ဖိအားတွေကြားက မြန်မာ့ ပုဂ္ဂလိကဘဏ်တွေရဲ့ အလားအလာ

အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ဗဟိုဘဏ် အဆောက်အအုံ အနီး စစ်တင့်ကားကိုတွေ့ရစဥ်

ဓာတ်ပုံ ရင်းမြစ်, အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ဗဟိုဘဏ် အဆောက်အအုံ

ပုဂ္ဂလိကဘဏ်လုပ်ငန်းဆိုတာ ဘဏ်မှာငွေအပ်နှံထားသူ ဖောက်သည်တွေနဲ့ ဘဏ်‌တွေကြားမှာ ယုံကြည်မှုတစ်ခုတည်ဆောက်ထားပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာပြည်တွင်းက ဘဏ်လုပ်ငန်းတွေဟာ ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဘဏ်ကို အသုံးပြုနေတဲ့သူတွေနဲ့ ဘဏ်တွေကြား ယုံကြည်မှုတွေပျက်ပြားလာပြီး အကျပ်အတည်းတွေလည်း ဆက်ဖြစ်လာပါတယ်။

လက်ရှိအချိန်မှာလည်း ပုဂ္ဂလိကဘဏ် ဝန်ထမ်းအချို့ အာဏာဖီဆန်တဲ့ လှုပ်ရှားမှု CDM မှာ ဝင်ပါနေကြသလို ဘဏ်ခွဲတွေအားလုံး ပြန်မဖွင့်နိုင် သေးတာကြောင့် ဘဏ်လုပ်ငန်းတွေနဲ့ စီးပွားရေး လုပ်ငန်းတွေပါ ရပ်ဆိုင်းလုနီးပါး ဖြစ်နေရပါတယ်။

ဒါပေမဲ့ တစ်ဖက်ကလည်း အာဏာသိမ်းစစ်ကောင်စီက ဗဟိုဘဏ်ကနေတစ်ဆင့် ဘဏ်တွေ ပြန်ဖွင့်ဖို့ ဖိအားပေးတာတွေရှိနေပြီး သူတို့အမိန့်ကို မလိုက်နာရင် ဘဏ်တွေကို ဒဏ်ကြေးချတဲ့အထိ အရေးယူသွား မယ်လို့လည်း ပြောလာပါတယ်။

ပုဂ္ဂလိကဘဏ်တွေကို ပြန်ဖွင့်ဖို့ ဗဟိုဘဏ်ဘက်က ဖိအားပေးနေပေမဲ့လည်း ငွေထုတ်တဲ့သူတွေဟာ သူတို့ထုတ်ချင်တဲ့ ငွေပမာဏာကို ထုတ်လို့မရတဲ့ အကန့်အသတ်တွေ ကလည်း ဆက်ရှိနေပါတယ်။

ဒါဆိုရင် ဒီအခြေအနေတိုင်းဆက်သွားရင် မြန်မာပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေရဲ့ လားရာက ဘယ်လို ရှိပါသလဲ။ ဗဟိုဘဏ်ရဲ့ ဖိအားပေးမှုတွေကနေ ဘယ်လို အကျိုးဆက်တွေ ဆက်ဖြစ်လာနိုင်မလဲ။

No tag

ဓာတ်ပုံ ရင်းမြစ်, CJ

ဗဟိုဘဏ် ဖိအားပေးမှုက ဘာတွေဆက်ဖြစ်လာမလဲ

အခုချိန်မှာ လူတစ်ယောက် ဟာ ATM က ငွေထုတ်ရင် တစ်ရက်ကို အများဆုံးကျပ် ၅ သိန်း၊ ကိုယ့်ဘဏ်စာရင်းထဲကနေ ဘဏ်မှာ ငွေသွား ထုတ်ရင် တစ်ပတ်ကို အများဆုံး ကျပ် သိန်း ၂၀ အထိသာ ထုတ်ခွင့်ပေးဖို့ ဗဟိုဘဏ်က မတ် လ ၁ ရက်နေ့က စပြီးကန့်သတ် ထုတ်ပြန် ထားတာ ရှိပါတယ်။

ဒါပေမဲ့ စီးပွားရေး ကုမ္ပဏီတွေ၊ စီးပွားရေးဆိုင်ရာ အဖွဲ့ အစည်းတွေကို တော့ သီတင်းပတ် တစ်ပတ်မှာ အများဆုံးကျပ် သိန်း ၂၀၀အထိ ထုတ်ပေးဖို့တော့ ညွှန်ကြားထားပါတယ်။

ဒါဆိုရင် ဒီအခြေအနေတွေကြားမှာ ဗဟိုဘဏ်က ဘဏ်တွေပြန်ဖွင့်ဖို ဖိအားပေးနေတာ ဘယ်လိုအကျိုးဆက်တွေဆက် ဖြစ်လာနိုင်မလဲ။

''ဘဏ်တွေအနေနဲ့က ကာစတမ်မာတွေရဲ့ အပ်ငွေတွေကို လက်ခံထားတာ ဆိုတော့ ဖွင့်ရမယ်ဆိုတဲ့ သဘောတရားတော့ရှိတာပေါ့လေ၊ ဒါပေမဲ့ တိုင်းပြည်ရဲ့ ငွေရေးကြေးရေး အခြေအနေတွေအရ ဖွင့်ခြင်း မဖွင့်ခြင်းအပေါ်မှာတော့ ဗဟိုဘဏ်က ဝင်စွက်ဖက်လို့မရဘူး၊ ထိန်းကျောင်းပေးလို့ပဲ ရမယ်၊ ဘဏ်တွေကို ဖွင့်စေချင်တယ်ဆိုရင်တော့ ဗဟိုဘဏ်မှာထားထားတဲ့ အပ်နှံငွေတွေကို သူတို့ ဘယ်လောက်အထိ ပြန်ထုတ်ပေးနိုင်မလဲ၊ ဘဏ်ခွဲတွေအားလုံး တစ်နိုင်ငံလုံးမှာ ပြန်ဖွင့်ရင် လက်ရှိတိုင်းပြည်အနေအထားအရ ငွေသားကိုပဲ အားလုံးက ပြန်ထုတ်ကြမှာဆိုတော့ ငွေကပြန်လည်တော့ မှာမဟုတ်ဘူး၊ဘဏ်တွေကလည်း ကာစတမ်မာတွေက သူတို့ လိုတဲ့ ငွေ ထုတ်လို့မရရင် သူတို့နဲ့ ကာစတမ်မာတွေကြား ပြဿနာ ဖြစ်မှာကို အကြောက်ဆုံး'' လို့ပြည်တွင်းဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ ဦးဝေယံက ဘီဘီစီကို ပြောပါတယ်။

အခြားတစ်ဖက်မှာလည်း ဘယ်လိုအခြေနေမျိုးဖြစ်ဖြစ် ဘဏ်တွေရှင်သန်နိုင်ဖို့က ဘဏ်ကို အသုံးပြုနေတဲ့ ဖောက်သည်တွေရဲ့ ယုံကြည်မှုက အသက် ဖြစ်ပါတယ်။

ဘဏ်ကိုအားကိုး အသုံးပြုနေတဲ့ သူတွေရဲ့ ယုံကြည်မှုလျော့သွားရင် လည်း ဘဏ်လုပ်ငန်းဟာ လည်ပတ်ဖို့ အခက်အခဲရှိနိုင်ပါတယ်၊

ပုဂ္ဂလိကဘဏ်တွေ ဖွင့်ဖို့ ဗဟိုဘဏ် ညွှန်ကြားထား

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ပုဂ္ဂလိကဘဏ်တွေ ဖွင့်ဖို့ ဗဟိုဘဏ် ညွှန်ကြားထား

ဖေဖော်ဝါရီ၁ရက်နေ့ အာဏာသိမ်းမှု နောက်ပိုင်း ဘဏ်တွေနဲ့ ကာစတမ်မာတွေကြားက ယုံကြည်မှု အခြေအနေကိုလည်း ဦးဝေယံက အခုလိုရှင်းပြပါတယ်။

''ယုံကြည်မှုဆိုတာနဲ့ပတ်သက်ပြီး ပုဂ္ဂလိကဘဏ်တွေနဲ့ ပတ်သက်ရင် အားလုံးက အမြဲတမ်းအာမခံပြောရတာက သူတို့နောက်မှာ ဗဟိုဘဏ်ရဲ့ ကျောထောက်နောက်ခံ ရှိတယ်ဆိုတာပါ။အခုအခြေအနေက လူတွေက ပုဂ္ဂလိက ဘဏ်ကို မယုံတာထက်စာရင် ဗဟိုဘဏ်က ကျောထောက်နောက်ခံ လုပ်ပေးထားတယ် ဆိုတဲ့ ဟာကို မယုံကြည်တော့တာပါ။

နောက်တစ်ခု အာဏာသိမ်းဖြစ်စဥ်နောက်ပိုင်းမှာ နိုင်ငံရေးအရရော၊ ကိုဗစ် ၁၉ဖြစ်စဥ်မှာ ကျပ်တည်းခဲ့တာအရပါ စီးပွားရေးက ရပ်သလောက်နီးနီး ဖြစ်နေတော့ ငွေကိုပဲ ကိုင်ထားချင်တဲ့ သဘောရှိနေကြလို့ အခုဖြစ်နေတဲ့ ပြဿနာက သူတို့လိုတဲ့ ငွေကို တန်းစီပြီး ထုတ်လို့မရတာကြောင့်ပါ။ နောက်တစ်ခုက သူတို့ဖွင့်ထားတဲ့စာရင်းတွေကိုလည်း ဘဏ်ကလွဲပြီး ဘယ်သူမှမသိစေချင်ဘူး။ နောက်သူတို့ရဲ့ safety, save locker တွေဘာတွေ အပ်ရင်လည်း အဲ့ဒီမှာ ဘာရှိတယ်ဆိုတာ ဘဏ်ကသိခွင့်မရှိဘူး။ သူတို့ တစ်ယောက်တည်း သိရတာ။ အဲ့လိုအနေအထားတွေအားလုံးမှာ ဗဟိုဘဏ်က စာတွေထုတ် စာရင်းတွေတောင်း စွက်ဖက် တာတွေရှိလာတော့ နဂိုကမှ လိုသလောက် ငွေထုတ်လို့မရလို့ ယုံကြည်မှုကျဆင်းနေတဲ့ကြားထဲ ဒီလိုတွေ လုပ်လာတော့ ကာစတမ်မာတွေနဲ့ ဘဏ်တွေကြားက ယုံကြည်မှု လုံးဝပျောက်ဆုံးသွားပြီလို့ တောင် ပြောလို့ရပါတယ်။'' လို့ ဦးဝေယံကပြောပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှေ့မှာ စစ်တင့်ကားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများအပြား လုံခြုံရေးယူထား‌စဥ်

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှေ့မှာ စစ်တင့်ကားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများအပြား လုံခြုံရေးယူထား‌စဥ်

ဗဟိုဘဏ်က ဒဏ်ကြေး ကောက်ရင် ဘာဆက်ဖြစ်မလဲ

ဗဟိုဘဏ်က ဘဏ်တွေကိုပြန်ဖွင့်ဖို့ပြောပေမဲ့ တစ်ဖက်မှာလည်း ဘဏ်ဝန်ထမ်းတွေက CDMထဲ ပါနေတာကြောင့် ဘဏ်တွေပြန်မဖွင့်နိုင်သေးတဲ့ အခြေအနေ ရှိနေပါတယ်။

ဒါပေမဲ့ ဗဟိုဘဏ်ဘက် ကလည်း ပြန်မဖွင့်နိုင်တဲ့ ဘဏ်ကို ဒဏ်ကြေးရိုက်မယ်လို့ ပြောနေတာနဲ့ ပတ်သက်လို့ ဦးဝေယံက အခုလို ထပ်ရှင်းပြပါတယ်။

''ဘဏ်တွေက reserve requirements, reserve ratio အရ ဗဟိုဘဏ်မှာ အမြဲတမ်းသွင်းနေရတဲ့ ငွေတွေ ရှိတယ်။ အဲ့ဒီထဲကနေပြီးပြန် ဖြတ်မယ်ပေါ့နော်။ ဒါပေမဲ့ ပြောစရာရှိတာက သူတို့ကဒဏ်ကြေး လို့ပြောပေမဲ့ တကယ့်တကယ်က ပုဂ္ဂလိကဘဏ်ဖြစ်ဖြစ် ဘယ်လိုဘဏ်မျိုးပဲဖြစ်ဖြစ် ကာစတမ်မာ တစ်ယောက်တစ်ယောက်ရဲ့ ငွေကြေးကို အလွဲသုံးစား လုပ်မိရင်၊ အမှားယွင်းလုပ်မိရင်၊ တစ်ခြားပြစ်မှုတစ်ခုခု ညိစွန်းတယ်ဆိုမှ ဒီဘဏ်ရဲ့ ကိုင်တွယ်ညံ့ဖျင်းမှုကိုကြည့်ပြီး ဒဏ်ကြေးကောက်ခံရတာပါ။ အခုလို ဘဏ်မဖွင့်လို့ ဒဏ်ကြေးဖြတ်တယ်ဆိုတာကိုတော့ တစ်ခါမှမကြားဖူးပါဘူး။ဒီပိုက်ဆံကို ဖြတ်တယ်ဆိုတာက ကာစတမ်မာရဲ့ငွေကိုယူတဲ့ သဘောပါ ။''

စစ်ကောင်စီဘက်က ဘာတွေဖြေလျော့ပေးသင့်လဲ

''ဘာတွေဖြေလျော့ပေးရမလဲ ဆိုရင်တော့ ဘာမှဝင်မစွက်ဖက်တာ အကောင်းဆုံးပါ။ ပြီးခဲ့တဲ့ ၂၀၀၃ခုနှစ်နောက်ပိုင်း ဘဏ်ကိစ္စတွေဖြစ်ပြီး ကတည်းက ဘဏ်တွေကို အများကြီး တင်းကျပ်ခဲ့တယ်။၂၀၁၁ သမ္မတဦးသိန်းစိန် လက်ထက်မှာတော့ ဖြေလျော့မှုတွေ လုပ်ပေးခဲ့တယ်။ အဲ့ဒီလိုလုပ်ပေးလိုက်တဲ့ အချိန်ကစပြီး ထောင်တက်သွားတာပဲလေ၊ အဲ့ဒီလိုမျိုး အခြေအနေကို ပြန်ရောက်ရင်ရပါပြီ၊ နောက်တစ်ချက်က စျေးကွက်ပေါ့လေ၊ အင်တာနက်က မိုဘိုင်းဒေတာတွေကို ပိတ်ထားတာကို ပြောရရင် ဘဏ်တစ်ခုတည်းမှာတင် အင်တာနက်ကောင်းနေလို့မရဘူး၊ လူတွေရဲ့ လက်ထဲမှာလည်း အင်တာနက်ကောင်းကောင်း ရှိနေမှ စျေးကွက်က လည်ပတ်လို့ရမှာ၊ တားဆီးပိတ်ပင်ထားတဲ့ဟာ မှန်သမျှ ပြန်ဖြေလျှော့ပေးမှ အရင်လို အခြေအနေ ပြန်တည်ဆောက်လို့ရမှာပါ''လို့ ဦးဝေယံကပြောပါတယ်။

အခုအချိန် မြန်မာပြည်တွင်းမှာ အင်တာနက်အသုံးပြုဖို့ အခက်အခဲရှိလာတဲ့အတွက် ဘဏ်ကဒ်တွေသုံးလို့ မရတော့သလို ဖြစ်လာပါတယ်။

ဒါ့အပြင် ဘဏ်မှာပိုက်ဆံထုတ်ဖို့က လည်း ကဒ်ရှိမှထုတ်လို့ရတယ် ဆိုတာမျိုး ဖြစ်လာပါတယ်။

အာဏာသိမ်းပြီးနောက် ရက်၅၀အတွင်းမှာ လည်း ဒစ်ဂျစ်တယ်ဘဏ်စနစ်တစ်ခုလုံးနဲ့ မိုဘိုင်း ဘဏ်စနစ်တစ်ခုလုံး ပျက်သွားသလို ဖြစ်လာပါတယ်။

အင်တာနက် မရတာကြောင့် အွန်လိုင်းဘဏ်စနစ် အခက်အခဲဖြစ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အင်တာနက် မရတာကြောင့် အွန်လိုင်းဘဏ်စနစ် အခက်အခဲဖြစ်

အရင်လိုအခြေအနေ ပြန်ရောက်နိုင်ပါ့ဦးမလား

အခုလို မြန်မာပြည်တွင်းက ဘဏ်စနစ်တွေပြိုလဲနေတာနဲ့ ပတ်သက်ပြီး အရင် အခြေအနေမျိုးပြန်ရောက်လာနိုင်ဦးမလားဆိုတဲ့ အခြေအနေကိုလည်း သူကရှင်းပြပါတယ်။

''တကယ်တမ်းက ဘဏ်မှာ ကဒ်စနစ်ဆိုတာက တော်တော်ဟောင်းသွားပြီတောင် ပြောလို့ရတယ်။ လူတိုင်းက ငွေသားမကိုင်တော့ဘူး၊ ငွေသားမဲ့ကို သုံးပြီး ဒီဂျစ်တယ်ပလက်ဖောင်းပေါ် တက်လာကြပြီ။ အဲဒီလို အခြေအနေမှာ မိုဘိုင်းဒေတာတွေကို ပိတ်ထားလိုက်တာက ကျွမ်းထိုးပြီးနောက် ပြန်ဆင်းသွားတဲ့ သဘောပဲ၊ အားလုံးပျက်စီးသွားပြီ။ နောက်တစ်ခုက ဘဏ်တွေကို နေရာတကာမှာလိုက်ပြီးတော့ စည်းမျည်းစည်းကမ်းတွေ တင်းကြပ်တာက အဖြေမဟုတ်ဖူး၊ ဒီတားဆီး ပိတ်ပင်ထားတဲ့ အရာတွေကို ဖြေလျော့ပေးမှ ရမယ်၊ ဒါတောင်မှ အရင်လို ပြန်ဖြစ်ဖို့ တော်တော်လုပ်ယူရမယ်''

ဘဏ်တွေပြန်ဖွင့်ဖို့ ဖိအားပေးတာကြောင့် စီးပွားရေး အကျပ်အတည်းတစ်ခုခု ဖြစ်လာမှာကို စိုးရိမ်နေကြသလို၊ လက်ရှိအချိန်မှာ လည်း ဘဏ်တွေကနေ ငွေထုတ်တာတွေပဲ ရှိနေတာကြောင့် ငွေကြေးမလည်ပတ်တော့ဘဲ အကျပ်အတည်းတစ်ခုဆီ ဦးတည်သွားမှာကိုလည်း ပညာရှင်တွေဘက်က စိုးရိမ်မှုတွေ ရှိနေပါတယ်။