ဖြတ်လေးဖြတ်ကြုံလာရတဲ့ ရခိုင်တောင်ပိုင်း

စစ်ရှောင်နေကြတဲ့ ရခိုင်တောင်ပိုင်းက ဒေသခံတွေ

ဓာတ်ပုံ ရင်းမြစ်, Western News

ဓာတ်ပုံ ပုံစာ, စစ်ရှောင်နေကြတဲ့ ရခိုင်တောင်ပိုင်းက ဒေသခံတွေ

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေ ရက်‌ပေါင်း ၄၀ ရှိလာချိန်မှာ ရခိုင်တောင်ပိုင်းကိုပါ တိုက်ပွဲတွေရောက်ရှိလာပြီလို့ မြေပြင်စစ်ရေးအခြေအနေသိရှိသူတွေကပြောပါတယ်။

ရက္ခိုင့်တပ်တော်(အေအေ) ဟာ နိုဝင်ဘာ ၁၃ ရက်က ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ပေါက်တောမြို့တွင်းမှာ တိုက်ပွဲတွေစတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဒီဇင်ဘာ ၁၈ ရက်ကစခဲ့တဲ့ ရခိုင်တောင်ပိုင်း၊ ရမ်းဗြဲမြို့ တိုက်ပွဲတွေကနေ ဒီဇင်ဘာ ၂၁ ရက်မှာ တောင်ကုတ်၊ ကျောက်ဖြူ အထိပစ်ခတ်မှုတွေ ရှိနေပါတယ်။

ဒါအပြင် စစ်တပ်က တောင်ပိုင်းက အဲဒီဒေသတွေမှာ ရေကြောင်း၊ကုန်းကြောင်းလမ်းတွေအားလုံးကို ပိတ်ထားတဲ့အတွက် ဒေသခံတွေမှာ စားနပ်ရိက္ခာပြတ်လပ်တဲ့အခြေအနေကို ရင်ဆိုင်နေရပါတယ်။

ရမ်းဗြဲကစတဲ့တောင်ပိုင်းတိုက်ပွဲ

ရမ်းဗြဲမြို့တောင်ဘက် ‌အောင်ချမ်းသာစေတီတည်ထားတဲ့ သိမ်တောင်ကုန်းပေါ်မှာ စစ်တပ်နဲ့ အေအေ တို့ နှစ်ဖက်ရင်ဆိုင်ထိပ်တိုက်တွေ့ရာကနေ တိုက်ပွဲစတင်ခဲ့တယ်လို့ အေအေဘက်ကထုတ်ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၄ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရရှိခဲ့တယ်လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ဒီဇင်ဘာ ၁၉ ရက် ထုတ်ပြန်ချက်ကဖော်ပြပါတယ်။

အဲဒီတိုက်ပွဲအတွင်း ကလိန်တောင်မြစ်ထဲက စစ်တပ်ရဲ့ ဇက်ရေယာဉ်ကနေ ရမ်းဗြဲမြို့နဲ့ အနီးတဝိုက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခဲ့ပြီး ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒရုန်းတွေနဲ့ပါ အသုံးပြုပြီးတိုက်တယ်လို့ ဆိုပါတယ်။

စစ်တပ်က လေကြောင်း၊ ရေကြောင်းအပါအဝင် ကုန်းကြောင်းကနေပါ တိုက်ခိုက်နေတာကြောင့် ရမ်းဗြဲမြို့အပါအဝင် ဒေသခံ ၉,၀၀၀ ကျော်က နီးစပ်ရာ ရွာတွေဘက်ကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ရမ်းဗြဲမြို့ကနေတိမ်းရှောင်လာတဲ့ ဒေသခံတစ်ဦးကတော့ မြို့မှာဆက်ပြီးမနေရဲကြတော့တာကြောင့် မြို့ခံလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးကုန်ကြပြီလို့ ဘီဘီစီကိုပြောပါတယ်။

ရမ်းဗြဲတိုက်ပွဲမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး နောက်ထပ်အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ အေအေဘက်ကထုတ်ပြန်ပါတယ်။

ရမ်းဗြဲမြို့တိုက်ပွဲဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရမ်းဗြဲကျွန်းပေါ်က ပထမဆုံးတိုက်ပွဲဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းမှာတော့ မြို့ ပေါ်ဧရိယာမှာဖြစ်ပွားနေတဲ့ ဒုတိယမြောက်တိုက်ပွဲဖြစ်ပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေဟာ ရမ်းဗြဲမြို့အနီးက သိမ်တောင်ပေါ်မှာ တပ်စွဲထားတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။

ကျောက်ဖြူမြို့မှာ စစ်တပ်က ပိတ်ဆို့ထားပုံ

ဓာတ်ပုံ ရင်းမြစ်, Western News

ဓာတ်ပုံ ပုံစာ, ကျောက်ဖြူမြို့မှာ စစ်တပ်က ပိတ်ဆို့ထားပုံ

စားနပ်ရိက္ခာပြတ်လာတဲ့ကျောက်ဖြူ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့်ပဲ တရုတ်နဲ့ပူးပေါင်းပြီး ရေနက်ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်နေတဲ့ တောင်ပိုင်းက ကျောက်ဖြူမြို့မှာ မြို့အဝင်အထွက်ကုန်းကြောင်း၊ ရေကြောင်းတွေကိုစစ်တပ်က ပိတ်ထားတာ ရက်ပေါင်း ၃၀ ကျော်ရှိလာပြီဖြစ်ပါတယ်။

နိုဝင်ဘာ ၁၉ ရက်က စတင်ခဲ့တဲ့ ဒီပိတ်ပင်မှုကို တစ်လပြည့်တဲ့ ဒီဇင်ဘာ ၁၉ ရက်မှာတော့ လာမယ့် ဖေဖော်ဝါရီ ၁၉ ရက်အထိ နောက်ထပ်နှစ်လထပ်တိုးပိတ်လိုက်တဲ့အကြောင်း စစ်တပ်က ကြေညာခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီလိုလမ်းတွေပိတ်လိုက်တဲ့အတွက် ကျောက်ဖြူမြို့တွင်းနဲ့ မြို့ပြင်က ဒေသခံတွေမှာ စားနပ်ရိက္ခာရှားပါး ပြတ်လပ်လာတာကို ကြုံနေရတယ်လို့ ပြောပြပါတယ်။

အခြေခံလူတန်းစား လက်လုပ်လက်စားတွေဆိုရင် စားရေးသောက်ရေးခက်ခဲပြီး ငတ်ပြတ်တဲ့ အထိဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

“အကုန်ငတ်ကုန်ကြပြီ ရေကြောင်းပိတ်တဲ့အပြင် ကုန်းကြောင်းပါပိတ်လိုက်တော့ ဘာမှလုပ်စားလို့မရဖြစ်သွားပြီ” လို့ သူကပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက် အေအေရဲ့ ထုတ်ပြန်ချက်မှာတော့ ကျောက်ဖြူမြို့တဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကျောက်ဖြူအ‌ခြေစိုက် စစ်တပ်ခြေမြန်တပ်ရင်း (ခမရ-၅၄၂) နဲ့ (ခမရ-၃၄) တပ်ရင်းတွေကနေ လက်နက်ကြီးငယ်တွေနဲ့ အကြိမ် ၂၀ ထက်မနည်းပစ်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ရမ်းဗြဲမြို့တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီးတဲ့နောက် စစ်တပ်ဘက်က ရခိုင်ပြည်နယ်တောင်ပိုင်းက ဒေသခံလူထုအပေါ် ရိက္ခာဖြတ်၊ ငွေကြေးဖြတ်၊ သတင်းအဆက်အသွယ်ဖြတ်၊ လူထုကြားအဆက်အသွယ်ဖြတ် စတဲ့”ဖြတ်လေးဖြတ်” စနစ်တွေ ကျင့်သုံးလာပြီး အဓမ္မဖမ်းဆီးတာတွေလည်း လုပ်ဆောင်လာတယ်လို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာလည်း ကျောက်ဖြူမြို့ ဂုံးချွိန်တိုက်နယ်က ဒေသခံ ၈ ဦးနဲ့ ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်းက ဒုက္ခသည် ၁၀ ယောက်ထက်မနည်းကို စစ်တပ်က မတရားဖမ်းဆီးတာတွေလုပ်ခဲ့တယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ရခိုင်တောင်ပိုင်းဒေသက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဒီဇင်ဘာ ၂၁ ရက်အထိ ထုတ်ပြန်တာမရှိပါဘူး။

ရက္ခိုင့်တပ်တော် (အေအေ) ကတော့ ၁၀၂၇ စစ်ဆင်ရေး တစ်လ‌ကျော်တဲ့နောက် ရခိုင်ဒေသအတွင်းမှာ စစ်ကောင်စီ တပ်စခန်း၊ ရဲစခန်းနဲ့ နယ်ခြားစောင့်တပ်စခန်းပေါင်း ၁၄၂ ခုကို သိမ်းပိုက်ထားနိုင်တယ်လို့ ဒီဇင်ဘာ ၁၄ ရက်မှာ ကြေညာထားပါတယ်။

တောင်ကုတ်မှာဘာတွေဆက်ဖြစ်နေလဲ

အေအေတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, အေအေ

ဓာတ်ပုံ ပုံစာ, အေအေတပ်ဖွဲ့ဝင်တွေ

ဒီဇင်ဘာ ၁၈ ရက်က တောင်ကုတ်မြို့ ၊ သံတွဲ-တောင်ကုတ်ကားလမ်းပိုင်းပေါ်မှာ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်မှာတော့ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ပြီးတုံ့ပြန်ခဲ့တာတွေရှိတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေစဖြစ်ကတည်းက တောင်ကုတ်မြို့အဝင်အထွက်ဂိတ်တွေမှာ စစ်တပ်ကစစ်ဆေးနေတာလို့ သိရပါတယ်။ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ မော်တော်ယာဉ်တွေနဲ့ ဝန်ထမ်းတွေကလွဲရင် အိမ်စီးကားနဲ့ဆိုင်ကယ်တွေဟာ ရဲစခန်းနဲ့ ရပ်ကွက်ထောက်ခံစာတွေပါမှ ဖြတ်သန်းသွားလာခွင့်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

“၁၉ ရက်နေ့ကလည်း လက်နက်ကြီးနဲ့ အချက် ၂၀ ကျော်ပစ်တယ်။ မြို့ဝင်မြို့ထွက်မှာ စစ်တပ်ရဲ့ ဂိတ်စခန်းရှိတယ်။စစ်ဆေးတာတွေလုပ်တယ်။ ဆိုင်ကယ်သမားတွေဆိုရင် ထောက်ခံစာပြပြီး ခြေလျင်ဖြတ်ရတယ်’’ လို့ တောင်ကုတ်ဒေသခံတစ်ဦးကပြောပါတယ်။