ရေဝပ်တဲ့ နေရာကို စစ်ကောင်စီက ပြောင်းပေးဖို့လုပ်နေလို့ စစ်ရှောင်တွေစိုးရိမ်နေ

စစ်ရှောင်တွေအတွက် ဆောက်လုပ်ထားတဲ့နေအိမ်တွေ

ဓာတ်ပုံ ရင်းမြစ်, cj

ဓာတ်ပုံ ပုံစာ, စစ်ရှောင်တွေအတွက် ဆောက်လုပ်ထားတဲ့နေအိမ်တွေ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ပေါ်မှာရှိတဲ့ ကျောက်တစ်လုံး အိုင်ဒီပီစခန်းမှာ နေထိုင်တဲ့ မွတ်ဆလင်တွေကို စစ်ကောင်စီက တခြားနေရာ တစ်ခုမှာ ကျေးရွာတည်ဆောက်ပေးဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အဲ့ဒီလူတွေကို နေရာပြောင်းရွှေ့ဖို့အတွက် စစ်ကောင်စီက နေအိမ်တွေ ဆောက်လုပ်နေတဲ့ နေရာမှာ လူတွေ နေထိုင်လို့ရနိုင်တဲ့ နေရာမဟုတ်တာကြောင့် ပြောင်းရွှေ့ခံရမှာကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

အဲ့ဒီနေရာဟာ မြေနိမ့်ပိုင်းဖြစ်ပြီး ရေထွက်ပေါက်မရှိသလို ရေဝပ်တဲ့နေရာ ဖြစ်တာကြောင့် မိုးတွင်းကာလမှာ ရေပြည့်လျှံလေ့ ရှိတဲ့အတွက် နေထိုင်လို့မရနိုင်ဘူးလို့ ကျောက်တစ်လုံး စခန်းမှာနေထိုင်တဲ့ မွတ်ဆလင် ဦးလှချိုက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း မိုးရွာသွန်းခဲ့တာကြောင့် နေအိမ်တွေ ဆောက်လုပ်ထားတဲ့ နေရာတွေ အများစုဟာ မိုးရေတွေ ပြည့်လျှံခဲ့ပြီး မိုးတွင်းကာလဆိုရင် အဲ့ဒီအိမ်တွေက ရေနစ်မြုပ်နိုင်ခြေရှိတယ်လို့ ကျောက်တစ်လုံးစခန်းမှာ နေထိုင်သူတွေက ပြောဆိုကြပါတယ်။

မိုးရာသီမှာ ရေမြုပ်နိုင်တဎ်လို့ စစ်ရှောင်တွေကပြော

ဓာတ်ပုံ ရင်းမြစ်, cj

ဓာတ်ပုံ ပုံစာ, မိုးရာသီမှာ ရေမြုပ်နိုင်တဎ်လို့ စစ်ရှောင်တွေကပြော

"အခု မိုးတောင်မရွာသေးဘူး။ ဒူးခေါင်းလောက်ထိ ရေတက်ခဲ့တယ်။ အရင်နှစ်တွေကဆိုရင် အဲ့ဒီနေရာကို ကျွန်တော်တို့ငါးရှာ ဖားရှာသွားတော့ ရေက ခါးလောက်ထိ တက်တယ်။ အနိမ့်ပိုင်းတွေဆိုရင် ရင်ဘတ်လောက်ထိ တက်တာတွေ့ရတယ်။ အခုဆောက်ထားတဲ့အိမ်တွေက သုံးပေပဲရှိတယ်။ နေလို့မရနိုင်ဘူး။"လို့ ဦးလှချိုက ပြောပါတယ်။

လက်ရှိမှာ အဲ့ဒီနေရာမှာ နေအိမ်အလုံး ၉၀ ဝန်းကျင်လောက် ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကာ အခုရက်ပိုင်းအတွင်း မိုးရွာသွန်းခဲ့တဲ့အချိန်က ၁၀ လုံးလောက်သာ ရေလွတ်ပြီး ကျန်တဲ့အိမ်တွေ အကုန်လုံး နစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေရာဟာ လက်ရှိနေထိုင်နေတဲ့ ကျောက်တစ်လုံးစခန်းရဲ့ အရှေ့ဘက် မိုင်ဝက်လောက်ကွာဝေးတဲ့ လယ်ကွင်းပြင်ဖြစ်ပြီး သွားလာရေး အခက်အခဲတွေလည်း ရှိတဲ့နေရာဖြစ်တဲ့အတွက် လုပ်ကိုင်စားသောက်ဖို့အတွက်လည်း အဆင်မပြေမှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောဆိုကြပါတယ်။

အဲဒီ ကျောက်တစ်လုံး စခန်းမှာ နေထိုင်သူတွေဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ပဋိပက္ခအတွင်း မြို့ပေါ်ရပ်ကွက်တွေကနေ ဖယ်ရှား ခံခဲ့ကြရသူတွေဖြစ်ပြီး ဒုက္ခသည်တွေအဖြစ်နဲ့ နေထိုင်နေကြရသူတွေ ဖြစ်ကြပါတယ်။

ကျောက်တစ်လုံးစခန်းရဲ့ အရှေ့ဘက် မိုင်ဝက်လောက်ကွာဝေးတဲ့ နေရာမှာ ဆောက်နေတာဖြစ်

ဓာတ်ပုံ ရင်းမြစ်, cj

ဓာတ်ပုံ ပုံစာ, ကျောက်တစ်လုံးစခန်းရဲ့ အရှေ့ဘက် မိုင်ဝက်လောက်ကွာဝေးတဲ့ နေရာမှာ ဆောက်နေတာဖြစ်

ဒုက္ခသည်တွေ အဖြစ်နဲ့ အိုင်ဒီပီစခန်းထဲမှာ နေထိုင်နေကြရတာ ၁၀ နှစ်ခန့်ကြာလာခဲ့ပြီဖြစ်သလို ဒေသတွင်း တည်ငြိမ်မှုတွေ ရရှိလာခဲ့ပြီး လူမှုအသိုင်းအဝိုင်းနှစ်ခုအကြား သဟဇာတ ဖြစ်လာခဲ့ကြပြီ ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ စခန်းကို ဖျက်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။

စခန်းအတွင်းမှာ နေထိုင်တဲ့ မွတ်ဆလင်ဒုက္ခသည် အိမ်ထောင်စုပေါင်း ၃၈၀ လောက်ရှိကြောင်းနဲ့ စခန်းကို ဖျက်သိမ်းပြီး ကျေးရွာရပ်ကွက် တည်ဆောက်ပေးဖို့အတွက် နဂိုကတည်းက ရှိတဲ့ စီမံကိန်းကို ပြည်နယ်ကောင်စီက အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီကနေ ပြောဆိုထားပါတယ်။

အဲ့ဒီနေရာမှာ မြေနိမ့်ပိုင်းဖြစ်တဲ့အတွက် ရေလွတ်အောင် မြေဖို့လုပ်ငန်းတွေကို လုပ်ဆောင်နေပြီး ပြောင်းရွှေ့မယ့်ကာလကိုတော့ မသိရသေးဘူးလို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

"ကျွန်တော်တို့ နွေရာသီသွားကြည့်တဲ့အချိန်မှာတော့ မြေဖို့တာတွေ လုပ်နေကြတယ်။ မြေနိမ့်ပိုင်း ဖြစ်တဲ့အတွက် မြေဖို့ပြီးမှ အိမ်တွေ ဆောက်လုပ်မှာဖြစ်တယ်။ စခန်းအားလုံးကိုတော့ တစ်ခါတည်း ပြောင်းရွှေ့မှာမဟုတ်ဘူး။ အိမ် ၉၀ လောက်စီဆောက်ပြီး ပြောင်းမှာပါ။"လို့ ဦးလှသိန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့ပေါ်၂၀၁၉ ခုနှစ် မိုးရာသီကာလ ရေကြီးရေလျှံမှု

ဓာတ်ပုံ ရင်းမြစ်, MIN MYAT KHINE

ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ် မင်းပြားမြို့ပေါ်၂၀၁၉ ခုနှစ် မိုးရာသီကာလ ရေကြီးရေလျှံမှု

ကျောက်တစ်လုံးစခန်းဟာ ကျောက်ဖြူမြို့အခြေစိုက် ခမရ ၅၄၃ တပ်ဧရိယာအတွင်းမှာ ပါဝင်နေတာဖြစ်ပြီး တပ်က လက်မခံတော့တဲ့အတွက် အဲ့ဒီလူတွေ နေထိုင်ဖို့ ဦးပိုင်ကနေ ဆက်မငှားရမ်းတော့တာကြောင့် အခုလို နေရာပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ စခန်းအတွင်းမှာ နေထိုင်နေကြတဲ့ မွတ်ဆလင်တွေက ပြောဆိုကြပါတယ်။

လက်ရှိ နေရာချထားပေးဖို့ နေအိမ်တွေ ဆောက်လုပ်နေတဲ့နေရာဟာ သွားရေးလာရေးခက်ခဲသလို နေရာအနေအထားကလည်း မသင့်လျော်တာကြောင့် အဲ့ဒီမှာ နေရာချထားမှုတွေ မလုပ်ဖို့ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့် အခုလိုပဲ နေအိမ်တွေ ဆောက်လုပ်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီမှာ နေထိုင်တဲ့ မွတ်ဆလင်တွေဟာ လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းစတဲ့ စီးပွားရေးလုပ်ငန်းတွေမရှိဘဲ မြို့ပေါ်ကိုမှီခိုပြီးတော့ ကြုံရာကျပန်း လုပ်ကိုင် စားသောက်နေကြသူတွေ ဖြစ်တဲ့အတွက် အခုစစ်ကောင်စီက အိမ်တွေဆောက်လုပ်နေတဲ့ နေရာကို ပြောင်းရွှေ့လိုက်လို့ရှိရင် အစစအရာရာ အခက်အခဲတွေနဲ့ ကြုံရနိုင်တယ်လို့ ပြောဆိုကြပါတယ်။