ရခိုင် စစ်ရှောင်စခန်းတွေမှာ ရိက္ခာ ပုံမှန်မရဖြစ်

ဓာတ်ပုံ ရင်းမြစ်, cj
စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း သိန်းချီရှိနေတဲ့ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေကို ထောက်ပံ့ပေးနေတဲ့ရိက္ခာတွေ ပုံမှန်မရောက်ရှိတဲ့အတွက် ရိက္ခာပြတ်လပ်မှုတွေဖြစ်ပွားနေတယ်လို့ မင်းပြား၊ မြေပုံနဲ့ မြောက်ဦးမြို့တွေမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။
ယခင်က စစ်ဘေးရှောင်စခန်းတွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP တို့က ဆန်နဲ့တခြားစားသောက်ကုန်တွေကိုထောက်ပံ့ပေးလျက်ရှိရာ ပြီးခဲ့တဲ့လအတွင်း ရိက္ခာပုံမှန်မရောက်နိုင်ဘဲဖြစ်နေတယ်လို့ တိမ်ညိုစစ်ဘေးရှောင် ကယ်ဆယ်ရေးခစန်းတာဝန်ခံ ဦးဝေလှအောင်က ဘီဘီစီကိုပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေကို ထောက်ပံ့ပေးရာမှာ အစိုးရရဲ့အစီအစဉ်နဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာန အောက်မှာရှိတဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနကနေ ဆန်ရိက္ခာ သီးသန့်ထောက်ပံ့ပေးပြီး ICRC နဲ့ WFP တို့ကတော့ မြို့နယ်တွေခွဲပြီး ဆန်နဲ့ တခြားစားသောက်ကုန်တွေကို ထောက်ပံ့ပေးနေတာလည်း ဖြစ်ပါတယ်။
ဒုက္ခသည်စခန်းတွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ လတ်တလောမှာ ဘဏ်တွေက ငွေထုတ်ယူဖို့ အခက်အခဲတချို့ ရှိနေတာကြောင့် သူတို့အနေနဲ့ အကူအညီပေးရေးလုပ်ငန်းတွေကိုလည်း ပုံမှန်မလုပ်နိုင်ကြတဲ့အတွက် အခုလို ရိက္ခာထောက်ပံ့မှုတွေ ပုံမှန်မရောက်နိုင်တာ ဖြစ်တယ်လို့ စခန်းတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။
"ကျွန်တော်တို့ တိမ်ညိုကယ်ဆယ်ရေးခစန်းမှာ တချို့စားနပ်ရိက္ခာတွေ လိုအပ်နေတာရှိတယ်။ လစဉ်ပုံမှန်ထောက်ပံ့နေတဲ့ အစိုးရနဲ့ ICRC ကထောက်ပံ့တာတွေတော့ရှိတယ်၊ သူတို့ထောက်ပံ့တဲ့အထဲမှာ အကုန်လုံး ပြည့်ပြည့်စုံစုံတော့မရှိဘူးဗျာ။ အရင်တုန်းကလည်း စစ်ဘေးရှောင်တွေက အပြင်ထွက်ပြီး အလုပ်လုပ်တယ်။ ကိုယ့်ဟာနဲ့ကိုယ် ဖြေရှင်းရတာတွေ ရှိတယ်။ ဒါပေမဲ့ အခုက ကိုဗစ်ကာလလည်းရှိတယ်ဆိုတော့ အလှူရှင်တွေလည်းမရောက်ဘူး။ တချို့ NGO အဖွဲ့အစည်းတွေဆိုလို့ရှိရင်လည်း ငွေထုတ်ရတာ အဆင်မပြေတာနဲ့ လှူဖို့ကအဆင်မပြေဘူး။ အဲ့လို အခက်အခဲတွေရှိနေကြတယ်ဗျ။"လို့ တိမ်ညို စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဝေလှအောင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ရိက္ခာထောက်ပံ့မှုတွေ အပြည့်အဝ မရရှိတဲ့အတွက် တခြားစားသောက်ကုန်တွေ၊ အသားငါးတွေနဲ့ လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေကို ဝယ်ယူစားသုံးနိုင်ရေးအတွက် ဒုက္ခသည်တွေဟာ စခန်းအပြင်ထွက်ပြီး အရင်က ဝေင်ငွေရှာခဲ့ကြပေမယ့် အခုအချိန်မှာတော့ ဒေသတွင်းကိုဗစ် ၁၉ ဖြစ်ပွားနေတာကြောင့် အသွားအလာတွေကိုလည်း ကန့်သတ်ထားရတဲ့အတွက် အခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ဦးဝေလှအောင်က ပြောပါတယ်။
ICRC အဖွဲ့က အဲ့ဒီစခန်းတွေကို တစ်လစာစီ ထောက်ပံ့ပေးပေမယ့် ပြီးခဲ့တဲ့လက ၁၅ ရက်စာပဲ ထောက်ပံ့ပေးနိုင်ခဲ့ပြီး နောက်လတွေမှာ ဖြည့်ပေးသွားမယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် မြေပုံမြို့နယ် ကမ်းထောင်းကြီး ကယ်ဆယ်ရေးခစန်းမှာလည်း ဇူလိုင်လ ၂၁ ရက်နေ့ကနေ ရိက္ခာပြတ်လပ်သွားပြီဖြစ်ကာ စခန်းအတွင်းနေထိုင်တဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအနေနဲ့ ဖြစ်သလို ရုန်းကန်ဖြေရှင်းနေကြရတယ်လို့ ဆိုပါတယ်။
ကိုဗစ်ကာလအတွင်း အစိုးရဆီက ထောက်ပံ့တဲ့ ဆန်ရိက္ခာတွေကိုလည်း ယခင်ကလိုမျိုး စခန်းအရောက် ပို့ဆောင်ပေးတာ မဟုတ်တဲ့အတွက် အဲ့ဒီဆန်တွေ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်တွေကို စခန်းကော်မတီမှာလည်း စိုက်ထုတ်ပေးမယ့် ပိုက်ဆံမရှိတဲ့အတွက် ထောက်ပံ့တဲ့ဆန်ထဲက တချို့တစ်ဝက်ကို စရိတ်အဖြစ် အသုံးပြုနေရတာကြောင့် ဒုက္ခသည်တွေကိုတစ်လစာ အပြည့်မပေးနိုင်ဘဲ သုံးပတ်စာသာပေးနေရတယ်လို့ စခန်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဝင်းလှအောင်က ပြောပါတယ်။
ကမ်းထောင်းကြီးစခန်းမှာ အခုလိုရိက္ခာပြတ်လပ်မှုတွေရှိနေပြီး အခက်အခဲကြုံနေရတဲ့အတွက် ဒီကနေ့မှာတော့ မြောက်ဦး ရတနာ့မာရ်အောင်ဆရာတော်ဆီကနေ မိသားစုတစ်ခုကို ဆန်ရိက္ခာ တစ်တောင်းနှုန်းလာရောက် ထောက်ပံ့ပေးသွားတယ်လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အဲ့ဒီစခန်းကို အစိုးရအပြင် WFP က လူတစ်ဦးကို တစ်သောင်းခွဲကျပ်နှုန်းစီ တာဝန်ယူထောက်ပံ့ပေးနေပေမယ့် WFP ရဲ့ထောက်ပံ့မှုတွေကိုမရရှိတာ နှစ်လကျော်ရှိနေပြီလို့ ဦးဝင်းလှအောင်က ပြောပါတယ်။
အခုလိုမျိုး စစ်ဘေးရှောင်စခန်းတွေမှာ အထောက်ပံ့အကူအညီတွေ ပြတ်လပ်မှုရှိနေတဲ့အတွက် အခက်အခဲတွေကြုံနေရတယ်ဆိုတာကို ကြားသိနေရပြီး အစိုးရအနေနဲ့တော့ ပုံမှန်ထောက်ပံ့မှုတွေကို လုပ်ဆောင်ပေးနေတယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပေဒေချုပ် ဦးလှသိန်းက ပြောပါတယ်။
"ရိက္ခာကတော့ အခု ကိုဗစ်လည်းဖြစ်လာတယ်။ နောက်တစ်ခုကတော့ INGO တွေရဲ့ ထောက်ပံ့မှုတွေကတော့ ပြတ်တောက်တဲ့အနေအထားဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ကြားရပါတယ်။ ဆိုတော့ ကျွန်တော်တို့ဘက်က ဘေးစီမံက ပုံမှန်ပေးနေတဲ့အတိုင်းအတာကတော့ ပြတ်တောက်တာ မရှိသေးဘူး။ NGO တွေ INGO တွေကပုံမှန်ပေးနေတဲ့ အပိုင်းတွေမှာတော့ လျော့ကျသွားတယ်လို့ ကြားရပါတယ်။"လို့ ဦးလှသိန်းက ပြောပါတယ်။
စစ်ဘေးရှောင်စခန်းတွေကို ထောက်ပံ့ပေးမှုတွေကတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာန လက်အောက်မှာရှိတဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက လူတစ်ဦးကို တစ်နေ့ ဆန်နှစ်ဘူးနှုန်းရရှိပြီး INGO တွေကတော့ လူတစ်ဦးကိုတစ်လအတွက် ကျပ်တစ်သောင်းခွဲနှုန်းနဲ့ ထောက်ပံ့ပေးနေတာဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒါ့အပြင် မင်းပြားမြို့နယ်မှာရှိတဲ့ အမ်းသားရွာနဲ့ သေကန် ကယ်ဆယ်ရေးစခန်းမှာနေထိုင်ခဲ့ကြတဲ့ ဖားပျော်ကျေးရွာက စစ်ဘေးရှောင်တွေဟာ လက်ရှိမှာ တိုက်ပွဲတွေ မဖြစ်တော့တဲ့အတွက် နေရပ် ပြန်သွားခဲ့ကြပြီ ဖြစ်ပါတယ်။
နေရပြန်သွားခဲ့ကြတဲ့ ဖားပျော်ကျေးရွာသားတွေကို ပြည်နယ်ကောင်စီဘက်က မိသားစုတစ်စုကို ကျပ်ငါးသိန်းစီထောက်ပံ့ပေးမယ်လို့ပြောထားပေမယ့် အဲ့ဒီထောက်ပံ့ငွေတွေ မရရှိသေးတဲ့အတွက် အဲ့ဒီရွာသားတွေမှာလည်း စားစရာလုံးဝမရှိတဲ့ အနေအထားထိ ရိက္ခာပြတ်လပ်မှုတွေ ဖြစ်နေပြီး တစ်ဦးဆီကနေ တစ်ဦး ချေးငှားပြီးတော့ စားသောက်နေကြရတယ်လို့ အမ်းသားရွာ ကယ်ဆယ်ရေးစခန်းတာဝန်ခံ ဦးသန်းရွှေကပြောပါတယ်။
အဲ့ဒီကျေးရွာသားတွေဟာ တိုက်ပွဲတွေမရှိတဲ့အတွက် နေရပ်ရင်းဖြစ်တဲ့ ဖားပျောက်ကျေးရွာကိုပြန်သွားကြပေမယ့်် အနီးဝန်းကျင်မှာ တပ်မတော်တပ်စခန်းတွေရှိနေသလို ရွာအနီးမှာတိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့နေရာဖြစ်တဲ့အတွက် တောတောင်တွေထဲကိုလည်း ငါးရှာဟင်းခူး မသွားရဲကြဘဲ အခက်အခဲတွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ်အထိ စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ၁ သိန်းခွဲခန့်ရှိခဲ့ပြီး အခုတိုက်ပွဲတွေမရှိတော့တဲ့ အချိန်တွေမှာ တချို့ကနေရပ်ပြန်သွားခဲ့ကြပြီဖြစ်ပေမယ့် အများစုကတော့ မိုင်းနဲ့ လက်နက်ကြီး အန္တရာယ်တွေကြောင့် ရပ်ရွာမှာ လုပ်ကိုင်စားသောက်ဖို့အခက်အခဲရှိနေတဲ့အတွက် မပြန်နိုင်ကြသေးဘဲ ဒုက္ခသည်စန်းတွေမှာဘဲ ဆက်ရှိနေသေးတာ ဖြစ်ပါတယ်။








