ဆိုတဲ့ မူကို ကိုင်စွဲနေတာကြောင့် စစ်ကောင်စီကို ချန်ထား နေသလို၊ NUG အနေနဲ့လည်း အာဆီယံ အတွင်း မြန်မာကို ကိုယ်စားပြုခွင့် မရ ဖြစ်နေပါတယ်။ ဒါ့ကြောင့် SAC-M အဖွဲ့က အာဆီယံကို NUG အပေါ် တရားဝင် အသိအမှတ်ပြု ဆက်ဆံဖို့ တိုက်တွန်း နေတာ ဖြစ်ပါတယ်။