ရသေ့တောင်မှာ တိုက်ပွဲဖြစ်လာနိုင်လို့ ဒေသခံ ထောင်နဲချီပြီးထွက်ပြေးနေ

ဓာတ်ပုံ ရင်းမြစ်, ML
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ နှစ်ဖက်တပ်တွေ တပ်စွဲထားတဲ့အတွက် တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီး ကျေးရွာငါးရွာက ဒေသခံတွေနဲ့ ဒုက္ခသည်စခန်းလေးခုက လူတွေ ထောင်နဲ့ ချီထွက်ပြေးနေကြပါတယ်။
ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတို့ဟာ ရသေ့တောင်မြို့ပေါ်နဲ့ အနီးဆုံးနေရာတွေမှာ အပြိုင်အဆိုင် တပ်စွဲထားကြပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်တဲ့ အခြေအနေကို တွေ့နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်ကောင်စီနဲ့ အေအေတို့အကြား စစ်ရေးတင်းမာမှုတွေရှိနေကြတဲ့ ရခိုင်ပြည်နယ်မှာ အခုလအတွင်း စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက်ဟာ ပိုတိုးလာနေတာ ဖြစ်ပါတယ်။
အခုလို အခြေအနေတွေဖြစ်ပွားနေတဲ့အတွက် အဲ့ဒီအနီးဝန်းကျင်မှာရှိတဲ့ ပြွန်ခေါင်၊ ပြွန်ခေါင်ရွာသစ်၊ ထွန်းရဝေ၊ အလယ်ရွာနဲ့ ပြားချောင်းကြီးကျေးရွာတွေအပြင် ငတောက်တူချေစခန်း၊ ပြည်လုံးချမ်းသာ ဘုန်းတော်ကြီးကျောင်းစခန်းအပါအဝင် ဒုက္ခသည်စခန်း လေးခုက စစ်ဘေးရှောင်ဒုက္ခသည်တွေ ထောင်နဲ့ချီပြီး ကြိုတင်စစ်ရှောင်တဲ့အနေနဲ့ ထွက်ပြေးနေကြရတယ်လို့ ကိုယ်တိုင်ထွက်ပြေးနေရသူတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ပြီးခဲ့တဲ့ ခြောက်ရက်လောက် ဇူလိုင် ၁၈ ရက်ခန့်က ပြားချောင်းကြီးကျေးရွာကို စစ်ကောင်စီတပ်တွေ ရောက်ရှိလာခဲ့တဲ့နေ့ကစလို့ ထွက်ပြေးလာခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ရွာထဲတွေကို စစ်တပ်က ရောက်လာလို့ ထွက်ပြေးလာကြတာပါလို့ စစ်ဘေးရှောင် တစ်ဦးဖြစ်သူ ဒေါ်ယာဥ်စိန်က ပြောပါတယ်။
လက်ရှိမှာတော့ အဲ့ဒီလူတွေဟာ သူတို့အတွက်လုံခြုံမယ်လို့ထင်ရတဲ့ အဝတောင်ကျေးရွာမှာ ယာယီခိုလှုံနေကြပြီး နေရပ်ကျေးရွာတွေကို ဘယ်နေ့ပြန်နိုင်မယ်ဆိုတာ မသိရသေးသလို နေရေးထိုင်ရေးအခက်အခဲတွေနဲ့လည်း ကြုံနေကြရတယ်လို့ သိရပါတယ်။
နှစ်ဖက်တွေ တပ်စွဲထားကြတဲ့နေရာဟာ ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းမ မြို့ရဲ့ကပ်လျက်နေရာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေပါ အဆင်သင့်ချထားတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့လို့ရှိရင်တော့ ရသေ့တောင်တစ်မြို့လုံး တိုက်ပွဲကြားထဲ ပိတ်မိသွားနိုင်တယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။
"မေယု မြစ်ထဲမှာလည်း သင်္ဘောတွေ ချထားတယ်၊ တစ်ဖက်ဖက်က တက်လာရင် မြို့ကတိုက်ပွဲကြားမှာ ညပ်နေတာ၊ ဘယ်လိုမှ ရှောင်လို့ရမှာ မဟုတ်ဘူးလို့ "ရသေ့တောင်မြို့ခံ ကိုကျော်မင်းခိုင် ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MAY YU TUN
အခုလို နှစ်ဖက်တပ်စွဲထားပြီးနောက် ဒေသခံတွေ ထွက်ပြေးနေတာနဲ့ပတ်သက်လို့ နှစ်ဖက်တပ်တွေရဲ့ တာဝန်ရှိသူတွေကို မေးမြန်းနိုင်ဖို့ ဘီဘီစီက အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။
ရသေ့တောင်မြို့ပေါ်မှာ အရင် တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အချိန်ကနေ နေရပ်စွန့်ခွာလာခဲ့ကြတဲ့ ဒုက္ခသည် နှစ်သောင်းခွဲနီးပါး ရှိနေပြီး အဲ့ဒီလူတွေဟာ မြို့ပေါ်က ဒုက္ခသည်စခန်း ၁၂ ခုမှာ နေထိုင်နေကြတာဖြစ်ပါတယ်။
ဒီကနေ့မှာလည်း စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့ဟာ ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြသလို ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့တို့မှာလည်း မကြာခဏဆိုသလို ပြန်လည်တိုက်ပွဲဖြစ်ပွားတာတွေ ရှိလာနေတာ ဖြစ်ပါတယ်။








