ရခိုင်တိုက်ပွဲ အေအေ ဘာပြောလဲ

ဓာတ်ပုံ ရင်းမြစ်, ရက္ခိုင့်တပ်တေ်
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာတိုက်ပွဲတွေနဲ့ပစ်ခတ်မှုတွေ နိုဝင်ဘာ ၁၃ ရက် မှာ စတင်ဖြစ်ပွားနေပါတယ်။ ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း၊ မေယုမြစ်ကမ်းဘေးက ဒုံးပိုက်နဲ့ ချိန်ခါလီကျေးရွာတွေက နယ်ခြားစောင့် ရဲစခန်းတွေကို ရက္ခိုင့်တပ်တော် (AA)က ဝင်ရောက်တိုက်ခိုက်ခဲ့တာကနေ တိုက်ပွဲစဖြစ်တာလို့ ဒေသခံအချို့ကပြောပါတယ်။
ရက္ခိုင့်တပ်တော် - အေအေ ဘက်ကလည်း ရသေ့တောင်မြို့ထဲက နေရာအချို့နဲ့ မင်းပြားမှာတိုက်ပွဲတွေဖြစ်နေတယ်လို့ ရက္ခိုင့်တပ်တော် အေအေ ပြောခွင့်ရ ခိုင်သုခကအတည်ပြုပြီး ရသေ့တောင်မှာတပ်စခန်းအချို့ကိုသိမ်းပိုက်ရရှိထားတယ်လို့ ဘီဘီစီကိုပြောပါတယ်။
''ဒီကနေ့မနက် တိုက်ပွဲတွေဖြစ်နေတာရှိပါတယ်။ စခန်းတချို့သိမ်းပိုက်ရရှိထားတယ်'' လို့ ခိုင်သုခကပြောပါတယ်။
တချို့နေရာတွေမှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီအရာရှိတချို့ကိုဖမ်းဆီးရမိထားတယ်လို့ ပြောပြီးအသေးစိတ်ကိုဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ခိုင်သုခကဆိုပါတယ်။
လက်ရှိမှာတော့ ရွာလုံးကျွတ်တိမ်းရှောင်နေကြတဲ့ ရသေ့တောင်မြို့နယ် ချိန်ခါလီနဲ့ ဒုံးပိုက်ကျေးရွာသား နှစ်ထောင်ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေတဲ့တောင်ပေါ်တွေမှာပဲရှိနေသေးပြီး နေ့လယ်စာထမင်းမစားကြရသလို ညပိုင်းမှာလည်း ဘယ်လိုဆက်နေရမလဲဆိုတာမသိကြသေးဘူးလို့ပြောပါတယ်။ ဒုံးပိုက်နဲ့ ချိန်ခါလီ ကျေးရွာနှစ်ရွာပေါင်း လူပေါင်း နှစ်ထောင်ကျော်ရှိပြီး ကလေးသူငယ်နဲ့ မိန်းကလေးများအများစုပါဝင်တယ်လို့ဆိုပါတယ်။
မင်းပြားမြို့နယ်အတွင်းမှာရှိတဲ့ တိုင်းဗဟို (၉) လေ့ကျင့်ရေးသင်တန်းကျောင်း အမှတ် ၉ ကနေထွက်လာတဲ့ စစ်ကားနှစ်စီးကို ဖားပျော်ကျေးရွာအနီးမှာ အေအေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
အေအေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကတော့ မင်းပြားမြို့နယ်ကတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦးနဲ့ ဗိုလ်ကြီးတစ်ဦးကို အေအေဘက်ကဖမ်းဆီးထားတယ်လို့ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာအနီးဝန်းကျင်ကို မင်းပြားအခြေစိုက် လက်နက်ကြီးစခန်းတွေကနေ ပစ်ခတ်နေပြီး ဖေသာပြင်ကျေးရွာက စပါးခင်းထဲရှိနေတဲ့ ချင်းအမျိုးသားတစ်ဦးလည်း လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေနဲ့အတူ လက်နက်ချတဲ့စခန်းတွေရှိလာပြီး ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းမှာ ရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၆ ဦးနဲ့ သူတို့ရဲ့ မိသားစုတွေအပါ ၂၆ ဦးကို အေအေက ခေါ်ယူသွားတယ်လို့ဆိုပါတယ်။ လက်နက်ခဲယမ်းတွေနဲ့ ယူနီဖောင်းတွေအားလုံးကိုလည်း သိမ်းဆည်းသွားပြီး လက်ရှိမှာ ဘယ်နေရာတွေကိုခေါ်ဆောင်သွားတာလို့ မသိရကြောင်း ရွာခံတချို့ကပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာက ရဲစခန်းမှာတာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း ဒီနေ့မနက်ပိုင်းကတည်းက စခန်းကိုစွန့်ခွာပြီး ထွက်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တချိန်တည်းမှာပဲမြောက်ဦးမြို့နယ်မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး အရပ်သားနှစ်ဦး သေနတ်ကျည်ထိမှန်ခံရလို့ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။
ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်မှာ မြောက်ဦးမြို့အဝင်လမ်းအတိုင်း မောင်းနှင်လာတဲ့ အရပ်အခေါ် တုတ်တုတ်ဆိုင်ကယ်တစ်စီးနဲ့ ကားတစ်စီးတို့ဟာ မြောက်ဦးမြို့ ၊မြင်းခုန်တန်းရပ်ကွက်အတွင်း ပစ်ခတ်ခံလိုက်ရပြီး တုတ်တုတ်မောင်းတဲ့ အသက် ၄၅ နှစ်အရွယ် ဦးအနိုင်ချေဆိုသူမှာ ခြေသလုံးကျည်ဆံဖောက်ဝင်ဒဏ်ရာရရှိခဲ့တယ်လို့ ကိုယ်တိုင်အကူအညီပေးခဲ့သူတစ်ဦးက ပြောပါတယ်။
နောက်ထပ်ကားတစ်စီးကတော့ သေနတ်ထိမှန်ပြီး မြင်းခုန်တန်းကန်အနီးမှာ လမ်းဘေးကိုထိုးဆင်းသွားပြီး ကားပေါ်ပါလာသူလည်း ကားပေါ်မှာပဲ သေဆုံးနေတာတွေ့ရပေမယ့် သွားပြီးတော့ အလောင်းကိုမယူရဲကြဘူးလို့ဆိုပါတယ်။
“ဖြစ်တာက မနက်ပိုင်း ၉ နာရီလောက်မှာဖြစ်တာ အဲ့ဒီနားမှာ တံတိုင်းရှိတယ်။ တံတိုင်းပေါ်ကနေ ပစ်ခတ်တာပါ။ ဒဏ်ရာရနေတဲ့လူကိုတော့ ကျွန်တော်တို့ဆေးရုံကိုပို့ပေးလိုက်တယ်။ နောက်တစ်ယောက်ကတော့ ကားခေါင်းခန်းမှာပဲသေနေတယ်၊ သွားမယူရဲသေးဘူး။ ဘယ်သူလဲဘယ်ကလဲဆိုတာလည်းမသိရသေးဘူး။ ကျွန်တော်တို့အမြင်ကတော့ ကုမ္ပဏီကားလို့ထင်တယ်”လို့ မြောက်ဦးမှာ အကူအညီပေးနေသူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Western News
သေဆုံးနေသူရဲ့ကားပေါ်မှာ နိုက်ထရိုဂျင်အိုးတွေနဲ့ ဗီနိုင်းတွေပါရှိပြီး ဘယ်ကုမ္ပဏီကဆိုတာ တိတိကျကျမပြောနိုင်သေးဘူးလို့ပြောဆိုပါတယ်။ ကုမ္ပဏီကားပေါ်မှာ လူငါးယောက်လိုက်ပါလာပြီး ပစ်ခတ်ခံရချိန် ကားဒရိုင်ဘာသေဆုံးသွားပြီး ကျန်လေးဦးမှာလည်း ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့သိရပြီး ဒဏ်ရာရရှိသူတွေကို တိမ်ညိုဆေးရုံ ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မြောက်ဦးမြို့ပေါ်မှာ အသွားအလာတွေပုံမှန်အခြေအနေမဟုတ်တော့သလို မြို့ခံတွေအနေနဲ့လည်း စိုးရိမ်မှုတွေရှိနေကြတယ်လို့သိရပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်တွင်းတိုက်ပွဲတွေပြန်ဖြစ်လာလို့ ရသေ့တောင်မြို့နယ်အပါအဝင် ဒေသအချို့မှာ ဆန်၊ဆီအပါအဝင် အခြေခံစားသောက်ကုန်တွေကို အလုအယက်ဝယ်ယူနေကြတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
''ကုန်ခြောက်တွေ ဆန်တွေ ကြိုဝယ်နေကြတာ၊ လမ်းတွေပိတ်လိုက်ပြီကြားတော့ ကုန်စျေးနှုန်းတွေတက်ပြီး ပစ္စည်းပြတ်မှာကြောက်နေကြတယ်'' လို့ ရသေ့တောင်မြို့ခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီကရခိုင်ရှိ မြို့နယ်အားလုံးရဲ့ ကုန်းလမ်း၊ ရေလမ်း အားလုံးကို ပိတ်ဆို့ထားလိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိပိတ်ဆို့ထားတဲ့ အခြေနေမှာ မြို့အနှံ့ကုန်းလမ်း၊ရေလမ်းအားလုံးအပြင် ရန်ကုန်၊ စစ်တွေအဝေးပြေးကား လမ်းတစ်လျှောက်သွားလာခွင့်တွေကို ခွင့်မပြုဘဲ အားလုံးနီးပါးကို စစ်ကောင်စီဘက်မှ ပိတ်ဆို့လိုက်တာလို့ဆိုပါတယ်။
မြို့နယ်အလိုက် ရေလမ်းကြောင်း အဓိကပြေးဆွဲနေတဲ့ ရွှေပြည်တန်အမြန်ရေယာဉ်ကလည်း စစ်တွေကနေ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်နီမော်၊ တောင်ကုတ်၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး စတာတွေကိုပြေးဆွဲတဲ့ရေလမ်းခရီးစဥ်တွေကို ယာယီရပ်နားတယ်လို့ ဒီကနေ့မနက်ပိုင်း ၁၁ နာရီမှာကြေညာပါတယ်။
တစ်ဖက်မှာလည်း ရခိုင်ပြည်နယ် ရသေ့တောင်၊ မင်းပြားမြို့နယ်က တိုက်ပွဲတွေကြောင့် မြို့တော် စစ်တွေမြို့မှာဒီကနေ့ နိုဝင်ဘာ ၁၃ ရက် ည ၉ နာရီ ကစပြီး နောက်နေ့မနက်အထိ ညပိုင်းတွေမှာ နေအိမ်အပြင်မထွက်ဖို့ ပြည်နယ်စစ်ကောင်စီက အမိန့်ထုတ်ထားတယ်လို့ မြို့ခံတွေကပြောပါတယ်။
စစ်တွေမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအားလုံးကို ပြည်နယ်စစ်ကောင်စီရဲ့ အမိန့်နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေကတဆင့်ညွှန်ကြားခဲ့တာလို့ဆိုပါတယ်။ ညနေပိုင်းမှာ စစ်တပ်ရဲ့ သံချပ်ကာတင့်ကားနှစ်စီး စစ်တွေမြို့ထဲကို ဝင်ရောက်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။









