ရိုက်နှက်မှု၊ ကိုယ်ဝန်ဖျက်ချခံရမှုတွေ ရှိတဲ့ မြောက်ကိုရီးယားအကျဉ်းထောင်

အကျဉ်းသားတွေထားတဲ့ အခန်းကျဥ်းလေးထဲကို တွားသွားဝင်ရပြီးနောက် လီယောင်ဂျူးဟာ ဒူးပေါ်မှာ လက်နှစ်ဖက်တင်ပြီး တင်ပျဉ်ခွေထိုင်ဖို့ အမိန့်ပေးခံရပါတယ်။
သူ့ ကို တစ်နေ့ ၁၂ နာရီအထိ ဒီတိုင်းထိုင်ခိုင်းပြီး လှုပ်ရှားခွင့်လည်း မပေးပါဘူး။
နေရာအပြောင်းအလဲလုပ်တာ၊ သူနဲ့အတူနေတဲ့ အခန်းဖော်တွေနဲ့စကားတိုးတိုးလေး ပြောတာတွေ လုပ်မိရင်လည်း ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပါတယ်။ ရေကိုလည်း အကန့်အသတ်နဲ့သာရပြီး စားဖို့အတွက်ဆိုရင်လည်း ပြောင်းဆန်ကွဲ အနည်းငယ်ပဲ ပေးပါတယ်။
"ကျွန်မက လူမဟုတ်ဘဲ တိရစ္ဆာန်တစ်ကောင်လို ခံစားနေရတယ်" ဟု သူက ပြောပါတယ်။
တိုင်းပြည်ကနေ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် နာရီပေါင်းများစွာ စစ်ဆေးမေးမြန်းခံခဲ့ရတယ်လို့ ဘီဘီစီ ကို သူက ပြောပါတယ်။ သူဟာ ၂၀၀၇ ခုနှစ်က မြောက်ကိုရီးယားနိုင်ငံကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပြီးနောက် တရုတ်နိုင်ငံမှာ ဖမ်းဆီးခံခဲ့ရပြီး ပြန်ပို့ခံခဲ့ရပါတယ်။
သူ့ကို တရုတ်နယ်စပ်အနီးမှာရှိတဲ့ မြောက်ကိုရီးယား အွန်ဆွန် ထိန်းသိမ်းရေးစင်တာမှာ စီရင်ချက်ချဖို့ စောင့်နေတဲ့အချိန် သုံးလကြာ ချုပ်နှောင်ဖမ်းဆီးထားပါတယ်။
သူ အချုပ်ခန်းထဲမှာ ထိုင်နေရတဲ့အချိန် အပြင်ဘက်မှာ အစောင့်ရဲ့ ဖိနပ်က သတ္တုထိပ်ချွန်က မြည်တဲ့ အသံ "ကလက် ကလက် ကလက်" ဆိုတဲ့အသံကို ကြားပြီးနောက် အစောင့်လမ်းလျှောက်တဲ့အသံက ပိုဝေးသွားတဲ့အချိန်မှာတော့ အခန်းဖော်တစ်ဦးကို ယွန်ဂျိုးက စကားတိုးတိုး လှမ်းပြောလိုက်ပါတယ်။
"နောက်ထပ် နိုင်ငံက ထွက်ပြေးမယ့် အစီအစဉ်တွေ၊ ပွဲစားတွေနဲ့တွေ့ ဖို့ အစီအစဉ်တွေကို လျှို့ဝှက် ဆွေးနွေးခဲ့ကြတယ်။"
အကျဉ်းထောင်တွေဟာ မြောက်ကိုရီးယားကနေ ထွက်ပြေးချင်တဲ့သူတွေကို ထွက်မပြေးဖို့ သတိပေးတဲ့နေရာတွေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ယောင်ဂျူးနဲ့ သူ့အခန်းဖော်တွေကိုတော့ မဟန့်တားနိုင်ခဲ့ပါဘူး။ အဲဒီထောင်ထဲက အကျဥ်းသားအများစုဟာ မြောက်ကိုရီးယား နိုင်ငံထဲက ထွက်ပြေးဖို့ ကြိုးပမ်းကြသူတွေ ဖြစ်ပါတယ်။
ဒါပေမဲ့ ယောင်ဂျူးရဲ့ အစီအစဥ်တွေကို သူတို့ကြားသွားပါတယ်။
"အစောင့်က ကျွန်မကို အချုပ်ခန်း သံတိုင်နားကို လာခိုင်းပြီး သံတိုင်ကြားကနေ ကျွန်မလက်တွေကို ထုတ်ခိုင်းတယ်။ ပြီးတော့ လက်တွေ ဖောင်းပွ ပြာနှမ်း သွားတဲ့ အထိ သော့ကွင်းနဲ့ ရိုက်ပါတယ်။ ကျွန်မ စိတ်ကိုတင်းထားပြီးတော့ မငိုခဲ့ပါဘူး။ သူတို့က ကျွန်မတို့ကို မြောက်ကိုရီယားကို သစ္စာဖောက်ပြီး ထွက်ပြေးဖို့ ကြိုးစားသူတွေလို့ သတ်မှတ်ထားတာပါ။
"စင်္ကြံလမ်းတစ်ခုတည်းကနေ သွားရတဲ့ အခန်းတွေဆိုတော့ တခြားအခန်းကလူတွေ အရိုက်ခံရတာကိုလဲ ကြားနေရတယ်။ အခန်း ၃ ထဲမှာရှိတဲ့သူက အခန်း ၁၀ ကလူတွေ အရိုက်ခံနေရတဲ့အသံတွေ ကြားနေရတယ်။"

ဖိနှိပ်ညှဥ်းပန်းရေးစနစ်
ယောင်ဂျူးဟာ မြောက်ကိုရီးယား အကျဉ်းထောင်တွေထဲမှာ နိုင်ငံတကာ ဥပဒေချိုး ဖောက်မှုတွေ ကျူးလွန်နေတာနဲ့ ပတ်သက်ပြီး အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေလုပ်နေတဲ့ Korea Future အဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ကူညီခဲ့တဲ့ လူနှစ်ရာကျော်ထဲက တစ်ယောက်ဖြစ်ပါတယ်။
ဒီပရဟိတအဖွဲ့အစည်းက အကျဥ်းစခန်း ၁၄၈ ခုမှာ အကျဉ်းသား ၇၈၅ ဦးအပေါ်ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ၅၁၈၁ မှုနဲ့ ဆက်စပ်ကျူးလွန်သူ ၅၉၇ ဦးကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
အဲ့ဒီကရတဲ့ သက်သေတွေကို စုဆောင်းကာ ဒေတာဘေ့စ်တစ်ခုမှာ သိမ်းဆည်းထားပြီး အဲ့ဒီကိစ္စတွေမှာ ကျူးလွန်တဲ့ သူတွေကို တစ်နေ့မှာ တရားဥပဒေရှေ့မှောက် ပို့ဆောင်ပေးနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။
မြောက်ကိုရီးယားဟာ သူတို့ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကို အမြဲတမ်း ငြင်းဆိုတဲ့ နိုင်ငံဖြစ်ပါတယ်။ ဘီဘီစီက အဲဒီစုံစမ်းထုတ်ဖော်မှုတွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားကတာဝန်ရှိတဲ့ ကိုယ်စားလှယ်တစ်ဦးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ အကြောင်းပြန်ကြားတာ မရှိပါဘူး။
ဒီအဖွဲ့က အွန်ဆွန်ထိန်းသိမ်းရေးစခန်းက လူတွေရဲ့ အခြေအနေတွေကို လက်တွေ့သိနိုင်ဖို့ 3D ထောင်ပုံစံတစ်ခုကိုလည်း ဖန်တီးခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က Korea Future အဖွဲ့ တွဲဖက်ဒါရိုက်တာ ဆူရွန်ယိုးက ဒီအ ကျဉ်းထောင်စနစ်ရဲ့ အကြမ်းဖက်မှုပုံစံဟာ မြောက်ကိုရီးယားက "လူဦးရေ ၂၅ သန်းကို ဖိနှိပ်ဖို့ " စီစဥ်ထားတာလို့ ဘီဘီစီကို ပြောထားပါတယ်။
"ကျွန်တော်တို့လုပ်ခဲ့တဲ့ အင်တာဗျူးတိုင်းမှာ ဒီစနစ်က လူတွေရဲ့ဘဝကို ဘယ်လို ထိခိုက်စေခဲ့သလဲဆိုတာ ကျွန်တော်တို့ သိရှိခဲ့ရပါတယ်။ မွေးကင်းစကလေးငယ်တစ်ယောက် အသတ်ခံရတယ်လို့ သက်သေအဖြစ် ပြန်လည်ပြောတဲ့ အချိန်မှာ အင်တာဗျူးဖြေတဲ့သူက ငိုတောင် ငိုခဲ့ပါတယ်။"

လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ
မြောက်ကိုရီးယားနိုင်ငံဟာ လက်ရှိအချိန်မှာ အရင်ကထက်တောင် ကမ္ဘာနဲ့ ပိုအဆက်ပြတ် အထီးကျန်နေတဲ့ နိုင်ငံပါ။
နိုင်ငံကို ကင် မိသားစုက မျိုးဆက်သုံးဆက် ဆက်တိုက် အုပ်ချုပ်ခဲ့ပြီး နိုင်ငံသားတွေအနေနဲ့လည်း ကင်တို့မိသားစုနဲ့ လက်ရှိခေါင်းဆောင် ကင်ဂျုံအွန်းအပေါ် အပြည့်အ၀ သစ္စာစောင့်ရပါတယ်။
ကိုဗစ်ကပ်ရောဂါကလည်း နိုင်ငံတွင်းနဲ့ နယ်စပ်တွေမှာပါ ပိုမိုတင်းကျပ်တဲ့ ထိန်းချုပ်မှုတွေ ဖြစ်လာစေပါတယ်။
နိုင်ငံခြား ဇာတ်လမ်းတွေ ဒါမှမဟုတ် နိုင်ငံခြားရုပ်ရှင်ကြည့်တွေ အပါအဝင် ပြင်ပကမ္ဘာကို လှမ်းမျှော်ကြည့်ဖို့ ကြိုးစားတဲ့သူတွေကိုလည်း ပိုမိုပြင်းထန်တဲ့ ထောင်ဒဏ်တွေ ချမှတ်နေပါတယ်။
မြောက်ကိုရီးယားနိုင်ငံစနစ်အတွင်းက အကြမ်းဖက်မှုပုံစံတွေကို စစ်ဆေးရေးတွေမှာ ထပ်ခါထပ်ခါ တွေ့ရသလို ထောင်တွေထဲမှာလည်း ထပ်ခါထပ်ခါ ရှိနေပါတယ်။
အဲ့ဒီထဲမှာ မုဒိမ်းမှုနှင့် အခြားလိင်ပိုင်းဆိုင်ရာ စော်ကားမှု စတဲ့ စွပ်စွဲချက်တွေရှိ နေတာကို တွေ့ရပါတယ်။ အဲ့ဒီကနေလွတ်မြောက်လာတဲ့သူတွေကလည်း သူတို့ကို အဓမ္မကိုယ်ဝန်ဖျက်ချခိုင်းတယ်လို့ အဲ့ဒီအဖွဲ့ကို ပြောပြကြပါတယ်။
မြောက်ပိုင်းဟမ်ဂျုံးဒေသထိန်းသိမ်းရေးစင်တာက ဖြစ်စဥ်တစ်ခုမှာဆိုရင် အကျဉ်းသူတစ်ဦးကို ရှစ်လတောင်ရှိနေတဲ့ ကိုယ်ဝန်ကို ဖျက်ချခိုင်းတယ်လို့ အင်တာဗျူးဖြေဆိုသူတစ်ဦးက ပြောပါတယ်။ ကလေးငယ် အသက်ရှင်လျက်ကမွေးလာပေမဲ့ ရေကန်ထဲ နှစ်သတ်ခဲ့တယ်လို့ သူမ က ဆိုပါတယ်။
မျက်မြင်သက်သေတွေ မြင်ခဲ့ရတဲ့ ကွပ်မျက်ခံရတဲ့ ဖြစ်စဥ် ငါးခု ရှိပါတယ်။
နောက်ဆုံးမှာတော့ ယောင်ဂျူးဟာ ထောင် ၃ နှစ်ခွဲ ချမှတ်ခံခဲ့ရပါတယ်။
"ထောင်ကလွတ်တဲ့အချိန်ထိတောင် ကျွန်မ အသက်ရှင်နိုင်ပါဦးမလားလို့တောင် စိုးရိမ်မိတယ်။ အဲဒီနေရာတွေကို ရောက်သွားရင် အသက်မသေဖို့အတွက် လူသား ဖြစ်တည်မှုကို စွန့်လွှတ်ခဲ့ရတယ်" လို့ သူက ဆိုပါတယ်။
ဆေရွန် ဆိုရင်လည်း ၂၀၀၇ ခုနှစ်တုန်းက အွန်ဆွန် ထိန်းသိမ်းရေးစခန်းမှာနေခဲ့ရပေမယ့် အဲ့ဒီထက်ပိုဆိုးရွားတဲ့ အစိုးရ အကျဉ်းထောင်တွေက ရိုက်နှက်ခံရမှုတွေကို ပြန်အမှတ်ရနေပါတယ်။
"သူတို့က ပေါင်ကို သစ်သားတုတ်နဲ့ ရိုက်တယ်။ အခန်းထဲ လမ်းလျှောက်ဝင်လို့ရပေမယ့် တွားသွားပြီး ပြန်ထွက်ရတယ်။ အရိုက်ခံနေရတဲ့ တခြားလူတွေကိုလည်း မကြည့်ရက်လို့ မကြည့်ဘူး။ ဒါပေမဲ့ သူတို့က အတင်းကြည့်ခိုင်းပြီး စိတ်ဓာတ်ကျအောင် လုပ်တယ်။"
"နည်းလမ်းတစ်ခုခုရှိရင်တော့ ကျွန်မ သူတို့ကို အပြစ်ပေးစေချင်တယ်" လို့ ဆေရွန်က ထောင်တွင်းမှာ သူ ထပ်တလဲလဲ ကြုံခဲ့ရတဲ့ အိပ်မက်ဆိုးတွေကို ပြန်သတိရရင်း ပြောပါတယ်။
အခုချိန်မှာ သူဟာ တောင်ကိုရီးယားနိုင်ငံမှာ ဘဝသစ် ထူထောင်ပြီး ပျော်ရွှင်ကျေနပ်နေတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဥ်တွေအတွက် တရားစွဲဆိုအရေးယူဖို့ ခက်ခဲပေမယ့် ဒီစုံစမ်းဖော်ထုတ်မှုတွေ လုပ်တဲ့အချိန်တုန်းက နိုင်ငံတကာရာဇ၀တ် ခုံရုံးက ကျွမ်းကျင်သူတွေရဲ့ အကြံဥာဏ်တွေ ရယူနိုင်ခဲ့ပါတယ်။
ဒီသက်သေ အထောက်အထားတွေနဲ့ တရားရုံးမှာ တရားစွဲနိုင်မှာဖြစ်ပြီး ဒီသက်သေတွေကိုလည်း လူတိုင်း လွတ်လွတ်လပ်လပ် သိရှိရယူနိုင်ဖို့ စီစဥ်ထားပါတယ်။
ဆေးယွန်နဲ့ ယောင်ဂျူးတို့ နှစ်ယောက်စလုံးကလည်း ဒီအစီရင်ခံစာကနေတစ်ဆင့် သူတို့လိုချင်တောင့်တနေတဲ့ တရားမျှတမှုရဖို့ ပန်းတိုင်နဲ့ ပိုနီးလာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။








