တရုတ်၊ရုရှားတို့နဲ့ ဆက်ဆံရေးကြားမှာပဲ အမေရိကန်နဲ့ ပြေလည်ဖို့ လော်ဘီငှားတဲ့ စစ်ကော်မရှင်

အမေရိကန်လော်ဘီကုမ္ပဏီ DCI ကိုငှားတဲ့စာချုပ်နဲ့ အမေရိကန်အလံလွှင့်ထားတဲ့အိမ်ဖြူတော်နဲ့ နောက်ခံ မြန်မာအလံ
ဓာတ်ပုံ ပုံစာ, အမေရိကန်လော်ဘီကုမ္ပဏီ DCI ကိုငှားတဲ့စာချုပ်၊အိမ်ဖြူတော်နဲ့ မြန်မာအလံ သရုပ်ဖော်

အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးပြန်ကောင်းချင်တဲ့ အာဏာသိမ်းမြန်မာစစ်တပ်က သူတို့ကို ထောက်ခံလာအောင် စည်းရုံးဆွဲဆောင်ပေးဖို့အတွက် အမေရိကန် lobby firm အဖွဲ့တစ်ခုဖြစ်တဲ့ DCI group ကို ငှားရမ်းလိုက်ပါတယ်။

မြန်မာအခေါ် လော်ဘီဆိုတဲ့ DCI လို အကျိုးဆောင်လုပ်ငန်းတွေက အမေရိကန်အစိုးရနဲ့ သူ လော်ဘီလုပ်ပေးရမယ့် အဖွဲ့အစည်းတွေအကြား ဆက်ဆံရေးအားကောင်းအောင် မဟာဗျူဟာအကြံဉာဏ်တွေ ပေးရပါတယ်။

ဒါတင်မက အမေရိကန်လွှတ်တော်နဲ့ မီဒီယာတွေအပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေး ဦးစားပေးကိစ္စတွေကို ဆက်သွယ်ဆောင်ရွက်ရာမှာ အကူအညီပေးရမှာဖြစ်ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းစစ်တပ်က မျှော်မှန်းသလို မဖြစ်နိုင်ဘူးဆိုတဲ့ သုံးသပ်ချက်တွေရှိပါတယ်။

တစ်ဖက်မှာလည်း စစ်တပ်အပေါ် အမေရိကန်အစိုးရဲ့ သဘောထားပြောင်းသွားမလားဆိုတဲ့ စိုးရိမ်ချက်တချို့က တော်လှန်ရေးအင်အားစုတွေနဲ့ အတိုက်အခံအုပ်စုတွေကြားမှာ ရှိလာပါတယ်။

DCI လော်ဘီအဖွဲ့ကို မြန်မာစစ်တပ်ဘယ်လိုငှားရမ်းလဲ

မြန်မာစစ်တပ်ငှားလိုက်တဲ့ လော်ဘီကုမ္ပဏီ DCI

ဓာတ်ပုံ ရင်းမြစ်, Screengrab

ဓာတ်ပုံ ပုံစာ, မြန်မာစစ်တပ်ငှားလိုက်တဲ့ လော်ဘီကုမ္ပဏီ DCI

ဝါရှင်တန်အခြေစိုက် DCI Group ကို ငှားရမ်းခက တစ်နှစ်ကို အမေရိကန်ဒေါ်လာ သုံးသန်းပေးရတယ်လို့ ဆိုပါတယ်။

မြန်မာနဲ့ အမေရိကန်အစိုးရကြား ကုန်သွယ်ရေး၊ သဘာဝသယံဇာတနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စရပ်တွေမှာ ဆောင်ရွက်ပေးဖို့ အတွက်လို့ အမေရိကန်အခြေစိုက် လူထုဆက်ဆံရေးဆိုင်ရာ သတင်းတွေကို ဖော်ပြတဲ့ O'Dwyer ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။

ဇူလိုင် ၃၁ ရက်မှာ စတင်အသက်ဝင်မယ့် အဲဒီစာချုပ်ကို DCI Group နဲ့ စစ်ကော်မရှင်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနအတွင်းဝန် ဦးဝင်းကျော်အောင်တို့ လက်မှတ်ရေးထိုးထားတဲ့စာချုပ်ကို Justice For Myanmar က ဖော်ထုတ်ခဲ့ပါတယ်။

စာချုပ်အသက်ဝင်တဲ့ ဇူလိုင် ၃၁ ရက် ဟာ စစ်တပ်က အရေးပေါ်ကာလကို သက်တမ်းထပ်မတိုးဘဲ ရွေးကောက်ပွဲကျင်းပဖို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ကို အာဏာပြန်လွှဲတဲ့နေ့ဖြစ်ပါတယ်။

DCI Group နဲ့ အဓိကဆက်သွယ်ဆောင်ရွက်ရမယ့်သူက ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်ဦးမြင့်ကျော်လို့ ဘီဘီစီက သိရပါတယ်။

DCI အဖွဲ့ဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ရဲ့ ရီပတ်ဘလီကန်ပါတီနဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိထားတယ်လို့ လော်ဘီအဖွဲ့တွေနဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။

နိုင်ငံရေးလောင်းရိပ်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်တပ်တဲ့ နီးစပ်တယ်လို့ နားလည်ထားကြတဲ့ သေနင်္ဂဗျူဟာစစ်ဖက်ရေးရာလေ့လာရေးအဖွဲ့ ဒါရိုက်တာဦးသိန်းထွန်းဦး ကတော့ အမေရိကန်လော်ဘီအဖွဲ့ကို ငှားရမ်းတာက ရွေးကောက်ပွဲလွန် အစိုးရတစ်ရပ်အတွက် ရှိလာမယ့် နိုင်ငံတကာကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ကြိုပြင်တဲ့လုပ်ငန်းစဥ်ဖြစ်မယ်လို့ သုံးသပ်ပါတယ်။

သမ္မတ ထရမ့်က အမေရိကန်ရဲ့ စီးပွားရေးနဲ့ ပြည်တွင်းရေးကိုပဲ ဦးစားပေးသူဖြစ်ပါတယ်။ ဒါကြောင့် စစ်ကော်မရှင်က သူတို့မှာ အခွင့်အရေးရှိနေတယ်လို့ ယူဆပုံရတယ်လို့ သူ့အမည်ကို မသုံးစေလိုတဲ့ နိုင်ငံရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

ဒါပေမဲ့ မြန်မာစစ်တပ်ရဲ့ ကြိုးစားမှု အရာမထင်ဘဲ အ‌မေရိကန်အစိုးရရဲ့ သဘောထားပြောင်းဖို့ ဖြစ်နိုင်ခြေနည်းတယ်ဆိုတဲ့ ရှုမြင်ချက်ရှိသူတွေလည်းရှိပါတယ်။

"စစ်တပ်ကကြိုးစားလည်း သူ့မှာက 'နိုင်ငံရေးပြဿနာလောင်းရိပ်' မိနေတယ်။ ခေါင်းနဲ့ပန်းလို ကျောချင်းကပ်ပြီးဆန့်ကျင်ဘက်ဖြစ်နေတဲ့ မြန်မာပြည်တွင်းစစ် ပဋိပက္ခနဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို မျက်နှာလွှဲလိုက်ဖို့ဆိုတာ ဒီကာလမှာ အရမ်းခက်သွားပြီ'' လို့ ၂၀၁၅ ခုနှစ်က မြန်မာအစိုးရ( ဦးသိန်းစိန်သမ္မတဖြစ်ချိန်) ရဲ့ လော်ဘီအကျိုးဆောင် ပိုဒက်စ်တာကုမ္ပဏီကို ငှားရမ်းမှုနဲ့ ပတ်သက်ပြီး နီးစပ်မှုရှိခဲ့သူတစ်ဦးက ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ သူ့ အစိုးရအဖွဲ့တွေအတွက် အမေရိကန်နဲ့ ဆက်ဆံရေးကောင်းဖို့ လော်ဘီကုမ္ပဏီတွေ ငှားရမ်းတာက အခုမှ မဟုတ်ပါဘူး။

နအဖလို့ အတိုကောက်ခေါ်ကြတဲ့ စစ်ခေါင်းဆောင် ဦးသန်းရွှေရဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ စစ်အစိုးရလက်ထက် ၂၀၀၂ ခုနှစ် ကလည်း အခု ၂၀၂၅ မှာ မြန်မာစစ်တပ်ပြန်သုံးတဲ့ DCI ကုမ္ပဏီနဲ့ စည်းရုံးဆွဲဆောင်တဲ့ လုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။

၂၀၀၂ ခုနှစ်တုန်းက ရှစ်လကြာ ငှားရမ်းခဲ့ဖူးတာဖြစ်ပြီး အခု ၂၃ နှစ်အကြာမှာတော့ တစ်နှစ်သက်တမ်းအတွက် ပြန်လည်ငှားရမ်းတာ ဖြစ်ပါတယ်။

ဒီလို အတွေ့အကြုံအရ DCI ဟာ အရင်အာဏာရှင် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ သဘာဝပတ်ဝန်းကျင်ဖျက်ဆီးခဲ့တဲ့ကုမ္ပဏီဆိုးတွေရဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ခဝါချဖို့ လော်ဘီလုပ်ခဲ့တဲ့ သမိုင်းကြောင်းရှိတဲ့ အဖွဲ့အစည်းလို့ Justice For Myanmar က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်တပ်က သူတို့ရဲ့ တရားဝင်မှုကို ပြန်ရယူနိုင်ဖို့ ကြိုးပမ်းနေတာထင်ရှားတယ်လို့ မှတ်ချက်ပေးပါတယ်။

Justice For Myanmar ဟာ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ စစ်တပ်ရဲ့ အကျိုးစီးပွားလုပ်ငန်းတွေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေအပေါ် လေ့လာသုတေသနပြုတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်တင်မက ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ကလည်း အဲဒီအချိန်က သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ မြန်မာအစိုးရဟာ အမေရိကန်က သူတို့ကို ထောက်ခံလာအောင် စည်းရုံးဆွဲဆောင်ပေးဖို့အတွက် ပိုဒက်စ်တာလော်ဘီအုပ်စုနဲ့ အမေရိကန်ဒေါ်လာ ၈၄၀,၀၀၀ တန် သဘောတူစာချုပ် ချုပ်ဆိုခဲ့တယ်လို့ ဝါရှင်တန်အခြေစိုက် The Hill သတင်းက ဖော်ပြခဲ့ဖူးပါတယ်။

အဲဒီတုန်းကတော့ အမေရိကန် လော်ဘီအုပ်စုနဲ့ မြန်မာအစိုးရအကြား တစ်နှစ်ကြာ သဘောတူစာချုပ်ဖြစ်ပါတယ်။ သဘောတူညီချက်အရ မြန်မာအစိုးရက ပိုဒက်စ်တာကုမ္ပဏီကို ၄ လ ၁ ခါ ဒေါ်လာ ၂၁၀,၀၀၀ ဝန်ဆောင်ခပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အခုအချိန်မှာ တရုတ်၊ ရုရှားတို့နဲ့ ပလဲနံပသင့်နေတဲ့ မြန်မာစစ်တပ်က အမေရိကန်နဲ့ ဆက်ဆံရေးပြေလည်မှုရချင်တာက ထူးခြားတယ်လို့ မြင်နိုင်ပါတယ်။

ဒါပေမဲ့ စစ်တပ်က တရားဝင်မှုလိုချင်တာအပြင် အဲဒီ နှစ်နိုင်ငံ အပေါ် အားကိုးရပ်တည်နေရတာကို Balance Out (ချိန်ညှိလိုမှု) လုပ်ချင်တာကြောင့်လို့ အမေရိကန် Los Angeles Myanmar Movement (LA2M) အဖွဲ့ ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေက မှတ်ချက်ပြုပါတယ်။

''အမေရိကန်အစိုးရရဲ့ အုပ်ချုပ်ရေးပြောင်းတဲ့အချိန်မှာ အခွင့်အရေးယူပြီး တရုတ်က စစ်တပ်အပေါ် ဖိအားများနေတာကို လျော့သွားအောင်လုပ်ချင်တာလို့ ယူဆနိုင်ပါတယ်။''

ဦးဂျိမ်းရွှေက တော်လှန်ရေးအင်အားစုတွေဘက်ကနေ အမေရိကန်လွှတ်တော်၊ အစိုးရအဖွဲ့နဲ့ ကုလသမဂ္ဂမှာမြန်မာအတွက် အကူအညီနဲ့အထောက်အပံ့တွေရဖို့ လှုံ့ဆော်နေသူဖြစ်သလို အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အမတ်တွေနဲ့ လက်တွဲအလုပ်လုပ်နေသူ ဖြစ်ပါတယ်။

''အဓိက က ဆန်ရှင်( စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု)တွေ ဖြုတ်ဖို့ပေါ့။ ဆန်ရှင်ကြောင့် သူတို့ စီးပွားရေး အတော်ကို ထိခိုက်မှုရှိတယ်။ နောက်တစ်ခုက ကမ္ဘာ့ သံတမန်ရေးရာမှာ ပိုဝင်ဆံ့မယ်လို့ သူတို့ယူဆချက်ရှိတယ်။ အဓိကကတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံတကာက သူတို့အပေါ် အမြင်ကိုပြောင်းချင်တာ'' လို့ ဦးဂျိမ်းရွှေက သူသိထားတဲ့အချက်ကိုကိုးကားပြီးသုံးသပ်ပါတယ်။

၂၀၁၃ ခုနှစ်က အိမ်ဖြူတော်မှာ သမ္မတအိုဘားမားနဲ့ သမ္မတဦးသိန်းစိန် တို့တွေ့ဆုံမှု

ဓာတ်ပုံ ရင်းမြစ်, Google

ဓာတ်ပုံ ပုံစာ, ၂၀၁၃ ခုနှစ်က အိမ်ဖြူတော်မှာ သမ္မတအိုဘားမားနဲ့ သမ္မတဦးသိန်းစိန် တို့တွေ့ဆုံမှု

ဘယ်အချိန်တွေမှာ လော်ဘီတွေကိုသုံးကြသလဲ

နိုင်ငံတကာလော်ဘီအဖွဲ့အစည်းတွေကို အစိုးရတွေ ဒါမှမဟုတ် နည်းလမ်းတစ်ခုခုနဲ့ နိုင်ငံရဲ့ အာဏာကိုရယူထားတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေဟာ နိုင်ငံတကာ သို့ အင်အားကြီးနိုင်ငံတစ်ခုက သူတို့ကို စွပ်စွဲထားတဲ့ တချို့ ကိစ္စရပ်တွေဟာ မှန်ကန်မှုမရှိဘူးလို့ ချေပလိုချိန်မှာ သုံးစွဲတတ်ကြပါတယ်။

မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ သေနင်္ဂဗျူဟာက ဦးသိန်းထွန်းဦးကတော့ လော်ဘီက စွမ်းဆောင်ရည်ကောင်းရင် လျော့ပါးသက်သာနိုင်တယ်လို့ သူ့အမြင်ကိုပြောပါတယ်။

တစ်ဖက်မှာလည်း အာဏာသိမ်းစစ်တပ်ဟာ သူတို့ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် လော်ဘီအဖွဲ့ကို ငှားရမ်းတာလို့ ကောက်ချက်ချမှုတွေရှိပါတယ်။

အမည်မသုံးစေလိုတဲ့ ပြည်တွင်းနေ နိုင်ငံရေးအကဲခတ်တစ်ဦးကတော့ ''မြန်မာမှာ လက်ရှိ ဖြစ်နေတဲ့ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုတွေ၊ အရပ်သားသေဆုံးမှုတွေနဲ့ လူအခွင့်ရေးချိုးဖောက်မှုတွေကို အရင်ဆုံးရပ်တန့်ပြီးမှ ဒီလိုလော်ဘီအဖွဲ့ကို ငှားရမ်းတာမျိုးက ပိုအလုပ်ဖြစ်နိုင်တယ်'' လို့ မှတ်ချက်ပြုပါတယ်။

ဒါတင်မက စစ်တပ်ဟာ သူ့ပုံရိပ်ကောင်းဖို့ထက် အမေရိကန်အစိုးရက ထိန်းသိမ်းထားတဲ့ ဒေါ်လာ ၁ ဘီလျံကို ပြန်လည်ရရှိဖို့ ကြိုးစားတာလည်းပါဝင်နိုင်တယ်လို့ ပြောပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ အမေရိကန်ဘဏ်တွေမှာ ရှိတဲ့ မြန်မာအစိုးရရဲ့ ဘဏ္ဍာငွေတစ်ဘီလျံ ကို အမေရိကန်အစိုးရက ထိန်းသိမ်းထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစိုက်မတ်မတ်ထုတ်ဖော်တဲ့ Fortify Rights အဖွဲ့က လူ့အခွင့်အရေးတာဝန်ခံ ကိုစိုင်းအာကာက ''ဒီလိုလော်ဘီငှားရမ်းမှုဟာ အလွန်စိုးရိမ်စရာကောင်းတယ်'' လို့ သုံးသပ်ပါတယ်။

'' သမ္မတ ထရမ့် ကိုယ်တိုင်က မြန်မာမှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စိတ်ဝင်စားကြောင်း ပြသထားတာ မရှိသလို ဒီလော်ဘီအဖွဲ့ကလည်း စစ်တပ်ရဲ့ လုပ်ရပ်တွေကို မသိနိုင်အောင် ဘယ်လို နားဝင်အောင်ချပြမလဲ ဆိုတာကို မသိနိုင်လို့ပဲ''

ရှေ့က ဥပမာတွေ

မြန်မာစစ်သမီးများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံရေးပဋိပက္ခများကို လေ့လာသုတေသနပြုသူ (Environmental Politics) ဦးဝင်းမျိုးသူကတော့ မြန်မာစစ်တပ်ပေးငှားတဲ့ ငွေပမာဏက lobby firm တွေအတွက် အသေးအဖွဲသာဖြစ်တယ်လို့ ကောက်ချက်ချပါတယ်။

''လုပ်စား lobby firm တွေက သူတို့ရဲ့ အလုပ်အပ်သူကို ထင်ယောင်ထင်မှား မလိမ့်တပတ်တွေနဲ့ လုပ်စားနေကျပါ။ ငှားတဲ့သူတွေက လည်း အိမ်ဖြူတော်က မူဝါဒအပြောင်းအလဲထက် ရသေ့စိတ်ဖြေ ဘယ်လို ဆက်ဆံရေးဗျူဟာတွေနဲ့ နိုင်ငံတကာ ဖိအားလျော့အောင် လုပ်လိုက်ပြီဆိုတာ အစည်းအဝေးမှာ အရသာခံပြီးပြောဖို့ သက်သက်လောက်ပါပဲ'' လို့ သူ့အမြင်ကို ပြောပါတယ်။

DCI Group ကို ပထမအရစ်ငွေပေးချေမှုအနေနဲ့ မြန်မာစစ်တပ်က အမေရိကန်ဒေါ်လာ ၁.၅ သန်းကို ဇူလိုင်လ ၃၁ ရက်နေ့မှာ ပေးချေခဲ့တယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

အမေရိကန်က ၂၀၂၃ ခုနှစ် ဇွန်လတုန်းက အဲဒီအချိန်က စစ်ကောင်စီရဲ့ နိုင်ငံခြားငွေအဓိက စီးဆင်းလည်ပတ်နေတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို အရေးယူပိတ်ဆို့ထားပါတယ်။

အမေရိကန်ရဲ့ လက်ရှိအချိန် အထိ ပိတ်ဆို့ကန့်သတ်မှုကြောင့် ဒီဘဏ်နှစ်ခုရဲ့ ဒေါ်လာ အဝင်အထွက်ဟာ လုံးဝ ရပ်တန့်ခဲ့ပြီဖြစ်လို့ အခု DCI လော်ဘီအဖွဲ့ကို ငှားရမ်းခ ပေးချေမှုက မေးခွန်းထုတ်စရာဖြစ်ပါတယ်။

''များ​သောအားဖြင့် တချို့ခရိုနီ​တွေက စစ်တပ်ကို သူတို့လုပ်ပေးကြောင်းပြချင်တော့ သူတို့ရဲ့ နိုင်ငံတကာ အဆက်အသွယ်တွေက​နေတဆင့်​ စစ်တပ်အတွက် ငွေ​ပေး​ချေပေးကြတာ များပါတယ်'' လို့ ဦးဝင်းမျိုးသူက ကောက်ချက်ချပါတယ်။

ဦးဝင်းမျိုးသူက မြန်မာစစ်တပ်ရဲ့ ဒီလော်ဘီငှားရမ်းမှုကနေ ကြီးကြီးမားမားအကျိုးမရနိုင်ဘူးဆိုတဲ့ သဘောထားအမြင်ရှိသူပါ။

''ဘာတွေ ရလဒ်ရမလဲဆိုရင်တော့ နိုင်ငံတကာ မီဒီယာထဲ မှာ ဘယ်တက္ကသိုလ်က ဘယ် think tank (အကြံပေး) ဆိုတဲ့ ပညာရှင် ရေးတဲ့ Op-Ed (ပုဂ္ဂလိကသုံးသပ်ချက်) တစ်စောင်၊ နှစ်စောင်ထွက်လာမယ်။ မြန်မာကို ထိ​တွေ့မဆက်ဆံရင် China Orbit (တရုတ်ရဲ့ ကမ္ဘာပတ်လမ်း) ထဲကိုကျသွားမယ်''

''ဒါ​ကြောင့် engage (စေ့စပ်) လုပ်ရမယ်၊ ပထဝီဝင်နိုင်ငံရေးနဲ့ နိုင်ငံရေးဘောဂဗေဒ အစရှိတဲ့ လူရှိန်မဲ့ သီအိုရီ​တွေ အဆို​တွေ ဖြစ်ရပ်တွေ ပါ​ကောင်းပါမှာ​ပေါ့'' လို့ သူက ပြောပါတယ်။

မြန်မာစစ်တပ်အတွက် အကျိုးမရှိနိုင်ဘူးဆိုတဲ့ သူ့ရဲ့ အမြင်က ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး က​နေဒါ lobby firm Dickens and Madson က အစ္စ​ရေးသူလျှို​ဟောင်း Ari Ben Menashe ကို ဒေါ်လာ ၂ သန်း​ပေးပြီး ငှားတဲ့အ​ကြောင်းကို ဥပမာပေးပါတယ်။

အဲဒီတုန်းက စာချုပ်မှာ လက်မှတ်ထိုးသူက ဗိုလ်ချုပ်ကြီးမြထွန်းဦး ဖြစ်ပါတယ်။ နောက်ဆုံး​မှာ အဲဒီ ကန်ထရိုက်စာချုပ်ပျက်သွားတယ်လို့ ဆိုပါတယ်။ အဲဒီကာလက သမ္မတဘိုင်ဒန် လက်ထက်ဖြစ်ပြီး ဆန်ရှင်ချမှတ်ထားမှုက ငွေပေးချေမှုမှာ အဓိကပြဿနာတစ်ရပ်ဖြစ်ခဲ့ပါတယ်။

''အ​မေရိကန်မှာ Foreign Agents Registration Act (FARA) ဆိုတာ ရှိပါတယ်။ အ​မေရိကန် ဆန်ရှင်ထိထားတဲ့ နိုင်ငံ​တွေအတွက် lobby လုပ်တဲ့ ကုမ္ပဏီ​တွေဟာ ဒီဥပ​ဒေနဲ့ အ​ရေးယူခံရကိန်းရှိပါတယ်'' လို့ သူကဆက်ပြောပါတယ်။

အဲဒီအချက်နဲ့ ပတ်သက်လို့ ဘီဘီစီက လော်ဘီကုမ္ပဏီ DCI ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ "သမ္မတထရမ့် ရဲ့ အမေရိကန်ပထမ မူဝါဒအရ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကို ပြန်လည်ချိန်ညှိနေသလို အမေရိကန်ရဲ့ အရေးပါတဲ့ ဓာတ်သတ္တုနဲ့ သဘာဝအရင်းအမြစ်တွေကို အမေရိကန်လက်လှမ်းမီဖို့ လုံခြုံစေဖို့ဆိုတဲ့ အချက်နဲ့ ဆက်နွှယ်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ဖို့အတွက်မြန်မာနိုင်ငံကို ကူညီဆောင်ရွက်ပေးရတာကို ဝမ်းမြောက်မိပါတယ်'' လို့ DCI က ပြန်လည်ဖြေကြားတဲ့အထဲ ထည့်ဖြေဆိုပါတယ်။

DCI အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်း ဒါမှမဟုတ် အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံခြင်းကို တားမြစ်ထားတဲ့ အချက် အပါအဝင် သက်ဆိုင်ရာ အမေရိကန် ဥပဒေအားလုံးကို လိုက်နာနေပါတယ်လို့ သာ တုံ့ပြန်ပြီး မြန်မာ စစ်ကော်မရှင်ကို အလုပ်လက်ခံမှု အပေါ် တိတိကျကျပြောတာမရှိပါဘူး။

စိုးရိမ်ချက်တွေဆက်ရှိနေ

တစ်ကမ္ဘာလုံးကို အခွန်တိုးကောက်တဲ့ သမ္မတထရမ့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တစ်ကမ္ဘာလုံးကို အခွန်တိုးကောက်တဲ့ သမ္မတထရမ့်

ပြီးခဲ့တဲ့ ဇူလိုင်မှာ ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်ကစပြီး မြန်မာကနေ အမေရိကန်ကို တင်ပို့တဲ့ ပို့ကုန်တွေအတွက် အခွန် ၄၀ ရာခိုင်နှုန်း‌ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို စာပို့ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကလည်း အမေရိကန်နဲ့ ညှိနှိုင်းဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ စေလွှတ်လိုကြောင်း အကြောင်းပြန်စာပို့ခဲ့ပါတယ်။

အဲဒီနောက်ရက်မှာပဲ မြန်မာက စစ်အာဏာသိမ်းမှုနဲ့ ဆက်နွှယ်တဲ့ မြန်မာစစ်တပ်မိတ်ဖက်စီးပွားရေး သမားလေးဦးက အမေရိကန်ရဲ့စီးပွားရေး ပိတ်ဆို့မှုစာရင်းကနေ ပယ်ဖျက်ခံခဲ့ရပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာစစ်တပ်၊ စစ်ကောင်စီတို့နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေအပါအဝင် လေယာဉ်ဆီရရှိရေးကို ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်နိုင်ဖို့ရည်ရွယ်တဲ့ ဥပဒေမူကြမ်း ၃ ခုကို အမေရိကန်လွှတ်တော်ရဲ့ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုကော်မတီက ဇူလိုင် ၂၂ ရက် တစ်ရက်တည်းမှာ အတည်ပြုလိုက်ပါတယ်။

အဲဒီ ဥပဒေမူကြမ်း ၃ ခုကတော့ BRAVE မြန်မာဥပဒေကြမ်း၊ မြန်မာ GAP ဥပဒေကြမ်း၊ မြန်မာဘဏ္ဍာရန်ပုံငွေ အသစ်မရနိုင်ရေး ဥပဒေကြမ်း တို့ဖြစ်ပါတယ်။

BRAVE မြန်မာဥပဒေကြမ်းက စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ နိုင်ငံပိုင် လုပ်ငန်းတွေ၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ လေယာဉ်ဆီထောက်ပံ့တဲ့ နိုင်ငံခြားကုမ္ပဏီတွေကို ပိတ်ဆို့မှုတွေ တိုးမြှင့်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

အလားတူ မြန်မာစစ်တပ် အာဏာသိမ်းထားသမျှ ကာလပတ်လုံး မြန်မာနိုင်ငံရဲ့ IMF (အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့) မှာ မဲပေးပိုင်ခွင့်ကို တားဆီးဖို့နဲ့ စစ်ကောင်စီရဲ့ စီးပွားရေးအပေါ် ပံ့ပိုးသူတွေကို ဖိအားပေးကန့်သတ်ဖို့လည်း ပါဝင်ပါတယ်။

ဒီလို အခြေအနေတွေ ဆက်တိုက်ဖြစ်ခဲ့ချိန်မှာပဲ မြန်မာစစ်တပ်အပေါ်ထားတဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒမပြောင်းလဲဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဘီစီကို နှစ်ကြိမ်တိုင် ဖြေကြားခဲ့ပါတယ်။

ဒါပေမဲ့ ထရမ့်ရဲ့ အမေရိကန်သာ ပထမ မူဝါဒ ဖြစ်တဲ့ သူ့အကျိုးစီးပွားနဲ့ယှဥ်တဲ့ မက်လုံးပေးမှုမျိုးကိုသာ မြန်မာစစ်တပ်လော်ဘီတွေကတစ်ဆင့် ကမ်းလှမ်းနိုင်ရင် ဒီမူဝါဒဟာ ပြောင်းကောင်းပြောင်းနိုင်တယ်ဆိုပြီး တွေးဆချက်တွေလည်းရှိနေပါတယ်။