ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် စပိန်မှာ နိုင်ငံရေးခိုလှုံ

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, မိုက်ကယ် ရှေးလ်စ် မက်နမီး
- ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
- ရေးသားသူ, ဗက်နက်ဆာ ဘူချက်စလူတာ
- ရာထူးတာဝန်, လက်တင်အမေရိကဒေသ သတင်းထောက်၊ ဘီဘီစီသတင်းဌာန
ဗင်နီဇွဲလား အတိုက်အခံ သမ္မတလောင်း အက်ဒ်မွန်ဒို ဂွန်ဇဲလက်ဇ် လိုက်ပါလာတဲ့ စပိန် လေတပ်လေယာဉ်ဟာ စပိန်နိုင်ငံ မဒရစ်မြို့က တော်ရီဂျွန် လေတပ်စခန်းကို ဆိုက်ရောက်လာပါတယ်။ သူ့ကို စပိန်နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် ပေးမှာ ဖြစ်ပါတယ်။
ဇူလိုင်လ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ စိန်ခေါ်ခဲ့အပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ မစ္စတာ ဂွန်ဇဲလက်ဇ် ဟာ တိမ်းရှောင် ပုန်းအောင်းနေခဲ့တာ ဖြစ်ပါတယ်။
အစိုးရ ထိန်းချုပ်တဲ့ အမျိုးသား ရွေးကောက်ပွဲ ကော်မရှင် (CNE) က သမ္မတ နီကိုလက်စ် မာဒူရို ကသာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်လို့ ထုတ်ဖော် ကြေညာခဲ့ပါတယ်။
အတိုက်အခံဘက်က သမ္မတလောင်းအဖြစ် မူလက ရွေးချယ်ခဲ့သူ မာရီယာ ကိုရီနာ မာချာဒိုက အက်ဒ်မွန်ဒို ဟာ ပြည်ပမှာ ထွက်ပြေးတိမ်းရှောင်နေသူတွေနဲ့အတူ နိုင်ငံပြင်ပကနေ ဆက် ဆန့်ကျင် တိုက်ပွဲဝင်သွားမှာ ဖြစ်ပြီး သူကတော့ ပြည်တွင်းကနေ တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့ ရွေးကောက်ပွဲ အပြီးမှာ မစ္စ မာချာဒိုက "အာဏာရှင် အစိုးရဟာ ပြည်သူတွေအားလုံးအပေါ် ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်မှုတွေ" လုပ်ခဲ့ကြောင်းနဲ့ "အဲဒီထဲမှာ ရွေးကောက်ခံ သမ္မတကိုရော သူ့နဲ့ အနီးဝန်းကျင်က လူတွေအားလုံးအပေါ် မှာပါ နည်းမျိုးစုံနဲ့ တိုက်ခိုက်ခဲ့မှုတွေ ပါဝင်ကြောင်း" ပြောပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ ၁၀ ရက်နေ့ကျရင် မစ္စတာ ဂွန်ဇဲလက်ဇ် ဟာ "ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဗင်နီဇွဲလား သမ္မတ နဲ့ နိုင်ငံတော် စစ်ဦးစီးချုပ်အဖြစ်" ကျမ်းသစ္စာ ကျိန်ဆိုရမှာ ဖြစ်တယ် လို့ သူက ပြောပါတယ်။
မစ္စတာ ဂွန်ဇဲလက်ဇ်ဟာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့ပြီး စပိန်က သူ့ကို နိုင်ငံရေးခိုလှုံခွင့် ပြုမှာ ဖြစ်တယ်လို့ စပိန်နိုင်ငံခြားရေးဝန်ကြီး ဟိုဆေး မန်ဝဲလ် အယ်လ်ဘားရက်စ် က အစောပိုင်း ပြောခဲ့ပါတယ်။
ဒါ့အပြင် ဗင်နီဇွဲလား နိုင်ငံသား အားလုံးအတွက် နိုင်ငံရေးအခွင့်အရေးတွေ ပေးဖို့ စပိန်အစိုးရအနေနဲ့ ကတိပြုထားတယ်လို့လည်း မစ္စတာ အယ်လ်ဘားရက်စ်က ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဗင်နီဇွဲလား ဒုတိယသမ္မတ ဒယ်လ်စီ ရော့ဒရီဂက်ဇ် ဟာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ကာရာကက်စ်မြို့က စပိန်သံရုံးမှာ ကိုယ့်သဘောဆန္ဒအလျောက် ခိုလှုံခွင့်တောင်းခံခဲ့ပြီး သူ့ကို စပိန်နိုင်ငံဆီ ဘေးကင်းလုံခြုံစွာ ပို့ပေးဖို့ စပိန်သံရုံးက သဘောတူလိုက်ပြီလို့ သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားပါတယ်။
အသက် ၇၅ နှစ်အရွယ် မစ္စတာ ဂွန်ဇဲလက်ဇ် ကို ဇူလိုင်လ ၂၈ ရက် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူအဖြစ် အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ လက်တင်အမေရိကဒေသ နိုင်ငံအတော်များများက မှတ်ယူထားခဲ့ကြပါတယ်။ ဒါပေမဲ့ ပူးပေါင်းကြံစည်မှု၊ တခြား ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ သူ့ကို ဗင်နီဇွဲလား အာဏာပိုင်တွေက ဖမ်းဝရမ်း ထုတ်ခဲ့အပြီး သီတင်းတစ်ပတ်အကြာမှာ မစ္စတာ ဂွန်ဇဲလက်ဇ် နိုင်ငံထဲကနေ ထွက်ခွာလာတာ ဖြစ်ပါတယ်။
သူထွက်ခွာလာချိန်မှာ ကာရာကက်စ်မြို့က အာဂျင်တီးနားသံရုံးကို ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့တွေက ဝိုင်းထားခဲ့ပါတယ်။
အဲဒီသံရုံးမှာ သမ္မတ မာဒူရိုကို ဆန့်ကျင်တဲ့ နိုင်ငံရေးအတိုက်အခံ ၆ ဦး ခိုလှုံနေကြပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဖို့ အဲဒီသံရုံးထဲမှာ အကွက်ချ ကြံစည်နေကြတယ်လို့ ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲခဲ့ပါတယ်။
သံရုံးဝင်းနားတဝိုက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ မော်တော်ယာဉ်တွေ ဝိုင်းထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ဗင်နီဇွဲလား အတိုက်အခံအဖွဲ့ဝင်တွေက ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ကြတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
ရွေးကောက်ပွဲမှာ မစ္စတာ ဂွန်ဇဲလက်ဇ် သက်တောင့်သက်သာ အနိုင်ရခဲ့တယ် ဆိုတဲ့ အထောက်အထားတွေ သူတို့ ပြနိုင်တယ်လို့ အတိုက်အခံဘက်က ပြောခဲ့ပြီး မစ္စတာ မာဒူရိုကို မစ္စတာ ဂွန်ဇဲလက်ဇ် သိသိသာသာ အနိုင်ရခဲ့တယ်ဆိုတဲ့ ရွေးကောက်ပွဲ ရလဒ် အသေးစိတ်ကို အင်တာနက်ပေါ် တင်ပြီး ချပြခဲ့ကြပါတယ်။
ရွေးကောက်ပွဲရလဒ်တွေကို ဗင်နီဇွဲလားအစိုးရက အသေးစိတ် ထုတ်ပြန်ကြေညာတာမျိုး မလုပ်တဲ့အတွက် အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ဒေသတွင်းက တခြားအင်အားကြီးနိုင်ငံတွေက သမ္မတ မာဒူရိုကို အနိုင်ရ သမ္မတအဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆန်ခဲ့ကြပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံတွေအပေါ် ဖိနှိပ်နေမှုနဲ့ စစ်ဆေးမေးမြန်းမှုမရှိဘဲ ဖမ်းဆီး အရေးယူနေမှုတွေကို ရပ်တန်းက ရပ်ဖို့ အာဏာပိုင်တွေကို ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက် ဘော်ရဲလ် က တောင်းဆိုလိုက်ပါတယ်။
မစ္စတာ ဘော်ရဲလ်က "ဒီကနေ့ဟာ ဗင်နီဇွဲလားနိုင်ငံ ဒီမိုကရေစီစနစ်အတွက် ဝမ်းနည်းစရာ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ဘယ်နိုင်ငံရေးခေါင်းဆောင်မှ တခြားတိုင်းပြည်မှာ ခိုလှုံခွင့် တောင်းခံရတဲ့ အဖြစ်မျိုး မရောက်သင့်ပါဘူး" လို့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ရွေးကောက်ပွဲ ပြီးကတည်းက သမ္မတ မာဒူရို အစိုးရဟာ လူ ၂၄၀၀ ကျော်လောက်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့အတွက် "စိုးရိမ်ကြောက်ရွံ့စရာ အခြေအနေမျိုး" ရောက်နေရတယ်လို့ ကုလသမဂ္ဂက ဖော်ညွှန်း ပြောခဲ့ပါတယ်။
သူ့ကို ထောင်သွင်း အကျဉ်းချထားသင့်တယ် ဆိုပြီး အစိုးရ ထိပ်တန်းနိုင်ငံရေး သမားတွေက ကြေညာချက်တွေ ထုတ်ပြန်ခဲ့အပြီးမှာ အဖမ်းခံရမှာကို စိုးရိမ်တဲ့အတွက် မစ္စတာ ဂွန်ဇဲလက်ဇ် ဟာ ဇူလိုင်လ ၃၀ ရက်နေ့ကတည်းက ထွက်ပြေး တိမ်းရှောင်နေခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ ဂွန်ဇဲလက်ဇ် ဟာ ပူးပေါင်းကြံစည်မှု၊ အထောက်အထား စာရွက်စာတမ်း အတုပြုလုပ်မှု နဲ့အတူ တခြား ကြီးမားတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုပြီး မာဒူရို အစိုးရနဲ့ နီးစပ်တဲ့ ရှေ့နေချုပ်ရုံးက စွပ်စွဲထားပါတယ်။
မစ္စတာ ဂွန်ဇဲလက်ဇ်ဟာ အဓိက အတိုက်အခံ ညွန့်ပေါင်းအဖွဲ့က သူ့ကို သမ္မတလောင်းအဖြစ် မှတ်ပုံတင်ခဲ့တဲ့ အခုနှစ် မတ်လ မတိုင်ခင်တုန်းကတော့ လူသိမများသေးပါဘူး။
အတိုက်အခံအုပ်စုက လူချစ်လူခင်ပေါတဲ့ မာရီယာ ကိုရီနာ မာချာဒို ကို သမ္မတလောင်းအဖြစ် မူလက ရွေးချယ်ထားခဲ့တာ ဖြစ်ပါတယ်။ မစ္စ မာချာဒို ဟာ ပါတီသမ္မတလောင်း ရွေးချယ်ပွဲမှာ ၉၃ ရာခိုင်နှုန်း ထောက်ခံမဲ ရခဲ့ပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲမှာ သူ ဝင်အရွေးခံခွင့် ပိတ်ပင်ထားချက်ကို ရုတ်သိမ်းနိုင်ဖို့ ကြိုးပမ်းမှုတွေကို အစိုးရ ထိန်းချုပ်တဲ့ အာဏာပိုင်တွေက ပယ်ချခဲ့တဲ့အတွက် အတိုက်အခံတွေက နောက်သမ္မတလောင်း တစ်ဦးကို အစားထိုးဖို့ ရှာခဲ့ရပါတယ်။
နောက်ထပ် အစားထိုးတဲ့ သမ္မတလောင်းလည်း ပိတ်ပင်ခံခဲ့ရအပြီးမှာ မစ္စတာ ဂွန်ဇဲလက်ဇ်ရဲ့ အမည်ကို အတိုက်အခံတွေက အဆိုပြုခဲ့ပါတယ်။
သူ့ကိုလည်း ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် တားမြစ်ခံရမှာ စိုးရိမ်တဲ့အတွက် အတိုက်အခံတွေက မစ္စတာ ဂွန်ဇဲလက်ဇ် ကို နောက်ကွယ်မှာပဲ နေစေပြီး မစ္စတာ ဂွန်ဇဲလက်အတွက် မစ္စ မာချာဒို က နိုင်ငံတဝန်း လိုက်လံ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
ရွေးကောက်ပွဲ ညမှာတော့ မစ္စတာ ဂွန်ဇဲလက်ဇ် ဟာ မစ္စ မာချာဒိုရဲ့ ဘေးမှာ ရင်ပေါင်တန်းပြီး ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရလဒ် ကြေညာချက်ကို ငြင်းဆို စိန်ခေါ် ခဲ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က မစ္စတာ မာဒူရို ဟာ ထောက်ခံမဲ ၅၂ ရာခိုင်နှုန်းနဲ့ ရွေးကောက်ပွဲ အနိုင်ရခဲ့တယ်လို့ ထုတ်ဖော် ကြေညာခဲ့ပါတယ်။








