ရသေ့တောင်မြို့ပေါ်က စျေးဝယ်ပြန်သူတွေကို စစ်တပ်က တားဆီး

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော် အေအေတို့အကြား တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရသေ့တောင်မြို့နယ်အတွင်းက ကျေးရွာတွေက ရိက္ခာလာဝယ်ယူသူတွေကို စစ်တပ်ကတားဆီးမှုတွေရှိနေတာကြောင့် စားသောက်ရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရ တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
အောက်တိုဘာ ၈ ရက် မနေ့ကလည်း ရသေ့တောင်မြို့နယ် မြောက်ဘက်က ကျေးရွာတစ်ရွာဖြစ်တဲ့ ရွာသစ်ကေကျေးရွာက ရွာသားတချို့ ရသေ့တောင်မြို့ပေါ်ကနေ ဈေးဝယ်ပြီးပြန်အလာ ခမရ ၅၃၆ တပ်ရင်းကနေ ပစ္စည်းတွေကို သိမ်းဆည်းတာ ခံလိုက်ရတယ်လို့ ရွာခံတွေကပြောပါတယ်။
အဲ့ဒီပစ္စည်းတွေကို သိမ်းဆည်းထားလိုက်ပြီး ညနေပိုင်းမှာတော့ ပိုင်ရှင်တွေကို ခေါ်ယူကာ ပစ္စည်းတွေကို ကျေးရွာကို မသယ်ဖို့နဲ့ ဝယ်ယူခဲ့တဲ့ ရသေ့တောင်မြို့ပေါ်ကိုပဲ ပြန်ပို့ခိုင်းတာကြောင့် ပြန်လည်ပို့ဆောင်ပေးလိုက်ရတယ်လို့ သိရပါတယ်။
ရသေ့တာင်မြို့နဲ့ တစ်မိုင်လောက်သာကွာဝေးပြီး အနီးဆုံးနေရာမှာ တည်ရှိတဲ့ သောင်းတရား၊ရွာသစ်ကေ၊ ခနောင်းကြီးစတဲ့ ကျေရွာတွေမှာတောင် အခုလိုအခြေအနေတွေနဲ့ ကြုံနေရတာလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
“မနေ့က အဖိတ်နေ့မှာပဲ ရသေ့တောင်ကို ဈေးသွားဝယ်ကြတယ်။ ဈေးဝယ်ပြီး ပြန်လာတဲ့အခါ ၅၃၉ ကနေ ဖမ်းတယ်။ ပစ္စည်းတွေကို သိမ်းထားလိုက်တယ်။ ညနေပိုင်းမှာတော့ ပြန်ပေးပေမဲ့ ရွာကိုမသယ်ရဘူး။ ရသေ့တောင်ကို ပြန်ပို့ခိုင်းလို့ ပို့ပေးလိုက်ရတယ်။ ရွာတွေမှာ စားစရာဘာမှမရှိတဲ့ အခြေအနေမှာ ဒါမျိုးတွေလုပ်တာတွေက မသင့်ဘူး။ အခု ရွာတွေမှာ စားသောက်စရာတွေမရှိတော့ အလှူတွေဘာတွေလည်းမလုပ်နိုင်ကြဘူး။”လို့ သောင်းတရားကျေးရွာသားတစ်ဦးက ပြောပါတယ်။
အခုလိုမျိုး ကျေးရွာအတွင်းရောင်းချဖို့နဲ့ စားသုံးဖို့အတွက် မြို့တက်ဈေးဝယ်တာတွေအထိ ပိတ်ပင်တားဆီးတာတွေကို ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ကျေးရွာပေါင်း တစ်မြို့နယ်လုံးမှာ ၅၀ လောက်အထိရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
ရသေ့တောင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိသလို တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေနဲ့ မသက်ဆိုင်တဲ့ကျေးရွာတွေကိုလည်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်း ပစ်ခတ်မှုပြုလုပ်တာတွေကိုလည်း ကျေးရွာသားတွေ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
ပြီခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ချိန်ခါလိန်ကျေးရွာတိုက်ပွဲကစလို့ ရသေ့တောင်မြို့နယ်အတွင်းမှာ ကျေးရွာသားတွေအများအပြား နေရပ်စွန့်ခွားထွက်ပြေးနေကြရသလို ကုန်းလမ်းရေလမ်းဆက်သွယ်ရေးတွေကို ပိတ်ဆို့ ခံနေကြရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲ့ဒီနောက် စက်တင်ဘာလ ၁၉ ရက်နေ့ကစလို့ ရသေ့တောင်မြို့နဲ့ ကျေးရွာတွေ ဆက်သွယ်သွားလာမှုတွေကိုလည်း စစ်ကောင်စီက တားဆီးပိတ်ပင်လိုက်ပြီးနောက်ပိုင်းမှာ မြို့ပေါ်ကိုမှီခိုနေကြရတဲ့ တစ်မြို့နယ်လုံးက ကျေးရွာတွေဟာ ကျန်းမာရေးကအစ စားရေးသောက်ရေးအခြေအနေအထိ အခက်အခဲတွေ ဖြစ်နေကြရပါတယ်။
“ကုန်းပေါ်မှာလည်း ဆိုင်ကယ်တို့၊ ကားတို့သွားလာခွင့်မရှိဘူး။ ရေထဲမှာလည်း လိုင်းမော်တော်ဘုတ်ကနေ လှေတွေထိ သွားလာလို့မရတော့ တော်တော်လေးဒုက္ခရောက်နေကြပါတယ်။ ကလေးတွေကျန်းမာရေးကြောင့် ရသေ့တောင်တို့ စစ်တွေတို့ကို သွားပြချင်တောင် သွားလို့မရတဲ့အခြေအနေပါ။”လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
အခု သွားလာရေးနဲ့ပတ်သက်ပြီး ကန့်သတ်ပိတ်ဆို့မှုတွေရှိနေတဲ့အတွက် ဆန်ကအစ ရွာနီးချုပ်စပ်ကျေးရွာတွေမှာ ရှိတာတွေကို မျှတပြီး စားသုံးနေကြရလို ငါးရှာဟင်းခူးတောင် မသွားလာရတဲ့အတွက် အိမ်နားဝန်းကျင်မှာရှိတဲ့ အသီးအရွက်တွေကို စားသုံးနေကြရတယ်လို့ ပြောကြပါတယ်။
ရသေ့တာင်မြို့နယ်အတွင်းက ကျေးရွာအများစုတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်စလောက်ကတည်းက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့အတွက် သူတို့ပိုင်ဆိုင်တဲ့လယ်တွေမှာလည်း စပါးတွေမစိုက်ပျိုးနိုင်ကြဘဲ အကူအညီအထောက်အပံ့တွေကို မှီခိုနေကြသူတွေဖြစ်သလို တချို့ကျေးရွာတွေမှာရှိနေတဲ့လူတွေလည်း ရှိတဲ့ပိုက်ဆံနဲ့ ရိက္ခာတွေကို ဝယ်စားနေကြရတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကျေးရွာတွေမှာ လူတွေ ယခင်လိုများများစားစား နေထိုင်ကြတာမဟုတ်ဘဲ လူအနည်းငယ်လောက်သာ နေကြတာဖြစ်ပြီး အဲ့ဒီလူတွေဟာ စစ်ကောင်စီရဲ့ကန့်သတ်မှုတွေကြားထဲ ပိတ်မိနေကြသလို အစာရေစာရှားပါးမှုတွေကိုပါ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ML
ရသေ့တောင်နဲ့ မြို့နယ်ချင်းထိစပ်နေတဲ့ မောင်တောမြို့နယ်ကိုလည်း အသွားအလာနဲ့ ကုန်စည်သယ်ယူခွင့်တွေကို ပိတ်ဆို့ထားတာကြောင့် မောင်တောတစ်မြို့နယ်လုံးဟာလည်း ကုန်စည်စီးဆင်းမှုလုံးဝ ပြတ်တောက်နေတယ်လို့ သိရပါတယ်။
“အခုဟာက ဖြတ်လေးဖြတ်မကတော့ဘူး။ အစကတော့ စကစကနေ အေအေကိုဖြတ်တာ၊ ဒါကို အေအေကတစ်ခါ ထပ်ဖြတ်ပြန်တော့ သူတို့လူတွေက အကုန်ပြတ်တဲ့ အနေအထားဖြစ်လာတယ်။ ရိက္ခာနဲ့တခြားပစ္စည်းတွေကို ပို့ဆောင်နေတဲ့ ရေတပ်သင်္ဘောတွေကိုပါ အေအေက ဖြတ်တောက်တိုက်ခိုက်တာတွေ လုပ်လာတော့ သူတို့ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ပေးဖို့ စီးပွားရေးလုပ်ငန်းတွေကို အကူအညီတောင်းလာတဲ့ အခြေအနေထိကြုံနေရတယ်။”လို့ ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ အေအေနဲ့တိုက်ပွဲဖြစ်နေတဲ့အတွက် အခုလိုဖြတ်တောက်မှုတွေပြုလုပ်နေတာဟာ အေအေကို တိုက်ရိုက်သက်ရောက်မှုမရှိဘဲ အဲ့ဒီကျိုးဆက်ကို ပြည်သူတွေပဲ ခံစားနေကြရတယ်လို့ ရသေ့တောင်ဒေသခံတွေက ပြောဆိုကြပါတယ်။








