ပုဂ္ဂလိကဘဏ်တွေစိုးရိမ်ရေမှတ်ရောက်နေပြီလား

- ရေးသားသူ, မင်းသစ်
- ရာထူးတာဝန်, ဘီဘီစီ (မြန်မာပိုင်း)
သတ်မှတ်ရာခိုင်နှုန်းထက်ပိုပြီး ချေးငွေတွေထုတ်ချေးခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုဂ္ဂလိကဘဏ် ၃ ခု အပါအဝင် ဘဏ် ၇ ခုက တာဝန်ခံတွေကို အရေးယူမယ်လို့ စစ်ကောင်စီကထုတ်ပြောလာပါတယ်။
ဒီလို အရေးယူလာမှုတွေကြောင့် ပြည်တွင်းဘဏ်တွေရဲ့ လည်ပတ်မှုနဲ့ အာမခံချက်အပေါ် ပြည်တွင်းဘဏ်သုံးစွဲသူတွေကသတိထားစောင့်ကြည့်တာတွေရှိနေပါတယ်။
စစ်ကောင်စီကတော့ ဒီ ဘဏ် ၇ ခုဟာ အိမ်ရာချေးငွေတွေထုတ်ချေးတဲ့အပိုင်းမှာ အကျိုးအမြတ်ပိုရအောင်လုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ရွှေ၊ ငွေနဲ့ ဆန် လောကထဲကလုပ်ငန်းရှင်တွေကို ဆက်တိုက်အရေးယူနေလို့ စျေးကွက်ထဲကမောက်ကမဖြစ်ချိန်မှာ ဘဏ်တွေကိုပါ အရေးယူလာတဲ့အပေါ် ဘာကြောင့်လဲဆိုတဲ့ မေးခွန်းလည်းရှိလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
စစ်ကောင်စီ အရေးယူမယ်လို့ပြောတဲ့ ဘဏ်တွေထဲမှာ ဘီလျံနာ သူဌေးကြီးတွေဖြစ်တဲ့ ဦးဇော်ဇော် ပိုင်တဲ့ ဧရာဝတီဘဏ်၊ ဦးသိမ်းဝေ ပိုင်တဲ့ ရိုးမဘဏ် နဲ့ ဦးနေအောင် ပိုင်တဲ့ ယူအေဘီဘဏ်တွေ ပါဝင်ပါတယ်။
ဒါအပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုအောက်မှာရှိတဲ့ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ မက်ထရိုဘဏ် တို့လည်းပါဝင်ပါတယ်။
ဒီဘဏ်တွေဟာ ဗဟိုဘဏ် သတ်မှတ်နှုန်းထက် ၁၆ ရာခိုင်နှုန်း ကျော်လွန်ထုတ်ချေးထားတယ်လို့ ဆိုပါတယ်။
ဘဏ်တွေအနေနဲ့ အိမ်ရာစီမံကိန်းတွေနဲ့ ပတ်သက်တဲ့ ချေးငွေကို ထုတ်ချေးမယ်ဆိုရင် ဘဏ်တစ်ခုလုံးရဲ့ ချေးငွေပမာဏထဲက ၅ ရာခိုင်နှုန်းကိုသာ ထုတ်ချေးခွင့်ရှိတယ်လို့ သတ်မှတ်ထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီအပြောအရ ဆိုရင် သတ်မှတ်ချက်ပမာဏထက်ပိုပြီး ချေးငွေထုတ်ချေးခဲ့ကြတဲ့ဘဏ်တွေဟာ အရေးယူခံရမှာအပြင် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ အရ ထိရောက်တဲ့ ဒဏ်ကြေးပေး ဆောင်ရမယ်လို့ ဆိုပါတယ်။
"စစ်ကောင်စီက နိုင်ငံခြားငွေလိုနေတာ၊ အခု အရေးယူခံရတဲ့ဘဏ်တွေက ဒဏ်ငွေဆောင်ရမယ်လို့ ပြောထားတော့ အမေရိကန်ဒေါ်လာနဲ့ပဲ ဆောင်ခိုင်းမှာပါပဲ" လို့ ပုဂ္ဂလိကဘဏ်တစ်ခုက တာဝန်ခံတစ်ဦးက ပြောပါတယ်။
ဒါအပြင် ပုဂ္ဂလိကဘဏ်တွေကို တာဝန်ကြီးကြပ်ဖို့ ပျက်ကွက်ခဲ့တဲ့ ဗဟိုဘဏ်ဝန်ထမ်းတွေကိုလည်း ဖော်ထုတ်အရေးယူသွားမယ်လို့ ဆိုပါတယ်။
“ဘဏ်တွေဘက်ကလည်း အကျိုးစီးပွားရှိမှာပေါ့။ ဥပမာ ရိုးမ ဆိုလည်း သူ့မိသားစုဝင်တွေက အိမ်ရာစီမံကိန်းတွေ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်နေတာတွေရှိတယ်။ အဲဒီတော့ အိမ်ရာတွေ ရောင်းဖို့ဝယ်ဖို့ကိစ္စတွေမှာ သူ့ဘဏ်ကိုပဲ ပြန်သုံးတဲ့သဘောလို ဖြစ်နေတာ” လို့ ဘဏ်ပညာရှင်တစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။
ဘီဘီစီက စကားပြောခွင့်ရတဲ့ ဘဏ်လောကထဲမှာအကြံပေးလုပ်နေသူတွေနဲ့ ကျွမ်းကျင်သူတချို့ကတော့ ပြည်တွင်းငွေကြေးစျေကွက်တည်ငြိမ်မှုမရှိတဲ့ အခုလိုအချိန်မှာ ဘဏ်တွေကို အရေးယူမှုလုပ်တာက ဘဏ်တွေအပေါ်မှာပါ ပိုပြီးယုံကြည်မှုကျစေတယ်လို့ မှတ်ချက်ပြုကြပါတယ်။
"ဒါတွေက လုပ်မယ်ဆို အစောကြီးကတည်းက လုပ်ရမယ့် ဟာတွေလေ၊ ဘာကြောင့် အခုအချိန်ကျမှ ထလုပ်ရသလဲဆိုတာက စစ်ကောင်စီကို မေခွန်းထုတ်ရမှာ" လို့ ပုဂ္ဂလိက ဘဏ်တွေမှာ နှစ်ပေါင်း ၃၀ ကျော် အကြီးတန်း အရာရှိလုပ်ခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ရိုးမဘဏ်ရဲ့ အမှုဆောင် ဥက္ကဋ္ဌ ဦးသိမ်းဝေ ခေါ် Mr. Serge Pun ကိုလည်း စစ်ကောင်စီက နေပြည်တော်မှာ ခေါ်ယူစစ်ဆေးနေတယ်လို့ ဘဏ်လုပ်ငန်းရှင်တွေနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက နှစ်ဦးထက်မနည်းက ဘီဘီစီကို ပြောပါတယ်။
ဦးသိမ်းဝေကို စစ်ကောင်စီက စစ်ဆေးနေတယ်ဆိုတဲ့ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။
စစ်ကောင်စီမှာ ပုဂ္ဂလိကဘဏ်တွေရဲ့ တစ်ဘဏ်ချင်းစီအလိုက်လည်ပတ်မှုပုံစံတွေကို စာရင်းရှိထားတယ်လို့ ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းက ပြောပါတယ်။
ဘဏ်တွေကို ဗဟိုဘဏ်က စစ်ဆေးတဲ့အခါမှာလည်း စစ်တပ်ပိုင်ဘဏ်တွေက အရာရှိတွေကို ထည့်ပြီးစစ်ဆေးတာလို့ ဘဏ်အကြံပေး အသိုင်းအဝိုင်းက သိရပါတယ်။
“ပုဂ္ဂလိကဘဏ်တွေကို ခေါ်စစ်ပြီဆိုတာနဲ့ မြဝတီဘဏ်တို့ ဦးပိုင်ဘဏ်တို့က အရာရှိတွေကို စစ်ဆေးရေးအဖွဲ့ထဲထည့်ပြီး ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေကြားက စာရင်းတွေကို တိုက်ပြီးစစ်တာ။ ဗဟိုဘဏ်ကိုလည်း မယုံတဲ့သဘော ” လို့ ပြည်တွင်းပုဂ္ဂလိကဘဏ်မှာ အကြံပေးလုပ်ကိုင်နေသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီမှာ ဘဏ်လုပ်ငန်းတွေအတွက်အာမခံချက်ရှိတဲ့ အရန်ငွေပမာဏလုံလုံလောက်လောက် မရှိတာကြောင့် ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွေကို အတိမ်းအစောင်းမခံလိုတဲ့စိုးရိမ်ချက် စစ်ကောင်စီမှာ ရှိနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။
ဒါကြောင့်ပဲ ဘဏ်သူဌေးတွေနဲ့ ဘဏ်လုပ်ငန်းတွေရဲ့ လှည့်ပတ်လုပ်ဆောင်မှုတွေထိန်းချုပ်စစ်ကောင်စီက တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာတာလို့ ယူဆကြပါတယ်။
တဖက်မှာလည်း ပြည်တွင်းရဲ့ အိမ်ခြံမြေဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ဘဏ်ချိတ်လို့ ခေါ်ကြတဲ့ ဘဏ်နဲ့ ချိတ်ဆက်ပြီး မှ အိမ်ရာဝယ်ယူရသူတွေအတွက် ဘဏ်ချေးငွေရဖို့ခက်ခဲသွားနိုင်ပါတယ်။
ဒါကြောင့်လည်း ဘဏ်ချိတ်စနစ်နဲ့ အိမ်ရာခြံမြေအရောင်း ဝယ်ယူရောင်းချတဲ့စျေးကွက်က ရပ်ဆိုင်းသွားနိုင်တယ်လို့ အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူတချို့က သုံးသပ်ပါတယ်။
ပုဂ္ဂလိကဘဏ်တွေကြားက ဒေစီပန်းပွင့်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာက ပုဂ္ဂလိကဘဏ် အများစုရဲ့ ပိုင်ရှင်တွေဟာ ဘီလျံနာသူဌေးကြီးတွေဖြစ်တာကြောင့် ဘဏ်လုပ်ငန်း လုပ်ကိုင်တဲ့နေရာမှာ ပိုင်ရှင်နဲ့ စီမံခန့်ခွဲရေးဒါရိုက်တာအဖွဲ့က အတူတူဖြစ်နေတယ်လို့ ထောက်ပြကြတဲ့ စီးပွားရေးပညာရှင်တွေလည်း ရှိပါတယ်။
“ဘဏ်ပိုင်ရှင်တွေရဲ့ တခြားစီးပွားရေးလုပ်ငန်းတွေ လည်ပတ်ဖို့အတွက် အစိတ်အပိုင်းတစ်ခုအနေနဲ့ ဘဏ်တွေကို ထူထောင်ထားကြတာများတယ်။ အဲဒီမှာဘာဖြစ်လာလဲဆိုတော့ သူ့လုပ်ငန်းအတွက် သူ့ဘဏ်ကနေပဲ ငွေပြန်ချေးတဲ့ကိစ္စပေါ်လာတယ်” လို့ စီးပွားရေး ပညာရှင် တစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။
အဲဒါကြောင့်ပဲ ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ ဘဏ်ရင်းနှီးမြုပ်နှံငွေတန်ဖိုးရဲ့ ၅ ရာခိုင်နှုန်းထက်ကျော်ပြီး ငွေပြန်မချေးရဘူးလို့ ထုတ်ပြန်ထားတာလို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတချို့က ထောက်ပြပါတယ်။
ဗဟိုဘဏ်သတ်မှတ်ချက်ကြောင့်ပဲ ပုဂ္ဂလိကဘဏ်ပိုင်ရှင်အများစုဟာ နာမည်အမျိုးမျိုးပြောင်းပြီး တခြားဘဏ်တွေမှာ လုပ်ငန်းပြ ငွေချေးတာတွေ လုပ်ကြတယ်လို့ အထင်ကရ ပုဂ္ဂလိကဘဏ်တစ်ခုမှာ ဒုဥက္ကဋ္ဌအထိ လုပ်ကိုင်ခဲ့ဖူးတဲ့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ပြောပြပါတယ်။
ဘဏ်လောကစကားနဲ့ ဒီလိုငွေလှည့်ပတ်နေတာကို Daisy Chain လို့ ခေါ် ကြပါတယ်။
" ဘဏ်သူဌေးတွေရဲ့ ခေါင်းပေါ်မှာ ဝေနေတဲ့ ဒေစီပန်းလေးတွေပေါ့။ သူလည်း ငါ့ဘဏ်မှာငွေချေးထားတယ်။ ငါလည်း ဟိုဘဏ်မှာ ငွေပြန်ချေးမယ်ပေါ့၊ ဘဏ်သူဌေး အချင်းချင်း လုပ်ငန်းကုမ္ပဏီနာမည်အမျိုးမျိုးပြောင်းပြီး ငွေချေးကြတာပေါ့၊ ဘဏ်လောကမှာတော့ ဝေဆာနေတဲ့ ဒေစီပန်းလေးတွေ (Daisy Chain ) လို့ခေါ်တယ်” လို့ ဘဏ်ပိုင်ရှင်တွေရဲ့ လုပ်နည်းလုပ်ဟန်တွေကို ပြောပြပါတယ်။
တစ်ဖက်မှာလည်း ပုဂ္ဂလိက ဘဏ်ပိုင်ရှင်သူဌေးကြီးတွေနဲ့ ဗဟိုဘဏ်ကြားမှာ အားပြိုင်မှုတွေရှိနေခဲ့တယ်လို့ ထောက်ပြကြတဲ့ စီးပွားရေးပညာရှင်တွေလည်း ရှိပါတယ်။
"ဘဏ်ပိုင်ရှင်တွေက သူတို့မှာ ဓနအင်အားရှိတယ်လေ။ သက်ဆိုင်ရာ အစိုးရတွေကလည်း ဘဏ်ပိုင်ရှင်တွေနဲ့ ကိုယ်ကျိုးစီးပွားတွေက ရှိတယ်လေ''
'' ဖွံ့ဖြိုးပြီးတိုင်းပြည်တွေမှာတောင် ဘဏ်ပိုင်ရှင်တွေက အစိုးရတွေကို လော်ဘီလုပ်နိုင်ခဲ့လို့ တချို့ ဘဏ် ဥပဒေတွေ မပြဋ္ဌာန်းနိုင်ခဲ့တာတွေရှိတယ်။ မြန်မာနိုင်ငံလို နိုင်ငံမျိုးက ပိုဆိုးတာပေါ့” လို့ စီးပွားရေးပညာရှင်က ဘီဘီစီကိုပြောပါတယ်။
အကဲဆတ်နေတဲ့ ဘဏ်လုပ်ငန်းတွေ အရေး

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာမှာ ပုဂ္ဂလိကဘဏ်ပေါင်း ၃၀ နီးပါးရှိနေပြီး ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ဦးအောင်ကိုဝင်းပိုင်တဲ့ ကမ္ဘောဇဘဏ်၊ ဦးဇော်ဇော် ပိုင်တဲ့ ဧရာဝတီဘဏ်နဲ့ ဦးခင်မောင်အေးပိုင်တဲ့ CB ဘဏ်တို့က စျေးကွက်ဝေစု အများဆုံးရထားတဲ့ ဘဏ်တွေဖြစ်တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။
ဘီဘီစီနဲ့ စကားပြောခွင့်ရထားတဲ့ လက်ရှိဘဏ်လောကထဲမှာအဆင့်မြင့် ရာထူးပိုင်းမှာ တာဝန်ထမ်းဆောင်နေသူ ၂ ဦးထက်မနည်းကတော့ “ပြည်တွင်းဘဏ်တွေကိစ္စက အရမ်းအကဲဆတ်နေတယ်” လို့ ပြောကြပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ အမျိုးမျိုးပြောင်းနေတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာမူဝါဒတွေ၊ တင်းကျပ်တဲ့ဘဏ်လုပ်ငန်းဆိုင်ရာအမိန့်တွေ၊ ငွေအပ်သူနည်းလာပြီး ချေးငွေတွေပြန်မရဖြစ်နေတဲ့ အခြေအနေတွေကြားမှာ ပုဂ္ဂလိကဘဏ်တွေ ပိတ်မိနေတာကို အကဲဆတ်တဲ့ အခြေအနေလို့ အဓိပ္ပါယ်ဖွင့်ကြတာပါ။
“စစ်တပ်လက်အောက်မှာ ဘဏ်တွေက ရှင်ကျန်နိုင်အောင်ပဲ မနည်းကြိုးစားနေရတာ” လို့ အထင်ကရ ပုဂ္ဂလိကဘဏ်တစ်ခုရဲ့ အကြီးတန်းအရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဗဟိုဘဏ်ဟာ ပုဂ္ဂလိကဘဏ်တွေကနေ ပုံမှန်ပေးပို့နေရတဲ့ စာရင်းတွေအပြင် အသေးစိတ်စာရင်းတွေကိုလည်း သီးခြားထပ်တောင်းတဲ့အထိ တင်းတင်းကျပ်ကျပ်ကိုင်တွယ်နေတာပါ။
“တစ်နေ့အတွင်း ငွေထုတ်တဲ့သူဘယ်လောက်ရှိလဲ။ ငွေပမဏဘယ်လောက်အတွင်း ထုတ်နေကြလဲ။ အရေအတွက်ဘယ်လောက်ရှိနေလဲ။ အဲဒီလိုတောင်းတာတွေရှိလာတယ်။ အဲဒါတွေက ငွေကြေးဆိုင်ရာကိစ္စတွေထက် တခြားရည်ရွယ်ချက်တွေမှာ အသုံးချဖို့ တောင်းလာတာတွေ” လို့ ပုဂ္ဂလိကဘဏ်တစ်ခုရဲ့ အငြိမ်းစားဘဏ်ဥက္ကဋ္ဌတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီကတော့ ဗဟိုဘဏ်စည်းမျဥ်းကို ချိုးဖောက်ပြီး ဒေါ်လာစျေးနှုန်းတက်လာတဲ့နေရာမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တွေကို 'ဝိသမလောဘသမားတွေ' လို့ သုံးနှုန်းခဲ့ပြီး စောင့်ကြည့်သွားမယ်လို့ ပြောထားတာပါ။
"ဘဏ်စနစ်မပြိုလဲအောင် ကျွန်တော်တို့ အကူအညီတွေ အများကြီးပေးခဲ့ရတယ်။ တချို့ဘဏ်တွေ ဆိုရင် ဗဟိုဘဏ်က ထောက်ပံ့ပေးခဲ့ ရတာတွေအထိ ရှိခဲ့တယ်။ ဒါပေမဲ့ တချို့သော ဘဏ်တွေက သစ္စာမရှိဘူး” လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းပြောခဲ့ပြီး တစ်နှစ်ကျော် အကြာမှာ အထင်ကရ ပုဂ္ဂလိက ဘဏ် ၇ ခုကို နာမည်တပ်ပြီး တာဝန်ရှိသူတွေကို အရေးယူမယ်ဆိုတဲ့အထိ စစ်ကောင်စီက လုပ်လာတာပါ။
ပြည်တွင်းဘဏ်တွေကို ချေးငွေနဲ့ ပတ်သက်ပြီး အရေးယူမယ်လို့ ထုတ်မပြောခင်မှာ ဘဏ်တစ်ခုချင်းစီ အလိုက် စိစစ်မှုတွေလုပ်ခဲ့တယ်လို့ ဘဏ်အသိုင်းအဝိုင်းက ပြောပါတယ်။
မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းနဲ့နီးစပ်တဲ့သူတစ်ဦးကတော့ “သူက (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) နောက်ကြောင်းပြန်ဖော်ပြီး လိုက်ခိုင်းတဲ့ နေရာမှာတော့ ဆရာတစ်ဆူပဲ”လို့ ဘီဘီစီ ကို စစ်ခေါင်းဆောင်နဲ့ ပတ်သက်ပြီး မှတ်ချက်ပြုပါတယ်။
ပုဂ္ဂလိကဘဏ်တွေရဲ့ ချေးငွေနဲ့ "ကြွေးဆိုး" သံသရာ
ဘဏ်တွေဆီမှာ ငွေချေးထားပြီး အတိုးရော အရင်းပါ ပြန်မဆပ်နိုင်ဖြစ်နေတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေကို ကြွေးဆိုးစာရင်းရှိသူတွေလို့ ဘဏ်တွေက သတ်မှတ်ပါတယ်။
အတိုးအရင်း ပြန်မဆပ်နိုင်လို့ ဘဏ်မှာအပေါင်တင်ထားတဲ့ အိမ်၊ ခြံမြေနဲ့ တိုက်ခန်းတွေကို ဘဏ်တွေက သိမ်းယူလိုက်ရတာတွေလည်း ရှိပါတယ်။
“အပ်ငွေနည်းပြီး ကြွေးဆိုးတွေများလာရင် ဘဏ်တွေ ပြိုသွားနိုင်တာပေါ့။ ပုံမှန်အခြေအနေဆို ဗဟိုဘဏ်က ဝင်ထိန်းပေးရမှာ။ ဒါပေမဲ့ ဗဟိုဘဏ်ကလည်း စစ်ကောင်စီသဘောအတိုင်းလိုက်လုပ်နေရတာဆိုတော့ ခက်နေတာပေါ့” လို့ စီးပွားရေးပညာရှင် တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေလည်ပတ်မှုနှေးပြီး ကျပ်ငွေတန်ဖိုးကျဆင်းတာတွေကြောင့် ဘဏ်ချေးငွေတွေနဲ့ လည်ပတ်တဲ့လုပ်ငန်းတွေအတွက် ပိုပြီးအကျပ်ရိုက်ခဲ့ပါတယ်။
ဘဏ်ချေးငွေနဲ့ စီးပွားရေးလုပ်ကိုင်နေကြတဲ့ လုပ်ငန်းတချို့က ရပ်လိုက်ပြီး ဘဏ်တွေကိုအကြွေးပြန်ဆပ်လို့ ဘဏ်တွေမှာ ငွေပြန်ဝင်တာရှိပေမဲ့ ချေးငွေပြန်မဆပ်နိုင်တဲ့ သူတွေက ပိုများနေတယ်လို့ ပုဂ္ဂလိဘဏ် အရာရှိတစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။
ဘဏ်တွေကို အကြွေးပြန်မဆပ်နိုင်တဲ့သူပိုများလာလို့ ဘဏ်တွေဘက်မှာလည်း ဆုံးရှုံးတာပိုများတယ်လို့လည်း သူက ပြောပါတယ်။
“အတိုးပေါ် အတိုးဆင့် သွားတဲ့အခါကျတော့ အပြင်မှာစျေးကောင်းရပေမဲ့ ဘဏ်ကို ပြန်ဆပ်ရမယ့်ငွေက မမီတော့ဘူးလေ။ အဲဒီတော့ ဘဏ်ကို အိမ်၊ ခြံနဲ့ လုပ်ငန်း အပေါင်ထားတဲ့သူတွေကလည်း ကြွေးဆုံးပဲ ထားလာကြတယ်” လို့ အဲဒီပုဂ္ဂလိကဘဏ်အရာရှိ က ပြောပါတယ်။
ချေးငွေသမားတွေဆီက ကြွေးဆုံးတွေများလာရင် အပ်ငွေသမားတွေကို အတိုးပြန်ပေးနိုင်ဖို့ ဘဏ်တွေ ပိုပြီးရုန်းကန်ရမှာဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက ထောက်ပြပါတယ်။
“ချေးငွေသမားဆီကနေ ဘဏ်က အတိုးရနေတာလေ။ အဲဒါနဲ့ အပ်ငွေသမားကို အတိုးပြန်ပေးရမှာ။ ၅ နဲ့ ၆ ရာခိုင်နှုန်း ကြားက ဘဏ်တွေက ရတာပေါ့။ အခု ချေးထားတဲ့သူတွေက ငွေပြန်မဆပ်နိုင်လို့ အပေါင်ပစ္စည်းတွေပါ လိုက်ရောင်းရတဲ့ အထိဖြစ်နေပြီ။ ချေးတဲ့သူဆီက အတိုးမရတော့ အပ်ထားတဲ့ သူတွေကို ဘယ်လို အတိုးပေးမလဲ” လို့ စီးပွားရေးပညာရှင် တစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။
မရှိသလောက်ကျဆင်းလာတဲ့ အပ်ငွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဏာသိမ်းပြီးတဲ့နောက် ပုဂ္ဂလိဘဏ်တွေမှာရှိတဲ့ အပ်ငွေတွေကို လူထုက အလုံးအရင်းနဲ့ ပြန်ထုတ်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ စစ်ကောင်စီဗဟိုဘဏ်က အပ်ငွေတွေကို အကန့်အသတ်ပမာဏနဲ့သာထုတ်ပေးတဲ့အထိ ထိန်းချုပ်လိုက်ပါတယ်။
ဒါပေမဲ့ အထူးအကောင့်သစ်နဲ့ ငွေအပ်မယ်ဆိုရင်တော့ အဲဒီငွေကို အကန့်အသတ် မရှိ ပြန်ထုတ်ပေးမယ်ဆိုပြီး ညွှန်ကြားချက်အသစ်ကို ဗဟိုဘဏ်က ထပ်ထုတ်ခဲ့ပါတယ်။
အဲဒီ ထုတ်ပြန်ချက်ကြောင့်ပဲ ငွေစာရင်းအဟောင်းထဲမှာရှိတဲ့ ငွေတွေကို တခြားဘဏ်တစ်ခုမှာ အထူးအကောင့်သစ်သွားဖွင့်ပြီး စာရင်းပြောင်းကြတာတွေရှိပါတယ်။
“ကျွန်တော့် ဘဏ် “အေ” မှာ ငွေစာရင်းအဟောင်းရှိတယ်။ အဲဒါက ဘယ်လိုမှထုတ်လို့မရဘူး၊ သတ်မှတ်ချက်အတိုင်းပဲ ထုတ်နေရတယ်။ အဲတော့ ဘဏ် “ဘီ” ကိုသွားတယ်ပေါ့။ ဘဏ် “ဘီ” က ရတယ်။ တခြားဘဏ်ကနေ အပ်ငွေပြောင်းလာခဲ့၊ ဒီမှာ အထူးအကောင့်အသစ်ထဲ ထည့်ပေးမယ် ဆိုတဲ့ ပုံစံမျိုးတွေ ပေါ်လာတယ်” ပုဂ္ဂလိကဘဏ်အရာရှိတစ်ဦးက ပြောပါတယ်။
အထူးအကောင့်သစ်နဲ့ ငွေအပ်ရင် အချိန်မရွေးပြန်ထုတ်လို့ရတယ်ဆိုပေမဲ့ ဘဏ်တွေမှာ အပ်ငွေ ရာခိုင်နှုန်းကျဆင်းနေတယ်လို့ ဘီဘီစီက မေးမြန်းခဲ့တဲ့ ဘဏ်ပညာရှင်အားလုံးနီးပါးက အတည်ပြုခဲ့ ကြပါတယ်။
ပုဂ္ဂလိကဘဏ်တွေဘက်ကတော့ အပ်ငွေကျဆင်းလာတဲ့ အခြေအနေကို ထုတ်ပြောတာမရှိသလို ဘဏ်တစ်ဘဏ်ရဲ့ နှစ်စဥ်ထုတ်ပြန်ရမယ့် အရှုံး၊ အမြတ်စာရင်းတွေကို ပွင့်လင်းမြင်သာ ထုတ်ပြန်တာ မရှိပါဘူး။
အပ်ငွေ ကျဆင်းလာတဲ့အကြောင်းအရင်းက စစ်အာဏာသိမ်းထားတဲ့နိုင်ငံက ဘဏ်လုပ်ငန်းအပေါ် ယုံကြည်မှုမရှိတာအပြင် နောက်တစ်ချက်က ကျပ်ငွေတန်ဖိုး ကျဆင်းလာတာကြောင့်ပါ။
ဘဏ်မှာ အပ်ထားတဲ့ငွေတန်ဖိုးက နေ့စဥ်နဲ့အမျှ ကျဆင်းတဲ့အခြေအနေမှာ ငွေအတိုးအစား ရွှေနဲ့ တခြားလုပ်ငန်းတွေအပေါ် ပြောင်းပြီး ရင်းနှီးမြုပ်နှံလာကြတာဖြစ်ပါတယ်။
“လူတွေက ငွေကိုမယုံဘူးဆိုတာထက် စနစ်ကို ပိုမယုံလို့ဖြစ်လာတာတွေ” လို့ ပုဂ္ဂလိကဘဏ်တစ်ခုမှာ အကြီးတန်းအရာရှိလုပ်နေသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဘဏ်အပ်ငွေနည်းလာတာကြောင့် လက်ရှိ ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေကြားမှာ အပ်ငွေတိုးရဖို့ အတိုးနှုန်းတွေမြှင့်ပေးပြီး အပြိုင်အဆိုင်ဆွဲဆောင်နေကြတယ်လို့ စီးပွားရေးပညာရှင်တွေက ဆိုပါတယ်။
တစ်ဖက်မှာလည်း နိုင်ငံခြားငွေလဲနှုန်း အတက်အကျအပေါ်မှာ မူတည်ပြီး ဘဏ်တွေဘက်က အကျိုးအမြတ်ရနေတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံမှာက ကျပ်ကို တရားဝင်သုံးတာလေ။ ပုဂ္ဂလိကဘဏ်တွေက ဗဟိုဘဏ်ကို စာရင်း ပို့ရင် ဒေါ်လာတွေကို ကျပ်ငွေပြောင်းပြီးတော့ တွက်ပေးရတယ်။ အဲဒီကြားက ငွေလဲနှုန်းအပြောင်းအလဲမှာ ဘဏ်တွေဘက်က အမြတ်အစွန်းရနိုင်တယ်” လို့ စီးပွားရေးပညာရှင်တစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။
အာမခံလုပ်ငန်းတွေလုပ်ရင်းကနေ ဘဏ်တွေဆီကိုငွေပြန်ဝင်တာမျိုးနဲ့လည်း ဘဏ်လုပ်ငန်းကို အသက်ဆက်နေကြတာပါ။
အဆမတန် ငွေဖောင်းပွမှုဒဏ်ကို ဘဏ်တွေ တောင့်ခံနိုင်မှာလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လက်ရှိ စီးပွားရေးအကြံပေးတစ်ဦးဖြစ်သလို NLD အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးဖြစ်ခဲ့တဲ့ မစ္စတာရှောင်တာနယ် ကတော့ စစ်ကောင်စီဟာ အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း ကျပ်ငွေ ဘီလျံ သုံးသောင်း နီးပါးအထိ ငွေစက္ကူအသစ်တွေ ရိုက်ထုတ်ခဲ့တယ်လို့ ပြောပါတယ်။
ဒါဟာ NLD အစိုးရရဲ့ ၂၀၁၉ - ၂၀၂၀ ခုနှစ် ၂ နှစ်အတွင်း ငွေစက္ကူအသစ်ရိုက်ထုတ်မှုထက် ၈ ဆ ကျော်အထိ စစ်ကောင်စီက တိုးမြင့်ရိုက်ထုတ်ခဲ့တာလို့လည်း မစ္စတာရှောင်တာနယ်က ပြောပါတယ်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ၂၀၂၄ ဧပြီလမှာ ထုတ်ပြန်တဲ့ စာရင်းမှာလည်း မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က ၅ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့တာကနေ ၂၀၂၃ ခုနှစ် အရောက်မှာတော့ ၂၇ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ၂၀၂၄ ခုနှစ်အတွင်းမှာလည်း ငွေကြေးဖောင်းပွမှုနှုန်းဟာ ၁၅ ရာခိုင်နှုန်းအထိ ဆက်ပြီးမြင့် တက်နေမှာဖြစ်တယ်လို့လည်း (IMF) က ပြောထားပါတယ်။
ငွေကြေးဖောင်းပွမှုကြောင့်ပဲ ဘဏ်တွေကို ချေးငွေပြန်မဆပ်နိုင်တဲ့သူတွေ တိုးလာနိုင်သလို မြန်မာ ကျပ်ငွေတန်ဖိုး ပိုပြီးကျလာတာဖြစ်တယ်လို့ စီးပွားရေး ပညာရှင်တွေက ထောက်ပြကြပါတယ်။
“ငွေဖောင်းပွလာတော့ အပ်ငွေသမားတွေက ငွေတွေထုတ်ပြီး ဒေါ်လာတို့၊ ရွှေတို့၊ အိမ်ခြံမြေတွေ ဝယ်တာပေါ့။ ဘဏ်ကလည်း အပ်ငွေကို အဓိကထားပြီး အလုပ်လုပ်ရတဲ့အတွက် အပ်ငွေတွေ ရုတ်တရက်ပြန်ထုတ်တဲ့အခါ ပြဿနာရှိတာပေါ့''
''ပစ္စည်းရောင်းလိုက်တဲ့သူက ရလာတဲ့ငွေတွေကို ဘဏ်တွေထဲပြန်ထည့်ရင်တော့ တမျိုးပေါ့။ ဘဏ်တွေဆီငွေပြန်မရောက်ပဲ ထိုင်းဘတ်ငွေပြောင်းပြီး ကွန်ဒိုတွေဝယ်လာကြတဲ့ အခါကျတော့ မြန်မာငွေတန်ဖိုးက ပိုကျလာမယ်။ ဘဏ်ဟာလည်း ဆင့်ကဲ ထိခိုက်လာနိုင်တာပေါ့ " လို့ စီးပွားရေး ပညာရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင်တစ်ဦးကလည်း ငွေကြေးဖောင်းပွလာတဲ့အတွက် စီးပွားရေးလုပ်ငန်း တွေ ရပ်လိုက်ရလို့ ဘဏ်ချေးငွေပြန်မဆပ်နိုင် ဖြစ်နေတဲ့အခြေအတွေက ပိုပြီးဆိုးလာနိုင်တယ် လို့ လည်း သူက မှတ်ချက်ပေးပါတယ်။
"ဘဏ်တွေရဲ့ပိုင်ဆိုင်မှုတန်ဖိုးတွေ ပိုကျလာမှာပေါ့။ နဂိုကတည်းကမှ မြန်မာဘဏ်တွေရဲ့ ရင်းနှီးမတည်ငွေက သိပ်မှမရှိတာ။ ချေးငွေပြန်မဆပ်နိုင်တဲ့ သူတွေများလာတယ်ဆိုရင် ဘဏ်တွေရဲ့အခြေအနေတွေ က အဆိုးဘက်မှာပဲရှိတယ်လို့ ပြောရမှာပဲ" လို့ ပြောပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပိတ်ဆို့အရေးယူတာတွေနဲ့ ဘဏ်စနစ်ပြိုလဲ အောင်လုပ်ဆောင်ခဲ့တဲ့ အခြေအနေတွေကြားကနေ စီးပွားရေးကို ပြန်ဦးမော့အောင် လုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီ အစည်းအဝေးတွေမှာ ပြောခဲ့ပါတယ်။
ပုဂ္ဂလိကဘဏ်တွေ ပွင့်လင်းမြင်သာရှိလား

ဓာတ်ပုံ ရင်းမြစ်, AFP
တစ်ဖက်မှာလည်း ပုဂ္ဂလိကဘဏ်တွေရဲ့ ရင်းနှီးမတည်ငွေနဲ့ ဆုံးရှုံးနိုင်ခြေ အချိုးအစားတွေကို ဗဟိုဘဏ်ကိုပြတဲ့စာရင်းနဲ့ လက်တွေ့စာရင်းက ကွဲလွဲမှုတွေရှိတယ်လို့ ဘဏ်စာရင်းအချက်အလက် ကျွမ်းကျင်သူတွေက ဘီဘီစီကို ပြောပါတယ်။
“ချေးငွေပြန်မရတဲ့ ကြွေးဆိုးတွေကို ဘယ်လိုသတ်မှတ်ထားလဲဆိုတာ အရေးကြီးတယ်။ ဘဏ်မှာရှိတဲ့ ကြွေးဆိုးစာရင်းက တစ်မျိုး၊ ဗဟိုဘဏ်ကိုပေးတဲ့ စာရင်းက တစ်မျိုး ဖြစ်နေတာတွေလည်း ရှိနေတယ်။ ဒါတွေကို ဗဟိုဘဏ်က မသိတာမဟုတ်ဘူး။ ကြွေးဆိုးများရင် ဘဏ်တွေက ရင်းနှီးငွေပိုများမှရမှာ၊ ဘဏ်တွေက နဂိုထဲက ရင်းနှီးငွေနည်းတယ်။
ရင်းနှီးမတည်ငွေနည်းပြီး ကြွေးဆိုးတွေ အရမ်းများလာတဲ့အခါ ဘဏ်တွေရဲ့ရပ်တည်မှုကို ခြိမ်းခြောက်လာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိပါတယ်။
ဘဏ်တွေမှာ ကြွေးဆိုးများရင် ရင်းနှီးငွေ ပိုတိုးထည့်ရတာဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိ တိုင်းပြည်စီးပွားရေးအကျပ်အတည်းကြောင့် ရင်နှီးငွေတိုးဖို့လည်း အင်အားနည်းတာကြောင့် ပုဂ္ဂလိကဘဏ်တွေဟာ မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ကုစားနေကြတယ်လို့ ထောက်ပြကြတဲ့စီးပွားရေးပညာရှင်တွေလည်း ရှိပါတယ်။
“ကြွေးဆိုးစာရင်းတွေလျော့ဖို့ ဘာပြန်လုပ်ကြလဲဆိုတော့ ချေးငွေအသစ်တွေထုတ်ချေး။ အဲဒီ အသစ်ချေးငွေတွေနဲ့ မူလအကြွေးတွေ ပြန်ဆပ်။ ချေးငွေအသစ်ပုံစံပြန်ပြောင်းနေကြတဲ့ ပြဿနာက တော်တော်ကြီးနေပြီ” လို့ ဘဏ်လုပ်ငန်းဆိုင်ရာကျွမ်ကျင်သူ တစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။
စစ်ကောင်စီနဲ့ သူ့ရဲ့ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေကို ထိန်ချုပ်တင်းကျပ်သလို ဘဏ်တွေကလည်းဒီအကျဥ်းအကျပ်ထဲကနေ ဟန်မပျက်လည်ပတ်နိုင်ဖို့ ဘဏ်လုပ်ငန်းသုံးစွဲတဲ့ လူထုအပေါ်မှာ ပွင့်လင်းမြင်သာလုပ်ကိုင်တာမရှိတဲ့သဘော ဖြစ်နေတယ်လို့ ဘဏ်လုပ်ငန်းဆိုင်ရကျွမ်းကျင်သူက ဆက်ပြောပါတယ်။
တစ်ဖက်မှာလည်း ငွေကြေး ဖောင်းပွပြီး ကျပ်ငွေတန်ဖိုးကျ နိုင်ငံခြားလဲနှုန်းမြင့်လာနေတာက စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံခြားငွေထုတ်ချေးထားတဲ့ ပုဂ္ဂလိကဘဏ်တွေ ရဲ့ အနာဂတ် အပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ထောက်ပြကြတဲ့ စီးပွားရေးပညာရှင်တွေလည်း ရှိပါတယ်။
“နိုင်ငံခြားငွေတွေ ထုတ်ချေးထားတဲ့ စီးပွားရေးလုပ်ငန်းတွေက ငွေဖောင်းပွမှုနဲ့ ငွေလဲနှုန်းမတည်မငြိမ်ဖြစ်နေတာတွေကို ဘယ်လောက်ထိတောင့်ခံနိုင်မှာလဲ။ ဒါတွေက ချေးငွေ ထုတ်ချေးထားတဲ့ ဘဏ်တွေ အပေါ်မှာ ပြန်သက်ရောက်လာမယ်”လို့ ဘီဘီစီကို ပြောပါတယ်။
အကျဥ်းအကျပ်ထဲက ပုဂ္ဂလိကဘဏ်တွေအနာဂတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပုဂ္ဂလိကဘဏ်တွေရဲ့ အနာဂတ်အခြေအနေဟာ ခန့်မှန်းရခက်နေပြီး အထိအခိုက် မခံနိုင်တော့တဲ့ အခြေအနေဖြစ်နေတယ်လို့ ဘီဘီစီက မေးမြန်းခဲ့တဲ့ ဘဏ်လုပ်ငန်းကျွမ်းကျင် ပညာရှင် ၃ ဦးထက်မနည်းက ပြောပါတယ်။
နိုင်ငံရဲ့ ပဋိပက္ခ၊ ငွေကြေးဖောင်းပွမြင့်တက်လာတာနဲ့ နှေးကွေးတုံ့ဆိုင်းလာတဲ့ စီးပွားရေးဖိအားတွေကြားမှာ ပုဂ္ဂလိကဘဏ်တွေက ရုန်းကန်နေရတယ်လို့ ပုဂ္ဂလိကဘဏ်တစ်ခုက တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ရင်ဖွင့်ပါတယ်။
ဘဏ်တွေမှာ ငွေအပ်သူနည်းလာတာ၊ ကြွေးဆိုးတွေများနေတာနဲ့ ကျပ်ငွေတန်ဖိုးကျဆင်းတာတွေက ဘဏ် တွေရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်လာတာလို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။
"ဘဏ်တွေကများနေတယ်။ တချို့ဘဏ်တွေပေါင်းလိုက်ရင်တော့ ရင်းနှီးမတည်ငွေပိုများလာမယ်။ ကြွေးဆိုးပိတဲ့ဒဏ်ကို အထိုက်အလျောက် သက်သာမယ်ပေါ့၊ ဒါပေမယ့်လည်း ပြောစရာရှိတာက နှုတ်ခမ်းပဲ့ခြင်း မီးမှုတ်လို့ ဘာထူးမှာလဲ" လို့ ဘဏ်ပညာရှင် တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီ ဗဟိုဘဏ်မှာ အရန်ငွေနည်းနေပြီလို့ ပြောထားပါတယ်။
အခုလို ဘဏ်တွေ အကျပ်ရိုက်နေတဲ့အခြေအနေမျိုးမှာ ဘဏ်အတိုးနှုန်းတင်ပြီး ပြန်လည်ကုစားနိုင်ပေမဲ့ မြန်မာနိုင်ငံရဲ့ အတိုးနှုန်းက နဂိုထဲက အမြင့်ဆုံးဖြစ်နေတယ်လို့ ထောက်ပြကြတဲ့ စီးပွားရေး ပညာရှင်တွေလည်း ရှိပါတယ်။
"ဒီအခြေအနေတွေအားလုံးက ပေါက်ပြီးနေတဲ့ ချိန်ကိုက်ဗုံးလိုပါပဲ။ ထပ်လောင်ဖို့ပဲ စောင့်နေတာ။ “ဇွန်ဘီ”တွေပေါ့။ သွေးစုပ်ဖုတ်ကောင်ဘဏ်တွေဖြစ်နေပြီ။ သိုသိုသိပ်သိပ်ပဲ ဖုံးဖိပြီးကိုင်တွယ် နေရတဲ့ သဘောဖြစ်နေတယ်လို့" ပုဂ္ဂလိကဘဏ်တစ်ခုမှာ ဒုဥက္ကဋ္ဌလုပ်ခဲ့ဖူးသူက ဘီဘီစီကို ပြောပါတယ်။
ဒါအပြင် စစ်တပ်အာဏာသိမ်းပြီးကတည်းက နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်းတွေဘက်ကလည်း မြန်မာမှာ ငွေကြေးနဲ့ နည်းပညာဆိုင်ရာ ထောက်ပံ့ကူညီမှုတွေကို ရပ်ထားသလောက်ရှိနေတာကြောင့် အဲဒီဘက်ကနေ အထောက်အပံ့ရနိုင်ဖို့ ခက်တယ်လို့ သုံးသပ်ကြပါတယ်။
“နိုင်ငံတကာငွေကြေးအဖွဲ့တွေဘက် လှည့်ပြီး ငွေချေးမယ်ဆိုရင်လည်း နိုင်ငံရေးပြဿနာရှိတယ်။ နောက်ပြီး စစ်ကောင်စီကိုလည်း သူတို့က တရားဝင်အစိုးရအနေနဲ့ သတ်မှတ်တာ မဟုတ်ဘူးလေ''
''စစ်ကောင်စီ ဗဟိုဘဏ်က တာဝန်ခံပြီး ပိုက်ဆံချေးဖို့က ဘယ်သူကို အာမခံပြီးလိုက်ချေးမှာလဲ" လို့ စီးပွားရေးပညာရှင်တစ်ဦးက တွက်ချက်ပြပါတယ်။
ပုဂ္ဂလိကဘဏ်တွေ ရဲ့ လက်ရှိအကျပ်အတည်းတွေကိုသုံးသပ်ပြီး အနာဂတ်အခြေအနေမှာ ဘဏ်တွေ အကျပ်ရိုက်မှာကိုလည်း ဘဏ်လုပ်ငန်းဆိုင်ရာကျွမ်ကျင်သူတွေနဲ့ စီးပွားရေးပညာရှင်တချို့က ရင်မောနေပါတယ်။
ပုဂ္ဂလိကဘဏ်တစ်ခုရဲ့ အကြီးတန်းအကြံပေး ဘဏ်ပညာရှင်တစ်ဦးကတော့
“ဘဏ်တွေပြို မပြိုဆိုတာ ပြောရခက်တဲ့ အခြေအနေမှာရောက်နေတယ်။ ကျွန်တော့်အထင် သူတို့က (စစ်ကောင်စီ) အပြိုခံမှာတော့မဟုတ်ဘူး။ ပြိုရင် နိုင်ငံရေးပါ အကြီးကြီးထိမှာလေ” လို့ ဘီဘီစီ ကိုပြောပါတယ်။
“ဒါပေမဲ့ ဘယ်သူကြိုပြောနိုင်မှာလဲ” လို့ သူက ဆက်ပြောပါတယ်။











