ရခိုင် စစ်ရှောင် လူငယ် ၃ ဦး ကို စစ်တပ်က ဖမ်း

ရသေ့တောင်မြို့ကနေ ပုဏ္ဏားကျွန်းကို ဆိုင်ကယ်နဲ့လာစဉ်မှာ လူငယ်တွေ အဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, ML

ဓာတ်ပုံ ပုံစာ, ရသေ့တောင်မြို့ကနေ ပုဏ္ဏားကျွန်းကို ဆိုင်ကယ်နဲ့လာစဉ်မှာ လူငယ်တွေ အဖမ်းခံရ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့က စစ်ဘေးရှောင် လူငယ်သုံးဦးကို မေလ ၁၆ ရက်နေ့မွန်းလွဲပိုင်းမှာ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောဆိုကြပါတယ်။

ဖမ်းဆီးခံလိုက်ရသူ လူငယ်သုံးဦးတို့ဟာ မောင်နေထွန်းဦး (ဘ) ဦးသန်းလှိုင် အသက် ၁၇ နှစ်၊ မောင်အောင်မျိုးခန့် (ဘ) ဦးသန်းမောင်ကြီး အသက် ၁၆ နှစ်၊ မောင်ခိုင်မျိုးလင်း (ခ) မောင်ညို (ဘ) ဦးဦးကြည်မောင် အသက် ၁၇ နှစ် တို့ဖြစ်ကြပါတယ်။

သူတို့သုံးဦးအနက် မောင်အောင်မျိုးခန့်မှာ ဆဌမတန်းကျောင်းသားတစ်ဦးဖြစ်ပြီး အရင်က ခရုချောင်းကျေးရွာမှာနေထိုင်ခဲ့ပြီး မောင်နေထွန်းဦးမှာ နွားလားကျော် (ခ) လိုင်ဂွင်ကျေးရွာသားဖြစ်ကြောင်းနဲ့ မောင်ခိုင်မျိုးလင်းမှာ ကျောက်တန်းကျေးရွာသား တို့ဖြစ်ကြသလို လက်ရှိမှာတော့ သူတို့သုံးဦးစလုံးဟာ ရသေ့တောင်မြို့ပေါ်က ပြည်လုံးချမ်းသာ စစ်ဘေးရှောင်စခန်းမှာ နေထိုင်နေကြသူတွေဖြစ်ကြတယ်လို့ သိရပါတယ်။

အဲ့ဒီလူငယ်တွေဟာ စစ်ဘေးရှောင်စခန်းမှာနေထိုင်ပြီး မိသားစုစားဝတ်နေရေးအတွက် အပြင်ထွက်အလုပ်လုပ်ကိုင်ပြီးတော့ ဝင်ငွေရှာနေကြသူတွေဖြစ်ကြတယ်လို့ မိသားစုနဲ့ စခန်းအတွင်းနေထိုင်သူတွေက ပြောဆိုကြပါတယ်။

လူငယ်တွေဟာ စစ်ဘေးရှောင်စခန်းမှာနေထိုင်ပြီး မိသားစုစားဝတ်နေရေးအတွက် အပြင်ထွက်အလုပ်လုပ်ကိုင်ပြီးတော့ ဝင်ငွေရှာနေကြသူတွေလို့ပြော

ဓာတ်ပုံ ရင်းမြစ်, ML

ဓာတ်ပုံ ပုံစာ, လူငယ်တွေဟာ စစ်ဘေးရှောင်စခန်းမှာနေထိုင်ပြီး မိသားစုစားဝတ်နေရေးအတွက် အပြင်ထွက်အလုပ်လုပ်ကိုင်ပြီးတော့ ဝင်ငွေရှာနေကြသူတွေလို့ပြော

အသက် ၁၆ နှစ်အရွယ် မောင်အောင်မျိုးခန့်ဟာလည်း အခုလို ကျောင်းပိတ်တဲ့အချိန်တွေမှာ ပန်းရံအလုပ်တွေ ဝင်ရောက် လုပ်ကိုင်လေ့ရှိပြီး ရသေ့တောင်မြို့မှာ အလုပ်အကိုင် ရှားပါးနေတဲ့အတွက် ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို အလုပ်ရှာရင်း ဆိုင်ကယ်တစ်စီးနဲ့ ထွက်သွားခဲ့ကြရာမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ သူ့ရဲ့အမေ ဒေါ်ခင်ဝင်းနွယ်က ပြောပါတယ်။

"ဒီမှာ အလုပ်မရှိတော့ ယိုးတရုတ်ကို အလုပ်သွားရှာမယ်ဆိုပြီး မနေ့က ၁၂ နာရီလောက်မှာ ဆိုင်ကယ်နဲ့ ထွက်သွားကြတယ်။ ညနေပိုင်းပြန်မရောက်တော့ ဖုန်းဆက်တဲ့အချိန်မှာ ဧရိယာပြင်ပလို့ပြောတယ်။ ငါးနာရီလောက်မှာ တစ်ခေါက်ရတယ်။ နင်တို့ပြန်မလာကြသေးဘူးလားလို့ မေးတော့ ကျွန်တော်တို့လာလို့မရဘူး။ စစ်တပ်က ဖမ်းထားတယ်။ ကျွန်တော်တို့ကို လာခေါ်ပါလို့ ငိုပြီးပြောတယ်။ ဘယ်စခန်းက ဖမ်းထားတာလဲ မေးတော့ ဖုန်းကျသွားတယ်။ အခုထိ အဆက်သွယ်မရသေး ဘူး။"လို့ ဒေါ်ခင်ဝင်းနွယ်က ပြောပါတယ်။

သူတို့သုံးဦးထဲက မောင်နေထွန်းဦးရဲ့ ဆွေမျိုးတွေရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကို မေလ ၁၆ ရက် မနေ့က ၁၂ နာရီလောက်မှာ ဆိုင်ကယ်နဲ့ ထွက်သွားခဲ့ကြတဲ့အခါမှာ ရသေ့တောင်-ပုဏ္ဏားကျွန်းလမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း တစ်ခုက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေါ်ခင်ဝင်းနွယ်က ပြောပါတယ်။

သူတို့ရဲ့သားတွေကို ရသေ့တောင်-ပုဏ္ဏားကျွန်းလမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီ ကင်းစခန်းသုံးခုအနက် တစ်ခုက ဖမ်းဆီးသွားတယ်လို့ သိရပေမယ့် ဘယ်စခန်းက ဖမ်းတယ်၊ဘာကြောင့် ဖမ်းဆီးရတယ်ဆိုတာကို မိသားစုတွေအနေနဲ့ မသိရသေးဘူးလို့ ပြောဆိုကြပါတယ်။

ကျောင်းသားတစ်ဦးအပါအဝင် စစ်ဘေးရှောင်လူငယ်သုံးဦးကို ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် ကောင်စီရဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရဆီကို ဘီဘီစီက ဆက်သွယ်မေးဖြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်သွယ်မရရှိခဲ့ပါဘူး။

ရခိုင် စစ်ရှောင်စခန်း

ဓာတ်ပုံ ရင်းမြစ်, ML

ဓာတ်ပုံ ပုံစာ, ရခိုင် စစ်ရှောင်စခန်း

မနေ့က မွန်းလွဲပိုင်းလောက်မှာ ရသေ့တာင်ဘက်ကနေ ပုဏ္ဏားကျွန်းဘက်ကို ဆိုင်ကယ်တစ်စီးနဲ့လာကြတဲ့ အဲ့ဒီလူငယ်သုံးဦး ပေါက်တောပြင်ကျေးရွာ စစ်ဆေးရေးဂိတ်က ဖမ်းဆီးထားတာကို တွေ့မြင်ခဲ့ရတယ်လို့ ခရီးသွားတစ်ဦးက ပြောဆိုပါတယ်။

လက်ရှိမှာတော့ အဲ့ဒီလူငယ်သုံးဦးတို့ဟာ စစ်ကောင်စီရဲ့ လက်ထဲမှာရှိနေပြီး ဘယ်နေရာကိုခေါ်ဆောင်သွားလဲ၊ ညှဥ်းပန်းနှိပ်စက်မှုတွေခံနေကြရပြီလားဆိုတာနဲ့ ပတ်သက်လို့ မိသားစုတွေက စိုးရိမ်မှုတွေရှိနေကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေရပ်စဲထားတာ တစ်နှစ်ကျော်ခန့်ကြာမြင့်လာတဲ့အချိန်မှာ ဒေသတွင်းနှစ်ဖက် တပ်တွေအကြား တင်းမာမှုတွေမြင့်တက်လာနေတဲ့အတွက် စစ်ကောင်စီတပ်စခန်းတွေနဲ့ စစ်ကြောင်းသွားလာနေတဲ့ နေရာတွေကို မသွားကြဖို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA က မေလ ၁၅ ရက်နေ့မှာ ပြည်သူတွေကို သတိပေးစာ ထုတ်ပြန်ထားပါတယ်။

စစ်ဘေးရှောင်တွေဟာ စစ်ကောင်စီလက်မှာ အထောက်အပံ့တွေ ဖြတ်တောက်ခံထားရတဲ့အတွက် စားရေးသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာကြောင့် လူငယ်တွေကအစ သူတို့ရဲ့ မိသားစုစားဝတ်နေရေး အဆင်ပြေဖို့အတွက် အပြင်ထွက် အလုပ်လုပ်ပြီး ဝင်ငွေရှာ နေကြရတာဖြစ်ပါတယ်။

အခုလို အစိုးရက ထောက်ပံ့မပေးတဲ့အပြင် အလုပ်လုပ်နေတဲ့ လူငယ်တွေကိုလည်း စစ်ကောင်စီအနေနဲ့ ဖမ်းဆီးမှုတွေပြုလုပ် လာတာကြောင့် ပြည်သူတွေမှာ စားဝတ်နေရေးအပြင် သွားလာရေးကအစ စိုးရိမ်မှုတွေနဲ့ ကြုံနေကြရတယ်လို့ ရသေ့တောင်မြို့က စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းမှာနေထိုင်သူတွေက စားဝတ်နေရေး အခက်အခဲရှိ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်ဘေးရှောင်စခန်းမှာနေထိုင်သူတွေက စားဝတ်နေရေး အခက်အခဲရှိ

"ကျွန်မတို့ စစ်ဘေးရှောင်စခန်းမှာနေထိုင်သူတွေက စားဝတ်နေရေး တော်တော်အခက်အခဲရှိပါတယ်။ ကယ်ဆယ်ရေးစခန်းတွေကို ထောက်ပံ့ပေးသူတွေလည်း အရင်လိုမရှိတော့ဘူး။ ထောက်ပံ့ပေးတာက ICRC တစ်ခုပဲရှိတယ်။ ICRC ရဲ့ထောက်ပံ့မှုတစ်ခုတည်းနဲ့ ကျွန်မတို့မှာ မလုံလောက်ဘူး။ အဲ့ဒါကြောင့် အပြင်ထွက်ပြီး အလုပ်လုပ်ရတယ်။ ဒီလိုဖမ်းဆီးမှုတွေ ရှိနေလို့ရှိရင် ကျွန်မတို့အတွက် တော်တော်လေးကို အခက်အခဲရှိလာမှာပဲ"လို့ ပြည်လုံးချမ်းသားခန်းက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လူငယ်သုံးဦး ဖမ်းဆီးခံလိုက်ရမှုနဲ့ပတ်သက်လို့ ရသေ့တောင်မြို့မရဲစခန်းမှာ မေလ ၁၇ ရက် ဒီကနေ့မနက်ပိုင်းက သွားရောက်တိုင်ကြားထားပြီး ရဲစခန်းဘက်ကတော့ စုံစမ်းပေးမယ်လို့ ပြောဆိုကြောင်း မိသားစုတွေက ပြောဆိုကြပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော်အေအေတို့အကြား နားလည်မှုယူထားကြပေမယ့် အောက်ခြေမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေက အေအေရဲ့လှုပ်ရှားမှုတွေ၊ အခွန်ကောက်ခံမှုတွေ၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အနှောင့်အယှက်ပြုတာတွေရှိနေသလို ရခိုင်ပြည်နယ်အတွင်းမှာ စစ်အင်အား တိုးချဲ့တာတွေကိုလည်း ပြုလုပ်နေတယ်လို့ ULA ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီဥက္ကဋ္ဌက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့ သူကိုယ်တိုင်တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ ပြောဆိုထားပေမယ့် မြေပြင်မှာတော့ နှစ်ဖက်တပ်တွေအကြား အချိန်မရွေးတိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တယ်လို့ အေအေဘက်က ရခိုင်ပြည်သူတွေကို သတိပေးထားတာတွေလည်း ရှိနေတာပါ။