ရုရှားနိုင်ငံခြားရေးဝန်ကြီး နေ့ချင်းပြန်ခရီးစဥ်အပြီး ထွက်ပေါ်လာတဲ့ မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ အစည်းအဝေး

စစ်ကောင်စီဥက္ကဋ္ဌ နဲ့ နိုင်ငံရေးကိစ္စပဲ အဓိကဆွေးနွေးခဲ့တဲ့အကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ရုရှား နိုင်ငံခြားရေး

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီဥက္ကဋ္ဌနဲ့ နိုင်ငံရေးကိစ္စပဲ အဓိကဆွေးနွေးခဲ့တဲ့အကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် အစည်းအဝေးကို သြဂုတ်လထဲ ရုရှားနိုင်ငံမှာ ကျင်းပမှာ ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဘရော့ဗ်က သြဂုတ်လ ၃ ရက် ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ နေ့ချင်းပြန် မြန်မာနိုင်ငံ ခရီးစဥ်အတွင်းမှာ အခုလိုပြောကြားခဲ့တာဖြစ်ကြောင်း ရုရှားအစိုးရပိုင် TASS သတင်းဌာနက သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ရုရှားနဲ့မြန်မာနှစ်နိုင်ငံ ဆက်သွယ်မှုတွေဟာ အရှိန်အဟုန်နဲ့ တိုးတက်လာနေပြီးတော့ အစိုးရအချင်းချင်း ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကော်မရှင် အစည်းအဝေးတစ်ရပ်ကို မကြာခင်မှာ မြန်မာနိုင်ငံမှာ ကျင်းပမှာဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောတာကို ကိုးကားပြီးTASS သတင်းဌာနက ရေးပါပါတယ်။

ဒါ့အပြင် အဲ့ဒီအစည်းအပြီး ဒီလနှောင်းပိုင်းမှာတော့ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် အစည်းအဝေးကို ရုရှားနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားကြောင်းလည်း သူကထည့်ပြောသွားတာ ဖြစ်ပါတယ်။

နေပြည်တော်ရောက် ရုရှားကိုယ်စားလှယ်အဖွဲ့

ဓာတ်ပုံ ရင်းမြစ်, ရုရှားနိုင်ငံခြားရေး

ဓာတ်ပုံ ပုံစာ, နေပြည်တော်ရောက် ရုရှားကိုယ်စားလှယ်အဖွဲ့

မြန်မာ-ရုရှား စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ထူထောင်ထားပြီးဖြစ်လို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ပိုပြီး အကျိုးရှိထိရောက်လာပါတယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးက အလေးပေးပြောကြားခဲ့ပါတယ်။

မော်စကိုနဲ့ နေပြည်တော်ကြား ဆက်ဆံရေးတည်ဆောက်ရာမှာ စစ်ရေးနဲ့ စစ်ရေးနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပြင် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးကြီးတဲ့ အကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အစောပိုင်းက မှတ်ချက်ပြုခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဘရော့ဗ် ဒီကနေ့မှာ နေပြည်တော်ကို ရောက်လာပြီး စစ်ကောင်စီဥက္ကဋ္ဌနဲ့ တစ်နာရီကျော်အကြာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌနဲ့တွေ့ဆုံရာမှာတော့ နိုင်ငံရေး အကြောင်းတွေကိုသာပြောဆိုခဲ့ပြီး နှစ်နိုင်ငံ ဆက်သွယ်ဆက်ဆံရေး တိုးမြှင့်ဖို့ နှစ်နိုင်ငံအကြား ကောင်စစ်ဝန်ရုံးတွေ အပြန်အလှန်တိုးချဲ့ ဖွင့်လှစ်ဖို့ကိုလည်း ကတိပြုခဲ့ကြတယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တပ်ချုပ်ဟာ အာဏာသိမ်းပြီးနောက် ရက်ကြာကြာသွားတဲ့ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ရုရှကို သီတင်းတစ်ပတ်ကြာသွားခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တပ်ချုပ်ဟာ အာဏာသိမ်းပြီးနောက် ရက်ကြာကြာသွားတဲ့ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ရုရှကို သီတင်းတစ်ပတ်ကြာသွားခဲ့

ယူကရိန်းအရေးကြောင့် ကမ္ဘာမှာ အထီးကျန်လာတဲ့ ရုရှားဟာ လက်နက်ဆက်ဆံရေးသာ အဓိကရှိခဲ့တဲ့ စစ်ကောင်စီအပေါ် နိုင်ငံရေးအရပါ ဆက်ဆံရေးတိုးမြှင့်တဲ့ သဘောလို့ သုံးသပ်သူတွေက ဆိုပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ခရီးစဥ်အတွင်း နိုင်ငံရေး၊လူမှုရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှစ်ခုအကြား နားလည်မှုစာချွန်လွှာလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌနဲ့ ဝန်ကြီးလက်ဘရော့ဗ် တွေ့ဆုံမှုမှာ စစ်ရေးကိစ္စဆွေးနွေးတာမျိုးမရှိဘဲ နိုင်ငံရေးကိစ္စပဲ အဓိကဆွေးနွေးခဲ့တဲ့အကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးက စွမ်းအင်ဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွှက်ရေးအဖွဲ့ ဖွဲ့ထားပြီးပြီလို့ ပြောပေမယ့် မြန်မာဘက်ကတော့ လျှပ်စစ်စွမ်းအင်ကိစ္စ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးနည်းလမ်းတွေကတော့ ရုရှားမှာ ပြီးခဲ့တဲ့လတွေ အတွင်း သဘောတူခဲ့တဲ့ အတိုင်းသာရှိပြီးတော့ အစပျိုးမှုသာရှိပြီး ဆက်လက်ဆွေးနွေးရဦးမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ကောင်စီ သတင်းစာမှာဖော်ပြတဲ့ စိန့်ပီတာစဘက်မြို့ နိုင်ငံတကာစီးပွားရေးဖိုရမ်မှာ မြန်မာကိုယ်စားလှယ်တွေ တက်တဲ့သတင်း

ဓာတ်ပုံ ရင်းမြစ်, Global Newlight Of Myanmar

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ သတင်းစာမှာဖော်ပြတဲ့ စိန့်ပီတာစဘက်မြို့ နိုင်ငံတကာစီးပွားရေးဖိုရမ်မှာ မြန်မာကိုယ်စားလှယ်တွေ တက်တဲ့သတင်း

စစ်ကောင်စီက တက်ရောက်ခွင့်မရတဲ့ အာဆီယံအစည်းအဝေးမတိုင်ခင် မြန်မာကိုရုရှားနိုင်ငံခြားရေးဝန်ကြီး ဝင်ပြလိုက်တာက အာဆီယံကို ရုရှားသြဇာဖြန့်ကြက်ဖို့ စတင်လိုက်တာလို့ Central European တက္ကသိုလ်ဆင်း ဦးသီဟက ပြောပါတယ်။

ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း မြန်မာနိုင်ငံကို ပထမဆုံးရောက်လာတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဥ်ဟာ ကမ္ဘောဒီးယားမှာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်အဝေးအထိ ရိုက်ခတ်လာနိုင်တယ်လို့ အာဆီယံအရေးကျွမ်းကျင်သူတွေက သုံးသပ်နေကြတာလည်း ဖြစ်ပါတယ်။

ရုရှားကလက်နက်စက်ရုံတွေ၊ ခရိုနီတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့ ဆိုကြတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးခရီးစဥ်ရဲ့ နောက်ကွယ်က အကြောင်းတွေဟာ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေထဲ ရှာတွေ့နိုင်မှာမဟုတ်ဘူးလို့ စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်က ကိုကြည်စင် သုံးသပ် ပါတယ်။

မြန်မာက နိုင်ငံခြားအရန်‌ငွေကျဆင်းနေသလို ရုရှားကလည်း နိုင်ငံတကာစီးပွားရေး ပိတ်ဆို့ထားလို့ ရုရှားရဲ့လောင်စာစျေးတွေ ကျနေတာကြောင့် ဝယ်ယူဖို့ဖြစ်နိုင်သလို လက်နက်ဝယ်ယူဖို့လည်း ဖြစ်နိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

၂၀၁၀ ကနေ ၂၀၂၀ ခုနှစ် ဆယ်စုနှစ်တစ်ခုအတွင်း မြန်မာစစ်တပ်ဟာ ရုရှားဆီကနေ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံဖိုး စစ်သုံးလက်နက်ဝယ်ယူဖို့ အတွက် သုံးစွဲခဲ့

ဓာတ်ပုံ ရင်းမြစ်, RTS

ဓာတ်ပုံ ပုံစာ, ၂၀၁၀ ကနေ ၂၀၂၀ ခုနှစ် ဆယ်စုနှစ်တစ်ခုအတွင်း မြန်မာစစ်တပ်ဟာ ရုရှားဆီကနေ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံဖိုး စစ်သုံးလက်နက်ဝယ်ယူဖို့ အတွက် သုံးစွဲခဲ့

မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းတာကို ကမ္ဘာ့နိုင်ငံတွေထဲ ရှားရှားပါးပါးထောက်ခံတဲ့ ရုရှားဟာ ယူကရိန်းအရေးမှာ ရုရှားဘက်ကပြန်ထောက်ခံခဲ့တဲ့ စစ်ကောင်စီကို ကျေးဇူးတင်တဲ့အကြောင်း လက်ဘရော့ဗ်က သူ့ခရီးစဥ်အတွင်း ထည့်ပြောခဲ့ပါတယ်။

ရုရှားဟာ မြန်မာကို ကိုဗစ်ကာကွယ်ရေးတွေ ထောက်ပံ့ခဲ့သလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မျောက်ကျောက်ရောဂါနဲ့ ပတ်သက်လို့ စစ်ဆေးနိုင်တဲ့ ကရိယာတွေ လှူဒါန်းခဲ့တယ်လို့ လည်း နှစ်နိုင်ငံ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်ကနေ ကမ္ဘောဒီးယားကို ဒီကနေ့ညနေပိုင်းမှာပဲ ခရီးဆက်သွားပြီဖြစ်ပြီးတော့ ရုရှားနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဖနွမ်းပင် အစည်းအ‌ဝေးမှာ တွေ့ဆုံကြဖို့ရှိနေပါတယ်။