စစ်ကောင်စီအပြောင်းအလဲ - ယုံကြည်စိတ်ချရသူတွေကို ဗိုလ်ချုပ်မှူးကြီးဝန်းရံ

ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း တစ်ခုမှာတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း တစ်ခုမှာတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရှေ့ဆက်သွားမယ့် အရေးပေါ်ကာလ ခြောက်လ သက်တမ်းအတွက် စစ်ကောင်စီ နဲ့ အစိုးရအဖွဲ့ ကို အပြောင်းအလဲ တချို့လုပ်ခဲ့ပါတယ်။

ပြည်ထောင်စုတရားသူကြီးချုပ်လို တရားရေးမဏ္ဍိုင်ရဲ့ အကြီးအကဲအပြောင်းအလဲ ဖြစ်ခဲ့သလို အရေးကြီးတဲ့ထိပ်တန်းရာထူး ဒါဇင်နဲ့ ချီ အပြောင်းအလဲလုပ်ခဲ့တာ ဖြစ်ပါတယ်။

အပြောင်းအလဲတွေကို ဆန်းစစ်ကြည့်လိုက်ရင် အသစ်ခန့်တာနည်းပါးပြီး ဌာန ချင်း ရွှေ့ပြောင်းတာက ပိုများနေတာ တွေ့ရပါတယ်။

ဒါပေမဲ့ စစ်ကောင်စီအစိုးရအဖွဲ့ရဲ့ လူစာရင်းအရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူယုံကြည်စိတ်ချရသူတွေကိုပဲ ဝန်းရံထားတာကို တွေ့ရမှာဖြစ်ပါတယ်။

အရေးကြီးတဲ့ရာထူးတွေ အပြောင်းအရွှေ့ဖြစ်

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်

ဓာတ်ပုံ ရင်းမြစ်, MRTV

ဓာတ်ပုံ ပုံစာ, ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်

အစိုးရအဖွဲ့ထဲမှာ အကြီးဆုံးအပြောင်းအလဲက ကာကွယ်ရေးဝန်ကြီး နဲ့ ပြည်ထဲရေးဝန်ကြီးအပြောင်းအလဲတွေဖြစ်ပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နေရာတွေလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ကာကွယ်ရေးဝန်ကြီးအသစ်က လူသစ်တစ်ယောက် မဟုတ်ဘဲ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်(ရေ)ဟောင်းလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းဟာ အာဏာသိမ်းပြီးကတည်းက ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးနေရာမှာ ရှိနေခဲ့ပေမဲ့ မိုခါပြန်လည်ထူထောင်ရေးမှာ စစ်ခေါင်းဆောင်သဘောကျအောင် လုပ်ပြနိုင်ခဲ့လို့ အခုလို နေရာကောင်းကို ရွှေ့လိုက်တာလို့ စစ်ရုံးက လာတဲ့ သတင်းတွေက ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဗိုလ်ချုပ်ကြီး တင်အောင်စန်းရဲ့ ပို့ဆောင်ရေး နဲ့ ဆက်သွယ်ရေး ဝန်ကြီးနေရာကို ပြောင်းရွှေ့ခံရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နောက်ထပ်အရေးကြီးတဲ့ အပြောင်းအလဲ တစ်ခုက ပြည်ထဲရေးဝန်ကြီးနေရာဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းတွေပဲတောက်လျှောက်လုပ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် က ပြည်ထဲရေးဝန်ကြီးသစ် ဖြစ်လာပါတယ်။

ပြည်ထဲရေးဝန်ကြီးသစ်ဟာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ အပတ်စဉ်တူညီပြီး စစ်တက္ကသိုလ်အပတ်စဉ် (၂၂) ဆင်း ဖြစ်ပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ရင်းနှီးသူလို့ လူသိများတဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ နဲ့ လည်း အပတ်စဉ်တူပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြည်ထဲရေးဝန်ကြီးဖြစ်တုန်းက ဒုတိယဝန်ကြီးချုပ် ရာထူးကိုပါ ပူးတွဲခန့်အပ်ခဲ့ပေမဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကိုတော့ ပြည်ထဲရေးဝန်ကြီးအဖြစ်ပဲ သီးသန့်တာဝန်ပေးပြီး ဒုတိယဝန်ကြီးချုပ် ရာထူးကို ပေးမထားပါဘူး။

စစ်ခေါင်းဆောင်ဟာ ပြည်ထဲရေးဝန်ကြီးဌာနကို သူယုံကြည်စိတ်ချရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ကို ကြိုတင်ပြောင်းရွှေ့ခဲ့ပြီး ရဲချုပ် ရာထူးပေးခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)ရဲ့ ဝန်ကြီး ဖြစ်လာပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြည်ထဲရေးဝန်ကြီးကနေ ဖယ်ရှားခံရမယ့်အကြောင်း သတင်းတွေကြိုထွက်ခဲ့ပြီး အမှန်တကယ်လည်း ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်

ဓာတ်ပုံ ရင်းမြစ်, MOHA

ဓာတ်ပုံ ပုံစာ, ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ကို ကျန်းမာရေးမကောင်းတဲ့အတွက် တာဝန်များပြားတဲ့ ပြည်ထဲရေးဝန်ကြီးတာဝန်ကနေ ပြောင်းလိုက်တာလို့ လူသိများပေမယ့် မိုခါ ပြန်လည်ထူထောင်ရေးမှာ ကွပ်ကဲနိုင်မှုအားနည်းလို့ ဖယ်ရှားတာလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

‘’ဦးစိုးထွဋ်၊ ဦးကိုကိုလှိုင် နဲ့ ဒေါ်သက်သက်ခိုင်တို့ သုံးယောက်လုံး အရွှေ့ခံရတာကိုကြည့်ရင် မိုခါပြန်လည်ထူထောင်ရေးမှာ စိတ်တိုင်းမကျခဲ့ပုံရတယ်။ တကယ်လည်း နိုင်ငံတကာအကူအညီတွေ နှောင့်နှေးခဲ့ရတာပဲလေ’’ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ကိုရွှေ့လိုက်ပါတယ်။

NLD အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနအတွက် ဝန်ကြီးအသစ်ခန့်အပ်တာတော့ မတွေ့ရပါဘူး။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြည်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာသက်သက်ခိုင် က ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ယူရမှာပါ။

ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးနေရာဟာ အလှုပ်ခတ်ဆုံးနေရာဖြစ်ပြီး နှစ်နှစ်ကျော်အတွင်း ဝန်ကြီး လေးယောက် ပြောင်းလဲပြီးလည်း ဖြစ်ပါတယ်။

အနားပေးခံရတဲ့ ဝန်ကြီးတွေထဲ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကိုကို က မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး ရေစက်ချပွဲ ပြီးမှ အချိန်ကိုက် ဖယ်ရှားခံရလို့ စိတ်ဝင်စားမှု များပြားခဲ့ပါတယ်။

ည ရှစ်နာရီသတင်းမှာ သူအနားပေးခံရတဲ့ သတင်းပါလာပြီး အဲဒီညနေခင်းအထိ အနားပေးခံရမှာကို ကြိုမသိခဲ့ဘူး လို့ ဝန်ကြီးဟောင်း ဦးကိုကို ရဲ့ မိတ်ဆွေတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သူ့နေရာကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင် ရောက်လာပါတယ်။

အလုပ်သမားဝန်ကြီးလည်း အနားပေးခံရပြီး အငြိမ်းစားတပ်မတော်အရာရှိတစ်ဦးဖြစ်တဲ့ ဦးမြင့်နောင် ခန့်အပ်ခံရပါတယ်။

‘’ကိုမြင့်နောင်လည်း သူခန့်အပ်ခံရမယ်ဆိုတာ ကြိုမသိခဲ့ဘူး။ ကျွန်တော်တို့ နဲ့ ဂေါက်ရိုက်နေသေးတာ’’ လို့ ဝန်ကြီးသစ်ရဲ့ မိတ်ဆွေက ပြောပါတယ်။

ဒါ့အပြင် လျှပ်စစ်ဝန်ကြီး နဲ့ စွမ်းအင်ဝန်ကြီး တွေလည်း အနားပေးခံရပါတယ်။ သူတို့ နှစ်ဦးဟာ လျှပ်စစ် နဲ့ စွမ်းအင်ကဏ္ဍအတွက် ရုရှား နဲ့ တရုတ်ကို အကြိမ်ကြိမ်သွားထားပြီးမှ အရေးပါတဲ့ နေရာကနေ ရုတ်တရက် ဖယ်ရှားခံရတာ ဖြစ်ပါတယ်။

 နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ

ဓာတ်ပုံ ရင်းမြစ်, MUN

ဓာတ်ပုံ ပုံစာ, နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ

ဝန်ကြီးအပြောင်းအလဲတွေကြား ရှေ့ရောက်လာသူတစ်ဦးကတော့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ဖြစ်ပြီး ဒုတိယဝန်ကြီးချုပ်ပါ တိုးမြှင့်ခန့်ထားခြင်းခံရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ရောက်လာတာ၊ ထိုင်းနိုင်ငံနဲ့ ပေါင်းပြီး နိုင်ငံတကာမျက်နှာစာမှာ ဝင်ဆန့်အောင်ကြိုးစားခဲ့တာတွေက ဦးသန်းဆွေ တာဝန်ယူပြီးချိန်မှာ ပေါ်ပေါက်လာတဲ့ စစ်ကောင်စီရဲ့ သံတမန်အခင်းအကျင်းတွေ ဖြစ်ပါတယ်။

စီးပွားရေးပိတ်ဆို့မှုတွေ ခံနေရတဲ့ စစ်ကောင်စီဟာ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေဖြစ်တဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်၊ စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးအောင်နိုင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော် နဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ကို မပြောင်းလဲဘဲ အထိုင်ဆက်ထားတာ တွေ့ရပါတယ်။

ပြည်ထောင်စုအဆင့်အပြောင်းအလဲတွေ

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး

ဓာတ်ပုံ ရင်းမြစ်, CT

ဓာတ်ပုံ ပုံစာ, ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး

ပြည်ထောင်စုတရားသူကြီးချုပ်ရာထူးမှာ ၁၂ နှစ်ကျော်ကြာနေခဲ့တဲ့ ဦးထွန်းထွန်းဦး အနားယူသွားပြီး သူ့နေရာကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌ ဦးသာဌေးက ဆက်ခံပါတယ်။

ဦးသာဌေး က ဦးထွန်းထွန်းဦး လိုပဲ စစ်ဥပဒေချုပ်ရုံးက လာခဲ့သူဖြစ်ပြီး စစ်ကိုင်းဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်သာအေး ရဲ့ ညီအရင်း တော်စပ်သူ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ ပြည်ထောင်စုတရားသူကြီးချုပ် ဟာ ဒုတိယသမ္မတ အဆင့်နဲ့ တူညီတာဖြစ်လို့ အာဏာသိမ်းပြီးနောက် ကြီးမားတဲ့အပြောင်းအလဲ တစ်ခုလည်း ဖြစ်ပါတယ်။

လစ်လပ်သွားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌ နေရာကို ပြည်ထောင်စုတရားလွှတ်တော်တရားသူကြီး ဦးအောင်ဇော်သိန်း ခန့်အပ်ခံရပါတယ်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဟိုတယ်/ခရီး ဝန်ကြီးဟောင်း ဦးအောင်သော် ခန့်အပ်ခံရပါတယ်။

အငြိမ်းစားသံအမတ်ကြီး ဦးပေါ်လွင်စိန် က လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌအသစ် ဖြစ်လာပြီး NLD အစိုးရလက်ထက်က လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်ဟောင်းလည်း ဖြစ်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ အသစ် ဦးစစ်အေး ဖြစ်လာပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ အကြံပေးဟောင်း ဖြစ်ပါတယ်။

ပြည်ထောင်စုစာရင်းစစ်ချုပ်အသစ်က ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာဒေါ်ခင်နိုင်ဦး ဖြစ်လာပါတယ်။

အစိုးရအဖွဲ့ထဲက စစ်ခေါင်းဆောင်ရဲ့လူတွေ

စစ်ကောင်စီအစိုးရအဖွဲ့

ဓာတ်ပုံ ရင်းမြစ်, ss

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီအစိုးရအဖွဲ့

စစ်ကောင်စီအစိုးရအဖွဲ့ရဲ့ နောက်ဆုံးလူစာရင်းအရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူယုံကြည်စိတ်ချရသူတွေကိုပဲ နေရာပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

သူနဲ့ အတူ စစ်တက္ကသိုလ်အပတ်စဉ်(၁၉) ဆင်းသူတွေကို နေရာပေးထားတာတွေ့ရပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဦးလှမိုး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဦးတင်ဦးလွင် နဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော် တို့ ဖြစ်ကြပါတယ်။

ဒေါ်သက်သက်ခိုင် ရဲ့ နေရာကို ရောက်လာတဲ့ ဒေါက်တာ စိုးဝင်း ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကျန်းမာရေးကို တာဝန်ယူပေးခဲ့ဖူးတဲ့ လူရင်းတစ်ဦးဖြစ်ပါတယ်။

သူ့ကို ဒုဝန်ကြီးတစ်နေရာ အရင်ပေးပြီးမှ တစ်လ မပြည့်ခင်မှာပဲ ဝန်ကြီးနေရာကို ဆွဲတင်လိုက်တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ အထူးယုံကြည်စိတ်ချရသူဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ဟာ ဝန်ကြီး ဌာနလက်ကိုင်မရှိဘဲ စစ်ခေါင်းဆောင်ရဲ့အကြံပေးအဖြစ်နဲ့ ဝန်ကြီးဌာန အင်္ဂါစဉ်မှာ ၁၁ ယောက်မြောက် နေရာပေးထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အကြံပေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး က စစ်ဘက်ရာထူးကနေ အနားပေးခံရပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အကြံပေးအဖွဲ့ ကို ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ဦးဆောင်လာမယ်လို့ သုံးသပ်မှုတွေ ရှိနေတာပါ။

စစ်ခေါင်းဆောင်ရဲ့ အကြံပေးတစ်ဦး ဖြစ်တဲ့ ဦးစစ်အေး ကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဖြစ်လာပါတယ်။

စစ်ကောင်စီ မှာရော စစ်ကောင်စီ ရဲ့ အစိုးရအဖွဲ့မှာပါ အဓိကကျတဲ့ ထိပ်တန်းရာထူးတွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေကပဲ နေရာယူထားပါတယ်။

ကျန်တဲ့နေရာတွေကိုတော့ စစ်ခေါင်းဆောင်ယုံကြည်စိတ်ချရတဲ့ အငြိမ်းစားတပ်အရာရှိတွေ နဲ့ ဝန်းရံထားပါတယ်။

ဒါကြောင့် အစိုးရအဖွဲ့ထဲမှာ အရပ်သား ဝန်ကြီးက လက်ချိုးရေလို့ ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

စစ်ကောင်စီအစိုးရအဖွဲ့ထဲက အမျိုးသမီး ငါး ဦး

ဒေါက်တာသက်သက်ခိုင်

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ဒေါက်တာသက်သက်ခိုင်

စစ်ကောင်စီ နဲ့ အစိုးရအဖွဲ့ထဲ အရပ်သားပါဝင်မှု နည်းသလို အမျိုးသမီးပါဝင်မှုကလည်း အတော်နည်းပါးပါတယ်။

စစ်ကောင်စီ နဲ့ အစိုးရအဖွဲ့ထဲမှာ ပြည်ထောင်စုအဆင့် ရာထူး ၆၀ ကျော်အထိ ရှိပြီး အမျိုးသမီးက ၅ ဦးပဲ ပါဝင်တာ တွေ့ရပါတယ်။

စစ်ကောင်စီဝင်တွေထဲမှာ အမျိုးသမီးတစ်ဦးတည်း ပါဝင်ပြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဒွဲဘူ ဖြစ်ပါတယ်။

အစိုးရအဖွဲ့ နဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေထဲမှာတော့ လေးဦး ပါဝင်ပြီး လူသိများတဲ့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာသက်သက်ခိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ နဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်အသစ် ဒေါက်တာဒေါ်ခင်နိုင်ဦး တို့ပဲ ဖြစ်ပါတယ်။

ဒုဝန်ကြီးအဆင့်ထဲမှာ ဆိုရင်လည်း အမျိုးသမီးက ၄ ဦး ပဲ ပါဝင်ပြီး ဒုတိယ စာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဒုဝန်ကြီး ဒေါ်နုမြဇံ၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဒုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါ်သန်းသန်းလင်းတို့ပဲ ဖြစ်ပါတယ်။

နိုင်ငံ‌ရေး အကဲခတ်တွေကတော့ စစ်ကောင်စီ ရဲ့ လူစာရင်းဟာ လူသစ်ခန့်တာထက် ဌာနချင်းပြောင်းရွှေ့တာများနေတာကို ကြည့်လိုက်ရင် လူရှာရခက်နေတာကို ပြ နေတယ်လို့ ပြောကြပါတယ်။

‘’အရည်အချင်းထက် ယုံကြည်ရတဲ့လူ၊ သစ္စာခံမယ့် လူတွေ ရွေးထားတာ သိသာပါတယ်။’’ လို့ ဝန်ကြီးဟောင်းတစ်ဦးက ပြောပါတယ်။