"မြန်မာစစ်တပ်က ကမ်းကုန်အောင်ကျူးလွန်နေပြီ" ULA/AA​ ရဲ့ ပြောရေးဆိုခွင့်ရှိသူခိုင်သုခနဲ့ဘီဘီစီမေးမြန်းချက်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် - ULA/AA​

ဓာတ်ပုံ ရင်းမြစ်, AA INFO DESK

ရက္ခိုင့်တပ်တော်အေအေ အနေနဲ့ သမိုင်းကြောင်းနဲ့ ပထဝီဝင်အနေအထားအရ ကွန်ဖက်ဒရိတ်အဆင့်ကို တောင်းဆိုရတာလို့ပြောထားပါတယ်။ အေအေဟာနိုင်ငံတွင်းမှာ ကမ်းရိုးတန်းဒေသမှာရှိနေတဲ့တစ်ခုတည်းသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။ ၂၀၁၈-၁၉ ခုနှစ်တွေမှာ ရခိုင်ပြည်နယ်အတွင်း စစ်တပ်နဲ့ အေအေတို့အကြား ပြင်းထန်တဲ့တိုက်ပွဲတွေ နှစ်ချီဖြစ်ခဲ့တဲ့နောက် ၂၀၂၀ ‌ရွေး‌ကောက်ပွဲအပြီး နိုဝင်ဘာ ၁၁ ရက်မှာ အပစ်ခတ်ရပ်စဲခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်နှောင်းပိုင်း ကစလို့ ထိတွေ့မှုတွေဖြစ်ရာကနေ ၂၀၂၂ ဇွန်လကစလို့ ဒေသတွင်းမှာ တိုက်ပွဲတွေက နေရာအများစုမှာဖြစ်နေတာပါ။

စစ်ကောင်စီတပ်စခန်းအချို့ကို အေအေဘက်က သိမ်းပိုက်ထားသလို စစ်ကောင်စီကလည်း‌ မြေပြင်၊ လေကြောင်းနဲ့ ရေကြောင်းတွေကနေပါ လွှမ်းမိုးနိုင်ဖို့ကြိုးစားနေတဲ့ အခြေအနေပါ။ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်အေအေ နဲ့ စစ်ကောင်စီတို့ကြား တစ်ကျော့ပြန်တိုက်ပွဲပြင်းထန်နေတဲ့အခြေအနေမှာ ရက္ခိုင့်တပ်တော်အေအေ ရဲ့ သဘောထားနဲ့ အတူ နိုင်ငံရေးရည်မှန်းချက်အရ ကွန်ဖက်ဒရိတ်ကိုတောင်းဆိုရတဲ့အချက်အပါအဝင် အကြောင်းအရာတချို့ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် - ULA/AA​ ကပြောရေးဆိုခွင့်ရှိသူခိုင်သုခနဲ့ ဘီဘီစီကမေးမြန်းထားပါတယ်။

ဘီဘီစီ - ရက္ခိုင့်တပ်တော် AA ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို ကွန်ဖက်ဒရိတ်လို့ ပြောဆိုထားပြီး ဖြစ်တယ်။ ဆိုတော့ ကွန်ဖဒရိတ်လို့ ရည်မှန်းချက်ရှိရတဲ့ အကြောင်းအရင်းတွေကဘာတွေကြောင့်လဲ။

ခိုင်သုခ - ဘာကြောင့် ကွန်ဖဒရိတ်အဆင့်အတန်းလိုအပ်သလဲလို့ပြောလို့ရှိရင် ရခိုင်ဒေသရဲ့ ပထဝီဝင်အနေအထား ၊ နောက်ပြီးလို့ရှိရင် မြန်မာ့နိုင်ငံရေးရဲ့ အနေအထားတွေ အဲဒီဟာတွေအောက်မှာ ကျွန်တော်တို့က ကွန်ဖက်ဒရိတ်အဆင့်အတန်းရမှပဲ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်မှာပေါ့။ ဒါ့ကြောင့်မို့လို့ ဒီကွန်ဖက်ဒရိတ်အဆင့်အတန်းကိုကျွန်တော်တို့ပြောတာဖြစ်တယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ ရခိုင်ပြည် ကွန်ဖက်ဒရိတ်အဆင့်အတန်းကိုရလို့ရှိရင် မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးအတွက် အထောက်အကူဖြစ်မယ်လို့အပြည့်အဝယုံကြည်တယ်။ ဘာကြောင့် ဒီလိုပြောရလဲဆိုရင် ရခိုင်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးလွတ်လပ်မှုတရားမျှတမှု ငြိမ်းချမ်းရေး အဲဒါတွေအားလုံးကို အာမခံဖို့အတွက်ဆိုရင်တော့ ကျွန်တော်တို့က ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်မှပဲရမယ်။ ဒါ့ကြောင့်မို့လို ကျွန်တော်တို့က ကွန်ဖက်ဒရိတ်ကိုတောက်လျှောက်ပြောနေတာဖြစ်တယ်ဗျ။

ဘီဘီစီ - လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ NUCC တို့ကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုတာကို သူတို့လုပ်နေကြတယ်။ တစ်ဖက်မှာလည်းစစ်ကောင်စီကလည်းဖက်ဒရယ်ဆိုတဲ့ စကားလုံးကိုသုံးပြီး အခုသူနဲ့တွေ့နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးနေကြတယ်။ ဆိုတော့အများစုကတော့ ဖက်ဒရယ်ကို အခြေခံတဲ့မူဝါဒကိုပြောဆိုကြတယ်။ ရက္ခိုင့်တပ်တော် AA အနေနဲ့ ကွန်ဖက်ဒရိတ်နဲ့ ဖက်ဒရယ်က ရခိုင်အတွက်ဘယ်လိုကွာခြားတယ်လို့ယူဆလို့ ကွန်ဖက်ဒရိတ်ကိုပဲပြောရတာလဲ။

ခိုင်သုခ - ဒီဟာကတော့ ဒီလိုရှိတယ်ဗျ။ မြန်မာနိုင်ငံရဲ့ အခြေအနေတွေက အချိုးမညီတဲ့ ဖက်ဒရယ်လစ်ဇင်ကိုသွားမှပဲ အဆင်ပြေမယ်လို့ကျွန်တော်တို့ကထင်တယ်။ ဒီသာမန်အချိုးညီတဲ့ ဖက်ဒရယ်စနစ်နဲ့သွားလို့ရှိရင်တော့ ငြိမ်းချမ်းရေးရမယ့် အနေအထားလို့တော့ ကျွန်တော်တို့မမြင်ဘူး။ ဘာကြောင့်လဲဆိုရင် ပြဿနာတွေက ဆက်ပြီးရှိနေနိုင်တယ်။ ဥပမာ - ရခိုင်အနေအထားကို ပြောမယ်ဆိုလို့ရှိရင်ဗျာ။ ၁၇၈၄ အထိ ကျွန်တော်တို့က ရခိုင်နိုင်ငံအနေနဲ့သီးသန့်နေပြီးရပ်တည်လာတဲ့ လူမျိုးဖြစ်တယ်။ ၁၇၈၄ မှာ ဗမာဘုရင် ဘိုးတော်ဘုရားကတက်သိမ်းပြီးတော့မှ ကျွန်တော်တို့ရခိုင်တွေဟာ ဗမာဘုရင်တွေရဲ့ သိမ်းပိုက်မှုကိုခံရပြီး ကိုလိုနီဖြစ်သွားခဲ့တယ်။ ဒါ့ကြောင့်မို့လို့ ဒီအချိန်မှာ ကျွန်တော်တို့ကနေ ပြီးတော့ နိုင်ငံနဲ့နေပြီးတဲ့ လူမျိုးတစ်ခုက ကိုယ့်နိုင်ငံကိုယ်ဖန်တီးနိုင်တဲ့ ကွန်ဖက်ဒရိတ် အဆင့်အတန်းကို ဒါရကိုရသင့်တယ်။ ပြောမယ်ဆိုရင် ဒါက နှစ်ဦးနှစ်ဖက် အသေအပျောက်အထိအခိုက်နည်းပြီးတော့မှ ဖြေရှင်းနိုင်တဲ့နည်းလမ်းကို ကျွန်တော်တို့ဘက်က အကောင်းဆုံးလျှော့ပေါ့ပြီး ကျွန်တော်တို့ ပြောထားတာဖြစ်တယ်ဗျ။

ဘီဘီစီ - အဲဒီတော့ ဒီအတွက် စစ်ဆိုတာဖြစ်လာတယ်ဆိုတော့ စစ်ရေးရည်မှန်းချက်က ဘယ်အချိန်အထိ၊ ဘယ်လောက်အထိဆိုတာမျိုးရှိလဲ။ စစ်ရေးရည်မှန်းချက်ကဘာလဲ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ခိုင်သုခ - ကျွန်တော်တို့ ULA/AA အနေနဲ့ကတော့ ရက္ခိတလမ်းစဥ်အတိုင်း တသဝေမတိမ်း ချီတက်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ကျွန်တော်တို့ပြောထားတဲ့ နိုင်ငံရေးရည်မှန်းချက်ကိုရောက်ဖို့အတွက် တတ်နိုင်သမျှ ဖြစ်နိုင်တဲ့နည်းလမ်းတွေကို အသုံးချပြီး ကြိုးစားလုပ်ဆောင်သွားမှာဖြစ်တယ်။ ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့က ဒီစစ်ဆိုတာကတော့ ဘယ်သူမှမလိုလားဘူး။ ကျွန်တော်တို့လည်း မလိုလားဘူး။ ဒါပေမဲ့လို့ တခြားနည်းလမ်းတွေမရှိတဲ့အခါ စစ်ဆိုတာဖြစ်လာတာပဲ။ ပြောမယ်ဆိုလို့ရှိရင် ဖိနှိပ်မှုရှိလို့ တွန်းကန်မှု ရှိလာတာဆိုတော့ ရခိုင်တွေလက်နက်ကိုင်လာတယ်ဆိုတာကလည်းပဲ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရဖြေရှင်းဖို့ ကျွန်တော်တို့မှာ လမ်းကြောင်းမရှိဘူးဗျ။ နိုင်ငံရေးအရ ဖြေရှင်းဖို့သွားတောင်းတဲ့ အချိန်တိုင်းမှာ ဗမာလူများစုထိန်းချုပ်ထားတဲ့ ဗမာအစိုးရအဆက်ဆက်ကနေပြီးတော့မှ လိုချင်ရင်တက်ယူဆိုတဲ့ ခြိမ်းခြောက်ပြောဆိုမှုမျိုးပေါ့ဗျာ။ ဘယ်လိုပြောမလဲ အင်အားသုံးပြီး ပြောဆိုမှုမျိုးကိုပဲ ကျွန်တော်တို့ တောက်လျှောက်ခံလာရတာရှိတယ်။ ဒါ့ကြောင့်မို့လို ဒီစစ်ပွဲကို မတိုက်ချင်ပေမဲ့လည်းပဲ ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်နဲ့ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေအတွက် တိုက်နေရတယ်။ ဆိုလိုတာကတော့ နယ်ချဲ့ဆန့်ကျင်ရေး ၊ ရခိုင်ပြည်လွတ်မြောက်ရေးအတွက် မလွှဲမရှောင်သာ ဒီနေအအထားကိုရောက်လာရတာဖြစ်တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ မြန်မာနိုင်ငံအဝန်းအဝိုင်းထဲမှာ အခြေအနေတွေပေးခဲ့မယ်ဆိုလို့ရှိရင် ဒီအနေအထားကိုကျွန်တော်တို့ရောက်လာမှာမဟုတ်ဘူး။ အခုကတော့ပြောမယ်ဆိုလို့ရှိရင် မြန်မာစစ်တပ်က ကမ်းကုန်အောင်ကျူးလွန်နေပြီ။ အခုကတော့ ရခိုင်ဒေသအလုံးစုံ ပျက်သုဥ်း‌ရေးကို မြန်မာစစ်တပ်ဘက်က ကုန်းလမ်း၊ရေလမ်းတွေပိတ်ပြီး ကုန်စည်စီးဆင်းမှု၊ ဆေးဝါးတွေ စားကုန်သောက်ကုန်တွေ ကို သူတို့လုံးဝ ဖြတ်တောက်လိုက်ပြီ။ ဒီလိုမျိုးဘက်ပေါင်းစုံကနေ ဖိနှိပ်နေတဲ့ အနေအထားအောက်မှာ ရခိုင်တွေအနေနဲ့ကတော့ မလွဲမသွေ ခုခံတော်လှန်စစ်ကို လုပ်ရမှာဖြစ်တယ်။ ဒါ့ကြောင့်မို့လို ဒီစစ်ပွဲဟာ ကျွန်တော်တို့ရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ၊ လူမျိုးတည်တံ့ရေးနဲ့ လူ့ဂုဏ်သိက္ခာအတွက် ဒီစစ်ပွဲကိုတိုက်နေရတာဖြစ်တယ်ဗျ။

ဘီဘီစီ - အဲဒီတော့ အရပ်သားအစိုးရလက်ထက် နဲ့ စစ်အာဏာသိမ်းထားတဲ့ အခြေအနေမှာ ဘယ်လိုပဲဖြစ်ဖြစ် အေအေ ရဲ့ မူဝါဒက ဒီအတိုင်းပဲရှိနေတဲ့ သဘောလား။

ခိုင်သုခ- ကျွန်တော်တို့ကတော့ အပြောင်းအလဲမရှိဘူးဗျ။ မူလရည်မှန်းချက်အတိုင်းပဲ၊ ဆိုလိုတာကတော့ ရခိုင်တွေက ရှင်ကြီးဝမ်းလည်းဝင်ဖူးပြီ။ ရှင်ငယ်ဝမ်းလည်းဝင်ဖူးပြီ။ ဒါ့ကြောင့်မို့လို ကျွန်တော်တို့က ရခိုင်တွေဆုံးဖြတ်ပြီးမှ ချမှတ်ခဲ့တဲ့ရက္ခိတလမ်းစဥ်အတိုင်းဆက်လက်ပြီး ချီတက်မယ်။ ကျွန်တော်တို့ရဲ့ ချမှတ်ထားတဲ့ ရက္ခိတလမ်းစဥ်အပေါ်မှာလည်း ရခိုင်အမျိုးသားတွေရဲ့ စုစည်းညီညွတ်မှုနဲ့ မရရအောင်ပေါ့ဗျာ၊ ဘယ်လိုအရင်းအနှီးမျိုးပဲပေးရ ပေးရ ကျွန်တော်တို့ရဲ့ နိုင်ငံရေးရည်မှန်းချက်အတွက် အခိုင်အမာဆုံးဖြတ်ထားတယ်။ ဆိုလိုတာကတော့ ရခိုင်တွေမှာလမ်းစဥ်လည်းရှိသလို၊ ပန်းတိုင်လည်းရှိတယ်။ ချမှတ်ထားတဲ့ပန်းတိုင်ကို လမ်းစဥ်အတိုင်းပဲချီတက်မယ်။

ဘီဘီစီ - ဒီတော့မြန်မာပြည်မယ်အရပ်သားအစိုးရဖြစ်ဖြစ် စစ်အစိုးရဖြစ်ဖြစ်ရခိုင်အရေးနဲ့ ပတ်သက်ရင်အပြောင်းအလဲမရှိဘူး။ ဒီတော့ရခိုင်လမ်းစဥ်အတိုင်းပဲသွားမယ်ဆိုတာမျိုး.ဆုံးဖြတ်ထားတာလား။

ခိုင်သုခ - အရင်တုန်းကဆိုရင်တော့ဗျာ။ ဗမာပြည်နိုင်ငံရေးထဲမှာ ရခိုင်နိုင်ငံရေးအဆက်ဆက်က ဒါကျင်လည်လာကြတယ်။ ဒါပေမဲ့လို့ နောက်ဆုံး ပြောမယ်ဆိုလို့ရှိရင် ဗမာအချင်းချင်း အာဏာလုနေတဲ့ အချိန်မှာ ဗမာတွေကနေပြီးတော့ တခြားတိုင်းရင်းသားတွေကိုစည်းရုံးမယ်။ ဗမာအချင်းချင်းသင့်မြတ်သွားတဲ့အချိန်ကျရင်တော့ တခြားတိုင်းရင်းသားတွေကို ဘယ်သူမှလှည့်မကြည့်တော့ဘူး။ ပြန်ပြီးတော့ဖိနှိပ်မယ်။ ဆိုတော့ ဒီနိုင်ငံရေးဖြစ်စဥ်အစဥ်အလာက ဗမာပြည်မှာ ဆက်ပြီးတော့ထွန်းကားနေတာပေါ့။ စစ်တပ် နောက်ပြီးတော့ ခေတ်အဆက်ဆက်အစိုးရတွေပေါ့ဗျာ။ စစ်တပ်နဲ့အစိုးရကို ကျွန်တော်တို့ခွဲပြီးပြောလို့မရဘူး။ အဲဒီစစ်တပ်နဲ့အစိုးရက သူတို့ညီညွတ်တဲ့အချိန်မှာ ကျွန်တော်တို့ကိုဖိနှိပ်တယ်။ သူတို့အချင်းချင်း မညီညွတ်အာဏာလုတဲ့အချိန်မှာတော့ ကျွန်တော်တို့ကို 'သူ့ဘက်ကိုပါပါ။ ငါ့ဘက်ကိုပါပါ။' ဆိုပြီး စည်းရုံးကြတယ်။ ဒါ့ကြောင့်မို့လိုကျွန်တော်တို့က ဒီတစ်ကြိမ်မှာ ဘယ်သူ့ဘက်မှမပါပါဘူး။ ပြောမယ်ဆိုလို့ရှိရင် ကျွန်တော်တို့မှာ ဒီတစ်ကြိမ်မှာ ဝေဝေဝါးဝါးမရှိတော့ဘူး။ တရားမျှတမှုတွေပြန်ရဖို့အတွက်ကျွန်တော်တို့ရဲ့ လမ်းစဥ်အတိုင်းချီတက်သွားဖို့ပဲရှိတယ်ဗျ။

ရက္ခိုင့်တပ်တော် (AA)

ဓာတ်ပုံ ရင်းမြစ်, AA INFO DESK

ဘီဘီစီ - အခုဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တကြိမ်တွေ့ဆုံထားတာတွေ့ရတော့ ဘယ်လိုဆွေးနွေးချက်တွေရှိထားလဲ။

ခိုင်သုခ - ကျွန်တော်တို့ NUG နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားဖြစ်တယ်။ ဒီဗမာပြည်မနေ ဗမာပြည်သူတွေရဲ့ စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ရေး ကြိုးပမ်းမှုတွေကို ကျွန်တော်တို့အနေနဲ့အသိအမှတ်ပြုတယ်။ လေးစားတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့အနေနဲ့က ဒီနွေဦးတော်လှန်ရေးမှာပါဝင်ဖို့ဆိုတာက မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုလို့ရှိရင် နွေဦးတော်လှန်ရေးက ကျွန်တော်တို့ရဲ့ တော်လှန်ရေးခရီးမှာ တစ်ဝက်လောက်ကမှ သူတို့ကပေါ်လာတာဖြစ်တယ်။ ပြောမယ်ဆိုလို့ရှိရင် နွေဦးတော်လှန်ရေးပေါ်လာတဲ့အချိန်မှာ ကျွန်တော်တို့က ခရီးရဲ့တစ်ဝက်ကိုရောက်နေပြီ။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့က အဲဒီမှာသွားပြီးပူးပေါင်းလို့ရှိရင် လမ်းစဥ်တွေလွဲချော်သွားလို့မဖြစ်ဘူး။ ဒါ့ကြောင့်မို့လို့ အခုအချိန်မှာကျွန်တော်တို့ကတော့ ပန်းတိုင်ကိုလမ်းစဥ်အတိုင်း ချီတက်သွားမယ်။ ဒါပေမဲ့လို့ NUG နဲ့ပဲဖြစ်ဖြစ် ဒီတခြား စကစကို တော်လှန်နေတဲ့ ဘယ်အဖွဲ့အစည်းနဲ့ မဆိုပေါ့ဗျာ။ ကျွန်တော်တို့ကတော့မိတ်ဆွေအဖွဲ့အစည်းတွေအဖြစ် သဘောထားပြီးတော့မှ တူတာကိုတွဲလုပ်၊ မတူတာကိုခွဲလုပ် အဲဒီလိုမျိုးအနေအထားနဲ့ဆက်လက်ပြီးလုပ်ဆောင်သွားမှာဖြစ်တယ်ဗျ။

ဘီဘီစီ - ၂၀၁၈-၁၉ ဟာ ရခိုင်ပြည်နယ်မှာအပြင်းထန်ဆုံးစစ်ပွဲကာလလို့ပြောရမယ်။ ရွေးကောက်ပွဲမတိုင်ခင်၂၀၂၀ နိုဝင်ဘာကစလို့ စစ်တပ်နဲ့ အေအေကြားအပစ်ရပ်ထားနိုင်တယ်။ အခုတော့ရခိုင်မှာ တစ်ကျော့ပြန်တိုက်ပွဲပြန်ဖြစ်လာတယ်။ဘာကြောင့်လဲ။

ခိုင်သုခ - တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာတယ်ဆိုတာက ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ မြန်မာစစ်တပ်ရဲ့ အနေအထားပေါ့နော်။ အထူးသဖြင့်တော့ ၂၀၂၀ နိုဝင်ဘာ ၁၁ ရက်စပြီးတော့ အပစ်ခတ်ရပ်စဲတဲ့ကာလမှာ အပစ်အခတ်ရပ်စဲထားတယ်လို့ပြောပေမဲ့လည်း မြန်မာစစ်တပ်ဟာ ပိတ်ဆို့မှုပေါင်းမျိုးစုံကို စစ်ပွဲ ကာလတုန်းကထက် ပိုဆိုးတဲ့ အခြေအနေမျိုး သူတို့ဘက်က ဖန်တီးလာတာရှိတယ်။ တိုက်ပွဲကို ရပ်တန့်ထားပေမဲ့ သူတို့ရဲ့ပိတ်ဆို့ဖြတ်တောက်မှုတွေကို သူတို့မရပ်တန့်ဘူး။ ဒေသခံရခိုင်ပြည်သူတွေ အများကြီး ဒုက္ခရောက်လာတဲ့အနေအထားမျိုးမှာ ကျွန်တော်တို့ဘက်ကလည်း အတိုင်းအတာအနေအထားအရ ပြန်ပြီးတုံ့ပြန်တဲ့အနေအထားတွေ ဖြစ်လာရတယ်။

အဲဒီလို တုံ့ပြန်တဲ့အနေအထားမှာ တစ်ဖက်နဲ့တစ်ဖက်ကြား စစ်ရေးအရတင်းမာလာတာတွေ ရှိတယ်။အထူးသဖြင့် အပစ်ရပ်ထားတဲ့ကာလမှာ မြန်မာစစ်တပ်ကနေပြီးတော့ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေး၊တရားစီရင်ရေးလုပ်ငန်းတွေကို တောက်လျှောက် သူတို့ဘက်က ဝင်ရောက်နှောက်ယှက်တာတွေရှိတယ်။ ကျွန်တော်တို့ရဲ့ တရားရေးဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးဝန်ထမ်းတွေ၊ နောက် အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေ အဲဒါမျိုးတွေ တောက်လျှောက်လုပ်လာတယ်။

နောက် ကုန်းလမ်း ရေလမ်းတွေမှာလည်း စစ်ဆေးရေးတွေ တင်းတင်းကျပ်ကျပ်ချထားပြီးတော့ ဖြတ်တောက်ထားတဲ့အတွက်ကြောင့်မို့လို့ ရခိုင်တွေဟာ စစ်ပွဲကာလထက်ဆိုးတဲ့အနေအထားကို ခံစားလာကြရတယ်။ ဒါ့ကြောင့်မို့လို့ အခုလို တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာတဲ့ အနေအထားကို ရောက်လာတယ်။

ဘီဘီစီ - စစ်ပွဲနဲ့အတူ လက်နက်ကိုင်အဖွဲ့ ၂ဖွဲ့ကြားမှာ အရပ်သားတွေ၊ တပ်ဖွဲ့ဝင်တွေ အပြန်အလှန်ဖမ်းဆီးမှုတွေရှိလာတယ်။ အေအေဘက်ကရော ဖမ်းဆီးမှုတွေကိုလုပ်တာ ဘာကြောင့်လဲ။

ခိုင်သုခ - တစ်ဖက်နဲ့တစ်ဖက် စစ်ရေးတင်းမာနေတဲ့အချိန်မှာ လက်နက်ကိုင်အချင်းချင်း သူ့လူကိုဖမ်းလို့ ကိုယ့်လူကိုဖမ်းတယ်ဆိုတာက ဖြစ်ရိုးဖြစ်စဥ်လို့ ပြောလို့ရတယ်။ ကျွန်တော်တို့ကနေပြန်ပြီး ဖမ်းတယ်ဆိုတာက မြန်မာစစ်တပ်ဘက်က လက်နက်ကိုင်တပ်ဖွဲ့တွေကိုပဲ ဖမ်းတာ။ ပြီးလို့ရှိရင် သူတို့ရဲ့ဖိနှိပ်ရေးယန္တရားကို ကျားကန်ပေးထားတဲ့ လိုအပ်တဲ့သူတွေကိုပဲ ဖမ်းတာဖြစ်တယ်။ မြန်မာစစ်တပ်ဘက်ကဖမ်းတာကျတော့ ကျွန်‌တော်တို့ရဲ့ အပြစ်မဲ့ရခိုင်ပြည်သူတွေကို ဦးတည်ပြီးတော့မှ ရသမျှလူကိုဖမ်းတာဖြစ်တယ်။ နောက်ပြီးတော့ ပုဒ်မတွေအမျိုးမျိုးတပ်ပြီးတော့ မတရားဖမ်းဆီးနှိပ်စက်တာတွေရှိတယ်။ မှတ်တမ်းတွေအရဆိုရင် ၂၀၂၂ ဇွန်လကနေပြီးတော့ အောက်တိုဘာလပထမပတ်အထိပေါ့နော်၊ဒီမြန်မာစစ်တပ်ဘက်ကဖမ်းဆီးတဲ့ အပြစ်မဲ့ရခိုင်ပြည်သူက အားလုံး ၁၄၀ ကျော်ရှိတယ်။ အဲဒီမှာပြန်ပြီးတော့ လွတ်မြောက်လာတာကတော့ ၈၀ ဝန်းကျင်လောက်ရှိတယ်။ အခု မြန်မာစစ်တပ်လက်ထဲမှာ ကျန်နေတာက ၉၀ ကျော်ရှိတယ်ဗျ။ အဲဒီမတိုင်ခင် ကစပြီး ပုဒ်မအမျိုးမျိုးတပ်ပြီးဖမ်းဆီးခံထားတဲ့ရခိုင်ပြည်သူတွေအများကြီး ကျန်နေသေးတယ်။

 ULA/AA​ ကပြောရေးဆိုခွင့်ရှိသူခိုင်သုခ

ဓာတ်ပုံ ရင်းမြစ်, ARAKAN ARMY

ဘီဘီစီ - ဟုတ်ကဲ့ ဖမ်းဆီးမှုတွေနဲ့ပတ်သက်ရင်တော့နှစ်ဖက်လုံးကိုဝေဖန်ကြတာရှိတယ်ပေါ့နော်။ ဆိုတော့ ဆက်မေးချင်တာက “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ အေအေနဲ့ ပြီးခဲ့တဲ့လပိုင်းကတွေ့ဆုံထားတဲ့ကိစ္စပါ။ ဒီလိုအခြေအနေမှာတွေ့ကြတယ်ဆိုတာဘယ်လိုသဘောဆောင်လဲ။

ခိုင်သုခ - ဒီဟာကတော့ ကျွန်တော်တို့ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဒေါက်တာညိုထွန်းအောင် UWSA – ‘’ဝ’’ က အသစ်တက်လာတဲ့ ခေါင်းဆောင်တွေနဲ့ သူတို့သွားတွေ့တာပါ။ ပြောမယ်ဆိုလို့ရှိရင် ဒီဟာကတော့ ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုကော်မတီ (FPNCC) အဖွဲ့ဝင်တွေကြားထဲမှာ ပုံမှန်တွေ့နေကျ၊ လုပ်နေကျ အနေအထားတစ်ခုလို့ပြောလို့ရတယ်။ ဒါပေမဲ့ တစ်ဖက်မှာ ဒီလိုစစ်ရေးတင်းမာနေတဲ့ အချိန်မှာတွေ့ဆုံနေတဲ့ဟာကို အများကနေပြီးတော့ဒီလိုစိတ်ဝင်တစားနဲ့ ရှုထောင့်အမျိုးမျိုးနဲ့ ထွက်လာတာ ကျွန်တော်တို့တွေ့ပါတယ်။ ဒါပေမဲ့လို့ (FPNCC) အဖွဲ့ဝင်တွေကြားထဲမှာတော့ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကကူညီဖြေရှင်းပေးတယ်။ တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ရင်းနှီးမှု ချစ်ကြည်မှုနားလည်မှုတွေ ပိုပြီးတော့ရလာဖို့အတွက် တွေ့ဆုံကြတာဖြစ်တယ်။

ဘီဘီစီ - အေအေ အနေနဲ့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ဆီကနေ စစ်ရေးအကူအညီ၊နိုင်ငံရေးအရအကူအညီတွေယူဖို့ရှိမလား။

ခိုင်သုခ - ကျွန်တော်ခုနက ပြောသလိုပါပဲ၊ ဒီဟာကတော့ ကျွန်တော်တို့(FPNCC) အဖွဲ့ဝင်တွေကြားထဲမှာ နောက်ပြီးကျွန်တော်တို့ရဲ့ ညီနောင်မဟာမိတ်တွေကြားထဲမှာတော့ တစ်ယောက်နဲ့ တစ်ယောက် အကူအညီပေးတာက လုပ်နေကျအလုပ်လို့ပြောလို့ရတယ်။ တခြားစစ်ရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကျတော့ကျွန်တော်တို့ကထုတ်ပြောလို့မရပါဘူး။

ဘီဘီစီ -လက်ရှိမှာစစ်ကောင်စီနဲ့(UWSA)နဲ့တွေ့ဆုံဆွေးနွေးကြတာလည်းရှိတယ်။ သူတို့ကြားမှာမူအားဖြင့် သဘောတူကြတာလည်းရှိတယ်။ ဒီတော့စစ်ကောင်စီနဲ့အေအေကြားထဲမှာ (UWSA)က နိုင်ငံရေးအရ ကြားဝင်ညှိနှိုင်း ပေးတာမျိုးတွေဖြစ်လာနိုင်လား။

ခိုင်သုခ - ဒီဟာကတော့ လောလောဆယ်အနေအထားထိတော့ အဲဒီလိုမျိုးသိမ်းကျုံးပြီး ပြောလို့တော့မရသေးဘူးဗျ။ ကျွန်တော်တို့ ညီနောင်မဟာမိတ်တွေကြားထဲမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အပြန်အလှန်ကူညီမှုတွေ ရှိကြတယ်ဗျ။ ဒါ့ကြောင့်မို့လို တခြားအသေးစိတ်ကိစ္စတွေကိုလောလောဆယ်မှာ ထုတ်ပြောဖို့မရှိဘူး။

ရခိုင်ပြည်နယ်စစ်ရှောင်စခန်းတခုအတွင်းကစစ်ရှောင်ပြည်သူတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Kaung Mrat Naing/ MPA

ဘီဘီစီ - ရခိုင်ပြည်နယ်တွင်းမှာ စစ်ပွဲတွေပြန်ဖြစ်လာတော့ အဓိကကတော့ပြည်နယ်တွင်းမှာရှိတဲ့ သိန်းချီတဲ့လူထုတွေ အခက်အခဲတွေဖြစ်နေရတယ်။ ပိတ်ဆို့မှုတွေ၊ စားနပ်ရိက္ခာပြတ်လပ်မှုတွေကြုံနေရတယ်။ ပြောမယ်ဆိုရင် လက်တွေ့မှာဒုက္ခရောက်နေတာပြည်သူလို့ ပြောကြတယ်။ အေအေဘက်ကရော ဒါတွေကို ထည့်စဥ်းစားထားလား။

ခိုင်သုခ - စစ်ဆိုတာက တိုက်ပြီဆိုရင် ဘဝတွေ အသက်တွေရင်းပြီးတော့မှတိုက်ရတဲ့ကိစ္စဖြစ်တယ်။ ဒါ့ကြောင့်မို့လို့ စစ်ပွဲကိုတော့ ဘယ်သူမှမလိုချင်ဘူး။ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတို့ ခုခံတော်လှန်စစ်တိုက်ပွဲတို့ဆိုတာ အဲဒါတွေကတော့ကမ္ဘာ့သမိုင်းမှာရော၊ မြန်မာ့သမိုင်းမှာရောရှိတယ်။ ကျွန်တော်တို့ကလည်း အဆုံးစွန်ထိ ဖိနှိပ်ခံနေရတဲ့လူမျိုးတစ်ခုအနေနဲ့ တခြားနည်းလမ်းမရှိလို့ တိုက်နေရတာဖြစ်တယ်။ ဒါပေမဲ့လို့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ အမြဲတံခါးဖွင့်ထားတယ်ဗျ။ ဘာကြောင့်လဲဆိုလို့ရှိရင် တစ်ဖက်မှာစစ်တိုက်သလို တစ်ဖက်မှာလည်း လိုအပ်လို့ရှိရင်တော့ ဆွေးနွေးညှိနှိုင်းရမယ်ဆိုတာကတော့ စစ်ရဲ့သဘာဝပေါ့နော်။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့ကတွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး ULA အနေနဲ့ ရှိတယ်ဆိုတာကတော့ ထပ်လောင်းပြီး ပြောလိုတာရှိတယ်။

ဘီဘီစီ - တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ရင် တံခါးဖွင့်ထားတယ်ဆိုတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို အေအေအနေနဲ့ ငြင်းထားတွေ့တယ်။ ဒါကကျတော့ရော ဘာကြောင့်ငြင်းတာလဲ။

ခိုင်သုခ - ဒါကတော့ ဒီလိုရှိတယ်ဗျ။ ဆွေးနွေးဖို့ခေါ်တယ်ဆိုတာက နှစ်ဦးနှစ်ဖက်လက်ခံနိုင်တဲ့ အနေအထားဖြစ်ဖို့ အရေးကြီးတာပေါ့။ ကိုယ်လိုတာကို အတင်းအဓမ္မသွတ်သွင်းပြီးတော့မှ ဒါကဆွေးနွေးရာတော့ မရောက်ဘူးပေါ့။ ဒါ့ကြောင့်မို့လို့ ဆွေးနွေးပွဲဖြစ်လာနိုင်တဲ့ အနေအထားကိုဖန်တီးပြီးတော့ နှစ်ဦးနှစ်ဖက်လက်ခံနိုင်တဲ့အခြေအနေအောက်မှာ ဆွေးနွေးမှပဲ အဲဒီဆွေးနွေးပွဲက အောင်မြင်မှာဖြစ်တယ်။ မြန်မာပြည်ရဲ့ ဆွေးနွေးပွဲဖြစ်စဥ်တွေကိုပြန်ကြည့်ရင် ဥပမာ - NCA (တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးစာချုပ်) ကို ကြည့်လိုက်လို့ရှိရင်လည်း ဘာမယ်မယ်ရရကိုင်ပြစရာ အောင်မြင်မှုဘာမှမရှိဘူး။ အရင်တုန်းက ခေတ်အဆက်ဆက် ဆွေးနွေးပွဲတွေကိုကြည့်လိုက်ရင်လည်း ဦးသန်းရွှေလက်ထက် ၁၇ နှစ် အပစ်ခတ်ရပ်စဲခဲ့တယ်။ ဒါပေမဲ့ ဘာမှကိုင်ပြစရာအောင်မြင်မှုမျိုးတစ်ခုမှမရှိဘူး။ ဒီလို အနေအထားတွေအောက်မှာ ကျွန်တော်တို့ကနေပြီးတော့ ဆွေးနွေးပွဲခေါ်တယ် ဆိုရုံလောက်နဲ့တော့ မပြီးဘူး၊ ဆွေးနွေးမှုခေါ်တဲ့လူဘက်က ရိုးသားမှုလိုတယ်။ မရိုးမသားနဲ့‌လုပ်လို့ရှိရင်တော့ ဒီဆွေးနွေးပွဲက ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ပြောမယ်ဆိုလို့ရှိရင် မြန်မာစစ်တပ်မှ ာအခုဆွေးနွေးပွဲလုပ်ဆောင်နေတဲ့ပုံစံတွေကို အားလုံးကိုပြောင်းပစ်ရမယ်။ နိုင်ငံရေးပြဿနာကိုပြေလည်အောင်ဖြေရှင်းမယ်ဆိုတဲ့စိတ်ရင်းစေတနာတွေ ရှိဖို့လိုတယ်။ ဒါမှပဲ အောင်မြင်တဲ့ဆွေးနွေးပွဲတွေကို ဦးတည်မှာဖြစ်တယ်။ အခုဆွေးနွေးပွဲတွေက စိတ်ရင်းစေတနာအမှန်နဲ့ ခေါ်တဲ့ဆွေးနွေးပွဲမျိုးမဟုတ်ဘူးလို့ သုံးသပ်တယ်။ ဒါကြောင့်မို့လို့ ULA/AA အနေနဲ့ အောင်မြင်မှုမရနိုင်တဲ့ ဆွေးနွေးပွဲမျိုးကိုမသွားဘူးဆိုပြီး ဆုံးဖြတ်တာက အဲဒီအချက်တွေကိုအခြေခံပြီး ဆုံးဖြတ်တာဖြစ်တယ်။

ဘီဘီစီ - ဘယ်လိုပုံစံမျိုးဆို အေအေ က စစ်တပ်နဲ့ဆွေးနွေးမှာလဲ။

ခိုင်သုခ - ဒါကတော့ရှင်းတယ်ဗျ။ လာပြီးတော့ဆွေးနွေးတဲ့သူတွေက ကိုယ်စားပြုမှု ကောင်းဖို့လိုတာပေါ့။ အခုမြန်မာစစ်တပ်ဆွေးနွေးပွဲခေါ်တယ်ပြောတယ်။ ဥပမာ - နောက်ဆုံးပြောတဲ့ (UWSA)နဲ့ ဆွေးနွေးတာပဲ ပြန်ကြည့်လိုက်ပါ။ သူတို့ပြောတာက မူအားဖြင့် သဘောတူတယ်။ အသစ်ပေါ်လာမှပါလီမန်ကပဲ အဆုံးအဖြတ်ပေးမှာဆိုတော့ အဲဒီလိုမျိုးပြောလို့ရှိရင် သူတို့နဲ့ ဆွေးနွေးတာ ဘာအကျိုးရလဒ်မှမရှိဘူး။ ဆွေးနွေးပွဲတွေဆိုတာက တာဝန်ယူမှုတာဝန်ခံမှု အပြည့်အဝရှိရတယ်။ ဥပမာ - ကျွန်တော်တို့အဖွဲ့က သွားဆွေးနွေးပြီဆိုလည်း ကျွန်တော်တို့ ဘယ်အချက်တွေကိုရလို့ရှိရင် သဘောတူပြီ၊ သဘောတူပြီဆိုလို့ရှိရင် ကျွန်တော်တို့က တာဝန်ယူမှုတာဝန်ခံမှုရှိကြတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ဘက်က အဲဒီလိုမဟုတ်ဘူး။ အရင်ဦးသန်းရွှေလက်ထက်ကတည်းက ကြည့်လေ။ ကျွန်တော်တို့နဲ့ အပစ်အခတ်ရပ်စဲထား၊ နိုင်ငံရေးကို တက်လာတဲ့အစိုးရနဲ့ဆွေးနွေး၊ ဒီဟာမျိုးတွေက ထူးထူးခြားခြားအောင်မြင်မှု မရနိုင်ဘူးလေ။ အလုပ်မဖြစ်ဘူး။ ဆိုလိုတာက မြန်မာအစိုးရအဆက်ဆက်ဟာ တာဝန်ယူမှု တာဝန်ခံမှုအပြည့်အဝရှိတဲ့ ဆွေးနွေးပွဲမျိုးကို သူတို့ဘယ်တုန်းကမှမလုပ်ခဲ့ဘူး။ အခုအချိန်အထိလည်း မလုပ်သေးဘူး။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့ ဆိုလိုတာက တာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝရှိရှိ ဆွေးနွေးပါ။ သဘောတူတဲ့အတိုင်းလည်း အကောင်အထည်ဖော်ပါ။ ဒါဆိုလို့ရှိရင်တော့ ငြိမ်းချမ်းရေးရနိုင်တာပေါ့ဗျာ။