ရခိုင်မြို့နယ် ၅ ခုက စစ်ဘေးရှောင်စခန်းအချို့မှာ ရေဘေးကြုံနေ

မြေပုံမြို့နယ် ရက်ချောင်း ဒုက္ခသည်စခန်း

ဓာတ်ပုံ ရင်းမြစ်, Mrata Zaung

ဓာတ်ပုံ ပုံစာ, မြေပုံမြို့နယ် ရက်ချောင်း ဒုက္ခသည်စခန်း

ရခိုင်ပြည်နယ်က ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး ၊မင်းပြား၊ မြေပုံ စတဲ့ မြို့တွေက စစ်ဘေးရှောင် စခန်း ၁၄ ခုမှာ ရေဘေးကြုံနေရတယ်လို့ စစ်ဘေးရှောင်စခန်းတွေ အကူအညီပေးနေသူ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး (REC) က အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

မုန်တိုင်းမကြာခဏ ဝင်လေ့ရှိတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်ဘေးရှောင်စခန်းတွေမှာ အခုရက်ပိုင်း မိုးဒဏ်ရေဒဏ် မလုံတဲ့ အပြင် စခန်းအတွင်း ရေကြီးတဲ့ ဒဏ်တွေကြုံနေရတယ်လို့ လည်း ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

အစိုးရတပ်နဲ့ အေအေ ရခိုင်တပ်တို့ကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတို့မှာ အခုအခါ မိုးရာသီဖြစ်တာကြောင့် ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေး၊ နေထိုင်ရေးအပြင် ပညာရေး မှာလည်း အစစအရာရာ စိုးရိမ်စိတ်တွေနဲ့ ဖြတ်သန်းနေရတယ်လို့ ဒေသခံ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ဘီဘီစီကို ပြောပါတယ်။

" အဓိက က တချို့စခန်းတွေက တောင်ခြေရင်းမှာရှိတော့ တောင်ကြားရေ ဆင်းလာတာတွေရယ်။ ရေပြည့်လာပြီး တဖြည်းဖြည်းစခန်းတွေထဲ ရေဝင်လာတာတွေရှိတယ်။ တချို့ ချောင်းဘေးမှာရှိတဲ့ စခန်းတွေကတော့ လေပြင်းတိုက်ပြီး မိုးကြီးတဲ့အခါ လေကြီးတာကော မိုးကျတာကောနဲ့ အမိုးတွေပျက်စီးကုန်တာပေါ့။ တချို့စခန်းတွေက ရေအိုင် ရေဝပ်ပြီး ထမင်းချက်မယ့်နေရာတွေ မရှိတော့တာပေါ့ အဲလို အခက်အခဲတွေ ကြုံနေရတယ်" လို့ လည်းဦးဇော်ဇော်ထွန်းကပြောပါတယ်။

စစ်ဘေးရှောင်စခန်းတွေမနှစ်ကလည်းရေဘေးကြုံရ

ဓာတ်ပုံ ရင်းမြစ်, MIN MYAT KHINE

ဓာတ်ပုံ ပုံစာ, စစ်ဘေးရှောင်စခန်းတွေမနှစ်ကလည်းရေဘေးကြုံရ

ရခိုင်ပြည်နယ်တစ်ခုလုံးမှာ စစ်ဘေးရှောင် စခန်းပေါင်း ၁၄၃ ခုရှိပြီး စာရင်းကောက်ယူထားတဲ့ ဒုက္ခသည် ၅၉၆၄၃ ကျော်ရှိတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး(REC) ရဲ့စာရင်းများအရ သိရပါတယ်။

ရေဘေးဒုက္ခ မခံစားရပေမဲ့ တချို့ စစ်ရှောင်စခန်းတွေမှာလည်း နေရေးထိုင်ရေးနဲ့ ပတ်သက်လို့ အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ ရခိုင်ပြည်နယ် စစ်ဘေးရှောင် ကူညီနေသူတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့ နေပူခံစခန်း တာဝန်ခံ ဒေါ်ဝါဝါရွှေကတော့ "မိုးရာသီဖြစ်တော့ နေရေးထိုင်ရေး အဆင်မပြေဘူးလေ။ အခုက မူလတန်းကျောင်းတို့ အထက်တန်းကျောင်းတို့ အလယ်တန်းကျောင်းတို့မှာ ထားတာဆိုတော့ ဇူလိုင်ဆိုရင် အစိုးရက စာသင်ကျောင်းကို တောင်းနေပြီဆိုတော့ ဘုန်းကြီးကျောင်းတွေမှာ စခန်းဆောက်လုပ်နေပါတယ်" လို့ပြောပါတယ်။

မိုးတွင်းမှာရေဝင်တဲ့စခန်းတွေရဲ့ ပြဿနာတွေသာမက ကလေးတွေရဲ့ရာသီအလိုက် ဖျားနာမှု အခြေအနေတွေကလည်း ဆိုးဝါးနေတယ်လို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

အထူးသဖြင့် ဘူးသီးတောင်က စခန်းတွေမှာ ကလေးတိုင်းလိုလို ဖျားနာတွေရှိနေတဲ့အတွက် စာရင်းတွေ ကောက်ထားရတယ်လို့ သူက ဆိုပါတယ်။

စစ်ဘေးရှောင်တွေ ကျောင်းတွေမှာနေထိုင်တာတွေရှိ

ဓာတ်ပုံ ရင်းမြစ်, U TUN WIN

ဓာတ်ပုံ ပုံစာ, စစ်ဘေးရှောင်တွေ ကျောင်းတွေမှာနေထိုင်တာတွေရှိ

" တစ်ချို့လူကြီးတွေလည်း ဖျားနေတယ်ကြားတယ်၊ ဘာရောဂါလည်းမသိသေးဘူး။ ကျန်းမာရေးကို အကြောင်းကြားထားပေမဲ့ စခန်းတွေက အစိုးရဘက်မှာ စစ်ဘေးရှောင် စာရင်းမဝင်သေးလို့ရယ်။ ကျန်းမာရေးဝန်ထမ်းတွေက နယ်မြေမလုံခြုံတော့ လာဖို့ခက်ခဲတာတွေကြောင့်ရယ် ဖြစ်နေတာ" လို့ ဦးဇော်ဇော်ထွန်းကဆိုပါတယ်။

စစ်ဘေးရှောင် အများစုဟာ ပညာရေးပိုင်းမှာလည်း လိုအပ်နေတယ်လို့ သူက ပြောပါတယ်။ အစိုးရဘက်က ဘယ်လို လုပ်မယ်ဆိုတာ အတိအကျ မသိပေမဲ့ လက်ရှိ စစ်ဘေးရှောင် ကလေးတွေရဲ့ ပညာရေးကို တော့ မိဘတွေက ပူပန်နေရတယ်လို့ စစ်ဘေးရှောင်သူတွေက ဆိုပါတယ်။

ပညာရေးနဲ့ ပတ်သက်လို့ ဦးဇော်ဇော်ထွန်းက " ပညာရေးအပိုင်းမှာတော့ လုံး၀ မစဉ်းစားနိုင်သေးတဲ့ အခြေအနေမှာရှိပါတယ်။ ကျောင်းတွေဖွင့်ဖို့ကလည်း အခြေအနေမရှိနိုင်သေးဘူးလို့ ပြည်နယ်ပညာရေးမှူးက ပြောထားတာ ရှိပါတယ်။ တိုက်ပွဲတွေဖြစ်နေတာရယ် နယ်မြေမလုံခြုံမှုတွေကြောင့် မီးရှို့ ခံထားရတဲ့ ကျောင်းတွေလည်းရှိတော့ ဒီနှစ်မှာ အခက်အခဲတွေ အများကြီးရှိနေပါတယ်" လို့ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်သူတွေ စုစုပေါင်းတစ်သိန်းကျော်ရှိနေပြီး အဲ့ဒီကမှ သုံးပုံတပုံဟာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ စစ်ဘေးဝေးတဲ့ မြို့ပေါ်က အဆောက်အအုံတွေမှာ ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေဖြစ်တယ်လို့ REC ရဲ့စာရင်းများအရ သိရပါတယ်။

မင်းပြား

ဓာတ်ပုံ ရင်းမြစ်, MIN MYAT KHINE

ရခိုင်ပြည်နယ်က တချို့ ရွာတွေမှာတော့ ရွာလုံးကျွတ်မီးရှို့ခံရတာတွေနဲ့ စာသင်ကျောင်းတွေပါ မီးရှို့ခံရတာတွေရှိတာကြောင့် ကျေးရွာကို မပြန်နိုင်ကြသလို စစ်ဘေးရှောင် စခန်းတွေကလည်း အတည်တကျ မရှိနိုင်သေးတာကြောင့် ကလေးတွေရဲ့ ပညာရေးက အလှမ်းဝေးနေဦးမှာပဲဖြစ်တယ်လို့ စစ်ဘေးရှောင်ဒေသခံ တစ်ဦးက ဆိုပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း စစ်ဘေးသင့် ပလက်ဝမှာလည်း အခုလို မိုးတွင်းရေကြီးတဲ့ဒဏ်တွေ ခံစားနေရသလို ဆောက်လုပ်ထားတဲ့ စစ်ဘေးရှောင်စခန်းက နေအိမ်တွေကလည်း မိုးမလုံတဲ့ အခြေအနေတွေရှိတယ်လို့ ကူညီပေးနေတဲ့ ဒေသခံတွေက ဆိုပါတယ်။

ချင်းပြည်နယ်ပလက်ဝမှာ စစ်ဘေးရှောင်သူ ကိုးထောင်ကျော်ရှိနေပြီး ဆမီးမြို့က စစ်ဘေးရှောင် စခန်းမှာပဲ အများစုက အကူအညီရတဲ့အတွက် ကျန် ပလက်ဝမြို့ပေါ်မှာ စားနပ်ရိက္ခာ မလုံလောက်မှုတွေ ဆန်မလုံလောက်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ချင်းပြည်နယ် စည်ပင်လျှပ်စစ်နဲ့ စက်မှုလက်မှု ဝန်ကြီး ဦးစိုးထက်က ဘီဘီစီကို ပြောပါတယ်။

အခုအခါ စာသင်ကျောင်းတွေပြန်ဖွင့်ဖို့ အခြေအနေနဲ့ ပတ်သက်လို့ ဘာမှ မသိရှိရသေးသလို နယ်မြေ မလုံခြုံမှုတွေကြောင့် ဒေသခံ အများစုကတော့ စိုးရိမ်သောကရောက်နေကြတယ်လို့ ပလက်ဝဒေသခံ တွေက ဘီဘီစီကို ပြောခဲ့ပါတယ်။