စစ်ကောင်စီ အပြောင်းအလဲ စစ်တပ်ကလူဟောင်းတွေလွှမ်းမိုးထား

ဓာတ်ပုံ ရင်းမြစ်, cincds
အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက အရေးပေါ်ကာလကို နောက်ထပ် ခြောက်လသက်တမ်းတိုးပေးပြီးတဲ့နောက် ဖေဖော်ဝါရီ ၁ ရက် ကစလို့ စစ်ကောင်စီ နဲ့ အစိုးရအဖွဲ့အတွင်းမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
စစ်ကောင်စီကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်သားကောင်စီဝင်တွေက အပြောင်းအလဲမရှိ ဆက်လက်ချုပ်ကိုင်ထားပြီး အရပ်ဘက် ကောင်စီဝင် အများအပြားကိုတော့ စစ်ကောင်စီရဲ့ဗဟိုအကြံပေးအဖွဲ့ဝင်တွေအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ကိုလည်း ဒုတိယဝန်ကြီးချုပ်ရာထူးအသစ် ၄ နေရာ ဖန်တီးထားတာတွေ့ရပြီး ဝန်ကြီးတချို့နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ် တချို့လည်းအပြောင်းအလဲဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီရဲ့အပြောင်းအလဲမှာ ဗိုလ်ချုပ်ကြီးတွေနဲ့ အငြိမ်းစားတပ်မတော်အရာရှိအများစုကပဲ လွှမ်းမိုးထားတာ တွေ့ရပါတယ်။
ကောင်စီထဲက အပြောင်းအလဲ

ဓာတ်ပုံ ရင်းမြစ်, cincds
သက်တမ်း ၂ နှစ်ပြည့်ပြီဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထဲက အရပ်သားကောင်စီဝင်ဟောင်းတွေအဖြစ် မန်းငြိမ်းမောင်နဲ့ ဦးရွှေကြိမ်း ပဲ ကျန်ခဲ့ပြီး ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေနဲ့ ဒေါ်အေးနုစိန် အပါအဝင် စစ်ကောင်စီထဲက နိုင်ငံရေးသမား ၇ ဦးကို စစ်ကောင်စီရဲ့ဗဟိုအကြံပေးအဖွဲ့ဝင်တွေအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ပါတယ်။
ပြည်ထောင်စုရာထူးဝန်ဥက္ကဋ္ဌ ဦးမောင်မောင်နိုင်လည်း ဗဟိုအကြံပေးအဖွဲ့ကို ပြောင်းရွှေ့ခံရပြီး တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဟောင်း ဦးစောထွန်းအောင်မြင့်က အဖွဲ့ခေါင်းဆောင်ဖြစ်လာပါတယ်။
စစ်ကောင်စီအဖွဲ့ဝင်အသစ် ၉ ဦး ထပ်ခန့်လိုက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမောင်ကို၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်း တို့ ပါဝင်လာပါတယ်။
စစ်ကောင်စီအဖွဲ့ဝင်အသစ်တွေထဲ ကချင်တိုင်းရင်းသူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဒွဲဘူလည်းပါဝင်လာပြီး တစ်ဦးတည်းသော အမျိုးသမီးကောင်စီဝင်ဖြစ်ပါတယ်။
တပ်ချုပ်နဲ့စစ်တက္ကသိုလ်အမှတ်စဥ်(၁၉)အတူတူဆင်းတဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးကိုကိုနဲ့ ဆွေမျိုးတော်စပ်သူ ဦးရန်ကျော်၊ ကယားပြည်နယ်က ကြံ့ခိုင်ရေးအမတ်ဟောင်း ဦးပိုးရယ်အောင်သိန်း၊ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌဟောင်း ခွန်စံလွင် နဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပူဂင့်ကမ်းလျန် တို့လည်း ကောင်စီဝင်တွေ ဖြစ်လာကြပါတယ်။
ဒုတိယဝန်ကြီးချုပ်တွေဘာကြောင့်ခန့်

ဓာတ်ပုံ ရင်းမြစ်, cincds
အရေးပေါ်ကာလ ၂ နှစ်အတွင်းမှာ စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ကြီးချုပ်အဖြစ် ဦးဆောင်ပြီး ဒုတိယဝန်ကြီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တာဝန်ပေးခဲ့ပါတယ်။
လာမယ့်အရေးပေါ်ကာလ ၆ လအတွက် ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုအစိုးရမှာတော့ ဒုတိယဝန်ကြီးချုပ်ရာထူးအသစ် ၄ နေရာ ဖန်တီးပြီး ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်း နဲ့ တို့နဲ့အတူ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်ကို တာဝန်ပေးခဲ့ပါတယ်။ကာကွယ်ရေးဦးစီးချုပ်(ရေ)ကနေ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ်မှာ ပြောင်းရွေ့ခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းဟာ ဒုဝန်ကြီးချုပ်ဖြစ်လာတာပါ။
ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်ကလည်း တပ်ချုပ်နဲ့ အပတ်စဥ်တူ စစ်တက္ကသိုလ်အမှတ်စဥ်(၁၉)ဆင်းဖြစ်ပြီး ရေတပ်မှာ အရာရှိချုပ်(ရေ)အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ဒုတိယဝန်ကြီးချုပ်အသစ် တွေ ပူးတွဲတာဝန်ယူထားတဲ့ ဝန်ကြီးဋ္ဌာနတွေကိုကြည့်ရင် စစ်ကောင်စီရဲ့ဦးစားပေးအစီအစဥ်ကို သိနိုင်လိမ့်မယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
'လုံခြုံရေးနဲ့တည်ငြိမ်ရေးကို အဓိကထားလုပ်သွားမယ်။ တချိန်တည်းမှာပဲ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်မယ်' လို့ ဒုတိယဝန်ကြီးချုပ်အသစ် တွေ ရဲ့ အခန်းကဏ္ဍကို သူကပြောပြပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ တပ်ဘက်က စစ်ဆင်ရေးတာဝန်တွေကို ပိုပြီးအာရုံစိုက်နိုင်ဖို့အတွက် အစိုးရအဖွဲ့ထဲမှာ ဒုဝန်ကြီးချုပ်ရာထူးတွေ ဖန်တီးလိုက်တာလို့ အစိုးရအဖွဲ့ဝင်ဟောင်း အငြိမ်းစားတပ်မတော်အရာရှိကြီးတစ်ဦးက သုံးသပ်ပါတယ်။
'တပ်ပိုင်းဆိုင်ရာကိစ္စတွေရော အစိုးရအဖွဲ့အလုပ်တွေပါ ဒီလူတွေပဲလုပ်နေရတော့ မနိုင်မနင်းဖြစ်နေတာပေါ့။' လို့ သူကပြောပါတယ်။
ဒုတိယဝန်ကြီးချုပ်အသစ် ဗိုလ်ချုပ်ကြီး ၃ ဦးဟာ စစ်ကောင်စီဝင်တွေလည်းဖြစ်ကြလို့ သမ္မတဦးသိန်းစိန်လက်ထက်က သမ္မတရုံးဝန်ကြီးတွေလို သြဇာကြီးသူတွေ ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမယ်လို့ သူကပြောပါတယ်။
စစ်တပ်ကလူဟောင်းတွေလွှမ်းမိုးထား

ဓာတ်ပုံ ရင်းမြစ်, cincds
နိုင်ငံတကာဖိအားတွေခံနေရတဲ့ စစ်ကောင်စီရဲ့ အရေးကြီးတဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာလည်း အပြောင်းအလဲဖြစ်ခဲ့ပြီး အမေရိကန်နဲ့ကုလသံအမတ်ကြီးဟောင်း ဦးသန်းဆွေ ပြောင်းလဲခန့်အပ်ခံရပါတယ်။
သူဟာ စစ်တက္ကသိုလ်အမှတ်စဥ်(၁၆)ဆင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင် နဲ့ တစ်ပတ်စဥ်ထဲဆင်းတွေဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့ထဲက ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်က စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဖြစ်လာပါတယ်၊
ဟိုတယ်နဲ့ခရီးသွားဝန်ကြီးရာထူးလည်းအပြောင်းအလဲဖြစ်ခဲ့ပြီး မြန်မာရုရှားချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဖြစ်တဲ့ အငြိမ်းစားဗိုလ်ချုပ်အောင်သော် ခန့်အပ်ခံရပါတယ်။
ဗိုလ်ချုပ်အောင်သော်ကလည်း စစ်တက္ကသိုလ်အမှတ်စဥ်(၁၉)ဆင်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အပတ်စဥ်တူဖြစ်ပြီး လက်ရှိသမဝါယမဝန်ကြီး ဦးလှမိုးလည်း အမှတ်စဥ်(၁၉)ဆင်းဖြစ်ပါတယ်။
ဟိုတယ်နဲ့ခရီးသွားဝန်ကြီး ဦးဌေးအောင်ကအဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဖြစ်သွားပြီး သူလည်းအမှတ်စဥ်(၁၉)ဆင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အကြံပေးဟောင်းတစ်ဦးဖြစ်သူ ဦးစစ်အေးက ပြည်ထောင်စုရာထူးဝန် ဥက္ကဋ္ဌသစ် ဖြစ်လာပါတယ်။
ပြည်ထောင်စုအဆင့်တွေသာမကဘဲ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်နေရာ ၄ ခု ကိုလည်း စစ်ကောင်စီကအပြောင်းအလဲ လုပ်ခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အများအပြားတည်ရှိတဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နေရာကို တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး ပြောင်းရွေ့ခံရပါတယ်။
သူဟာ ရှမ်းပြည်မှာ တိုင်းမှူး နှစ်ကြိမ်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်တစ်ဦးလည်းဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်လက်ထက်က ရခိုင်ပြည်နယ်၊လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း ကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အဖြစ်ခန့်အပ်လိုက်ပြီး သူက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။
သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာပြီး သူက မွန်ပြည်နယ်ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။
မန္တလေးတိုင်း ဝန်ကြီးချုပ်နေရာကိုတော့ သယံဇာတရေးရာဝန်ကြီးဦးမျိုးအောင် ခန့်အပ်ခံရပါတယ်။
စစ်ကောင်စီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၃ ဦးကို အနားပေးပြီး တစ်ဦးသာ ပြန်ခန့်ထားပါတယ်။
ဒုတိယဝန်ကြီးတချို့လည်း အပြောင်းအလဲဖြစ်ခဲ့သလို ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် စစ်ဘက်ကို ပြန်ပို့ခံရပါတယ်။
ပညာရေးဝန်ကြီးဋ္ဌာန၊စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဋ္ဌာန၊သာသနာရေးနဲ့ ယဥ်ကျေးမှုဝန်ကြီးဋ္ဌာန တွေမှာလည်း ဒုဝန်ကြီးတွေ ခန့်အပ်ခဲ့ပါတယ်။
စစ်ကောင်စီအပြောင်းအလဲ ဘယ်လောက်အလုပ်ဖြစ်မလဲ

ဓာတ်ပုံ ရင်းမြစ်, cincds
စစ်ကောင်စီအနေနဲ့ တည်ငြိမ်ရေးနဲ့အတူ ဖွံ့ဖြိုးရေးကို လာမယ့် ၆ လအတွင်းမှာ တပြိုင်နက်လုပ်ဆောင်သွားမှာဖြစ်ပြီး စီးပွားရေးနဲ့ ရင်းနှီးမြှပ်နှံမှုတွေပါ ဖိတ်ခေါ်မယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
အထွေထွေရွေးကောက်ပွဲကျင်းပနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပေမယ့် တည်ငြိမ်အေးချမ်းတဲ့အခြေအနေအပေါ်မူတည်ပြီးမှသာ ကျင်းပနိုင်မယ့်အချိန်ကိုပြောနိုင်မယ်လို့ သူကပြောပါတယ်။
နိုင်ငံရေးပါတီခေါင်းဆောင်တချို့ကတော့လာမယ့် သြဂုတ်လမှာ ရွေးကောက်ပွဲမဖြစ်ဖို့ သေချာသလောက်ပဲလို့ ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီအနေနဲ့ တပ်ပိုင်းဆိုင်ရာကိစ္စတွေရော၊အစိုးရတစ်ရပ်ရဲ့လုပ်ငန်းဆောင်တာတွေအပြင် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ပါ တပြိုင်ထဲ ကြိုးစားရမှာဖြစ်လို့ အခုလို အပြောင်းအလဲတွေလုပ်တာလို့ လုံခြုံရေးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ သေနင်္ဂအင်စတီကျုက အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးကပြောပါတယ်။
'လာမယ့် ခြောက်လအတွင်း ဘယ်လောက်အထိပြောင်းလဲမလဲဆိုတာ ဘယ်လိုကိုင်တွယ်မှာလဲဆိုတဲ့ အပေါ်မူတည်ပါတယ်' လို့ ဦးသိန်းထွန်းဦးကပြောပါတယ်။
တည်ငြိမ်အေးချမ်းရေးအတွက် ထိထိရောက်ရောက်ကိုင်တွယ်ရင် ၆ လဆိုတဲ့ အချိန်က လုံလောက်ပေမယ့် ဒေသခံလူထုအပေါ်သက်ရောက်မှုကိုလည်း ထည့်တွက်ရလိမ့်မယ်လို့ သူကပြောပါတယ်။
လုံခြုံရေးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တမ္ပဒီပ အင်စတီကျုက အမှုဆောင်ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းကတော့ လက်ရှိလုံခြုံရေးအခြေအနေဆိုးရွားနေမှုအရ စစ်ကောင်စီအနေနဲ့ အခြေအနေတွေ တည်ငြိမ်အောင်လုပ်နိုင်မယ်မထင်ဘူးလို့ ပြောပါတယ်။
'ဒီလိုလုံခြုံရေးအခြေအနေနဲ့ ၆ လအတွင်း ဖြေရှင်းနိုင်မယ်ဆိုရင် ယုံတမ်းစကားပဲဖြစ်နေလိမ့်မယ်' လို့ သူကပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် အရေးပေါ်ကာလကို နှစ်နှစ်အထိ အချိန်ယူခဲ့ပေမယ့် အခြေအနေတွေတည်ငြိမ်အောင် မထိန်းနိုင်ခဲ့တာတွေ့ရပါတယ်။
အရေးပေါ်ကာလသက်တမ်းကုန်ဆုံးချိန် ဇန်နဝါရီ ၃၁ ရက်နေ့ကပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူဆောင်ရွက်ရမယ့်ကိစ္စတွေ မပြီးစီးသေးဘဲ အချိန်လိုအပ်တယ်လို့ အစည်းအဝေးမှာတင်ပြခဲ့ပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ပုဒ်မ ၄၂၅ ကို သာမန်မဟုတ်တဲ့အခြေအနေလို့ ဖွင့်ဆိုပြီး စစ်ကောင်စီကို နောက်ထပ် ၆ လ အရေးပေါ်ကာလသက်တမ်းတိုးပေးထားတာပါ။
စစ်ကောင်စီအနေနဲ့ အခြေအနေတွေ မတည်ငြိမ်မချင်း ပုဒ်မ ၄၂၅ ကို သုံးပြီး သက်တမ်းအကြိမ်ကြိမ် တိုးသွားနိုင်ကြောင်းလည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက သုံးသပ်ပါတယ်။








