အမေရိကန်နဲ့ အရေးကြီးပူးပေါင်းဆောင်ရွက်မှုတွေ တရုတ် ရပ်ဆိုင်း၊ ဘိုင်ဒန်ရဲ့ မူဝါဒ ဘယ်လိုဖြစ်လာနိုင်လဲ

Speaker of the House Nancy Pelosi greets President Joe Biden

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်ဝမ်ကို မစ္စ ပယ်လိုစီက ရောက်အောင် သွားလိုက်တဲ့အခါမှာတော့ အမေရိကန်အစိုးရက သူ့ဘက်က ရပ်တည်ပေးခဲ့ရ

တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ စစ်ရေး၊ နိုင်ငံတကာ ရာဇဝတ်မှု တိုက်ဖျက်ရေး၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အစရှိတဲ့ အရေးပါတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီ ဦးဆောင်တဲ့ အမေရိကန်ကွန်ဂရက် ကိုယ်စားပြုအဖွဲ့က ထိုင်ဝမ်ကို သွားရောက်အပြီးမှာ တရုတ်ဘက်က အခုလို ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။

အခုလို ရပ်ဆိုင်းတယ်ဆိုတဲ့ ကြေညာမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး တရုတ်ဘက်က ပြင်းပြင်းထန်ထန် ဆန့်ကျင်ထားတဲ့ကြားတဲ့ မစ္စပလိုစီက ထိုင်ဝမ်ကိုသွားတာဟာ တရုတ်ကို ဆိုးဆိုးရွားရွား ရန်စတာပဲလို့လည်း ဒီကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေ အချင်းချင်း တွေ့ဆုံစကားပြောဖို့ စီစဉ်ထားတာတွေကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

အခုလို တရုတ်ဘက်က ကြေညာပြီးနောက်ပိုင်း အမေရိကန်ဘက်က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ရာမှာ တရုတ်ဘက်က အခုလို လုပ်ဆောင်မှုတွေဟာ အလွန်တာဝန်မဲ့တဲ့ လုပ်ရပ်ဖြစ်ပြီး မစ္စပလိုစီ အနေနဲ့လည်း ထိုင်ဝမ်ကို အပြည့်အဝ သွားပိုင်ခွင့် ရှိတယ်လို့ အိမ်ဖြူတော် သတင်းပြန်ကြားရေး အတွင်းရေးမှူး ကရင်း ယန်းပီးရဲက ပြောဆိုခဲ့ပါတယ်။

အမေရိကန်အနေနဲ့ကတော့ အမေရိကန်အကျိုးစီးပွားနဲ့ တန်ဖိုးထားမှုတွေကို ကာကွယ်သွားမှာ ဖြစ်သလို တဖက်ကလည်း တရုတ်နဲ့ ဆက်ဆံရေး လမ်းကြောင်းတွေကို ဆက်လက် လမ်းဖွင့်ထားဖို့ ကြိုးပမ်းသွားမယ်လို့ မစ္စ ယန်းပီးရဲက ဆက်လက် ပြောဆိုခဲ့ပါတယ်။

အမေရိကန်ရဲ့ တရုတ်နဲ့ ဆက်ဆံရေး ထိခိုက်မှု အကျိုးဆက်

အမေရိကန်ဟာ တရုတ် တနိုင်ငံတည်း မူဝါဒကို အသိအမှတ်ပြုပြီး ထိုင်ဝမ်နဲ့ တရားဝင် သံတမန် ဆက်ဆံရေး မရှိတဲ့ ပုံစံကို ကျင့်သုံးခဲ့တာ ၁၉၇၉ ခုနှစ်ကတည်းက ဖြစ်ပါတယ်။

အခုလို ထိုင်ဝမ်နဲ့ တရားဝင် သံတမန် ဆက်ဆံရေး မရှိပေမယ့်လည်း အမေရိကန်ဟာ ၁၉၇၉ မှာပဲ အတည်ပြုထားတဲ့ ထိုင်ဝမ်နဲ့ ဆက်ဆံရေး အက်ဥပဒေအရ ထိုင်ဝမ်ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရေးအတွက် လက်နက်ထောက်ပံ့နိုင်တယ်ဆိုတဲ့ အချက် ပါဝင်ထားခဲ့ပါတယ်။

အခုလို အနေအထားရှိခဲ့ရာမှာ မစ္စပလိုစီက ထိုင်ဝမ်ကို လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး အရာရှိ သွားရောက်မှု လုပ်လိုက်တဲ့အတွက် တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး အဆင်မပြေစရာ တခု တိုးသွားခဲ့ရပါတယ်။

အမေရိကန်နိုင်ငံဟာ ယူကရိန်းအရေးနဲ့ ပတ်သက်လို့ ရုရှားလို အရေးပါတဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတခုနဲ့ ပဋိပက္ခ ရှိနေရာမှာ အခုလို အခြေအနေကြောင့် တရုတ်လို နောက်ထပ် ကမ္ဘာ့အင်အားကြီးနိုင်ငံတခုနဲ့ ထပ်တိုးပြီး ပဋိပက္ခဖြစ်စရာ ဖြစ်လာခဲ့ပါတယ်။

ဗီဒီယို ပုံစာ, ထိုင်ဝမ်ကို ကန်ပစ်မထားဘူးလို့ နန်စီ ပလိုစီ ပြော

တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး ယခင်ကတည်းက တင်းမာတဲ့ သဘောထား ရှိထားခဲ့သူ ဒီမိုကရက်အမတ် မစ္စ ပလိုစီရဲ့ ထိုင်ဝမ်ကို သွားရောက်မှုကို ရီပါဘလီကန်ဘက်က အမတ်တွေက အားပေး ထောက်ခံခဲ့ကြတာကို တွေ့ရပါတယ်။

တဖက်မှာတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကိုယ်တိုင်က တရုတ်ရဲ့ နိုင်ငံရေးအရ အထိခိုက်မခံတဲ့ အခြေအနေအပေါ် မစ္စ ပလိုစီက သတိထားဖို့ အကြံပေးတွေလွှတ်ပြီး သီးခြား သတိပေးခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီက လာမယ့် နိုဝင်ဘာလမှာ ညီလာခံ ကျင်းပမှာဖြစ်ပြီး ပြည်တွင်းဖိအားတွေလည်း ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ နိုင်ငံတကာမှာ အားနည်းသူ ပုံစံ အဖြစ်မခံနိုင်တဲ့ အနေအထားလည်း ရှိနေတယ်လို့ မစ္စ ပလိုစီကို အကြံပေးတွေက ပြောဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ ထိုင်ဝမ်ကို မစ္စ ပလိုစီက ရောက်အောင် သွားလိုက်တဲ့အခါမှာတော့ အမေရိကန်အစိုးရက သူ့ဘက်က ရပ်တည်ပေးခဲ့ရပြီး အခုလို သွားရောက်မှုက အမေရိကန်ရဲ့ တရုတ်တနိုင်ငံ မူဝါဒကို အပြောင်းအလဲ မဖြစ်စေပါဘူး ဆိုတဲ့ သဘောမျိုး လျှော့ပေါ့ ပြောဆိုပေးခဲ့ရပါတယ်။

U.S. House of Representatives Speaker Nancy Pelosi talks with Taiwan Foreign Minister Joseph Wu before boarding a plane at Taipei Songshan Airport in Taipei, Taiwan August 3, 2022

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒီမိုကရက်အမတ် မစ္စ ပယ်လိုစီရဲ့ ထိုင်ဝမ်ကို သွားရောက်မှုကို ရီပါဘလီကန်ဘက်က အမတ်တွေက အားပေး ထောက်ခံခဲ့ကြ

တရုတ်နဲ့ ဆက်ဆံရေး ဘယ်လိုဖြစ်လာဖို့ အမေရိကန် မျှော်လင့်နိုင်သလဲ

ဂျိုးဘိုင်ဒန် အမေရိကန်သမ္မတ ဖြစ်လာတဲ့ကာလဟာ တရုတ်ဘက်က သမ္မတ ရှီကျင့်ဖျင်ကလည်း ပြည်တွင်းမှာ ပိုအာဏာကြီးလာပြီး ပြည်ပနိုင်ငံရေးမှာလည်း ပြတ်ပြတ်သားသား ပြောဆိုလုပ်ကိုင်လာတဲ့အချိန်နဲ့ တိုက်ဆိုင်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အခုလို အနေအထားကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဟာ တရုတ်နိုင်ငံကို နည်းဗျူဟာမြောက် ပြိုင်ဘက် အနေနဲ့ သဘောထားလာပြီး အမေရိကန်နိုင်ငံအတွက် အကြီးဆုံး ရေရှည် စိန်ခေါ်မှုအဖြစ် ယူဆလာခဲ့ပါတယ်။

အမေရိကန်အနေနဲ့ တရုတ်နဲ့ ဖြေရှင်းစရာ ကိစ္စတွေ ရှိနေရာမှာ ရုရှားနဲ့ ယူကရိန်းအရေး တရုတ်ရပ်တည်ချက်၊ ကုန်သွယ်ရေးစစ်ပွဲ၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနဲ့ မြောက်ကိုရီးယား အရေးတို့လည်း ရှိနေတာကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။

ဒီလိုအနေအထားတွေ ရှိနေရာမှာ နှစ်ဖက် သဘောထားကွဲလွဲမှုတွေကို ဘောင်မကျော်အောင် ထိန်းသိမ်းပြီး နှစ်ဖက် သမ္မတအချင်းချင်း တိုက်ရိုက် ဆက်ဆံ ဖြေရှင်းဖို့ ရည်မှန်းထားတယ်လို့ အမေရိကန်အိမ်ဖြူတော်ဘက်က ပြောကြားထားပါတယ်။

အမေရိကန်ရဲ့ ထိုင်ဝမ်ခရီးစဉ်နဲ့ ပတ်သက်လို့ တရုတ်ဘက်က ဆိုးဆိုးရွားရွား တုံ့ပြန်မှုတွေ ရက်သတ္တပတ် အတော်ကြာကြာအထိ ဆက်လုပ်နေမယ်ဆိုတာကို အမေရိကန်ဘက်က သိထားပြီး ဖြစ်တယ်လို့ အမေရိကန်အစိုးရဌာနဆိုင်ရာ ဘီဘီစီ သတင်းထောက် ဘာဘရာ အူရှာက သုံးသပ်ပါတယ်။

လက်ရှိ တရုတ်အနေနဲ့ ထိုင်ဝမ်ကျွန်းပတ်လည်မှာ ကျည်အစစ်တွေ သုံးပြီး စစ်ရေးလေ့ကျင့်မှုတွေ လုပ်ပြနေပေမယ့် တကယ်တမ်း တရုတ်သမ္မတ ရှီဟာ နှစ်ဖက်လုံး မလိုလားတဲ့ စစ်ဖြစ်ပွားမှု အခြေအနေအထိ မရောက်အောင် ထိန်းလုပ်နေတယ်လို့ အမေရိကန် အစိုးရဘက်က ယူဆနေပါတယ်။

An Air Force aircraft under the Eastern Theatre Command of China"s People"s Liberation Army (PLA) takes off for military exercises in the waters around Taiwan

ဓာတ်ပုံ ရင်းမြစ်, Handout

ဓာတ်ပုံ ပုံစာ, တရုတ်ရဲ့ အဲဒီ စစ်ရေးလေ့ကျင့်မှုတွေမှာ စစ်သင်္ဘော ၁၀ စီးကျော်နဲ့ စစ်လေယာဉ် အစီး ၁၀ဝ ကျော်အထိ ပါဝင်နေ

တရုတ်နိုင်ငံဟာ ထိုင်ဝမ်အနီးတဝိုက် ရေပြင်နဲ့ ဝေဟင်မှာ လုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို သြဂုတ်လ ၇ ရက်နေ့ အထိ ဆက်လုပ်နေနိုင်တယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့ အဲဒီ စစ်ရေးလေ့ကျင့်မှုတွေမှာ စစ်သင်္ဘော ၁၀ စီးကျော်နဲ့ စစ်လေယာဉ် အစီး ၁၀ဝ ကျော်အထိ ပါဝင်နေပြီး တရုတ်နဲ့ ထိုင်ဝမ်အကြား တရားဝင် မဟုတ်တဲ့ ကြားခံဇုန်ကိုပါ တရုတ်ဘက်က ဖြတ်ကျော် လေ့ကျင့်မှု တချို့ ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ တရုတ် ဆက်ဆံရေး တင်းမာမှု လျှော့ချဖို့အတွက် လိုအပ်နေတာကတော့ အဓိက အငြင်းပွားရတဲ့ အကြောင်းအရာကို အာရုံစိုက်ပြီး ပွင့်ပွင့်လင်းလင်း တိုးတိုးတိတ်တိတ် ဆွေးနွေးဖို့လိုတယ်လို့ ဂျာမန်မာရှယ်ဖန် အဖွဲ့က အာရှရေးရာ ကျွမ်းကျင်သူ ဘော်နီ ဂလေစာက ဆိုပါတယ်။

ဒါ့အပြင် ထိုင်ဝမ်အရေးလို မတင်မကျ ရပ်တည်ချက်ရှိတဲ့ ကိစ္စတွေမှာ ယခင်ပြောလေ့ပြောထရှိတဲ့ မတင်မကျ ပြောဆိုမှုတွေကို ကျော်လွှားပြီး နှစ်ဖက် လုံးဝအထိခိုက်မခံတဲ့ အခြေအနေတွေကိုလည်း ရှင်းရှင်းလင်းလင်း ပြောထားတဲ့ အနေအထားရှိမှ ဆွေးနွေးမှု ရှေ့ဆက်နိုင်မယ်လို့လည်း သူက ဆိုပါတယ်။

အမေရိကန်နဲ့ တရုတ်ခေါင်းဆောင်တွေ နှစ်ဖက် တိုက်ရိုက် တွေ့ဆုံစကားပြောဖို့ အခွင့်အရေးကတော့ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် စက်မှုထိပ်သီး နိုင်ငံ ၂၀ ထိပ်သီးအစည်းအဝေးအတွင်းမှာ သီးခြားတွေ့ဆုံမှုအရ ဖြစ်လာနိုင်စရာရှိပြီး အဲဒီ တကြိမ်တည်းနဲ့တော့ လုံလောက်ဦးမှာ မဟုတ်သေးဘူးလို့ ဘီဘီစီ သတင်းထောက် အူရှာက သုံးသပ်ပါတယ်။

BBC interview

ဓာတ်ပုံ ရင်းမြစ်, Taiwan Foreign Ministry

ဓာတ်ပုံ ပုံစာ, ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူကတော့ မစ္စ ပယ်လိုစီရဲ့ ခရီးစဉ်ဟာ ထိုင်ဝမ်ကို ဒီမိုကရေစီကျတဲ့ ဒေသတခုအဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းက ရှုမြင်လာရေး အထောက်အကူ ပြုတယ်လို့ ဆို

ထိုင်ဝမ်ဘက်က ဘယ်လို ဆက်လက် ရပ်တည်သွားဖို့ ရှိမလဲ

တရုတ်နိုင်ငံဟာ ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်ရာမှာ သီးခြားဇုန် ခြောက်ခု ခွဲခြား သတ်မှတ်ခဲ့ပြီး ထိုင်ဝမ်ကျွန်းမြောက်ပိုင်း ပင်လယ်ဘက်ကိုလည်း ဒေါင်ဖန်း တိုက်ချင်းပစ် ဒုံးကျည်တွေ စမ်းသပ် ပစ်ခတ်ခဲ့တဲ့အတွက် ထိုင်ဝမ်ရဲ့ ပင်လယ်ကူး ကုန်တင်လမ်းကြောင်းနဲ့ လေကြောင်းလိုင်းတွေ အနှောက်အယှက်ဖြစ်ပြီး လမ်းကြောင်းတွေ ပြောင်းထားရပါတယ်။

အခုလို အခြေအနေတွေမှာ ထိုင်ဝမ် တံငါသည်တွေလည်း ပင်လယ်ပြင်ထွက်ပြီး ငါးဖမ်းခွင့်မရ ဖြစ်နေပါတယ်။

တရုတ်ဘက်က သတ်မှတ်လိုက်တဲ့ သီးခြားဇုန်တွေရဲ့ တည်နေရာကို မသိရတဲ့အတွက် ထိုင်ဝမ် ကမ်းခြေစောင့်တပ်ရဲ့ ဆိပ်ကမ်းပြန်ကပ်ထားဖို့ အမိန့်ကိုပဲ နာခံလိုက်ရတယ်လို့ ထိုင်ဝမ်မြောက်ပိုင်း ဘီရှားယူ ဆိပ်ကမ်းက တံငါသည် တဦးက ဆိုပါတယ်။

ဘီဘီစီနဲ့ စကားပြောခွင့်ရတဲ့ ထိုင်ဝမ်နိုင်ငံသား အများစုကတော့ တရုတ်က ထိုင်ဝမ်ကို တကယ်တမ်း စစ်ရေးတိုက်ခိုက်လိမ့်မယ်လို့တော့ မယူဆကြပါဘူး။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူကတော့ မစ္စ ပလိုစီရဲ့ ခရီးစဉ်ဟာ ထိုင်ဝမ်ရဲ့ နိုင်ငံတကာ အခန်းကဏ္ဍကို မြှင့်တင်ပေးပြီး ထိုင်ဝမ်ကို ဒီမိုကရေစီကျတဲ့ ဒေသတခုအဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းက ရှုမြင်လာရေး အထောက်အကူ ပြုတယ်လို့ ဆိုပါတယ်။

မစ္စ ပယ်လိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်အပြီးမှာ တရုတ်က ထိုင်ဝမ်ကျွန်းအနီး လုပ်ဆောင်နေတဲ့ စစ်ရေး လေ့ကျင့်မှုတွေကိုလည်း မစ္စတာ ဝူက ရှုတ်ချခဲ့ပါတယ်။

တရုတ်ပြည်မကြီးအတွင်းမှာ ထိုင်ဝမ်ရဲ့ အချုပ်အချာအာဏာ မတည်သလို ထိုင်ဝမ်အတွင်းမှာလည်း တရုတ်ပြည်မကြီးရဲ့ အချုပ်အချာအာဏာ မတည်ဘူးဆိုတဲ့ ၇၃ နှစ်လောက် ရပ်တည်လာတဲ့ အနေအထားတခုကို ဆက်ထိန်းထားဖို့က ထိုင်ဝမ်ရဲ့ သဘောထားဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

တရုတ်နိုင်ငံပိုင် သတင်းဌာနတွေရဲ့ အဆိုအရ အခုလို စစ်ရေး လေ့ကျင့်မှုအတွင်းမှာ တရုတ်ရဲ့ ဒုံးကျည် တခုထက်မနည်း ထိုင်ဝမ်ကျွန်းအပေါ်ကို ကျော်ဖြတ်ပြီး တဖက် ပင်လယ်ပြင်ထဲ ကျရောက်ခဲ့တယ်လို့ ဆိုပေမယ့် ထိုင်ဝမ်ဘက်ကတော့ ဒါကို တစုံတရာ မှတ်ချက် မပေးခဲ့ပါဘူး။

အခုလို နိုင်ငံ တနိုင်ငံအပေါ် ဖြတ်ကျော်ပြီး ပင်လယ်တွင်း ကျရောက်စေတဲ့ ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုမျိုးကို မြောက်ကိုရီးယားနိုင်ငံကသာ လုပ်ဆောင်ခဲ့ဖူးထားပြီး ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ဂျပန် ဟိုကိုင်းဒိုးကျွန်းအပေါ်ကနေ ကျော်ဖြတ် ပစ်ခတ်ခဲ့မှု ဖြစ်ပါတယ်။