အာဆီယံတွင်း သွေးကွဲစေတဲ့ မြန်မာ့အရေး - ဂျကာတာ နိုင်ငံခြားရေး ဝန်ကြီး အဆင့် ဆွေးနွေးပွဲ အကြို သုံးသပ်ချက်

ဓာတ်ပုံ ရင်းမြစ်, Getty ပုံဟောင်း
အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေး ဒီ သတင်းပတ်ထဲမှာ ကျင်းပဖို့ ရှိပါတယ်။ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
မြန်မာကို အာဆီယံထိပ်သီးအဆင့်နဲ့ နိုင်ငံခြားရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲတွေမှာ နိုင်ငံရေးအရ ကိုယ်စားပြုခွင့် မပေးပဲ ချန်လှပ်ထားဆဲ ဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်ပြင် ပိုင်နက် အငြင်းပွားမှု ကနေ ပေါ်ပေါက်နေတဲ့ တင်းမာမှုတွေ၊ ဒေသတွင်း လက်နက် အပြိုင် တပ်ဆင်လာတဲ့ အတွက် ပေါ်ပေါက်လာရတဲ့ စိုးရိမ်မှုတွေနဲ့ အတူ မြန်မာ့ အရေးဟာလည်း အခု ဂျကာတာ အစည်းအဝေးမှာ အာရုံစိုက် ဆွေးနွေးစရာ ဦးစားပေး အကြောင်းအရာ ဖြစ်နေဦးမယ်လို့ မျှော်လင့်ရပါတယ်။
အဲဒီလို ဒေသတွင်း အကြောင်းအရာတွေတင်မကာ ယူကရိန်းထဲ ရုရှားရဲ့ ကျူးကျော်စစ်နဲ့ အမေရိကန်-တရုတ်တို့ကြား ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုလိုမျိုး ကမ္ဘာ့ထိပ်တန်း အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီးတော့လည်း အခု ဂျကာတာ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေး အပေါ် အာရုံစိုက် စောင့်ကြည့် ရဖို့ ရှိနေပါတယ်။
အကြောင်းကတော့ ဒီ အစည်းအဝေးမှာ အာဆီယံရဲ့ ဆွေးနွေးဘက် ထိပ်တန်း အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေလည်း လာရောက်ကြမယ်လို့ နားလည်ရပါတယ်။
ဒါ့ကြောင့် အန်တိုနီ ဘလင်ကင်၊ ဆာဂေးလက်ဗရော့ဗ်နဲ့ ချင်ကန်းတို့ ရှိနေမယ့် ဂျကာတာမြို့ အစည်းအဝေးမှာ အခု သီတင်းပတ် အတွက် စိတ်ဝင်စားဖို့ အကောင်းဆုံး နိုင်ငံတကာ အစည်းအဝေးတစ်ရပ် ဖြစ်လာဖို့ ရှိနေပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အခြေခံမူသဘောထားများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာ့အရေးကို အာရုံစိုက်ကြည့်မယ် ဆိုရင်တော့ တရုတ်၊ ရုရှားရော ... အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံတွေရော ကုလသမဂ္ဂမျက်နှာစာမှာ အာဆီယံ ကမကထလုပ် ကြားဝင် ဖြေရှင်းရေး အပေါ် ထောက်ခံကြောင်း အကြိမ်ကြိမ် ထပ်လောင်း ပြောဆိုထားကြပါတယ်။
ဒါပေမယ့်လည်း အာဆီယံ ဘုံသဘောတူမှု ၅ ချက် အပေါ် မြန်မာ စစ်တပ်က အကြီးအကျယ် လျစ်လျူရှု မျက်ကွယ်ပြုထားဆဲ ဖြစ်ပြီး၊ ပထမဆုံး အခြေခံ အချက်ဖြစ်တဲ့ အကြမ်းဖက် ဖြစ်ရပ်တွေ ရပ်တန့်ရေး ဆိုတာ အကောင်အထည် ပေါ်မလာပဲ လက်နက်ကိုင် ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့် ပြင်းပြင်းထန်ထန် ပေါ်ပေါက် နေတယ်လို့ ရှုမြင်ခံရပါတယ်။
ဒါ့ကြောင့်လည်း စစ်ကောင်စီ အနေနဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးတွေနဲ့ အခုလိုမျိုး နိုင်ငံရေးအရ အရေးကြီးတဲ့ နိုင်ငံခြားရေး ဝန်ကြီး အဆင့် အစည်းအဝေးတွေကနေ ချန်လှပ် ခံနေရပါတယ်။
တစ်ဘက်မှာလည်း အမျိုးသား ညီညွတ်ရေး အစိုးရ NUG အနေနဲ့ အာဆီယံထဲက တစ်နိုင်ငံချင်းစီနဲ့ကြား ဆက်ဆံရေး ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်ပေမယ့်၊ မြန်မာကို နိုင်ငံ အနေနဲ့ ထိပ်သီးဆွေးနွေးပွဲ၊ အရေးကြီး ဆွေးနွေးပွဲတွေမှာ နိုင်ငံရေးအရ ကိုယ်စားပြုခွင့် မပေးတာမျိုး ဖြစ်တဲ့ အတွက် NUG အနေနဲ့လည်း မြန်မာကို ကိုယ်စားပြုခွင့် မရရှိပါဘူး။
အင်ဒိုနီးရှား အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ချိန် ကြိုးပမ်းမှုများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အင်ဒိုနီးရှားဟာ သူတို့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ယူပြီး ကတည်းက မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး ဘက်အသီးသီး၊ အဖွဲ့ပေါင်းစုံနဲ့ကြား ဆွေးနွေးမှုတွေ ပြုလုပ်တာ အကြိမ်ပေါင်း အနည်းဆုံး ၁၁၀ ထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။
ဒီအချက်ကို မြန်မာ့အကျပ်အတည်း ကြားဝင် ဖြေရှင်းရေးကို တကျော့ပြန် စစ်အာဏာသိမ်းတဲ့ ကနဦး အချိန်တွေကစလို့ စိတ်ဝင်တစား အာရုံစိုက် လုပ်ဆောင်နေခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရတ်တနို မာဆုဒီက ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက် လောလောလတ်လတ်မှာပဲ ထပ်မံ ပြောကြားလာတာ ဖြစ်ပါတယ်။
မစ္စမာဆုဒီ အာရုံစိုက်ပြောတဲ့ အထဲ မြန်မာနိုင်ငံထဲ အကြမ်းဖက် ဖြစ်ရပ်တွေ မရပ်နိုင်ဖြစ်နေတာဟာ အာဆီယံ အတွင်း မြန်မာနိုင်ငံ အနေနဲ့ ပုံမှန် အနေအထားမျိုးနဲ့ ပြန်လည် ပါဝင်နိုင်ရေးကို ထိခိုက်နေစေတယ် ဆိုတဲ့ အချက် ပါဝင်ပါတယ်။
“မြန်မာနိုင်ငံထဲ အကြမ်းနည်း အသုံးပြုမှု တိုးတက် ဖြစ်ထွန်းနေတဲ့ အပေါ် အာဆီယံ အနေနဲ့ အင်မတန် စိုးရိမ်နေရဆဲ ဖြစ်ပါတယ်။ ဒီ အကြမ်းနည်းတွေကြောင့် အရပ်သားတွေ ထိခိုက် သေဆုံးရသလို၊ အများပြည်သူနဲ့ ဆိုင်တဲ့ နေရာထိုင်ခင်းတွေ၊ ဝန်ဆောင်မှုတွေလည်း ပျက်စီးဆုံးရှုံးရပါတယ်” ဆိုပြီး မစ္စ မာဆုဒီက ဆိုပါတယ်။
ရှမ်းပြည်နယ်ထဲ ပြီးခဲ့တဲ့ နှစ်လကဆိုရင် အင်ဒိုနီးရှားနဲ့ စင်္ကာပူ သံရုံးက ကိုယ်စားလှယ်တွေ လိုက်ပါလာတဲ့ စစ်ဘေးဒုက္ခသည် ကူညီရေး အာဆီယံ မစ်ရှင် အဖွဲ့ရဲ့ ယာဥ်တန်း ပစ်ခတ်ခံရတဲ့ အထိ ပေါ်ပေါက်ခဲ့ပါတယ်။ လူ အထိအခိုက် မရှိပေမယ့်၊ လုံခြုံရေးလိုက်လာတဲ့ ယာဥ်တစ်စင်း ထိခိုက် ခဲ့တယ်လို့ နားလည် ရပါတယ်။
ဖိအားတွေအောက်က အာဆီယံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဆီယံ ဦးဆောင်မှုကို အားပေးထောက်ခံတယ် ဆိုပြီး မတူတဲ့ ဘက်ပေါင်းစုံ ကမ္ဘာ့ပါဝါတွေက ပြောနေတာ ဖြစ်တဲ့ အတွက်၊ မြန်မာ့အကျပ်အတည်းကို ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းပေးဖို့ရာ အာဆီယံ အပေါ်မှာလည်း နိုင်ငံတကာ ဖိအားတွေ သက်ရောက် နေပြီး၊ ဘာတွေ လုပ်နေကိုင်နေလဲ ဆိုတာကို အားလုံးက စိတ်ဝင်တစားစောင့်ကြည့်တာ မေးခွန်းထုတ်တာတွေ ခံနေရပါတယ်။
အာဆီယံ အဖွဲ့တွင်းမှာလည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တသဘောထားတည်း သွေးစည်းမှု ရှိမနေပဲ မတူတဲ့ အခြေခံ အယူအဆတွေ၊ မတူတဲ့ ချည်းကပ်မှုတွေ ပြုလုပ်လိုတဲ့ ကွဲပြားမှုတွေကို တွေ့နေရပါတယ်။
မြန်မာ စစ်ဗိုလ်ချုပ်တွေကို မကြုံစဖူး ပြစ်ဒဏ်ချ အရေးယူတဲ့ ပုံစံမျိုးနဲ့ အာဆီယံ ထိပ်သီး အဆင့် ဆွေးနွေးပွဲတွေကနေ ဖယ်ထုတ်ထားတာကို ဖြေလျော့ပြီး၊ သူတို့ရဲ့ ထိပ်သီး သံကိုယ်စားလှယ်တွေ၊ အဆင့်မြင့် အရာရှိတွေကို ပြန်ဖိတ်ခေါ်ဖို့ လိုတယ် ဆိုပြီး စဥ်းစားကြသူတွေ ရှိပါတယ်။
အထူးသဖြင့် အဲဒီလို လမ်းကြောင်းမျိုးနဲ့ ချည်းကပ်လိုသူတွေဟာ ဗိုလ်ချုပ်ကြီးဟောင်း ဝန်ကြီးချုပ် ပရာယွတ် လက်ထက် ထိုင်းနိုင်ငံနဲ့၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ချိန် နေပြည်တော်ကို ကိုယ်တိုင်သွားခဲ့တဲ့ ဝန်ကြီးချုပ် ဟွန်ဆန် ဦးဆောင်တဲ့ ကမ္ဘောဒီးယားတို့ ဖြစ်ပါတယ်။
မြန်မာ စစ်ဗိုလ်ချုပ်တွေကို ဖယ်ထုတ်ပြီး အထီးကျန် ဖြစ်နေစေရင်၊ ပြဿနာတွေကို ဘယ်လိုမှ ရှင်းနိုင်မှာ မဟုတ်ဘူး၊ ထိတွေ့ဆက်ဆံရမယ် ဆိုတဲ့ အခြေခံ သဘောထားမျိုး ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း အာဆီယံ ဆွေးနွေးပွဲမျိုး မဟုတ်ပဲ အာဆီယံ မိသားစုဝင် နိုင်ငံတွေရော ...မြန်မာ့အရေး စိတ်ဝင်စားကြတဲ့ တရုတ်၊ အိန္ဒိယတို့လို စကားပြောဘက် နိုင်ငံကြီးတချို့က ကိုယ်စားလှယ်တွေရော ပါဝင်တဲ့ 1.5 track အမျိုးအစားလို့ သံတမန် ဝေါဟာရမှာ ရည်ညွှန်းသုံးကြတဲ့ အစိုးရ သက်သက်မဟုတ်တဲ့ အစည်းအဝေးတွေ ဖန်တီး လာကြတဲ့ အပြင်၊ နောက်ဆုံး ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဆိုရင်လည်း ပိုပြီး အစိုးရ ကိုယ်စားလှယ်တွေချည်း သီးသန့် ပါဝင်တဲ့ ဆွေးနွေးပွဲ ပုံစံ လုပ်လာပြီး စစ်ကောင်စီကို ကိုယ်စားပြုသူတွေကို ပါဝင် ပတ်သက် စေခဲ့ပါတယ်။
တစ်ဖက် မှာလည်း ပြီးခဲ့တဲ့ ဇွန်လလယ်တုန်းက စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘလာခရစ်သျ်နန် ဝါရှင်တန်ဒီစီမှာ ရှိနေတုန်း အန်တိုနီဘလင်ကင်နဲ့ အတူ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာ စစ်ဗိုလ်ချုပ်တွေကို အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေနဲ့ နိုင်ငံခြားရေး ဝန်ကြီးဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့် ပေးဖို့ရာ အခြေအနေတွေ ဘယ်လိုမှ တိုးတက် ပြောင်းလဲမှု မရှိသေးဘူး၊ စောလွန်းသေးတယ် ဆိုပြီး သတင်းထောက် တစ်ယောက်ရဲ့ အမေးကို တုံ့ပြန် ဖြေဆိုခဲ့ပါတယ်။
မြန်မာ့အရေးနေရာမှာ ကွက်လပ်ကြီး ဖြစ်နေဆဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခုလိုမျိုး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အဆင့် ဆွေးနွေးပွဲ ပြီးပြီဆိုရင် စုပေါင်း ကြေညာချက် ထုတ်ပြန်လေ့ ရှိပါတယ်။ ဘယ် အကြောင်းရာတွေကို ဦးစားပေး ဆွေးနွေးကြမလဲ ဆိုတာလည်း သိထားနှင့်ပြီး ဖြစ်သလို၊ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေကြား အမြဲပဲ ညှိနှိုင်း ဆွေးနွေးထားတွေ ရှိပြီး ဖြစ်တဲ့ အတွက် ဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်ကို မူကြမ်းတစ်စောင် အသင့် ပြင်ဆင်ထားလေ့ ရှိတယ်လို့ နားလည်ရပါတယ်။
အခု ဂျကာတာ အစည်းအဝေး အတွက်လည်း အသင့် ပြင်ဆင် ထားတဲ့ ထုတ်ပြန်ချက် မူကြမ်းတစ်စောင် ရှိနေတာမှာ မြန်မာ အရေးနဲ့ ပတ်သက်ပြီး ဘာမှ ရေးသားမထားပဲ ကွက်လပ် အဖြစ် ချန်ထားတယ် ဆိုတဲ့ သတင်းတွေကို ကြားသိ နေရပါတယ်။
အေပီ သတင်းဌာနက အဲဒီ ထုတ်ပြန်ချက် မူကြမ်းကို ရရှိထားတာမှာ မူကြမ်းထဲ တောင်တရုတ် ပင်လယ် အငြင်းပွားမှုနဲ့ စပ်လျဥ်းတဲ့ အကြောင်းမျိုးတောင် ရေးသားထားနှင့်ပြီး ဖြစ်ပေမယ့်၊ မြန်မာအကြောင်းကတော့ ကွက်လပ် အဖြစ် ကျန်နေဆဲ ဆိုပြီး ဒေသတွင်း သတင်းတွေက ရေးကြပါတယ်။
ဒီအချက်ကို ကြည့်ရင် မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံ အဖွဲ့အတွင်းမှာကို ဘုံ သဘောတူညီချက်ရဖို့၊ စည်းလုံးညီညွတ်ဖို့ ဘယ်လောက် ခက်ခဲ နေသလဲ ဆိုတာ သိသာစေတယ် ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
တဆက်တည်း ပြောရရင် မြန်မာဟာ လာမယ့်နှစ်ဆိုရင် အာဆီယံနဲ့ အီးယူကြား ဆက်ဆံရေး တာဝန်ခံ အဖြစ် အလှည့်ကျ လုပ်ဆောင်ရမယ့် နှစ် ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေမှာတော့ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ မြန်မာ စစ်တပ် အပေါ် အီးယူက အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်တိုက် ချမှတ် နေပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီ အရာရှိတွေသာ အဲဒီလို အာဆီယံကို ကိုယ်စားပြုပြီး သူတို့နဲ့ ဆက်ဆံမှာကို ခွင့်ပြုမှာမဟုတ်ဘူး၊ သဘောမတူဘူး ဆိုတဲ့ သဘောထားမျိုး အီးယူက ပြောထားနှင့်ပြီး ဖြစ်တယ်လို့ အာဆီယံ သံတမန် အသိုင်းအဝိုင်းထဲကနေ ထွက်လာတဲ့ သတင်းတွေလည်း ရှိနေပါတယ်။








