ပြည်ထောင်စုတရားသူကြီးချုပ် ဘာကြောင့် အနားယူသလဲ

ဓာတ်ပုံ ရင်းမြစ်, SCM
စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ် အကူးအပြောင်းကာလ ၂၀၁၁ ခုနှစ်မှာ ပြည်ထောင်စုတရားသူကြီးချုပ်ဖြစ်ခဲ့တဲ့ ဦးထွန်းထွန်းဦးဟာ ဒီမိုကရေစီအစိုးရဆီကနေ စစ်တပ်ကအာဏာသိမ်းထားတဲ့ကာလမှာ ကျန်းမာရေးအကြောင်းပြပြီး အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။
စစ်အစိုးရအောက်မှာ နှစ်ပေါင်းများစွာတည်ရှိခဲ့တဲ့ မြန်မာနိုင်ငံက တရားရေးမဏ္ဍိုင်ဟာ တရားမျှတမှုနဲ့ပတ်သက်လို့ အမြဲတစေမေးခွန်းအထုတ်ခံခဲ့ရပေမယ့် ၂၀၁၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲမှာတော့ ပြန်လည် အဖတ်ဆယ်ခွင့်ရခဲ့ပြီး ဦးထွန်းထွန်းဦးက ဦးဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းမှုအောက်ပြန်ရောက်သွားချိန်မှာ တရားရုံးတွေဟာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သား အစိုးရအဖွဲ့ဝင်တွေနဲ့ အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်သူတွေကို ပြန်တရားစီရင်နေတဲ့နေရာကို ရောက်သွားကြရပါတယ်။
ဒီလိုကာလမှာပဲ တရားရုံးအဆင့်ဆင့်ရဲ့ တာဝန်အရှိဆုံးသော ပြည်ထောင်စုတရားသူကြီးချုပ်က အနားယူသွားတာပဲ ဖြစ်ပါတယ်။
အနားယူတာလား အနားပေးခံရတာလား

ဓာတ်ပုံ ရင်းမြစ်, SCM
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတ နဲ့ လွှတ်တော် ဥက္ကဋ္ဌ တွေရဲ့သက်တမ်းကို ငါး နှစ်စီ သတ်မှတ်ထားပေမယ့် ပြည်ထောင်စုတရားသူကြီးချုပ် သက်တမ်းကတော့ ထူးခြားပြီး အသက် ၇၀ အထိ ထမ်းဆောင်လို့ရပါတယ်။
နောက်သက်တမ်းမှာ တက်လာမယ့် သမ္မတ နဲ့ လွှတ်တော်ဥက္ကဋ္ဌတွေက တရားရေးမဏ္ဍိုင်အပေါ် လွှမ်းမိုးမှုမရှိအောင် ဒီအချက်ကို ထည့်သွင်းထားတာလို့ အမျိုးသားညီလာခံမှာပါဝင်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောပါတယ်။
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေးမဏ္ဍိုင် သုံးရပ်ကို တတ်နိုင်သမျှပိုင်းခြားပြီး အပြန်အလှန် ထိန်းကျောင်းရမယ် လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ ပြဋ္ဌာန်းထားတဲ့အကြောင်း အဲဒီ ကိုယ်စားလှယ်က ကိုးကား ပြောဆိုပါတယ်။
ဒါကြောင့် တရားရေးမဏ္ဍိုင်ရဲ့ အကြီးအကဲ ဖြစ်တဲ့ ဦးထွန်းထွန်းဦးဟာ သမ္မတ ဦးသိန်းစိန်လက်ထက် မှာရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာပါ ပြည်ထောင်စုတရားသူကြီးချုပ် ဖြစ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ လက်ထက်အထိ ဆက်လက်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ၁၉၅၆ ခုနှစ်မှာမွေးဖွာခဲ့တဲ့ ဦးထွန်းထွန်းဦး က အသက် ၇၀ မပြည့်သေးပါဘူး။
ဒါကြောင့် ဦးထွန်းထွန်းဦးဟာ တကယ်ပဲ ကျန်းမာရေးအရ အနားယူတာလား အနားပေးခံရတာလား ဆိုတာကို တရားရေးအသိုင်းအဝိုင်းမှာရော နိုင်ငံရေးအသိုင်းအဝိုင်းမှာပါ စိတ်ဝင်စားခဲ့ကြပါတယ်။
ဘီဘီစီရဲ့ စုံစမ်းမှုအရ ‘’ဦးထွန်းထွန်းဦးဟာ ဧပြီလ ကတည်းက အနားယူဖို့ စာတင်ခဲ့တယ်’’ လို့ သိရပါတယ်။
သူအနားယူသွားတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ပြည်ထောင်စုတရားသူကြီးချုပ် တစ်ယောက် ပထမဆုံး အနားယူသွားတာလည်း ဖြစ်ပါတယ်။
ဦးထွန်းထွန်းဦး ဘယ်လိုလူလဲ

ဓာတ်ပုံ ရင်းမြစ်, MPO
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးမှာ အဓိကကျသူတစ်ဦးဖြစ်တဲ့ တရားသူကြီးချုပ် ဦးအောင်တိုးရဲ့နေရာကို ဒုတိယတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ဆက်ခံခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ယုံကြည်အားကိုးရသူ တရားသူကြီးချုပ် ဦးအောင်တိုးကလည်း သက်တော်ရှည် တရားသူကြီးချုပ်ဖြစ်ပြီး ရာထူးမှာ နှစ်ပေါင်း ၂၀ ကျော်မြဲခဲ့သူ ဖြစ်ပါတယ်။
ဦးထွန်းထွန်းဦးကလည်း ၂၀၁၁ ခုနှစ်၊ မတ်လကစလို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရဲ့ ပြည်ထောင်စုတရားသူကြီးချုပ် ဖြစ်လာလို့ ၁၂ နှစ်ကျော် တာဝန်ယူခဲ့သူဖြစ်ပါတယ်။
သူဟာ ရန်ကုန်တက္ကသိုလ်ကနေ ဥပဒေ၀ိဇ္ဇာဘွဲ့ B.A. (Law) နဲ့ ဥပဒေဘွဲ့ (LL.B) တို့ကိုရရှိခဲ့ပေမယ့် တပ်မတော်အရာရှိလေ့ကျင့်ရေးကျောင်း ကို တက်ရောက်ခဲ့ပြီး OTS (58) ဆင်း ဖြစ်လာပါတယ်။
စစ်ဥပဒေချုပ်ရုံးမှာ လက်ထောက် စစ်ဥပဒေချုပ်ရာထူးအထိ ၂၅ နှစ် ကျင်လည်ခဲ့ပြီးမှ ၂၀၀၇ ခုနှစ်မှာ ဒုတိယတရားသူကြီးချုပ်အဖြစ် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
သူက စစ်တပ်မှာ ဗိုလ်မှူးကြီးရာထူးအထိပဲ ရောက်ခဲ့ပေမယ့် ၂၀၁၁ နိုင်ငံရေးအပြာင်းအလဲမှာတော့ ပြည်ထောင်စုတရားသူကြီးချုပ် အဖြစ် ပြည်ထောင်စုအင်္ဂါစဉ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အထက်မှာ ရှိနေခဲ့သူဖြစ်ပါတယ်။
‘’အနေအေးတယ်။ သိုသိပ်တယ်။ ဂေါက်သီးရိုက်တာ ဝါသနာပါတယ်’’ လို့ ဦးထွန်းထွန်းဦးနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
မေးခွန်းထုတ်ခံရတဲ့ တရားရေး ချိန်ခွင်လျှာ

ဓာတ်ပုံ ရင်းမြစ်, SCM
ဦးထွန်းထွန်းဦး လက်ထက်မှာ တရားစီရင်ရေးမဏ္ဍိုင်က ပြောင်းလဲတိုးတက်မှုတွေရှိခဲ့တာ ငြင်းမရဘူးလို့ ဦးအောင်တိုးလက်ထက်ကတည်းက တရားသူကြီးလုပ်ခဲ့တဲ့ လုပ်သက် ၁၅ နှစ်ဝန်းကျင်ရှိတဲ့ တရားသူကြီးတစ်ဦးက ပြောပါတယ်။
ပုံမှန်အချိန်မှာ တရားစီရင်ရေးဟာ လွတ်လပ်မျှတကောင်းမျှတနိုင်ပေမယ့် အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ထိပ်တိုက်တွေ့လာတဲ့အချိန်မှာ မလွန်ဆန်နိုင်ခဲ့တာတွေ ရှိတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။
‘’ ဒေါ်အောင်ဆန်းစုကြည်အမှုတွေကို အမိန့်ချတာ ကြည့်ရင် တရားရေးရဲ့အခြေအနေကို အလွယ်တကူသိနိုင်ပါတယ်။’’ လို့ ရှေ့နေတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ အာဏာမသိမ်းခင်ကတည်းက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ပတ်သက်တဲ့အမှုတွေမှာ တရားရုံးတွေကမလွတ်လပ်ခဲ့ဘူး လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောပါတယ်။
‘’ဦးဆန်းဆင့် အမှု ၊ ဦးဖြိုးမင်းသိန်းအမှု၊ ရိုက်တာ အမှုတွေပြန်ကြည့်ပါ ’’ လို့ သူက ပြောပါတယ်။
စစ်အာဏာသိမ်းမှုအောက်ပြန်ရောက်သွားချိန်မှာတော့ တရားရုံးအဆင့်ဆင့်ဟာ စစ်ကောင်စီကို လုံးဝ မလွန်ဆန်နိုင်တော့ဘူးလို့ တရားရေးနဲ့ ဥပဒေအသိုင်းအဝိုင်းက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ သေဒဏ်ကို ပြန်လည်စီရင်တဲ့ ကိစ္စကို တရားရေးအသိုင်းအဝိုင်းကိုယ်တိုင် ထိတ်လန့်တုန်လှုပ်ရတဲ့အကြောင်း အထက်ပါတရားသူကြီးက ပြောပါတယ်။
‘’ဦးထွန်းထွန်းဦးလည်း စိတ်ညစ်မှာပဲလေ။ ထွက်ချင်မှာပေါ့။’’ လို့ သူက ပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီ ယန္တရားဆက်လက်လည်ပတ်ရေးမှာ တရားရေးမဏ္ဍိုင်ကလည်း ပါဝင်နေလို့ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးမှာ လည်း တာဝန်ရှိတယ်လို့ ဝေဖန်ကြသူတွေလည်း ရှိနေပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီရေးကို ပျက်ပြားစေတဲ့အကြောင်းပြချက်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် လူပုဂ္ဂိုလ် ၁၉ ဦးကို ဥရောပသမဂ္ဂ အရေးယူခဲ့ပါတယ်။
အဲဒီထဲမှာ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး လည်း ပါဝင်နေတာဖြစ်ပါတယ်။








