ရသေ့တောင် တိုက်ပွဲအတွင်း ဒေသခံ ၄ ဦးဒဏ်ရာရ

No caption

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ပြီးခဲ့တဲ့အောက်တိုဘာလ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်အတွင်းက တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေ တို့အကြား တိုက်ပွဲတွေကြောင့် အရပ်သား၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ကပြောပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ကစတင်ပြီး နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ပြန်လည်ဖြစ်ပွားနေကြသလို ရသေ့တောင်မြို့ပေါ် တပ်ရင်းဌာနချုပ်တွေ ရှိတဲ့နေရာတွေနဲ့ မေယုမြစ်ကြောင်း တစ်လျှောက်သွားလာနေတဲ့ ရေတပ်သင်္ဘောတွေကလည်း လက်နက်ကြီး ပစ်ခတ်တာတွေ ရှိနေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။။

ဒါ့အပြင် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကျောက်တန်းနယ်မြေအတွင်းက ကျေးရွာတွေ အနီးဝန်းကျင် နေရာတွေကိုလည်း ရဟတ်ယာဉ်တွေနဲ့ တပ်မတော်ဘက်က လာရောက် တိုက်ခိုက်တာတွေကိုလည်း တွေ့ရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

အခုလို နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေ အနီးဝန်းကျင်တွေကို ရေတပ်သင်္ဘောတွေကနေ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကျေးရွာတွေ အတွင်းကျရောက် ပေါက်ကွဲပြီး အရပ်သား ထိခိုက်မှုတွေက နှစ်ရက်အတွင်း ၄ ဦးအထိ ရှိခဲ့တာ ဖြစ်တယ်လို့လည်း သူတို့ကပြောပါတယ်။

တပ်မတော်ဘက်ရော အေအေ ဘက်ကိုပါ ဒီပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ဆက်သွယ်အတည် မပြုနိုင်သလို နှစ်ဖက်စလုံးက တစ်စုံတစ်ရာ ထုတ်ပြန်တာ ပြောဆိုတာမျိုး မရှိသေးပါဘူး။

ဒဏ်ရာရသူတွေ ထဲမှာ အသက် ၉၃ နှစ်အရွယ် အမျိုးသားတစ်ဦးပါဝင်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဒဏ်ရာရသူတွေထဲမှာ အသက် ၉၃ နှစ်အရွယ် အမျိုးသားတစ်ဦးပါဝင်

အောက်တိုဘာ ၆ ရက်နေ့က လက်နက်ကြီးကျလို့ ဒဏ်ရာရခဲ့သူတွေကတော့ အသက် ၉၃ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးတို့ ဖြစ်ပြီး ပြင်ဝမ်းရွာက တစ်အိမ်တည်းနေထိုင်တဲ့ မြေးအဘိုးတွေလို့ သိရပါတယ်၊

အောက်တိုဘာ ၅ ရက် နေ့မနက်ပိုင်းမှာ ကန်ပြင်ကျေးရွာ ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ အသက် ၇၀ ကျော်အရွယ် ဦးသင်္ကြန်လုံး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး ၆ ရက်နေ့ မနက်ပိုင်းမှာတော့ ပြင်ဝမ်းကျေးရွာက အသက် ၉၃ နှစ်အရွယ် ဦးမောင်စိုးနဲ့ သူ့ရဲ့မြစ်ဖြစ်သူ အသက် ၁၀ နှစ်အရွယ် မောင်မျိုးသန့်ဇင်နဲ့ ကန်ပြင်ကျေးရွာက အသက် ၅၃ နှစ်အရွယ် ဦးအောင်သန်းစိန် တို့ဒဏ်ရာရခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီ ကျေးရွာတွေဟာ ရသေ့တောင်မြို့ရဲ့ အနောက်ဘက်ခြမ်း မေယုကမ်းဘက်က ကျေးရွာတွေဖြစ်ပြီး လက်ရှိမှာ တိုက်ပွဲ ဖြစ်ပွားနေတဲ့နေရာတွေဟာ မေယုမြစ်အရှေ့ဘက်ခြမ်း ရသေ့တောင်မြို့ရဲ့ မြောက်ဘက် လေးမိုင်လောက်သာ ဝေးတဲ့နေရာ တွေမှာ ဖြစ်ပွားနေကြတာလည်းဖြစ်ပါတယ်။

မနေ့က တစ်ရက်တည်းမှာ ဒဏ်ရာရရှိသူသုံးဦးရှိခဲ့ပြီး အဲ့ဒီအနက် ကန်ပြင်ကျေးရွာသား ဦးအောင်သန်းစိန်နဲ့ ပြင်ဝမ်းရွာသား မောင်မျိုးသန့်ဇင်တို့မှာ ဒဏ်ရာမပြင်းထန်ပေမဲ့ အသက် ၉၃ နှစ်အရွယ် ဦးမောင်စိုးကိုတော့ စေတီပြင် တိုက်နယ်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ မြေးဖြစ်သူ ဦးရွှေနီမောင်က ပြောပါတယ်။

ကျောက်တန်းနယ်မြေက ဒေသခံတွေ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ကြ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကျောက်တန်းနယ်မြေက ဒေသခံတွေ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ကြ

အောက်တိုဘာ ၄ရက်နေ မနက် ၂ နာရီကျော်လောက်မှာ ထီးစွဲကျေးရွာအနီးမှာရှိတဲ့ အေအေခြေကုတ် စခန်း တစ်ခုကို တပ်မတော်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ အောက်တိုဘာ ၄ ရက်နေ့မှာထုတ်ပြန်ခဲ့ပြီး အဲ့ဒီစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ တယ်လို့ အေအေဘက်က အောက်တိုဘာ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

စခန်းတွေကိုအပြန်အလှန်သိမ်းပိုက်နေကြတဲ့ အဲ့ဒီတိုက်ပွဲအတွင်း တပ်မတော်ဘက်က အရာရှိတွေ အပါအဝင် ကျဆုံးသူတွေ ရှိခဲ့သလို အေအေဘက်ကလည်း ကျဆုံးသူတွေရှိနေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၇ ရက် ဒီကနေ့မှာတော့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားတဲ့ ပစ်ခတ်သံတွေကိုမကြားရပေမဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေ ရှိနေတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

အခုလိုမျိုး နှစ်ဖက် တိုက်ပွဲတွေအကြား ပြည်သူတွေ ထိခိုက်သေဆုံးနေကြရတဲ့အပေါ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ မလုပ်သင့်သလို အစိုးရမှာလည်း ဟန့်တားဖို့ တာဝန်ရှိတယ်လို့ ဦးခင်မောင်လတ်က ပြောပါတယ်။

No caption

ဓာတ်ပုံ ရင်းမြစ်, CJ

" ဒါအပြင် အောက်တိုဘာ ၅ ရက်နေ့ ညနေပိုင်းမှာလည်း ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာအနီး တပ်မတော်နဲ့ အေအေတို့ အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်သွားခဲ့တဲ့ ပြင်ရှည်ကျေးရွာသား မွတ်ဆလင် ၁၄ ဦးတို့အနက် နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ ငါးရှာ၊ ဖားရှာနေစဉ် အေအေ အဖွဲ့က ပစ်ခတ်မှုကြောင့် သေဆုံး တာလို့ တပ်မတော်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၆ ရက်နေ့ကလည်း မင်းပြားမြို့တွင်း ချောင်းထဲမှာ စက်လှေနဲ့သွားလာနေတဲ့ မွတ်ဆလင် ၃ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သလို ဦးစိုးတင့်ရပ်ကွက်က ရခိုင်လူမျိုးသုံးဦးကိုလည်း တပ်မတော်က ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။

တားမြစ်မိန့်ထုတ်ပြန်ထားတဲ့ နယ်မြေအတွင်းဝင်ရောက်လာတဲ့ စက်လှေ နှစ် စီးကို ရပ်တန့်ခိုင်းစဉ် ရပ်တန့်မှုမရှိဘဲ မောင်းနှင်ထွက်ပြေးလို့ ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ရတာ ဖြစ်တယ်လို့လည်း တပ်မတော် ဘက် ကထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူအရေအတွက်ဟာ များလာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူအရေအတွက်ဟာ များလာ

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့အကြားဖြစ်ပွားနေတဲ့ နှစ်နှစ်ကျော် အကြာ တိုက်ပွဲတွေအတွင်း အရပ်သားထိခိုက် သေဆုံးမှုအရေအတွက် မြင့်တက်လာနေသလို နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ အရေအတွက်ဟာလည်း ၂၂၆၈၀၄ ဦးထိရှိလာနေပြီဖြစ်တယ်လို့ REC ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရသေ့တောင်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေး နေကြရသူတွေ ထပ်မံတိုးလာနေပြီး လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ ကပ်ရောဂါကူးစက်မှုတွေ ဖြစ်ပွားလာမှာကိုလည်း စိုးရိနေရတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

စစ်ဘေးရှောင်တွေအတွက် အသက်ဘေးအပြင် စားဝတ်နေရေး အခက်အခဲတွေလည်း ကြုံနေရတာကြောင့် အစိုးရအနေနဲ့ ပိုပြီးတော့ ဂရုစိုက်ပေးဖို့လိုအပ်သလို စခန်းတွေမှာ ဖျားနာနေသူတွေလည်းရှိနေတဲ့အတွက် ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ စစ်ဆေးမှုတွေကိုလည်း လုပ်ပေးဖို့လိုအပ်နေတယ်လို့ ဦးခင်မောင်လတ်က ပြောပါတယ်။