၁၀၂၇ စစ်ဆင်ရေး ရခိုင်အထိ ကျယ်ပြန့်လာမှာကို စိုးရိမ်နေ

တကျော့ပြန် ရခိုင်စစ်ပွဲကြောင့် နေရပ်စွန့်ခွာရတဲ့ရခိုင်စစ်ရှောင်တွေ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, တကျော့ပြန် ရခိုင်စစ်ပွဲကြောင့် နေရပ်စွန့်ခွာရတဲ့ရခိုင်စစ်ရှောင်တွေ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော်(AA) ပါဝင်တဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ဘက်မှာလည်း တိုက်ပွဲတွေပြန်ဖြစ်လာမှာကို ဒေသခံအများစုက စိုးရိမ်မှုတွေရှိနေကြပါတယ်။

ရက္ခိုင့်တပ်တော်(‌AA)၊ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ဟာ ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာလ ၂၇ ရက်ကစလို့ စတင်နေတာဖြစ်ပြီး ကိုးကန့်ဒေသအပြင် လားရှိုး၊ သိန္နီ၊ နောင်ချိုနဲ့ မိုးကုတ်မြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။

ကိုးကန့်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ အောက်တိုဘာလ ၂၇ ရက်ကနေ အောက်တိုဘာလ ၃၀ ရက်အတွင်း ရှမ်းမြောက်တခွင်မှာ စစ်ကောင်စီတပ်ရဲ့ စခန်း ၇၀ နီးပါးကို သိမ်းပိုက်ပြီးပြီလို့ ဘီဘီစီကို ပြောပါတယ်။

ညီနောင်မဟာမိတ်တပ်ဖွဲ့တွေရဲ့ ရှမ်းမြောက်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တပ်စခန်းတွေ အသိမ်းခံနေရသလို ထိခိုက်ကျဆုံးမှုတွေများနေတာကြောင့် ရက္ခိုင့် တပ်တော်(AA)နယ်မြေစိုးမိုးမှု ရှိနေတဲ့ရခိုင်ပြည်နယ်ဘက်ကိုလည်း စစ်ကောင်စီဘက်က တိုက်ပွဲတွေဖော်ဆောင်လာမှာကို ဒေသခံတွေအကြား စိုးရိမ်မှုတွေရှိနေကြပါတယ်။

လက်ရှိမှာတော့ ဒေသတွင်းတိုက်ပွဲတွေမရှိပေမယ့် စစ်ကောင်စီဘက်ကတော့ စစ်ကြောင်းလှုပ်ရှားမှုတွေ၊ လမ်းခရီးအသွားအလာစစ်ဆေးတာတွေ၊ လက်နက်ကြီးပစ်ခတ်စမ်းသပ်တာတွေကို ပြီးခဲ့တဲ့လပိုင်းတွေကစလို့ အရှိန်မြှင့်လုပ်ဆောင်လာတာတွေရှိနေတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

‘‘တိုက်ပွဲတစ်ခု ကြိုတင်ပြင်ဆင်မှုမျိုး ဘက်ပေါင်းစုံကနေ လုပ်နေကြတာကိုတော့ ကျွန်မတို့ မြင်တွေ့နေရတယ်။ ပြည်သူတွေ ဘက်က စိုးရိမ်တာကတော့ စပါး မရိတ်သိမ်းခင်မှာ တိုက်ပွဲဖြစ်လာရင် လက်မဲ့ဖြစ်မှာကို စိုးရိမ်တယ်။ တိုက်ပွဲဖြစ်လာရင် တိုက်ပွဲဖြစ်လို့ရှိရင် ဆုံးရှုံးနစ်နာတာထက် အသက်ဘေးကို ပိုကြောက်ကြတယ်’’လို့ မင်းပြားမြို့နယ် ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မင်းပြားမြို့နယ်ဟာ ၂၀၂၀ ခုနှစ်၊ ဧပြီလမှာ ကိုဗစ်ကာလအတွင်း ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်တပ်ကြား တိုက်ပွဲပြင်းထန်ခဲ့ချိန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ဝန်ထမ်းတစ်ဦးအပါအဝင် အရပ်သား သေဆုံးသူ ၈ ဦးနဲ့ဒဏ်ရာရသူ ၈ ဦးအထိရှိခဲ့တဲ့မြို့နယ်ဖြစ်ပါတယ်။

လက်ရှိရခိုင်ပြည်သူတွေရဲ့ စစ်ရေးစိုးရိမ်မှုတွေရှိနေတာနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်ပြောခွင့်ရ ခိုင်သုခကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရှမ်းမြောက်တိုက်ပွဲတွေမှာ ညီနောင်မဟာမိတ်တွေရဲ့ထိုးနှက် တိုက်ခိုက်မှုကို ခံနေရတဲ့ စစ်ကောင်စီဟာ ရခိုင်တိုက်ပွဲတွေမှာ ထိခိုက်မှုများခဲ့တာ၊ နောက် တစ်နိုင်ငံလုံးအတိုင်းအတာမှာလည်း တိုက်ပွဲတွေကို ရင်ဆိုင်ကြုံတွေ့နေရတာကြောင့် ရခိုင်ဘက်ကိုတော့ အလွယ်တကူနဲ့ စစ်မျက်နှာဖွင့်မှာမဟုတ်ဘူးလို့ ခန့်မှန်းမှုတွေလည်းရှိနေပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဟာ ထိခိုက်ဆုံးရှုံးမှုများလာတဲ့အခါမှာ အပစ်ရပ်ကတိကဝတ်တွေကိုချိုးဖျက်ပြီး ရခိုင်ဘက်ကို မြားဦးလှည့်လာနိုင်တယ်လို့ ထောက်ပြမှုတွေလည်းရှိနေပါတယ်။

‘‘အဲဒီဘက်(ရှမ်းမြောက်)မှာ ပိုမိုပြင်းထန်လာတဲ့အချိန်ခါမှာ ကျွန်တော်တို့ဒေသဘက်ကို အဲ့ဒီအငြိုးအ တေးတွေနဲ့ စစ်ကောင်စီဘက်ကစပြီးတော့ အပစ်ခတ်ရပ်စဲရေးကို ဖျက်မလားပေါ့နော်။ အဲ့ဒါမျိုးတော့ ကျွန်တော်တို့မှာ စိုးရိမ်စိတ်ရှိတယ်။ ဒါပေမဲ့ လက်တွေ့မှာအဲဒါမျိုးတော့ မတွေ့သေးဘူး။ ကျွန်တော်တို့ကတော သတိထားရမှာပေါ့နော်၊ မလုပ်ဘူးလို့လဲ ပြောလို့မရဘူး’’ လို့ ရခိုင်ဝါရင့်နိုင်ငံရေးသမားတစ်ဦးက သူ့အမြင်ကို ပြောပြပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်နဲ့ စစ်တပ်တို့ ပြီးခဲ့တဲ့နှစ်တွေအတွင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြပြီး စစ်အာဏာသိမ်းထားတဲ့ ၂၀၂၂ ခုနှစ်၊ နှစ်လယ်ပိုင်းမှာတော့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ယာယီသဘောတူညီချက်တွေ ရရှိထားကြတာပါတယ်။

ဒါပေမဲ့ ရခိုင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်၊ မဖြစ်ဟာ စစ်ကောင်စီတပ်နဲ့ အများကြီးသက်ဆိုင်တယ်လို့ အေအေနဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောပြပါတယ်။

‘‘ဖြစ်နိုင်ခြေနဲ့ မဖြစ်နိုင်ခြေက တစ်ဝက် တစ်ဝက်ပေါ့။ တော်လှန်ရေးလိုလားတဲ့သူတွေကတော့ ဖြစ်စေချင်တာပေါ့နော်။ လက်ရှိ တနိုင်ငံလုံး စစ်ရေးအရ သူတို့(စစ်တပ်)မှာလည်း ဒီဘက်ကို စစ်မျက်နှာပြင်ဖွင့်ဖို့ အတော်လေး စဥ်းစားနိုင်တယ်။ ရှမ်းမြောက်က တိုက်ပွဲမှာ အေအေ ပါတယ်ဆိုတာတော့ သိတာပေါ့။ ဒါပေမဲ့ ရခိုင်မှာ အခြေအနေ ထိန်းထားနိုင်သေးတယ်ဆိုရင်တော့ သူတို့(စစ်တပ်)က တိုက်ပွဲဖော်မှာမဟုတ်ဘူး။ အေအေဘက်ကလည်း အခုက စပါးရိတ်သိမ်းချိန်ဆိုတော့ သူ့အကျိုး ကိုယ့်အကျိုးကြည့်ပြီး ထိန်းထားနိုင်တယ်။ တကယ်လို့ တစ်ဖက် လုပ်တယ်ဆိုရင်တော့ အေအေဘက်က တုံ့ပြန်ဖို့ အသင့်ဖြစ်နေတာမျိုးရှိတယ်’’ လို့ အေအေနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

တဖက်မှာလည်း စစ်ကောင်စီတပ်ဟာ ရခိုင်မှာ အရင်ကထက် လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုတိုးလုပ်လာတာ၊ ရိက္ခာသယ်ယူပို့ဆောင်တာတွေ ခပ်စိပ်စိပ်လုပ်လာတာနဲ့ တပ်ရွှေ့တာတွေရှိကို မြင်တွေ့နေရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရခိုင်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လအတွင်း တိုက်ပွဲတွေပြန်ဖြစ်ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ လူသားချင်းစာနာမှုခေါင်းစဥ်အောက်ကနေ အပစ်ရပ်ထားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီမတိုင်ခင်ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် စစ်တွေ၊ မြောက်ဦးနဲ့ မောင်တောခရိုင်တွေက ဒုက္ခသည်စခန်းပေါင်း ၁၀၀ ကျော်မှာ စစ်ရှောင်ဦးရေ ၁ သိန်းနီးပါးအထိရှိနေဆဲဖြစ်ပါတယ်။